← Chapters

နတ်ဘုရားအဆင့်က မင်းကိုမကြိုဆိုဘူး

Vol. 100 Ch. 1400

နတ်ဘုရားအဆင့်က မင်းကိုမကြိုဆိုဘူး

Vol. 100 Ch. 1400

အခန်း (၁၄၀၀) နတ်ဘုရားအဆင့်က မင်းကိုမကြိုဆိုဘူး

ချန်ချန်းဟွာ ခန္ဓာကိုယ်ထက် အကျည်းတန်သည့် အက်ကွဲကြောင်းများထွက်ပေါ်လာပြီး ၊ ထိုအက်ကွဲကြောင်းများအတွင်းမှ အလင်းတန်းများ ဆက်လက်ထွက်ပေါ်လာသည်။

ကြယ်စင်မြစ်လက်တက်အတွင်းရှိ ဗလာနယ်ထဲတွင် ရန်ကျောက်ကဲက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း...

“မင်းက သေမှာမကြောက်ဘူးမလား ၊ အဲဒီတော့ ဒါကိုလည်း အရေးစိုက်မနေနဲ့တော့”

ပြောပြီးသည်နှင့် သူက ပုံရိပ်ယောင်ပုလဲထက်သို့ လက်ချောင်းများဖြင့် ထပ်မံထိတွေ့လိုက်သည်။

ကြယ်စင်မြစ်လက်တက်အပြင်ဘက်တွင်ရှိနေသော ချန်ချန်းဟွာအစစ်၏ခန္ဓာကိုယ် ထပ်မံတုန်ခါသွားပြီး သူ၏အရေပြားမျက်နှာပြင်ထက် အက်ကွဲရာများ ထပ်မံပေါ်ထွက်လာသည်။

ချန်ချန်းဟွာ မျက်ဝန်းများထဲတွင် အစိမ်းရောင်အလင်းတန်းများတောက်ပလာပြီး အကြိမ်အနည်းငယ်ခန့် လင်းလက်သွားသည်။

“အရုဏ်ဦးကွဲကြေနတ်စွမ်းအားပညာ.... ဒီလောက်ရှားပါးတဲ့ လျှို့ဝှက်သိုင်းပညာ… မဟုတ်ဘူး ၊ ဒါက အရုဏ်ဦးကွဲကြေနတ်စွမ်းအားပညာ တစ်ခုတည်းမဟုတ်ဘူး ၊ အဲဒီလောက်ဆိုရင် ငါကိုင်တွယ်နိုင်တယ် ၊ အခု ဒီသိုင်းပညာထဲမှာ တခြားပညာရပ်တွေ အများကြီးပေါင်းထည့်ထားတယ်”

ရန်ကျောက်ကဲက အေးစက်သည့်လေသံဖြင့်...

“မင်းက တကယ် ဗဟုသုတကြွယ်ဝတာပဲ ၊ ဒါပေမဲ့ မင်းက မိုက်မဲလွန်းတယ်”

ပြောပြီးသည်နှင့် သူ၏လက်ချောင်းများက ပုံရိပ်ယောင်ပုလဲအား တတိယအကြိမ် ထိတွေ့လိုက်ပြန်သည်။

အခြားတစ်ဖက်တွင် ချန်ချန်းဟွာ၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားပြီး ပိုမိုပြင်းထန်သော ဒဏ်ရာများ ရရှိသွားသည်။

သူ၏ရုပ်ခန္ဓာမှာ ရန်ကျောက်ကဲနှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင်တောင်မှ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဤမျှဆိုးရွားသောအခြေအနေသို့ ရောက်ရှိမည် မဟုတ်ပေ။

ယခုဖြစ်ရပ်က ချန်ချန်းဟွာကိုယ်တိုင်က ရန်ကျောက်ကဲ၏ဓားကို သူ့လည်ပင်းထက် ကိုယ်တိုင်တင်ပေးလိုက်သည်နှင့် ဆင်တူသည်။

ခံစစ်ပြုလုပ်ရန် မည်သည့်နည်းလမ်းမှ မရှိဘဲ ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုများကိုသာ ဆက်တိုက်ခံစားနေရသည်။

ပို၍အရေးကြီးသည်မှာ ယခု သူရရှိသွားသောဒဏ်ရာများက သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တွင်သာ ကန့်သတ်ထားခြင်း မရှိပေ။

ထိုဒဏ်ရာများက တာအိုဒဏ်ရာများဖြစ်ပြီး ချန်ချန်းဟွာအား လောက၏မဟာတာအိုနှင့် ဆက်သွယ်မှု သို့မဟုတ် တုံ့ပြန်မှုကို တားဆီးထားလိုက်သည်။

တာအိုဒဏ်ရာများ တိုးပွားလာသည်နှင့်အမျှ ခံနိုင်ရည်စွမ်းကိုကျော်လွန်ပြီး ဘယ်သောအခါမှ ပြန်ကောင်းနိုင်မည်မဟုတ်သော အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။

ဤအခြေအနေတွင် ချန်ချန်းဟွာအနေဖြင့် နက်ရှိုင်းနတ်ဘုရားအဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက် မရှိတော့ပေ။

အကယ်၍ သူက “သမ္မာတရားကပ်ဘေး” ကို အတင်းအကျပ်စိန်ခေါ်မည်ဆိုပါ “သေဆုံးခြင်း” ဆိုသော ရလဒ်တစ်ခုသာ ရှိနိုင်သည်။

ဤသည်က အစပိုင်းမျှသာ ရှိသေးသည်။

“နတ်ဘုရားအဆင့်က မင်းကို မကြိုဆိုဘူး ၊ ထွက်သွားစမ်း”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လက်ညှိုးနှင့် လက်ခလယ်ကို ဓားသွားပမာ အသုံးပြုပြီး ပုံရိပ်ယောင်ပုလဲအား ထိုးဖောက်လိုက်သည်။

ချန်ချန်းဟွာ၏ ဒဏ်ရာများက အလွန်ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိသွားသည်။

အရုဏ်ဦးကွဲကြေနတ်စွမ်းအားပညာနှင့် နတ်သက်ကြွေဓားသိုင်းအပြင် အခြားသော လျှို့ဝှက်သိုင်းပညာများစွာ ပေါင်းစပ်ထားသော တိုက်ကွက်ကိုခံစားရပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ယခင်က မကြုံဖူးသော ပြင်းထန်သည့် တုန်ခါမှုကို ခံစားလိုက်ရသည်။

နဂိုကပင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နက်နေပြီဖြစ်ရာ နောက်ဆုံးတိုက်ကွက်ကို ခံယူပြီးနောက် သူ၏တစ်ကိုယ်လုံးက တကယ့်ကြွေထည်ကြွေသားပမာ ကွဲအက်သွားပြီး ဖရိုဖရဲဖြင့် ပြိုကွဲသွားတော့သည်။

ထူထဲသော အက်ကွဲရာများအတွင်းမှ အလင်းတန်းများ ထိုးဖောက်ထွက်လာပြီး ချန်ချန်းဟွာတစ်ကိုယ်လုံးအား လွှမ်းခြုံသွားသည်။

ခန္ဓာကိုယ်ထဲမှ နတ်ဘုရားစွမ်းအားများ အလွှာလိုက်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်အနှံ့ လွင့်စင်သွားသည်။

အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် မုန်တိုင်းများတိုက်ခတ်လာသည့်ပမာပင် ခံစားရသည်။

မုန်တိုင်းငြိမ်သက်သွားသည်နှင့် အလင်းတန်းများလည်းပျောက်ကွယ်သွားပြီး ချန်ချန်းဟွာ၏ပုံရိပ် ထပ်မံထွက်ပေါ်လာသည်။

သူ၏အပြင်ပန်းအသွင်အပြင်က မည်သည့်ပြောင်းလဲမှုမှ မရှိသယောင် ထင်မှတ်ရသည်။

သို့သော် မကြာမီ သူ့ပါးစပ်မှ သွေးတစ်ပွက် အန်ထွက်လာသည်။

သန့်စင်သော “သွေး” ။

သာမန် သေမျိုးလူသားများကဲ့သို့ အနီရောင်”သွေး” ။

အသက် (၂၀၀)အတွင်း နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော ထူးချွန်ထက်မြက်သူ ၊ ဆယ်စုနှစ်အနည်းငယ်အတွင်း အစစ်အမှန်နတ်ဘုရားဖြစ်လာသူ အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သူ ချန်ချန်းဟွာမှာ ရန်ကျောက်ကဲက နတ်ဘုရားတံခါးအတွင်းမှ ကန်ထုတ်ခြင်းကို ခံလိုက်ရပေသည်။

သူ၏ ကျင့်ကြံခြင်းအဆင့် သိသာစွာကျဆင်းသွားပြီး သိုင်းသူတော်စင်အဆင့်သို့ ပြန်လည်ရောက်ရှိသွားသည်။

နဂိုကပင် ဖြူဖျော့သော သူ၏အသားအရေမှာ ပိုမိုအားနည်းဖြူဖျော့လာပြီး သူ့နှုတ်ခမ်းများက တီးတိုးရေရွတ်လိုက်သည်။

“ရန်ကျောက်ကဲ…”

ချန်ချန်းဟွာက အခြားသိုင်းကျင့်ကြံသူများကဲ့သို့ ကျင့်ကြံခြင်းကို ဦးစားပေးသူ မဟုတ်ခဲ့ပေ။

သူ့အတွက် ကျင့်ကြံခြင်းဆိုသည်က ပျော်စရာကိစ္စတစ်ခုသာ ဖြစ်သည်။

ချန်ချန်းဟွာက အစစ်အမှန်နတ်ဘုရားအဆင့်မျှဖြင့် ရန်ကျောက်ကဲ၊ ရန်တိ၊ ကောင်းဟန်၊ နျဲ့ကျင်းရှန်နှင့် အခြားသူများကို ရှာဖွေရန် မလုံလောက်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် ယခုတော့ သူ၏ကျင့်ကြံခြင်းအဆင့်မှာ နတ်ဘုရားအဆင့်မှ ပြုတ်ကျသွားပြီး သိုင်းသူတော်စင်အဆင့်သို့ ပြန်လည်ရောက်ရှိသွားပေပြီ။

ချန်ချန်းဟွာက ကျင့်ကြံခြင်းအဆင့်နှင့်ပတ်သက်ပြီး မည်မျှပင် အရေးမစိုက်သူ ဖြစ်စေကာမူ စိတ်ထဲ အနည်းငယ် လှုပ်ရှားခံစားလိုက်ရသည်။

သူ၏ဆန္ဒများ မပြည့်ဝခြင်းကြောင့် ဖြစ်ပေါ်လာသော နာကျည်းမှုနှင့် စိတ်ဓာတ်ကျမှုတို့က သူ့ကိုလွှမ်းခြုံသွားသည်။

ချန်ချန်းဟွာသည် အဆုံးမရှိသော ဗလာနယ်ထဲတွင် လူသေအလောင်းတစ်လောင်းပမာ မျောပါသွားသည်။

သူက စိတ်ရှုပ်ထွေးစွာဖြင့်ပင် ကြယ်တာရာလေပြင်းများကြားလွင့်မျောသွားပြီး အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ကြယ်စင်မြစ်လက်တက်ထဲတွင် ရန်ကျောက်ကဲက အက်ကွဲသွားသော ပုံရိပ်ယောင်ပုလဲကို အေးစက်စွာ စိုက်ကြည့်နေသည်။

သူက လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် အက်ကွဲသွားသော ပုလဲမှုံအပိုင်းအစများက လေထုထဲ လွင့်စင်သွားသည်။

အခြားတစ်ဖက်တွင် ဖန်းယွင်ရှန်းက လီရှင်းပါ့နှင့် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်တို့ကို တစ်ဦးတည်းရင်ဆိုင်တိုက်ခိုက်နေသည်။ ထိုက်ရွှီးမူလနတ်ဘုရားနှစ်ပါးသည် သူမကို ကျော်လွှားနိုင်ခြင်း မရှိခဲ့ပေ။

ရန်ကျောက်ကဲက ပုံရိပ်ယောင်ပုလဲကို အက်ကွဲသွားစေပြီး သူတို့ဘက်သို့ လှည့်ကြည့်လာသည်ကိုတွေ့သည်နှင့် ကုန်းစွန်းဟွေ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည့်ပမာ ခံစားလိုက်ရသည်။

သူက ချန်ချန်းဟွာ၏ အခြေအနေကို မသိခဲ့ပေ။

သို့သော် ယခင်က ရန်ကျောက်ကဲက သူ့ကိုအနိုင်ယူပြီး ဖိနှိပ်ထားခဲ့သည့်အတွေ့အကြုံက ယခုအချိန်ထိ သူ့ကို ခြောက်လှန့်နေဆဲ ဖြစ်သည်။

လီရှင်းပါ့နှင့် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်တို့မှာလည်း ဖန်းယွင်ရှန်း၏ ဖိအားပေးမှုကြောင့် နောက်သို့ ပြန်ဆုတ်သွားရသည်။

သူတို့က ဖန်းယွင်ရှန်းကို စိတ်ပူပန်စွာဖြင့် ကြည့်လိုက်ကြသည်။

ယခုလက်ရှိ ဖန်းယွင်ရှန်းက ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူကို ဆင်မြန်းထားစဉ်ကကဲ့သို့ လွှမ်းမိုးနိုင်စွမ်းမရှိသည့်တိုင် သူတို့အနေဖြင့် ဘာမှမတတ်နိုင်ခဲ့ကြပေ။

ရန်‌ကျောက်ကဲက လီရှင်းပါ့နှင့် ကုန်းစွန်းဟွေတို့ကို စူးစိုက်ကြည့်လိုက်ပြီး...

“ငါတို့အားလုံးက စန်းချင်း(၃)ပါးအဆက်အနွယ်တွေပဲ ၊ ဒါပေမဲ့ ချန်ချန်းဟွာကို သူလုပ်ချင်တိုင်းလုပ်ဖို့ ခွင့်ပြုပေးနေကြတာလား”

သူက အောက်ဘက်သို့ လက်ညှိုးညွှန်ပြာလိုက်ရင်း...

“တာအိုဆရာ’လီ’ ... ဒီနေရာမှာ မြှုပ်နှံထားတဲ့ ထုန်းမင်ဧကရာဇ်ဆိုတာ မင်းထက် ဝါစဉ်ငယ်တယ်ဆိုတာမှန်ပေမယ့် သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစကို အမတခုံရုံးက ရမသွားအောင် ကာကွယ်ပေးနိုင်ခဲ့တယ် ၊ ဒါကြောင့် ငါတို့ လမ်းမှန်တာအိုဝါဒ ပိုပြီးထွန်းကားဖို့ အခွင့်အရေးရလာခဲ့တယ်”

သူက ဆက်ပြောလိုက်သည်။

“တကယ်လို့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်သာ ကောင်းကင်အမြုတေကျောက်တုံးအပြည့်အစုံ ရသွားမယ်ဆိုရင် ငါတို့ တာအိုဝါဒကျင့်ကြံသူတွေအားလုံး သူတို့ရဲ့ ယုံကြည်ခြင်းအလင်းတန်းနဲ့ မတရားဖိနှိပ်ခံရလိမ့်မယ်”

“ဟုတ်တယ်... မင်းက ရှေးခေတ်ကာလမှာ တာအိုကျင့်စဉ်လမ်းကိုအောင်မြင်ခဲ့တဲ့ ရှေ့ဆောင်တစ်ယောက်ပဲ ၊ ဒါပေမဲ့ မင်းသာ ကောင်းကင်နတ်ဘုရားအဆင့်ကို မတက်လှမ်းနိုင်သေးဘူးဆိုရင် အဲဒီအန္တရယ်ကို မလွှဲမရှောင်သာ ရင်ဆိုင်ရမှာပဲ ၊ အဆုံးမရှိတဲ့ ပြင်ပဗလာနယ်ထဲမှာ လိပ်လိုခေါင်းဝှက်ပုန်းအောင်းပြီး လောကီရေးရာတွေမှာ ဝင်မပါဘူးလို့ပြောပေမယ့်... ဘာပဲဖြစ်ဖြစ် အဲဒီကိစ္စတွေမှာ ပါဝင်ပတ်သက်နေရမှာပါပဲ”

ရန်ကျောက်ကဲက တင်းမာစွာ ပြောလိုက်သည်။

“လမ်းမှန်တာအိုဝါဒအတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့လူတစ်ယောက်ကို ချန်ချန်းဟွာအနေနဲ့ ဒီလိုအရှက်ခွဲနိုင်ဖို့ မင်းတို့က ဘာလို့ခွင့်ပြုရတာလဲ ၊ ချန်ချန်းဟွာကိုယ်တိုင်လည်း ဒီအကျိုးအမြတ်ကို ခံစားခဲ့တဲ့သူတစ်ယောက်ပဲ မဟုတ်ဘူးလား”

ရန်ကျောက်ကဲ၏စကားများကြားတော့ ကုန်းစွန်းဟွေ အနည်းငယ် ရှက်ရွံ့သွားသည်။

သူက...

“မင်းပြောတာတွေ မှန်လား မမှန်ဘူးလား ဘယ်သူသိနိုင်မှာလဲ ၊ ပြီးတော့ ငါတို့ ဒီကိုမလာခင်က ဒီလိုကိစ္စတွေရှိတယ်ဆိုတာ မသိခဲ့ရဘူး”

လီရှင်းပါ့က မကျေမနပ်ဖြင့်...

“ကိစ္စမရှိဘူး ၊ ငါတို့ ဒီကိုလာတာကလည်း အဲဒီသစ်ပင်ကိုယူဖို့ မဟုတ်ဘူး”

ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...

“ဘာလဲ... အဂ္ဂိရတ်ခန်းမအတွက်လား ၊ အလကားဖြစ်မယ့်ကိစ္စကို အားထုတ်မနေနဲ့ ၊ အဂ္ဂိရတ်ခန်းမက မင်းတို့ မက်မောရမယ့်အရာ မဟုတ်ဘူး”

ထိုစကားကြားတော့ လီရှင်းပါ့ ဒေါသထွက်သွားပြီး...

“မောက်မာလှချည်လား”

သူက ဖန်းယွင်ရှန်းကို လက်ညှိုးညွှန်ပြလိုက်ရင်း...

“သူက ဒီလိုပြောတယ်ဆိုရင် ငါ ဘာမှခံစားရမှာမဟုတ်ဘူး ၊ မင်းက ဘာအရည်အချင်းတွေရှိနေလို့ ဒီလောက်မာန်တက်နေရတာလဲ ၊ သူသာ မင်းကိုကာကွယ်မပေးခဲ့ရင် ငါ မင်းအသက်ကို ယူပြီးနေတာကြာပြီ”

ဖန်းယွင်ရှန်းက...

“ဒါဆို ရှင့်အသက်ကို ကျွန်မက အရင်ယူရမှာပေါ့”

ပြောပြီးသည်နှင့် ဖန်းယွင်ရှန်းမျက်ဝန်းထဲမှ နက်ပြာရောင်နတ်ဆိုးမီးလျှံများ တဟုန်ထိုး မြင့်တက်လာသည်။

သူမ၏ဦးခေါင်းထက် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ အနက်ရောင်ဓားအလင်းတန်းက လီရှင်းပါ့အား ခုတ်ပိုင်းချလိုက်သည်။

လီရှင်းပါ့ အံ့အားသင့်သွားသည်။

သူသည် စတုရန်းအစွန်းရှိသော ရွှေဓားချိုးဖြင့် ခုခံရန် ကြိုးစားသော်လည်း ချက်ချင်းပင် ဖြတ်တောက်ခံလိုက်ရသည်။

လီရှင်းပါ့က ယဉ်ကျေးသိမ်မွေ့သူ မဟုတ်ပေ။ သူက အရှက်ရမှုနှင့်အတူ ဒေါသထွက်လာပြီး စကားများကလည်း ရိုင်းစိုင်းလိုက်သည်။

“မင်း အဲဒီကောင်ကို ဘာလို့ ဒီလောက်တန်းတန်းစွဲ ဖြစ်နေတာလဲ ၊ မင်းက ထိုက်ရွှီးမူလနတ်ဘုရား ၊ သူက အစစ်အမှန်နတ်ဘုရားပဲ ရှိသေးတယ် ၊ သူ့စွမ်းအားနဲ့ဆိုရင် မင်းရဲ့ အပျိုစင်အမြှေးကိုတောင် ဖောက်လို့မရဘူး”

ထိုစကားကြားတော့ ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်သည်ပင် မနေနိုင်ဘဲ မျက်ခုံးများ တွန့်ချိုးလိုက်မိသည်။

ဖန်းယွင်ရှန်းမျက်ခုံးတစ်ချက်ပင့်လိုက်သော်လည်း ဒေါသထွက်သည့် အရိပ်အယောင် မပြသခဲ့ပေ။

“တာအိုဆရာလီ ၊ သာမန်ဆယ်ကျော်သက်မိန်းကလေးတွေ မြင်းစီးရင်း ဒါမှမဟုတ် အကသင်ယူရင်း အမှတ်မထင် အပျိုစင်အမြှေး စုတ်ပြဲသွားနိုင်တယ်ဆိုတာ ရှင် မသိဘူးလား ၊ ကျွန်မတို့လို ငယ်ငယ်ကတည်းက ဓားကိုင်ပြီး သိုင်းကျင့်ခဲ့တဲ့ မိန်းကလေးမျိုးကတော့ ပြောနေစရာတောင် မလိုဘူး”

သူမက စိတ်ရှည်လက်ရှည်ဖြင့် ဆက်ပြောလိုက်သည်။

“အင်း... ပြန်ပြင်ထားတဲ့သူမျိုးဆိုရင်တော့ မပြောတတ်ဘူးလေ ၊ ဒါပေမဲ့ ပြန်ပြင်ထားရင်လည်း နဂိုအတိုင်းမှမဟုတ်တာ ၊ ဘယ်သူက အဲဒီလိုလုပ်မှာတဲ့လဲ”

“ပြီးတော့ ကျွန်မတို့ လင်မယားကြားက ကိစ္စတွေကို ရှင်လည်း လိုက်ပြီးအရေးစိုက်နေစရာမလိုဘူး”

သူမစကားကိုကြားတော့ လီရှင်းပါ့တို့အုပ်စု ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

“မင်းက ဘယ်လိုမိန်းကလေးမျိုးလဲ”

ဖန်းယွင်ရှန်းက...

“ဘာလဲ... ကျွန်မကို သိက္ခာမရှိတဲ့မိန်းကလေးလို့ ထင်နေတာလား ၊ အဲဒါဆိုလည်း အဆင်ပြေပါတယ်”

ထို့နောက် ဖန်းယွင်ရှန်းမျက်ဝန်းထဲမှ နတ်ဆိုးမီးလျှံများ ပိုမိုမြင့်တက်လာပြီး သူတို့အားလုံး အေးခဲသွားသလို ချမ်းစိမ့်မှုကို ခံစားလိုက်ကြရသည်။

“လူသေတွေက ကျွန်မစကားတွေကို အပြင်မှာ လျှောက်ပြောနိုင်မှာမှ မဟုတ်တာ”

All Chapters