မင်း ငါ့ကို ပြန်ပေးဆပ်ရမယ်
Vol. 100 Ch. 1401
အခန်း (၁၄၀၁) မင်း ငါ့ကို ပြန်ပေးဆပ်ရမယ်
ဖန်းယွင်ရှန်းမျက်နှာက ခံစားချက်ကင်းမဲ့နေပြီး သူ့စကားများတွင် ဒေါသအရိပ်အယောင် မတွေ့ရပေ။
သို့သော် သူမ၏ စူးစိုက်ကြည့်မှုအောက်တွင် လီရှင်းပါ့တို့ဆရာတပည့်နှင့် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်တို့မှာ သေဘေးနှင့်နီးကပ်လာသည့်ပမာ ကျောရိုးထဲစိမ့်သွားမတတ် ခံစားလိုက်ကြရသည်။
လီရှင်းပါ့၏နီရဲသောမျက်နှာက ခါးသက်မှုအဖြစ် ပြောင်းလဲသွားပြီး...
“ကောင်းတယ်... သိပ်ကောင်းတယ် ၊ မင်းတို့နှစ်ယောက်က တကျိတ်တည်းတဉာဏ်တည်းကိုး...”
သူက ဆက်ပြောလိုက်သည်။
“မင်းက ဓမ္မအဆံဒးသတ်ကောင်းကင်နတ်ဆိုးရဲ့လမ်းကြောင်းထဲဝင်ရောက်ပြီး နတ်ဘုရားဝိညာဉ်စီးဆင်းပညာရပ်ကို ရရှိထားတယ် ၊ ငါက မင်းကို မယှဉ်နိုင်တာ ဝန်ခံပါတယ် ၊ ဒါပေမဲ့ ငါ ဒီကို ရဲရဲဝံ့ဝံ့လာရဲတယ်ဆိုကတည်းက ဘာမှပြင်ဆင်မလာဘူးလို့ ထင်နေတာလား”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ မျက်ခုံးများ တွန့်ချိုးလိုက်ကြသည်။
“အိုး...”
ဖန်းယွင်ရှန်းက တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး ကြယ်စင်မြစ်လက်တက်တည်ရှိရာ ဗလာနယ်အတွင်းမှ ကောင်းကင်ယံရေမျက်နှာပြင်အား ခေါင်းမော့ကြည့်လိုက်သည်။
လီရှင်းပါ့က မဲ့ပြုံးတစ်ချက်ပြုံးရင်း...
“မကောင်းမှုဆိုတာ ပြန်ပေးဆပ်ရမယ် ၊ မင်းလည်း ခြွင်းချက်မရှိဘူး”
ထို့နောက် သူသည်လည်း ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်ပြီး...
“ငရဲကိုးထပ်က မင်းအတွက် အကြီးမားဆုံး ဒုက္ခရင်းမြစ်ပဲ...”
ဖန်းယွင်ရှန်းက ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူကို ပိုင်ဆိုင်ထားပြီး သူမ၏ တန်ခိုးစွမ်းအားက အလွန်ထူးခြားသည်။ ထိုက်ရွှီးမူလနတ်ဘုရားများထဲတွင်ပင် သူမနှင့် ယှဉ်ပြိုင်နိုင်သူ အနည်းငယ်သာ ရှိသည်။
ပြင်ပတာအိုကျင့်ကြံသူများကို မပြောနှင့် ၊ လမ်းမှန်တာအိုဝါဒ ၊ ဗုဒ္ဓဘာသာ ၊ နတ်မိစ္ဆာမျိုးနွယ်နှင့် ငရဲကိုးထပ်မှ ကောင်းကင်နတ်ဘုရားအဆင့်ရှိသူအချို့သည်ပင် သူမကို အနိုင်ယူရန် ယုံကြည်ချက် မရှိကြပေ။
ဟုတ်ပေ၏။
ဖန်းယွင်ရှန်းကို အနိုင်ယူနိုင်သည့် ထူးချွန်သူများလည်း မနည်းမနောရှိနေသေးသည်ပင်။
သို့သော် ကောင်းကင်နတ်ဘုရားအဆင့်ဆိုသည်က မတူကွဲပြားသည့် အင်အားစုများထဲတွင် အလွန်ပင်နည်းပါးလှသည်။
အင်အားစုများအကြား တိုက်ပွဲများတွင် ကောင်းကင်နတ်ဘုရားအဆင့်ရှိ ကျွမ်းကျင်သူများသည် အဓိကအင်အားများဖြစ်ပြီး ကြောက်ရွံ့ထိတ်လန့်ဖွယ် ထိန်းချုပ်မှုကို ပေးစွမ်းနိုင်သည်။
အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံးကို ကျူးကျော်ဝင်ရောက်ပြီး အကျိုးအမြတ်ရယူရဲသည့် အဓိကအကြောင်းရင်းမှာ အမတခုံရုံးမှ ကောင်းကင်နတ်ဘုရားအဆင့်ရှိသူ (၄)ယောက် စောမင်ကျန့်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းကြောင့်ဖြစ်သည်။
အခြားဆန့်ကျင်ဘက်အင်အားစုများက နတ်မိစ္ဆာမျိုးနွယ်မှ တိမ်မြူမိုင်တစ်သောင်းဂဠုန်ကို ကြောက်ရွံ့ကြသည်မှာ ဤကောင်းကင်နတ်ဘုရားအဆင့်ရှိ နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်က အချို့သောအခြေအနေများတွင် ကွဲပြားသော အရာများကို ပေးစွမ်းနိုင်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် အခြေအနေအများစုတွင် ဖန်းယွင်ရှန်းကိုထိန်းချုပ်နိုင်သည့် တန်ခိုးစွမ်းအားရှင်များ အလွန်ပင် နည်းပါးပေသည်။
၎င်းတို့အနက် ငရဲကိုးထပ်မှ ကျွမ်းကျင်သူများကိုတော့ ခြွင်းချက်အဖြစ် ယူဆနိုင်သည်။
အခြားကျွမ်းကျင်သူများဆိုလျှင် ဖန်းယွင်ရှန်းအနေဖြင့် သူတို့ကို အနိုင်မယူနိုင်သည့်တိုင် တန်ခိုးစွမ်းအား ကွာဟချက် သိပ်မကြီးမားလျှင် ဘေးကင်းစွာ ဆုတ်ခွာနိုင်မည် ဖြစ်သည်။
သို့သော် ငရဲကိုးထပ်မှ ထိပ်တန်းမဟာနတ်ဆိုးများနှင့် ရှေးဟောင်းနတ်ဆိုးများကတော့ သူမကို ပို၍ လွယ်ကူစွာ ချုပ်နှောင်နိုင်ပြီး ဆုတ်ခွာရန် ခက်ခဲစေနိုင်သည်။
ဖန်းယွင်ရှန်းက နက္ခတ်ဧကရာဇ် ၊ ရှီကျွင်း ၊ ယင်ယွီကျန်းတို့နှင့် မတူပေ။
ငရဲကိုးထပ်မှ ကောင်းကင်နတ်ဘုရားအဆင့်ရှိ မဟာနတ်ဆိုးများက သူမ၏ နတ်ဆိုးသဘာဝကို လှုံ့ဆော်ပေးနိုင်မည် မဟုတ်ပေ။
သို့ပေသိ သူမထက် ပိုမိုအားကောင်းသော ရှေးဟောင်းနတ်ဆိုးများနှင့် ယှဉ်ပြိုင်ရမည်ဆိုပါက ဖန်းယွင်ရှန်းအနေဖြင့် သူမ၏စွမ်းအားကို အဆုံးစွန်အထိ ထုတ်သုံးရမည်ဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်းက သူမအား တဖြည်းဖြည်း ဟန်ချက်မထိန်းနိုင်သည့် အခြေအနေသို့ ရောက်သွားစေနိုင်သည်။
သို့ရာတွင် ဖန်းယွင်ရှန်းအနေဖြင့် ငရဲကိုးထပ်မှ ထိပ်တန်းကျွမ်းကျင်သူများလက်မှ ထွက်ပြေးလိုလျှင်တော့ မဖြစ်နိုင်သည့် အခက်အခဲကို ရင်ဆိုင်ရပေမည်။
တိုက်ပွဲအချိန်ပိုကြာအောင် ဆက်လက်တိုက်ခိုက်ရန် အတင်းအကျပ်အလုပ်ခံရလေ ၊ သူမအနေဖြင့် မိမိကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းအပေါ် အန္တရယ်များလေ ဖြစ်သည်။
စန်းကွမ်းနတ်ရေစင်အတွက် တိုက်ခိုက်စဉ်က ဖန်းယွင်ရှန်းက ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူကို ချက်ချင်း ပြန်လည်ရုတ်သိမ်းရခြင်းမှာ သူမက ပင်ပန်းနွမ်းနယ်ပြီး ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိသောကြောင့် မဟုတ်ပေ။
အခြားငရဲကိုးထပ်မှ မဟာနတ်ဆိုးများ သူမ၏တည်နေရာကို အာရုံခံမိပြီး ဝင်ရောက်အနှောင့်အယှက်ပေးမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ရန်ကျောက်ကဲက ကြယ်စင်မြစ်လက်တက်အတွင်းပိုင်းကို ဖုံးလွှမ်းထားသော ဗလာနယ် ရေမျက်နှာပြင်ကို ခေါင်းမော့ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။
“ဒါက... တကယ်ပဲ ငါမျှော်လင့်ထားတာထက် ကျော်လွန်သွားတာပဲ”
သူက ဆက်ပြောလိုက်သည်။
“မင်းတို့အုပ်စုက ငရဲကိုးထပ်နဲ့ ပူးပေါင်းထားတာပေါ့ ၊ ပွင်ပွင့်လင်းလင်းပြောရရင် မင်းတို့ ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ ပူးပေါင်းတာထက်တောင် ငါ့ကိုပိုပြီး အံ့အားသင့်စေသေးတယ်”
လီရှင်းပါ့က မကျေမနပ်ဖြင့်...
“ဒါက မင်းတို့နှစ်ယောက်ကိုကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်းပဲလေ”
သူက ဆက်ပြောလိုက်သည်။
“ပြီးတော့ ရှေးခေတ်အချိန်ကတည်းက ဒီလိုပဲ အဆင်ပြေသလို လုပ်ခဲ့ကြရတာပဲ ၊ ဘာမှ မမှန်ကန်တာ မရှိပါဘူး”
လီရှင်းပါ့မျက်နှာထက်မှ ရှက်ရွံ့မှုနှင့် ဒေါသအရိပ်အယောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ခံစားချက်ကင်းမဲ့သည့်မျက်နှာဖြင့် အစားထိုးလိုက်သည်။
သူက အေးစက်သည့်မျက်ဝန်းများဖြင့် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို စူးစိုက်ကြည့်နေသည်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့က ပြိုင်တူပင် အပေါ်ဘက်သို့ ခေါင်းမော့ကြည့်လိုက်ကြသည်။
ထိုအချိန်...
ရေမျက်နှာပြင်က တဖြည်းဖြည်းတုန်ခါလာသည်။
ရေလိုက်ကာများဖြင့် လွှမ်းခြုံခံထားရသည့်ဗလာနယ်တစ်ခုတည်းသာမဟုတ်ပေ။ ကြယ်စင်မြစ်လက်တက်တစ်ခုလုံးသို့ သက်ရောက်မှုရှိဟန်တူသည်။
ကြယ်စင်မြစ်လက်တက်အပြင်ဘက် အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် မူလက တိတ်ဆတ်ငြိမ်သက်နေသော စကြာဝဠာက ရုတ်တရက် အေးခဲသွားသည်။
စကြာဝဠာက နဂိုကပင် အလွန်မှောင်မိုက်သော်လည်း ယခု ပိုမိုမှောင်မိုက်သည့် အမှောင်တစ်ခုထွက်ပေါ်လာကာ ဗလာနယ်ကို တိုက်စားသွားသည်။
ထို အမှောင်ထုအတွင်း ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားတစ်ခု ယိုစိမ့်ထွက်ပေါ်လာသည်။ ကြယ်စင်မြစ်လက်တက်အနီးတွင် လှုပ်ရှားနေသောကြယ်များ ဖရိုဖရဲဖြစ်လာသည်။
ဖြစ်စဉ်အားလုံးက အင်အားကြီးမားသောတည်ရှိမှုတစ်ခု ဤ ဗလာနယ်ထဲသို့ ဆင်းသက်လာတော့မည်ကို ညွှန်ပြနေသည်။
တာအိုဝါဒ၏ ကောင်းကင်နတ်ဘုရားအဆင့်နှင့် ယှဉ်နိုင်သည့် ရှေးဟောင်းနတ်ဆိုးတစ်ပါး...။
အဆုံးမရှိသော အမှောင်ထုထဲတွင် မထင်မရှားမျက်ဝန်းတစ်စုံ တဖြည်းဖြည်း ဖွင့်လှစ်လာပြီး တောက်ပသော ကြယ်စင်မြစ်လက်တက်ကို စိုက်ကြည့်လိုက်သည်။
“ငရဲကိုးထပ်ပဲ...”
ဖန်းယွင်ရှန်း ရေရွတ်လိုက်သည်။
သူမက တည်ငြိမ်စွာပင် ကောင်းကင်ထက်သို့မော့ကြည့်ရင်း နတ်ဆိုး၏တည်ရှိမှုကို အာရုံခံလိုက်သည်။
ရန်ကျောက်ကဲက...
“မဟာနတ်ဆိုးအများစုက ငရဲကိုးထပ်ကနေ ထင်သလိုထွက်မလာရဲကြဘူး ၊ မဟုတ်ရင် တခြားသူတွေ ဝိုင်းတိုက်တာ ခံရနိုင်တယ်”
သူက ဆက်ပြောသည်။
“ဘာလို့လဲဆိုတော့ ငရဲကိုးထပ်က အားလုံးရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ခံထားရတာလေ ၊ ဒီတော့ သူ့အနေနဲ့ သိပ်ကြာကြာနေရဲမှာမဟုတ်ဘူး ၊ စိုးရိမ်ရတာက... သူက ကိစ္စရပ်တွေကို မြန်မြန်ဖြေရှင်းဖို့ စစ်ကူတွေအများကြီး ခေါ်လာမှာကိုပဲ”
ငရဲကိုးထပ်မှနတ်ဆိုးများက ကူးစက်ရောဂါပိုးမွှားများပမာဖြစ်ပြီး လူသားများကို အမြဲတမ်း သတ်ဖြတ်ပစ်လေ့ ရှိသည်။
အင်အားကြီးအုပ်စုများအနေဖြင့် အချင်းချင်းတိုက်ခိုက်နေချိန်မှာပင် ငရဲကိုးထပ်ကို သတိထားစောင့်ကြည့်နေကြဆဲ ဖြစ်၏။
ထို့ကြောင့် ဤရှေးဟောင်းနတ်ဆိုးက ခိုးကြောင်ခိုးဝှက် ထွက်ပေါ်လာပြီး ဤနေရာတွင် လျှို့ဝှက်စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
လီရှင်းပါ့တို့အုပ်စုမှတစ်ဆင့် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ကြယ်စင်မြစ်လက်တက်သို့ လာရောက်မည်ကို သိရှိပြီး ငရဲကိုးထပ်မှနတ်ဆိုးက ထွက်ပေါ်လာခြင်း ဖြစ်သည်။
တစ်ချိန်တည်းပင် လီရှင်းပါ့နှင့် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်တို့ကလည်း မကောင်းသည့်ရည်ရွယ်ချက်ဖြင့် သူတို့အနားသို့ ထပ်မံချဉ်းကပ်လာသည်။
သူတို့က ကြယ်စင်မြစ်လက်တက်၏ ဖရိုဖရဲအခြေအနေကိုအသုံးချပြီး ဖန်းယွင်ရှန်းနှင့် ရန်ကျောက်ကဲတို့ ထွက်ပြေးမသွားနိုင်အောင်တားဆီးရန် ရည်ရွယ်ထားသည်။
သူတို့က ဖန်းယွင်ရှန်းကို အနိုင်ယူရန် မျှော်လင့်မထားပေ။
သူတို့က သူမကို အနည်းငယ်နှောင့်နှေးစေရန်သာ ရည်ရွယ်ထားပြီး အပြင်ဘက်ရှိ ရှေးဟောင်းနတ်ဆိုး ဝင်ရောက်လာနိုင်ရန် အခွင့်အရေးပေးမည် ဖြစ်သည်။
လီရှင်းပါ့တို့အုပ်စုက အခြေအနေကို တည်ငြိမ်အောင်ထိန်းထားနိုင်သလို ကြယ်စင်မြစ်လက်တက်က ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်အတွက် အတားအဆီး မဟုတ်ပေ။
ကုန်းစွန်းဟွေက ရန်ကျောက်ကဲ၏ မျက်နှာအမူအရာကို စောင့်ကြည့်ရင်း တွေးတောလိုက်သည်။
“သူက သူ့ရဲ့တည်ရှိမှုကိုဖုံးကွယ်ပြီး အဲဒီ ‘ဖန်း’မျိုးနွယ်မိန်းမနဲ့အတူ ထွက်ပြေးသွားရင် ငါတို့အစီအစဉ် ပျက်သွားနိုင်တယ် ၊ ဒီတော့ သူတို့ကို တတ်နိုင်သမျှ အနှောက်အယှက်ပေးဖို့ ကြိုးစားရမယ်”
ထို့နောက် သူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
“မင်းက ယောကျ်ားဖြစ်ပြီး မိန်းမတစ်ယောက်ရဲ့ အကာအကွယ်နောက်မှာ ပုန်းနေတာ မရှက်ဘူးလား ၊ အဲဒီလိုဆိုရင် မင်းမုန်းမရဲ့စကတ်အောက်မှာပဲ ပုန်းနေလိုက်တော့”
ရန်ကျောက်ကဲကို ဒေါသထွက်အောင် လှုံ့ဆော်နိုင်လျှင် အကောင်းဆုံးဖြစ်ပေမည်။ ရန်ကျောက်ကဲသာ ခဏမျှ တုံ့ဆိုင်းသွားလျှင် သူတို့၏ ရည်မှန်းချက်ပြည့်စုံမည်ဖြစ်သည်။
ကုန်းစွန်းဟွေ တွေးတောနေစဉ်မှာပင် ရန်ကျောက်ကဲက ရိပ်ခနဲလှုပ်ရှားပြီး သူ့ရှေ့သို့ ရောက်ရှိလာသည်။
တစ်ဖက်တွင် ဖန်းယွင်ရှန်းကလည်း ဆုတ်ခွာမသွားဘဲ ဆက်လက်တိုက်ခိုက်လိုက်သည်။
သူမအား ထွက်ပြေးမသွားစေရန်သာ တားဆီးနေသော လီရှင်းပါ့နှင့် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်တို့ကို ဖန်းယွင်ရှန်းက ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ရန်ကျောက်ကဲက ရုတ်တရက် ရယ်မောလိုက်ပြီး...
“မင်းတို့က အဂ္ဂိရတ်ခန်းမကို မက်မောနေကြတယ် ၊ ဒါပေမယ့် ငါက အဲဒါကို မင်းတို့ကို ပေးလိုက်ရင်တောင် မင်းတို့မှာ အဲဒါကို ပိုင်ဆိုင်နိုင်ဖို့ အင်အားမလုံလောက်ဘူး”
သူက ဆက်ပြောလိုက်သည်။
“အခုချိန်မှာ မင်းတို့ အသက်ဆက်ရှင်နိုင်ဦးမလားဆိုတာတောင် မင်းတို့ကိုယ်တိုင် ဆုံးဖြတ်လို့မရတော့ဘူး”
ထိုစကားကြားတော့ သူတို့နှစ်ယောက် ဒေါသကြီး အော်ဟစ်လိုက်ကြသည်။
“အတော်မာန်တက်နေပါလား”
ကုန်းစွန်းဟွေက အားကုန်သုံးပြီး စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ခုခံလိုက်သည်။
ဤတစ်ကြိမ်တွင် သူက ရန်ကျောက်ကဲကို မလျှော့တွက်ရဲတော့သော်လည်း သူတို့ကြား တန်ခိုးစွမ်းအား ကွာခြားချက်ကရှိနေဆဲဖြစ်ပြီး ၊ သူ့အနေဖြင့် ရန်ကျောက်ကဲကို အနိုင်မယူနိုင်သေးပေ။
ကုန်းစွန်းဟွေက...
“မင်း ငါ့ကို ဖိနှိပ်ရုံပဲလုပ်လို့ရမယ် ၊ သတ်လို့တော့မရဘူး ၊ ခဏနေလို့ ရှေးဟောင်းနတ်ဆိုးဆင်းသက်လာရင် အဲဒီမိန်းမ အလုပ်ရှုပ်သွားတဲ့အခါ ငါ့ဆရာက မင်းကို အလွယ်တကူ သတ်ပစ်လိမ့်မယ်”
ကုန်းစွန်းဟွေက စိတ်ထဲတွင် ဒေါသတကြီး ခံစားနေရသော်လည်း လုံးဝကို မကြောက်ရွံ့ခဲ့ပေ။
သို့သော် ရုတ်တရက်သူ စိတ်လွတ်သွားသည့်ပမာ ခံစားလိုက်ရသည်။
ချီစွမ်းအားနှစ်ခုပေါင်းစပ်ထားသော နက်ရှိုင်းနတ်ဘုရားတစ်ပါးအနေဖြင့် ယခု သူက အောက်သို့ပြုတ်ကျနေသည့်ပမာ ခံစားရသည်။
ဆန့်ကျင်ဘက်အနေဖြင့် အစစ်အမှန်နတ်ဘုရားအဆင့်ရှိ ရန်ကျောက်ကဲက တိမ်တိုက်များထက်တွင် မြင့်မားစွာ ရပ်တည်နေပြီး သူ့ကို အထက်မှ ငုံ့ကြည့်နေသယောင်ဖြစ်သည်။
“မင်းပြောတာမမှားဘူး ၊ မကောင်းမှုဆိုတာ ပြန်ပေးဆပ်ရမယ် ၊ မင်းလည်း ငါ့ကို ပြန်ပေးဆပ်ရမယ်”
ထို့နောက် ကြယ်စင်မြစ်များ ကောင်းကင်ထက်မှဆင်းသက်လာသည့်ပမာ မထင်ရှားသော်လည်း လျှင်မြန်လှသည့် ဓားအလင်းတန်းများ ကုန်းစွန်းဟွေ၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်လာလေတော့သည်။