သေခါနီးအချိန်ကျမှ စိတ်ရင်းမှန်ကိုသိနိုင်မယ်
Vol. 100 Ch. 1397
အခန်း (၁၃၉၇) သေခါနီးအချိန်ကျမှ စိတ်ရင်းမှန်ကိုသိနိုင်မယ်
“ဒီနေရာပဲ...”
ရန်ကျောက်ကဲက မျက်လုံးများကို မှိတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံပြီးနောက် အတည်ပြုလိုက်သည်။
ဖန်းယွင်ရှန်း၏ မျက်လုံးများထဲတွင် နက်ပြာရောင်နတ်ဆိုးမီးတော်ကများ လက်ခနဲ ဖြတ်ပြေးသွားသည်။
“ဒီနေရာက ပိတ်လှောင်ထားတဲ့နေရာတစ်ခုလို့ မထင်ရဘူး”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ထုန်းမင်ဧကရာဇ် ဒီနေရာကို ပထမဆုံးရောက်လာတုန်းက ဒီထဲမှာ ရာစုနှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တာ ၊ နောက်တော့ သူ ဒီနေရာကထွက်ဖို့ လမ်းကြောင်းတစ်ခုဖွင့်လိုက်တယ် ၊ ဒီတော့ ဒီနေရာရဲ့ ပတ်ဝန်းကျင်အနေအထား ပြောင်းလဲသွားတယ် ၊ အခုတော့ ကြည့်ရတာ... ဒီနေရာက တခြားနေရာတွေနဲ့ ဆက်သွယ်နေပုံရတယ်”
သူက ဆက်ပြောလိုက်သည်။
“နေရာပေါင်းစုံကနေ ဒီထဲကိုရောက်လာတဲ့သူတွေက မတူညီတဲ့နေရာတွေကို ရောက်ရှိသွားနိုင်တယ်”
စကားပြောရင်း ရန်ကျောက်ကဲက ရှေ့ဆက်လျှောက်သွားသည်။
ရေလိုက်ကာများ၏အလွှာများက ယှက်နွယ်နေပြီး ဤနေရာက ဝင်္ကပါတစ်ခုနှင့် အလွန်ဆင်တူသည်။
ရေလိုက်ကာများနှင့် ထိတွေ့မိလျှင် သို့မဟုတ် ၎င်းတို့ကို ဖြတ်ကျော်ရန် ကြိုးစားမိလျှင် ဤနေရာထဲမှ လွတ်မြောက်ပြီး အခြားနေရာများသို့ ရောက်ရှိသွားနိုင်သည်။
ခဏအကြာတွင် သူတို့နှစ်ယောက် ယှက်နွယ်နေသော ရေလိုက်ကာနှစ်ခု၏ ထောင့်ကွေ့တစ်နေရာကို ဖြတ်သွားသည်။ သူတို့ခေါင်းလှည့်ကြည့်လိုက်သည်နှင့် သူတို့မျက်ဝန်းများထဲ အလင်းရောက်တစ်ခု ဖျတ်ခနဲ လင်းလက်လာသည်။
ထိုနေရာတွင်...
ထည်ဝါသော ချန်းဟွာသစ်ပင်တစ်ပင် ရှိနေလေသည်။
မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ရှောက်ကျွင်းဟွမ်’ မှ ပြောင်းလဲသွားသော သစ်ပင်ကဲ့သို့ ခမ်းနားမှုမရှိသည့်တိုင် ဤသစ်ပင်သည်လည်း အလွန်ပင်ထည်ဝါလှကြောင်း ငြင်း၍မရနိုင်ပေ။
ဖျော့တော့သော စိမ်းပြာရောင်အလင်းတန်းများဖြင့် တောက်ပနေသည့် သစ်ပင်ကိုမြင်လိုက်ရသည့်အခါ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့သည် သက်ပြင်းချလိုက်ကြသည်။
မျှော်လင့်ချက်များ မရှိတော့ပြီ။
ထုန်းမင်ဧကရာဇ်’ဟူယွဲ့ရှင်း’ သည် ဤနေရာတွင် အမှန်တကယ် သေဆုံးသွားခဲ့ပြီဖြစ်၏။
ရှောက်ကျွင်းဟွမ်၏ အဆက်အနွယ်များ ထူးခြားချက်မှာ နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက် သေဆုံးသွားသည့်အခါ သူတို့က ချန်းဟွာသစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။
ထည်ဝါသည့် ချန်းဟွာသစ်ပင်သည် ရေသားပြင်ထက်တွင် ဒေါင်လိုက် တည့်မတ်စွာ ရပ်တည်နေပြီး ရေလိုက်ကာတစ်ခုထဲတွင် နစ်မြုပ်နေသည်။
ကြည့်ရသည်မှာ ထိုသစ်ပင်က ရေလိုက်ကာ အလွှာနှစ်ကခုကို ဖြတ်သန်းထားသည့်ပမာဖြစ်၏။ သို့သော် ၎င်းက လုံးဝ အက်ကွဲမသွားခဲ့ပေ။
မြင်ကွင်းကိုကြည့်ရသည်မှာ အလွန်ပင် နက်နဲလှသည်။
လက်ရှိတွင် ချန်းဟွာသစ်ပင်က အားနည်းသော ဟန်ချက်ညီမှုအခြေအနေတွင် ရှိနေသည်မှာ ထင်ရှားသည်။
အနည်းငယ် ဂရုမစိုက်မိလျှင် ထိုဟန်ချက်ညီမှု ပြိုကွဲသွားပြီး ဗလာနယ်၏လည်ပတ်မှု ပုံပျက်သွားနိုင်သည်။ ထိုသို့ဆိုလျှင် ကြီးမားထည်ဝါသော ချန်းဟွာသစ်ပင်ကြီး နှစ်ပိုင်းကွဲသွားနိုင်သည်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်း သစ်ပင်ရှေ့သို့ရောက်လာသည့်အခါ တက်ကြွသည့် အသက်ဓာတ်စွမ်းအားများကို ခံစားလိုက်ရသည်။
လေတိုက်ခတ်ခြင်းမရှိဘဲ သစ်ပင်၏အကိုင်းအခက်အရွက်များက ဖြည်းညင်းစွာ ယိမ်းနွဲ့နေသည်။
“အိုး...”
ရန်ကျောက်ကဲ မျက်ခုံးများ တွန့်ချိုးလိုက်သည်။
ထို့နောက် သူက...
“ဒီတပည့် ရိုင်းပျမိတာ ခွင့်လွှတ်ပါ”
ပြောပြီးသည်နှင့် သူက လက်ကိုဆန့်ထုတ်ပြီး သစ်ပင်ကို ဖြည်းညင်းစွာ ပုတ်လိုက်သည်။
သူ၏လက်နှင့် ချန်းဟွာသစ်ပင် ထိတွေ့မိသည်နှင့် သစ်ပင်မှ အလင်းတန်းများ ထွက်ပေါ်လာသည်။ အလင်းတန်းများ အလွှာလိုက်ဖြစ်တည်လာပြီး ဗလာနယ်ထဲတွင် ပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။
ထိုပုံရိပ်က ပိုမိုရှင်းလင်းလာပြီး အမျိုးသမီးတစ်ယောက်၏ ပုံရိပ်သဏ္ဌာန်တစ်ခု ပေါ်ထွက်လာသည်။
သူမက အသက်(၃၀)ခန့်ရှိပြီး အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ကြာပန်းပုံသဏ္ဌန် ထိုင်နေလေသည်။
သူမ၏ရုပ်သွင်က ဆွဲဆောင်မှုရှိသော်လည်း အလွန်တရာ ချောမောလှပခြင်း မရှိပေ။
သူမ၏အလှတရားက မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ရှောက်ကျွင်းဟွမ်’ သို့မဟုတ် ရန်ကျောက်ကဲ၏မိခင်’ရွှယ်ချူးချင်’ တို့ကို မမီပေ။
ထိုအမျိုးသမီး မည်သူဖြစ်ကြောင်း ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့က သိရှိထားပြီးဖြစ်သည်။ သူမ၏ အလင်းပုံရိပ်ကို ဟိုစဉ်အချိန်ကတည်းက သူတို့နှစ်ယောက်လုံး တွေ့မြင်ဖူးထားပြီ ဖြစ်၏။
ထိုအဖြူရောင်ဝတ်အမျိုးသမီးမှာ ရှောက်ကျွင်းဟွမ်၏ တပည့်ဖြစ်ပြီး ရွှယ်ချူးချင်၏ ဆရာဘွားဘွား ဖြစ်သော ထုန်းမင်ဧကရာဇ်’ဟူယွဲ့ရှင်း’ ပင် ဖြစ်လေသည်။
ပုံရိပ်ထဲရှိ ဟူယွဲ့ရှင်းသည် အလွန်လှပသည်ဟု မဆိုနိုင်သော်လည်း သူမတွင် တင့်တယ်သော သက်ဝင်မှုတစ်ခု ရှိနေသည်။ သူမ၏ ထူးခြားသော ဆွဲဆောင်မှုသည် အမျိုးသမီးအများစုကို ကျော်လွန်သည်။
ယခု ချန်းဟွာသစ်ပင်၏ ပုံရိပ်ထဲတွင် ဟူယွဲ့ရှင်း၏ အသွင်အပြင်သည် ဖြူဖျော့နေသည်။ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သော်လည်း ထိုအလင်းပုံရိပ်မှတစ်ဆင့် သူမ၏အားနည်းမှုကို ခံစားနိုင်ဆဲ ဖြစ်သည်။
ဤသည်မှာ သူမဘဝ၏ နောက်ဆုံးအခိုက်အတန့်များဖြစ်ပုံရသည်။
သူမ ပြင်းထန်စွာ ဒဏ်ရာရထားပြီး ပြန်လည်သက်သာလာရန် မျှော်လင့်ချက်မရှိခဲ့ပေ။ ကြယ်စင်မြစ်လက်တက်ထဲတွင် ပုန်းအောင်းနေခြင်းဖြင်း ရန်သူများကို တားဆီးနိုင်ခဲ့သော်လည်း သူမ ဘာမှမတတ်နိုင်တော့ဘဲ သေဆုံးရန်အချိန်သို့သာ ရောက်ရှိလာသည်။
တင်ပျဉ်ခွေထိုင်နေသည့် ဟူယွဲ့ရှင်းက သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
သူ၏သက်ပြင်းရှည်က အရောင်မဲ့မဟုတ်ပေ။ မီးခိုးရောင်နှင့် သွေးနီရောင်အရိပ်များ ရောယှက်နေသည်။
ထို့ကြောင့် မူလက ဖြူဖျော့နေသော သူမ၏မျက်နှာထက် သွေးရောင်အနည်းငယ် ပြန်လည်ထွက်ပေါ်လာသည်။ သို့သော် ဤသည်က သူမ၏ဒဏ်ရာများ သက်သာလာသည့် လက္ခဏာ မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဤသည်က သူမဘဝ၏ နောက်ဆုံးတောက်ပမှု ရောင်ပြန်ဟပ်ခြင်း ဖြစ်သည်။
ပုံရိပ်ထဲရှိ ဟူယွဲ့ရှင်း၏မျက်ဝန်းများက ဗလာကျင်းနေပြီး စိတ်ဓာတ်ကျနေပုံရသည်။ ခပ်မတ်မတ်ထိုင်နေသော သူမ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ပြေလျော့လာပြီး ဖြောင့်မတ်နေသော ကျောရိုးက ဖြည်းညင်းစွာ ကိုင်းညွတ်လာသည်။
သူမ၏ မျက်လုံးများ လှုပ်ရှားလာပြီး နောက်ဆုံးတွင် အာရုံစူးစိုက်မှုကို ပြန်လည်ရရှိလာသည်။
သို့သော် သူမ၏ မျက်လုံးများသည် တဖြည်းဖြည်း ဝေဝါးလာပြီး မျက်ရည်များဖြင့် ဖုံးလွှမ်းသွားသည်။
မျက်ရည်များက သူမ၏မျက်ဝန်းများဆီမှ စီးကျလာပြီး ၊ မျက်ဝန်းများထဲတွင် ကြောက်ရွံ့အားငယ်မှုများဖြင့် ပြည့်နက်နေသည်။
ယခု ဟူယွဲ့ရှင်းပုံစံမှာ ယခင်က လူတိုင်းတွေးထင်ထားသည့်ပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
“ကျွန်မ... မသေချင်ဘူး... မသေချင်ဘူး... မသေချင်...”
သူမ၏ အားနည်းသောငိုသံများက သေခြင်းတရားအပေါ် ကြောက်ရွံ့မှု ၊ အသက်ရှင်သန်လိုမှုတို့ဖြင့် ပြည့်နှက်နေပြီး ဗလာနယ်အတွင်း ပဲ့တင်ထပ်လျှက် ရှိလေသည်။
ထို့ပြင် နောင်တရမှုနှင့် ပင်ပန်းနွမ်းနယ်မှုများလည်း သူမထံတွင် တွေ့မြင်ရသည်။
သူမဘဝ ဤသို့ အဆုံးသတ်ရမည်ကို နောင်တရသည်။
ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစအတွက် သူမ၏ စွန့်လွှတ်ရမှုများကို နောင်တရသည်။
သူမက လမ်းမှန်တာအိုဝါဒ ထွန်းကားမှုကို အာရုံစိုက်သော်လည်း မဟုတ်မမှန်သော အရာတစ်ခုကို စွဲလမ်းခဲ့သည်ကို နောင်တရသည်။
နောက်ဆုံး သူမ၏နောင်တရားက တဖြည်းဖြည်း မုန်းတီးမှုအဖြစ် ပြောင်းလဲသွားသည်။
သူမ ဤမျှလောက် ကူညီပေးခဲ့သည့်တိုင် အထက်ဘုံကမ္ဘာမှ မျိုးဆက်တူသူများက သူမကို နှင်ထုတ်ခဲ့ကြသည်။
သူမက ကူရာကယ်ရာမဲ့ အထီးကျန်ကာ အခြားသူများ လိုက်လံဖမ်းဆီးသည်ကိုခံရပြီး ဤနေရာတွင် တစ်ယောက်တည်း သေဆုံးရသည်ကိုပင် မည်သူမှ မသိခဲ့ကြပေ။
သူမ၏ မိုက်မဲမှုအတွက် သူမ မုန်းတီးမိသည်။
မဟုတ်မမှန်သော အယူအဆတစ်ခုအတွက် သူမ၏ ဘဝတစ်ခုလုံး ဖြုန်းတီးခဲ့ရပြီး ၊ နောက်ဆုံး ဤသည်က လုံးဝ မထိုက်တန်ခဲ့ပေ။
သူမက သူမ၏ဆရာ’ရှောက်ကျွင်းဟွမ်’ ကို မုန်းတီးသည်။
သူမကို ဤလမ်းကြောင်းပေါ်သို့ရောက်အောင်လှည့်ဖြားခဲ့သည်။ ရှောက်ကျွင်းဟွမ်က သူ့ဘဝသူ ဖျက်ဆီးခဲ့သလို ဟူယွဲ့ရှင်း၏ဘဝကိုပါ ဖျက်ဆီးခဲ့သည်။
သူ အဆုံးမရှိသော နောင်တတရားများကို ရင်ဝယ်ပိုက်ထားခဲ့သည်။
သူမ၏အနာဂတ်နှင့် သူမ၏ဘဝကို အခြားသူများအတွက် စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့မိခြင်းအတွက် နောင်တရသည်။
မကျေနပ်မှုများ ၊ ဆဲဆိုမှုများ...။
ဟူယွဲ့ရှင်း၏ ပါးစပ်မှ မယုံနိုင်လောက်သော ရက်စက်သည့် စကားလုံးများ ထွက်ပေါ်လာသည်။
သူမ ဆဲဆိုသော အမည်များတွင် ရှောက်ကျွင်းဟွမ်၊ တောင်ပိုင်းချန်စန်းဧကရာဇ်၊ ကောင်းဟန်၊ လင်ချင်း၊ နှင့် ယင်ထျန်းရှတို့ပါဝင်သည်။
သူမ၏ မိတ်ဆွေများအားလုံးလည်းပါဝင်သည်။
သူမ၏ ကျိန်ဆဲသံက ကျယ်လောင်ရာမှ တဖြည်းဖြည်း တိုးလျသွားသည်။
နောက်ဆုံး ခါးသီးသောမျက်ရည်များအဖြစ် ပြောင်းလဲသွားပြီး သူမ ငိုကြွေးခဲ့သည်။
အတွင်းမှ ထွက်ပေါ်လာသမျှအရာအားလုံးသည် သူမ၏ သေခြင်းတရားအပေါ် ကြောက်ရွံ့မှုနှင့် သူမ၏ဘဝအတွက် နောင်တရမှုများမှ ဆင်းသက်လာခြင်းဖြစ်သည်။
သူမ၏ ငိုကြွေးသံသည် ဖြည်းဖြည်းချင်း အားနည်းလာပြီး အဖြူရောင်အရိပ်သည်လည်း တဖြည်းဖြည်းမှိန်ဖျော့လာသည်။
သူမ ဖြည်းဖြည်းချင်း မြေပေါ်သို့ လဲကျသွားပြီး ကျန်ရစ်ခဲ့သည်မှာ သူမ၏ စိတ်ပျက်အားငယ်မှုသာဖြစ်သည်... ။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့က မြင်ကွင်းကို တည်ငြိမ်စွာဖြင့်ပင် ကြည့်ရှုနေကြသည်။
ရန်ကျောက်ကဲက...
“ဆိုရိုးရှိတယ်လေ... ‘သေခါနီးအချိန်ကျမှ လူတွေရဲ့စိတ်ရင်းအမှန်ကို သိနိုင်မယ်’ တဲ့ ၊ အဲဒီအချိန်ရောက်မှ လူတစ်ယောက်က ဘယ်လိုလူမျိုးလဲဆိုတာ သိရတာပဲ”
ရန်ကျောက်ကဲ၏အသံက သီးသန့်နယ်မြေထဲတွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“အဲဒီအမြင်ကို ငါ သဘောတူတယ်”
သူက ဆက်ပြောလိုက်သည်။
“အထူးသဖြင့် မင်း သေခါနီးဖြစ်နေပေမယ့် ချက်ချင်းမသေနိုင်သေးဘဲ သေဆုံးမှုကို ဖြည်းဖြည်းချင်း မတတ်သာဘဲ စောင့်ဆိုင်းနေရတဲ့အချိန်မျိုးတွေမှာပေါ့ ၊ အဲဒါက အဆိုးရွားဆုံး ညှင်းဆဲမှုမျိုးပဲ”
ရန်ကျောက်ကဲက တည်ငြိမ်သောမျက်နှာထားဖြင့် သစ်ပင်ကိုဖြတ်ကျော်ကာ ရေလိုက်ကာအနားသို့ ရောက်ရှိသွားသည်။
“ဒီအခြေအနေက မလှပပေမယ့် ငါ့ကို နည်းနည်းတော့ အံ့အားသွားစေတာပဲ ၊ ပြီးတော့ စိတ်လည်းပျက်မိတယ် ၊ ဒါပေမဲ့ ထုန်းမင်ဧကရာဇ်ရဲ့ နောင်တနဲ့ မုန်းတီးမှုတွေကို ငါနားလည်နိုင်ပါတယ်”
“ဒါပေမဲ့...”
ရန်ကျောက်ကဲက စကားဆက်မပြောဘဲ သူ၏လက်ဖဝါးကို ပင့်မြှောက်လိုက်ပြီး ရေလိုက်ကာထက်သို့ ဖိနှိပ်လိုက်သည်။ ထိုအခါ ရေလိုက်ကာက တုန်ခါသွားပြီး ချန်းဟွာသစ်ပင်မှ ပြသထားသောပုံရိပ်က ရုတ်တရက်ပင် ပျောက်ကွယ်သွားသည်။
“ငါမြင်ချင်တာက ထုန်းမင်ဧကရာဇ်ရဲ့ဘဝ အဆုံးမသတ်ခင်မှာ ချန်ထားခဲ့တဲ့ မှန်ကန်တဲ့ မှတ်တမ်းတွေပဲ ၊ ဒီလိုမျိုး တခြားသူတစ်ယောက်က လုပ်ကြံဖန်တီးထားတဲ့ စိတ်ပျက်စရာပုံရိပ်တွေ မဟုတ်ဘူး”
ရေလိုက်ကာ ချိုင့်ဝင်သွားပြီးနောက် ဗလာနယ်တွင်းနက်တစ်ခုဖြစ်တည်လာသည်ကို ရန်ကျောက်ကဲ အေးဆေးစွာ စူးစိုက်ကြည့်နေလိုက်သည်။
ထိုအခါ ဗလာနယ်အခြားတစ်ဖက်မှ လူတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။
ထိုသူက ပျင်းရိပျင်းတွဲလေသံဖြင့်...
“အိုး... မင်း ဒီကိုရောက်လာပြီလား”
ထိုသူက ချန်ချန်းဟွာပင် ဖြစ်လေ၏။