← Chapters

ထုန်းမင်ဧကရာဇ်၏နောက်ဆုံးအချိန်

Vol. 100 Ch. 1398

ထုန်းမင်ဧကရာဇ်၏နောက်ဆုံးအချိန်

Vol. 100 Ch. 1398

အခန်း (၁၃၉၈) ထုန်းမင်ဧကရာဇ်၏နောက်ဆုံးအချိန်

ချန်ချန်းဟွာကိုတွေ့သည့်အခါ ရန်ကျောက်ကဲ ဆွံ့အသွားရသည်။

အတန်ကြာမှ သူက စကားဆိုလိုက်သည်။

“မင်းက အရိပ်ထဲမှာ ပုန်းနေတာလား ၊ ဒါမှမဟုတ် တည်နေရာတွေနောက်ကွယ်မှာ ပုန်းကွယ်နေတာလား ၊ မင်းသာ ထူးခြားတဲ့သိုင်းပညာတစ်ခုခု မသုံးထားဘူးဆိုရင် ငါတို့ ဒီကိုမလာခင်ကတည်းက ဒီနေရာမှာ တစ်ယောက်ယောက်ရှိနေတာကို ငါ သိခဲ့မှာပဲ”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ချန်းဟွာသစ်ပင်ကထွက်ပေါ်လာတဲ့ ဒီအလင်းပုံရိပ်က အစစ်လားအတုလားဆိုတာ ငါက မခွဲခြားနိုင်ဘူးထင်လို့လား”

ရန်ကျောက်ကဲက ချန်ချန်းဟွာကို စူးစိုက်ကြည့်လိုက်ပြီး...

“ဘယ်သူက ဒီလောက်ပျင်းစရာကောင်းတဲ့အလုပ်မျိုးကို လုပ်မလဲလို့ ငါတွေးနေတာ ၊ မင်းမှမဟုတ်ရင် ဘယ်သူမှ ဒီလိုလုပ်ဖို့ စိတ်ဝင်စားမှာ မဟုတ်ဘူး”

ချန်ချန်းဟွာ၏မျက်နှာက တည်ငြိမ်နေသော်လည်း မျက်ဝန်းများကတော့ အရောင်တလက်လက် တောက်ပနေသည်။

သူက ရန်ကျောက်ကဲနှင့် အကြည့်ချင်းဆုံရင်း ပြုံးလိုက်ပြီး...

“လေးစားမှုနဲ့ သတိရလွမ်းဆွတ်မှုတွေကြောင့် ဘယ်လိုအတားအဆီးတွေပဲ ရင်ဆိုင်ရပါစေ မင်းတို့ ဆရာဘွားဘွားရဲ့ သင်္ချိုင်းကိုရှာဖွေဖို့ ကြိုးစားနေတာ ၊ ဒါပေမဲ့ အမှန်တရားကိုသိလိုက်ရတဲ့အခါ မင်းစိတ်ကူးထားသလို လှပမှု မရှိခဲ့ဘူး”

ချန်ချန်းဟွာက ဆက်ပြောလိုက်သည်။

“မင်းစိတ်ထဲမှာ ဟူယွဲ့ရှင်းက ဆုံးဖြတ်ချက်ခိုင်မာပြီး အကြောက်တရားကင်းမဲ့စွာနဲ့ သူ့ဘဝကို စွန့်လွှတ်ခဲ့တဲ့သူ ၊ ဒါပေမဲ့ သူက ဒီလို မကောင်းတဲ့ဘက်ခြမ်းကိုဖုံးကွယ်ထားတယ်ဆိုတာသိရရင် မင်း ဘယ်လောက်တောင် စိတ်ပျက်လိုက်မလဲ ၊ မင်း ဘယ်လိုတုံ့ပြန်မလဲဆိုတာ ငါ အရမ်း သိချင်ခဲ့တာ ၊ အဲဒါက ငါ့အတွက် ပျော်စရာကောင်းတဲ့ ဖျော်ဖြေမှုတစ်ခုပဲ”

ထို့နောက် ချန်ချန်းဟွာက စိတ်မသက်မသာဟန်ဖြင့် ခေါင်းခါယမ်းရင်း...

“စိတ်မကောင်းစရာက ဒီအလင်းပုံရိပ်က ငါက အတုလုပ်ပြီးဖန်တီးထားတယ်ဆိုတာ မင်းက ရိပ်မိသွားတာပဲ”

သူက ရုတ်တရက် ပြုံးလိုက်ရင်း...

“ငါ ဒီအလင်းပုံရိပ်ကိုဖန်တီးတုန်းက လျှို့ဝှက်ပညာရပ်တွေ အများကြီးသုံးခဲ့ရတယ် ၊ အစစ်အမှန်နတ်ဘုရားတွေနဲ့ နက်ရှိုင်းနတ်ဘုရားတွေကိုအသာထား... ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တောင်မှ အရူးလုပ်ခံရနိုင်တယ် ၊ ဒါပေမဲ့ မင်းကတော့ ဒါကို ဖောက်ထွင်းသိမြင်ခဲ့တယ် ၊ ရန်ကျောက်ကဲရာ... ရန်ကျောက်ကဲ... မင်းက တကယ့်ကို ထူးခြားတဲ့သူပဲ”

ရန်ကျောက်ကဲက ချန်ချန်းဟွာကို စူးစိုက်ကြည့်ရင်း ရယ်မောလိုက်သည်။

“မင်းပြောသလိုဆိုရင်... ငါ ဒီပုံရိပ်ကို မကြည့်ဘဲနဲ့တောင် ထုန်းမင်ဧကရာဇ်ရဲ့နောက်ဆုံးစကားတွေက မင်းဖန်တီးထားတာတွေနဲ့ လုံးဝကွဲပြားတယ်ဆိုတာ သိနိုင်တယ်လေ ၊ သူ့လိုလူမျိုးက ကြောက်လန့်ပြီးငိုယိုနေတဲ့သူများ ဖြစ်နိုင်ပါ့မလား”

ချန်ချန်းဟွာက တည်ငြိမ်စွာဖြင့်...

“အခု မင်းက ငါ့ကိုသံသယဝင်နေပြီဆိုတော့... အရာအားလုံးက မင်းလိုချင်တဲ့ပုံစံအတိုင်း ဖြစ်မလာရင်တောင် ငါကပဲ ဒီလိုအတုအယောင်တွေဖန်တီးထားတယ်လို့ သံသယဝင်နေတော့မှာပေါ့”

ထို့နောက် သူက လက်ဖဝါးတစ်ဖက်ကိုဖွင့်လိုက်ရာ ရေခဲပုံဆောင်ခဲတစ်ခု သူ၏လက်ဖဝါးထက်တွင် ထွက်ပေါ်လာသည်။

ထို ပုံဆောင်ခဲထဲတွင် ပုံရိပ်တစ်ခုရှိနေသည်။

ထိုပုံရိပ်က ဗလာနယ်ထဲတွင်ရှိနေပြီး ရေလိုက်ကာနယ်မြေအကာအရံနှစ်ခုကို ဖြတ်သန်းဖြန့်ကျက်ထားသည့်နှယ် ထင်မှဝ်ရသည်။

အလင်းပုံရိပ်ထဲတွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာသည်။

သူမက ထုန်းမင်ဧကရာဇ်’ဟူယွဲ့ရှင်း’ ဖြစ်၏။

ထိုအလင်းပုံရိပ်ထဲမှ ဟူယွဲ့ရှင်း၏ပုံပန်းသဏ္ဌန်က စောစောက ရန်ကျောက်ကဲ တွေ့မြင်ခဲ့ရသောပုံရိပ်နှင့် အတူတူပင် ဖြစ်သည်။

သူမ၏မျက်နှာက မှုံမှိုင်းနေပြီး အသားအရေကလည်းဖြူဖျော့နေသည်။ ဒဏ်ရာပြင်းထန်သဖြင့် သူမအသက် ရှင်သန်သည်ဆိုရုံသာ ဆက်လက်တည်ရှိနေသည်ကို သိသာထင်ရှားစေသည်။

သို့သော် ချန်ချန်းဟွာဖန်တီးခဲ့သော အလင်းပုံရိပ်နှင့်မတူညီစွာ ယခုဟူယွဲ့ရှင်းက များစွာ ပိုမိုတည်ငြိမ်သော မျက်နှာအမူအရာရှိသည်။

သူမက အသက်တစ်ရှူထုတ်ပြီး သူမခန္ဓာကိုယ်မှ မသန့်စင်မှုအားလုံးကို ဖယ်ထုတ်လိုက်သည်။

ထိုသို့အသက်တစ်ချက်ရှူထုတ်လိုက်သည်နှင့် မူလက ဖြူဖျော့နေသော ဟူယွဲ့ရှင်း၏မျက်နှာထက် အနည်းငယ် သွေးရောင်လွှမ်းလာသည်။

သေမင်းတံခါးဝသို့ ရောက်ရှိလုနီးချိန်တွင် သူမ၏မျက်နှာအမူအရာက ပိုမိုရင့်ကျက်တည်ငြိမ်လာသည်။

သူမမျက်ဝန်းများထဲတွင် ဖုံးကွယ်၍မရသော အားနည်းမှုများရှိနေသည့်တိုင် ရေပြင်ပမာ တည်ငြိမ်နေပြီး မည်သည့်ကြောက်ရွံ့မှုနှင့် မုန်းတီးမှု အရိပ်အယောင်မှ မရှိခဲ့ပေ။

ဟူယွဲ့ရှင်းက နေရာတစ်ခုလုံးဖုံးလွှမ်းနေသည့် ရေလိုက်ကာအလွှာများကို ခေါင်းမော့ကြည့်လိုက်သည်။

“ဆရာ... ဆရာ အခု ဘယ်ရောက်နေလဲ  ၊ ဘယ်နေရာမှာ ဘယ်လိုများနေထိုင်နေသလဲ”

ရေလိုက်ကာအရံအတားတွင်ထင်ဟပ်နေသော အလင်းရောင်များကိုကြည့်ရင်း သူမက ထပ်မံရေရွတ်လိုက်သည်။

“ဆရာ့ရဲ့စရိုက်အရဆိုရင် သေရမှာကို ကြောက်ရွံ့မှာမဟုတ်ပါဘူး ၊ ကျွန်မလည်း ဒီအတိုင်းပဲ စိတ်ပိုင်းဖြတ်ထားပါတယ်”

“ဆရာသာ ဒီလောကမှာ ရှိနေဦးမယ်ဆိုရင် ဒီလောက်နှစ်တွေကြာအောင် တိတ်ဆိတ်နေမှာမဟုတ်ပါဘူး ၊ ဒါပေမဲ့ ကျွန်မ ဆရာအသက်ရှင်နေသေးတယ်လို့ မျှော်လင့်ချက် ထားနေမိပါသေးတယ်”

ထို့နောက် ဟူယွဲ့ရှင်းက ပြုံးလိုက်သည်။

“ဒါပေမဲ့ ဒီနေ့တော့ ကျွန်မ ထွက်ခွာသွားရတော့မယ် ၊ ဆရာ ဆက်ပြီးအသက်ရှင်နေပါစေလို့ ကျွန်မ ဆုတောင်းပါတယ် ၊ ဒါပေမဲ့ ဆရာ အသက်ရှင်နေဦးမယ်ဆိုရင်တောင် ကံမကောင်းတာက ကျွန်မကတော့ အဲဒီမြင်ကွင်းကို မတွေ့မြင်ရတော့ပါဘူး”

“ဒါပေမဲ့ ကျွန်မက ဘယ်တော့မှ ဆရာ့ကို အရှက်ရစေတဲ့သူမျိုး မဖြစ်စေရပါဘူး”

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးက တိုးလျစွာ ရေရွတ်လိုက်သည်။

“အခုချိန် ဆရာနဲ့အတူ သေရည်သောက်ရမယ်ဆိုရင် ကျွန်မက ဆရာ့ထက် နှစ်ခွက် သုံးခွက်လောက်တော့ ပိုသောက်နိုင်ဦးမယ်ထင်တယ်”

“ပြီးတော့ ကျွန်မ ဆရာအိပ်နေကျ သစ်သားကုတင်ကိုလည်း အမြဲတမ်း သန့်ရှင်းရေးလုပ်ထားခဲ့တယ် ၊ နှစ်ပေါင်းများစွာကြာတဲ့အထိ ဘာပိုးမွှားအန္တရယ်မှ မရှိနိုင်ပါဘူး”

“ဆရာသာ ဆန္ဒရှိရင် ကျွန်မတို့ မိုးလင်းမိုးချုပ်သေရည်သောက်ပြီး မိုးချုပ်ကနေ မိုးလင်းတဲ့အထိ အဝအိပ်လို့ရပါတယ်”

“ဒါပေမဲ့ ဆရာနဲ့ အမြဲတမ်း စကားများတတ်တဲ့ ကျွန်မရဲ့သဘောထားကိုတော့ ပြောင်းလဲနိုင်မှာမဟုတ်ဘူး ၊ ဒါပေမဲ့ ဆရာသာ ပြန်လာမယ်ဆိုရင် ကျွန်မ အကောင်းဆုံးကြိုးစားပြီး ဆရာနဲ့ စကားမများအောင် နေမှာပါ”

ဟူယွဲ့ရှင်းက အရေးမပါသည်ပမာ စကားများကို ဆက်လက်ပြောဆိုနေသည်။

သို့သော် နောက်ဆုံးမှာတော့ သူမက တောက်ပစွာ တစ်ချက်ပြုံးလိုက်လေရာ သူမ၏ဖြူဖျော့သောမျက်နှာထက်တွင် သွေးရောင်များပိုမိုယှက်သမ်းလာသည်။

“အရင်တုန်းက ဆရာသင်ပေးခဲ့တာတွေကို ကျွန်မ ဘယ်တုန်းကမှ မမေ့ပါဘူး”

သူမက ဆက်ပြောလိုက်သည်။

“ကျွန်မလျှောက်ရမယ့်လမ်းက ဘယ်လောက်မတ်စောက်ပါစေ ၊ ဘယ်လောက်ပင်ခက်ခဲပြီး မျှော်လင့်ချက်မရှိသလိုဖြစ်နေပါစေ ၊ ကျွန်မရဲ့ဆုံးဖြတ်ချက်က ဘယ်တုန်းကမှ မယိမ်းယိုင်ခဲ့ပါဘူး ၊ လမ်းမှန်တာအိုဝါဒ ထွန်းကားစေဖို့ ၊ ပြင်ပတာအိုကျင့်ကြံသူတွေကို ဖယ်ရှားဖို့ ၊ စကြာဝဠာတစ်ခုလုံးကို သန့်စင်ပစ်ဖို့ ကျွန်မတတ်နိုင်သမျှ အကုန်လုပ်ခဲ့ပါတယ်”

“ဆရာပြောခဲ့ဖူးတဲ့ ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစကို ကျွန်မ ရရှိခဲ့ပါတယ် ၊ ဒီရတနာ ပြင်ပတာအိုကျင့်ကြံသူတွေလက်ထဲ ရောက်မသွားအောင်လည်း ကျွန်မ အစွမ်းကုန် ကာကွယ်ခဲ့ပါတယ်”

“ဒီနေ့ ဒီနေရာမှာ ကျွန်မရဲ့ဘဝ အဆုံးသတ်တော့မယ်ဆိုပေမယ့် ထူးချွန်တဲ့ လူငယ်မျိုးဆက်တွေ ရှိနေပါသေးတယ် ၊ ဆရာက အရင်တုန်းက ကျွန်မကို သင်ကြားပေးခဲ့သလို ဒီလူငယ်မျိုးဆက်တွေကိုသင်ပြပေးပြီး မကောင်းမှုတွေကို ဖယ်ရှားခိုင်းမယ်ဆိုရင် အခြေအနေတွေအားလုံး ပုံမှန်ပြန်ဖြစ်သွားမယ်လို့ ကျွန်မ ယုံကြည်ပါတယ်”

ဟူယွဲ့ရှင်းမျက်နှာထက်မှ သွေးရောင်က တဖြည်းဖြည်းမှေးမှိန်သွားပြီး သူမမျက်ဝန်းထဲမှ တောက်ပမှုက မှေးမှိန်လုနီးပါး ဖြစ်လာသည်။

သူမ အမှန်တကယ်ပင် သေမင်းတံခါးဝသို့ ရောက်နေပြီ ဖြစ်သည်။

သူမ၏မျက်ဆံထဲတွင် အလွန်ချောမောလှပသော မိန်းမပျိုတစ်ယောက်၏ ပုံရိပ်ပေါ်လာသည်။

ထိုမိန်းမပျိုက မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ရှောက်ကျွင်းဟွမ်’ ဖြစ်သည်။

“အဲဒီနေ့ကို ကျွန်မ မမြင်ရတော့ပေမယ့် ၊ ကျွန်မတို့ရဲ့လူငယ်မျိုးဆက်တွေကတော့ အဲဒီမြင်ကွင်းကို သေချာပေါက်မြင်ရလိမ့်မယ်... ဆရာ၊ အနာဂတ်မှာ ဆရာလည်း ဒါကို မြင်တွေ့နိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”

ဟူယွဲ့ရှင်း၏အသံ တဖြည်းဖြည်းတိုးသွားပြီး သူမ၏အသက်ရှူသံသည်လည်း အားနည်းလာသည်။

သူမ၏မျက်ဝန်းထဲတွင် နောက်ထပ်ပုံရိပ်တစ်ခု ပေါ်လာသည်။

ထိုသူက အနက်ရောင်နှင့် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဆယ်ကျော်သက်လူငယ်တစ်ဘောက်ဖြစ်ကာ ရှည်လားနက်မှောင်သော ဆံနွယ်များက ကျောပြင်ထက် ကျဆင်းလျှက် ရှိသည်။

ထိုသူ၏ပုံပန်းသွင်ပြင်က ရန်ကျောက်ကဲ ရင်းနှီးပြီးသားဖြစ်သော ယိုးမင်ဧကရာဇ်’ယင်ထျန်းရှ’ နှင့် ဆင်တူသည်။ သို့သော် ဤလူငယ်က ရန်ကျောက်ကဲတွေ့ဖူးသောပုံစံထက် ပိုမိုငယ်ရွယ်ပုံရသည်။

ရန်ကျောက်ကဲမှတ်ဉာဏ်ထဲတွင် ယင်ထျန်းရှ၏ဆံပင်က အနက်ရောင်ဖြစ်သော်လည်း မျက်ခုံးများက လုံးဝ အဖြူဆွတ်ဆွတ် ဖြစ်သည်။

သို့သော် ဤလူငယ်၏မျက်ခုံးများကတော့ အနက်ရောင် ဖြစ်သည်။

သို့ရာတွင် ထူးခြားပြီးတည်ငြိမ်သော မျက်ဝန်းတစ်စုံကတော့ ရန်ကျောက်ကဲမှတ်မိသည့်အတိုင်း ဘာမှမကွဲပြားခဲ့ပေ။

“အမြဲတမ်း နောက်ကျနေတာ မကောင်းတဲ့အကျင့်ဆိုတာ ကျွန်မသိပါတယ် ၊ ဒါပေမဲ့ ဒီတစ်ခေါက်တော့ နှစ်‌ပေါင်းရာနဲ့ချီပြီး နောက်ကျခဲ့ရတယ်”

အဖြူရောင်ဝတ်အမျိုးသမီးက ရေရွတ်လိုက်သည်။

ယခု သူမ ဦးခေါင်းကိုပင် ထောင်မတ်ထားရန် အင်အားမရှိတော့ဘဲ တဖြည်းဖြည်းလဲပြိုလာသည်။

“ဒါပေမဲ့ ဒါက နောက်ဆုံးအကြိမ်ဖြစ်မယ်လို့ ကျွန်မ ကတိပေးပါတယ်”

“ပိုင်ချွမ်... ကျွန်မ အခု လာနေပါပြီ”

သူမ၏အသံက မကြားနိုင်လောက်အောင် တိုးလျသွားပြီး နောက်ဆုံး အသံပြတ်တောက်သွားသည်။

အဖြူရောင်ဝတ်အမျိုးသမီးသည် နေရာတွင် တင်ပျဉ်ခွေထိုင်နေဆဲဖြစ်သော်လည်း ခေါင်းငိုက်စိုက်ကျလျှက် အသက်ရှူသံ လုံးဝ ရပ်တန့်သွားပေပြီ။

ထုန်းမင်ဧကရာဇ်’ဟူယွဲ့ရှင်း’ မှာ နောက်ဆုံး ကြယ်စင်မြစ်လက်ထဲအတွင်းရှိ ဗလာနယ်အခွဲတစ်ခုအတွင်း၌ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

အလင်းပုံရိပ်ထဲတွင် သူမ၏ရုပ်အလောင်းက တဖြည်းဖြည်းပြောင်းလဲသွားပြီး အတွင်းမှ အလင်းတန်းများ ထွက်ပေါ်လာသည်။

များပြားလှသော အသက်ဓာတ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူမ၏ပုံရိပ်ပျောက်ကွယ်သွားကာ ထိုနေရာတွင် သစ်ပင်တစ်ပင်သာလျှင် ကျန်ရစ်ခဲ့သည်။

သစ်ပင်ထက်တွင် အကိုင်းအခက်များ တဖြည်းဖြည်းပေါက်လာပြီး နောက်ဆုံး ထူထဲလှပသော သစ်ပင်ကြီးအဖြစ် ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ မြင်ကွင်းကို မတ်တတ်ရပ်လျှက်ကြည့်ရှုရင်း တိတ်ဆိတ်စွာ ရှိနေခဲ့သည်။

အချိန်အတန်ကြာပြီးနောက် သူတို့နှစ်ယောက်လုံး ချန်းဟွာသစ်ပင်ကြီးအား ဦးညွှတ်လိုက်ကြသည်။

ဖန်းယွင်ရှန်းက တိုးလျသည့်လေသံဖြင့်...

“ပိုင်ချွမ်ဆိုတဲ့ အဲဒီလူက ယိုးမင်ဧကရာဇ်လား”

ရန်ကျောက်ကဲက တိုးတိတ်သည့်လေသံဖြင့်...

“ဟုတ်တယ်... ယိုးမင်ဧကရာဇ်ရဲ့ အမည်ရင်းက ယင်ပိုင်ချွမ်လို့ခေါ်တယ် ၊ သူ ယိုးမင်ဂိုဏ်းချုပ်နေရာဆက်ခံပြီးမှ သူ့နာမည်ကို ယင်ထျန်းရှလို့ ပြောင်းလိုက်တာ”

ထို့နောက် သူက ချန်ချန်းဟွာအား အေးစက်သောမျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်သည်။

ချန်ချန်းဟွာက မထီမဲ့မြင်မျက်နှာထားဖြင့်...

“မင်းက ဒီလောက်နဲ့ ကျေနပ်သွားတာလား”

သူက ဆက်ပြောလိုက်သည်။

“မသေချာမှုတွေနဲ့ပြည့်နေတာက ဘဝရဲ့အကြီးမားဆုံးပျော်ရွှင်မှုပဲ ၊ တကယ်လို့ မင်းအားလုံးကို သိနေတယ်ဆိုရင် ဘယ်လိုလုပ်ပျော်စရာကျန်တော့မှာလဲ”

ရန်ကျောက်ကဲက အေးစက်စွာဖြင့်...

“တချို့လူတွေနဲ့ တချို့အကြောင်းအရာတွေက မင်းပျော်ဖို့အတွက် ဖန်တီးထားတဲ့အရာတွေမဟုတ်ဘူး ၊ မင်းက ဘာကောင်မို့လို့ ဒီလိုလုပ်ရဲရတာလဲ”

All Chapters