မင်းတို့အသက်ဆက်ရှင်နိုင်မလားဆိုတာ ဆုံးဖြတ်မယ့်သူက ငါပဲ
Vol. 100 Ch. 1402
အခန်း (၁၄၀၂) မင်းတို့အသက်ဆက်ရှင်နိုင်မလားဆိုတာ ဆုံးဖြတ်မယ့်သူက ငါပဲ
မထင်မရှား ဓားအလင်းတန်းများ သူ့ထံသို့ ဖြတ်သန်းသွားသည်နှင့်အမျှ ကုန်းစွန်းဟွေ တစ်ကိုယ်လုံး တုန်ခါသွားသည်။
ထိုခဏတွင် သူ၏ ငြိမ်သက်ခြင်းအဆင့်ရှိ နက်ရှိုင်းနတ်ဘုရားရောင်ဝါက သတိပေးချက်မရှိဘဲ ပြိုကွဲသွားသည်ကို ခံစားရသည်။
နက်ရှိုင်းနတ်ဘုရားရောင်ဝါက နက်ရှိုင်းချီစွမ်းအားနှင့် ဖြောင့်မတ်ခြင်းချီစွမ်းအားဟူ၍ အမတချီစွမ်းအား(၂)ခုအဖြစ် ခွဲထွက်သွားသည်။
အမတချီစွမ်းအား(၂)ခုသည် တစ်ခုနှင့်တစ်ခု ယှက်နွယ်နေဆဲဖြစ်သော်လည်း ၎င်းတို့သည် တစ်ခုတည်းသောစွမ်းအားအဖြစ် ပေါင်းစည်းမနေတော့ပေ။
ဤလွှမ်းမိုးမှုအောက်တွင် နတ်ဘုရားရောင်ဝါဖြင့် သန့်စင်ပြီးဖြစ်သော သူ၏ နက်ရှိုင်းနတ်ဘုရားရုပ်ခန္ဓာသည် အစစ်အမှန်နတ်ဘုရား၏ ရုပ်ခန္ဓာအဆင့်သို့ ပြန်လည်ဆုတ်ယုတ်သွားသည်။
ရန်ကျောက်ကဲ၏ဓားဖြင့် တိုက်ခိုက်ခံရပြီးနောက် အစစ်အမှန်နတ်ဘုရား ဘယ်သောအခါမှ ထိခိုက်အောင်မလုပ်နိုင်သည့် သူ၏ နက်ရှိုင်းနတ်ဘုရားရုပ်ခန္ဓာ ပျက်ဆီးသွားခဲ့လေသည်။
သူက ချီစွမ်းအားနှစ်ခုပေါင်းစည်းခြင်း နက်ရှိုင်းနတ်ဘုရားအဆင့်မှ အစစ်အမှန်နတ်ဘုရားအဆင့်သို့ ပြန်လည်ပြုတ်ကျသွားပြီ ဖြစ်၏။
ကုန်းစွန်းဟွေ အံ့အားသင့်သလို စိတ်လည်းရှုပ်ထွေးသွားသည်။
“ဒါ ဘယ်လိုဓားသိုင်းပညာလဲ... ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကုန်းစွန်းဟွေ၏စိတ်များ ထိန်းမနိုင်သိမ်းမရဖြစ်သွားပြီး သူ့မျက်စိရှေ့တွင် ရင်းနှီးသယောင်ရှိသော်လည်း ထူးဆန်းပုံရသည့် မြင်ကွင်းများ တစ်ခုပြီးတစ်ခု ဖြတ်သန်းပြေးလွှားနေသည်။
ထိုမြင်ကွင်းများမှာ သူ သမ္မာတရားကပ်ဘေးကို စိန်ခေါပြီး နက်ရှိုင်းနတ်ဘုရားအဆင့်သို့ အောင်မြင်စွာ တက်လှမ်းခဲ့စဉ်က ရရှိခဲ့သော အတွေ့အကြုံများဖြစ်သည်။
ယခုအခိုက်အတန့်တွင် ထိုမြင်ကွင်းများက ပြောင်းပြန်လှည့်ပြသနေသယောင်ဖြစ်သည်။
တစ်ဖက်တွင်မူ သူသည် နက်ရှိုင်းနတ်ဘုရားအဆင့်မှ တဖြည်းဖြည်း ဝေးကွာလာသည်ကို သိမြင်နေရသည်။
ကုန်းစွန်းဟွေက နှစ်ပေါင်းထောင်နှင့်ချီပြီး ကျင့်ကြံခဲ့သူတစ်ယောက် ဖြစ်သည်။
သူက အချိန်အများစုတွင် တံခါးပိတ်ကျင့်ကြံနေခဲ့သော်လည်း ပြင်ပလောကသို့ စွန့်စားထွက်ခွာပြီး အတွေ့အကြုံရှာဖွေရာတွင်လည်း အားမနည်းခဲ့ပေ။
သို့သော် သူ မည်မျှပင် ဗဟုသုတကြွယ်ဝခဲ့စေကာမူ ယခုတော့ ထိတ်လန့်ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများကို ခံစားနေရသည်။
ဤသို့သော ဓားသိုင်းကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ။
ကောင်းကင်ဘုံမှဆင်းသက်လာသောနတ်ဘုရား “ရန်ကျောက်ကဲ” ၏ နတ်သက်ကြွေဓားသိုင်း...။
ယခင်က ရန်ကျောက်ကဲ သိုင်းသူတော်စင်အဆင့်တွင် ရှိနေစဉ် အစစ်အမှန်နတ်ဘုရားတစ်ပါးကို လူသာမန်အဆင့်သို့ ပြန်လည်ဆွဲချခဲ့ဖူးသည်။
ယနေ့တိုက်ပွဲတွင် နတ်သက်ကြွေဓားသိုင်း ထပ်မံပေါ်ထွက်လာပြီး ချီစွမ်းအားနှစ်ခုပေါင်းစည်းခြင်းအဆင့်ရှိသော နက်ရှိုင်းနတ်ဘုရား’ကုန်းစွန်းဟွေ’ ကို အစစ်အမှန်နတ်ဘုရားအဆင့်သို့ ပြုတ်ကျစေခဲ့သည်။
မထင်မရှား ဓားအလင်းတန်းများ ကျဆင်းလာချိန် ရန်ကျောက်ကဲ၏လက်တစ်ဖက်ကလည်း စက်ဝန်းသံသရာ ကောင်းကင်စည်းတံဆိပ်ကို ထပ်မံထုတ်လွှတ်လိုက်ပြီး ကုန်းစွန်းဟွေ၏ ခေါင်းပေါ်သို့ ရိုက်ချလိုက်သည်။
“မင်းတောင်မှ မိန်းမတစ်ယောက်ရဲ့ စကတ်အောက်မှာ ပုန်းချင်တိုင်းပုန်းလို့ရလို့လား”
ရန်ကျောက်ကဲ၏ ရယ်မောသံက ပဲ့တင်ထပ်ထွက်ပေါ်လာပြီး ကုန်းစွန်းဟွေမှာတော့ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
နတ်သက်ကြွေဓားသိုင်းဖြင့် အစစ်အမှန်နတ်ဘုရားအဆင့်သို့ ဆွဲချခံလိုက်ရပြီးနောက် ရန်ကျောက်ကဲ၏ တိုက်ရိုက်တိုက်ခိုက်မှုကို သူမည်သို့ ခံနိုင်ရည်ရှိပါတော့မည်နည်း။
သူ၏ အော်ဟစ်သံသည် တစ်ဝက်တစ်ပျက်တွင် ရပ်တန့်သွားပြီး ၊ ရန်ကျောက်ကဲက သူ၏ ဦးခေါင်းတစ်ခုလုံးကို ချေမွဖျက်ဆီးပစ်လိုက်သည်။
တစ်ချိန်တည်းပင် ကုန်းစွန်းဟွေလည်း အသက်ပျောက်သွားတော့၏။
ရန်ကျောက်ကဲက နတ်သက်ကြွေဓားသိုင်းကို ထုတ်သုံးလိုက်သည်နှင့် လီရှင်းပါ့နှင့် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်တို့ တပြိုင်တည်း မျက်နှာပျက်သွားကြသည။
သူတို့၏အာရုံခံစားမှုက အခြားသူများထက် သာလွန်သည်ဖြစ်ရာ ရန်ကျောက်ကဲ၏ဓားသိုင်းစွမ်းအားထူးခြားမှုကို ချက်ချင်းပင် အာရုံခံမိကြသည်။
သို့သော် ဖန်းယွင်ရှန်း၏ အဆက်မပြတ် တိုက်ခိုက်မှုများအောက်တွင် သူတို့အနေဖြင့် ကုန်းစွန်းဟွေကို ကူညီရန် မတတ်နိုင်ခဲ့ကြပေ။
“အမြန်ပြန်ဆုတ်...”
လီရှင်းပါ့ သူ့တပည့်ကို သတိပေးလိုက်သည့်အချိန်တွင် သူ့တပည့်က အစစ်အမှန်နတ်ဘုရားအဆင့်သို့ ပြုတ်ကျသွားပြီဖြစ်သည်။
ထို့နောက် ရန်ကျောက်ကဲက သူ၏ဦးခေါင်းကို ရိုက်ချဖျက်ဆီးလိုက်ပြီး သွေးများလွင့်စင်ထွက်လာသည်။
လီရှင်းပါ့၏ နီရဲသောမျက်နှာမှာ ဖြူဖျော့သွားပြီး ထို့နောက် အပြာရောင်အဖြစ် ပြောင်းလဲသွားသည်။
သူ အပြင်းအထန် ဒေါသထွက်နေသော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။ ထိုအချိန် ဖန်းယွင်ရှန်းကလည်း သူ့အသက်ကို နှုတ်ယူလုနီးပါး ဖြစ်နေပေပြီ။
သို့သော် ထိုအချိန်မှာပင် နတ်ဆိုးစွမ်းအားများက အပြည့်အဝ တဟုန်ထိုး ထွက်ပေါ်လာသည်။
ကြယ်စင်မြစ်လက်တက်ထဲတွင် ရှိနေသူများအားလုံး ထိုကြောက်မက်ဖွယ်ရာ နတ်ဆိုးစွမ်းအားကို အာရုံခံမိကြသည်။ သူတို့အားလုံး ခန္ဓာကိုယ်များ ထုံကျဉ်သွားပြီး စိတ်အာရုံထိန်းချုပ်မှု လွတ်ထွက်သွားတော့မတတ် ခံစားလိုက်ရ၏။
ကြယ်စင်မြစ်လက်တက်အပြင်ဘက် အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် ကြောက်မက်ဖွယ်ရာ အရိပ်တစ်ခု ရပ်တည်နေသည်။
ထိုအရိပ်က မထင်မရှားဖြစ်ပြီး အစစ်အမှန်မဟုတ်သယောင် ရှိသော်လည်း စကြာဝဠာတစ်ခုလုံး၏ ဘုရင်တစ်ပါးသဖွယ် ထင်မှတ်ရသည်။
ထိုကောင်းကင်နတ်ဘုရားအဆင့်ရှိ ရှေးဟောင်းနတ်ဆိုးက ၎င်း၏ပေါ်ထွက်လာမှုကို ကြေညာလိုက်သည်။
ဖန်းယွင်ရှန်းမျက်ဝန်းထဲမှ နက်ပြာရောင်နတ်ဆိုးမီးလျှံများ ခဏမျှလှုပ်ခတ်သွားသည်။
သူမသည် ရန်ကျောက်ကဲကို ကြည့်လိုက်ပြီး ရန်ကျောက်ကဲကလည်း သူမကို ပြန်ကြည့်လိုက်သည်။ နှစ်ယောက်သား ပြိုင်တူခေါင်းညိတ်လိုက်ကြပြီး ဖန်းယွင်ရှန်း၏ပုံရိပ်က အပေါ်သို့ ထိုးထက်သွားသည်။
သူမက အမှောင်ထုအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရေမျက်နှာပြင်များဖြင့် ဖွဲ့စည်းထားသော ကောင်းကင်ကို ချက်ချင်းပင် ဖြတ်သန်းထိုးဖောက်သွားလေသည်။
ရက်စက်ကြမ်းကြုတ်သော အမှောင်ထုအလင်းတန်း၏ တောက်ပမှုအောက်တွင် ကြယ်စင်မြစ်လက်တက်ထဲတွင် ဖြစ်ပေါ်နေသည့် ပရမ်းပတာ ဗလာနယ်အပြောင်းအလဲများအားလုံး ဖြတ်ထုတ်ခံလိုက်ရပြီး ဖန်းယွင်ရှန်း၏ ထိုးဖောက်ထွက်မှုကို မည်သည့်အရာကမှ မတားဆီးနိုင်ခဲ့ကြပေ။
တစ်စုံတစ်ခုကို ဖျက်ဆီးရန်က တစ်စုံတစ်ခုကို ဖန်တီးရန်ထက် ပိုမိုလွယ်ကူသည်။
ဖန်းယွင်ရှန်းက ကြယ်စင်မြစ်လက်တက်၏ ရှုပ်ထွေးသောဗလာနယ်ထဲတွင် အလိုရှိရာသို့မသွားနိုင်သော်လည်း သူမ၏ထူးခြားသော တန်ခိုးစွမ်းအားက ရှုပ်ထွေးသော ဗလာနယ်အရံအတားများကို ထိုးဖောက်ထွက်နိုင်စွမ်း ရှိသည်။
ထို့ကြောင့် သူမက ကြယ်များလှုပ်ရှားနေသော မြစ်ထဲမှခုန်ထွက်သွားပြီး အဆုံးမရှိပြင်ပဗလာနယ်ထဲတွင် ထွက်ပေါ်လာသော ထိုရှေးဟောင်းနတ်ဆိုးနှင့် တိုက်ရိုက်ရင်ဆိုင်လိုက်သည်။
ဖန်းယွင်ရှန်း ထွက်ခွာသွားသည်နှင့် လီရှင်းပါ့နှင့် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်တို့သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။
စိတ်အေးလက်အေးဖြစ်သွားပြီးနောက် လီရှင်းပါ့စိတ်ထဲမှ ဒေါသမီးလျှံများက ထပ်မံတောက်လောင်လာပြန်သည်။
သူက ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ပြီး...
“ကဲ... ဒီတစ်ခါတော့ မင်းကို ဘယ်သူကာကွယ်ပေးမလဲ ကြည့်ရအောင်”
သူက ရန်ကျောက်ကဲအား မကျေမနပ်ကြည့်လိုက်စဉ် သူ့အရှေ့တွင်ရှိနေသော ရန်ကျောက်ကဲ၏ပုံရိပ်က ရေလိုက်ကာမျက်နှာပြင်ထဲသို့ တဖြည်းဖြည်း စိမ့်ဝင်ပျောက်ကွယ်သွားနေကြောင်း တွေ့လိုက်ရသည်။
ကြယ်စင်မြစ်လက်တက်၏ ရေစီးကြောင်းများက ရှုပ်ထွေးသောဗလာနယ်ဖြင့် တစ်သားတည်း ပေါင်းစပ်နေသည်။
ပရမ်းပတာလှိုင်းလုံးများ၏ပျံ့နှံ့မှုအောက်တွင် ရန်ကျောက်ကဲက ရေစီးကြောင်းများအတိုင်း မည်သည့်နေရာသို့ ရောက်ရှိသွားမည်ကို မည်သူမှ မသိနိုင်ပေ။
လီရှင်းပါ့က ဒေါသတကြီးဖြင့်...
“ထွက်ပြေးဖို့ စဉ်းစားနေတာလား...”
လီရှင်းပါ့၏ မဟာတာအို၏ စူးရှတေးသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ဖန်းယွင်ရှန်း မရှိတော့သဖြင့် ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးဖြစ်သော လီရှင်းပါ့က သူ၏ အမတချီစွမ်းအားအနှစ်သာရဖြင့် ဗလာနယ်အရံအတားတစ်ခုလုံးအား ချိတ်ပိတ်လိုက်ကာ ရှုပ်ထွေးသောနယ်မြေအတွင်းမှ ရန်ကျောက်ကဲ ထွက်မသွားနိုင်စေရန် တားဆီးလိုက်သည်။
သို့သော် ရန်ကျောက်ကဲ၏ ပုံရိပ်က ရေမျက်နှာပြင်ထဲသို့ ဆက်လက်စိမ့်ဝင်နေဆဲဖြစ်ပြီး မည်သည့်ထိခိုက်မှုမှ မခံရသယောင်ဖြစ်သည်။
လီရှင်းပါ့ အံ့အားသင့်သွားသည်။
ရန်ကျောက်ကဲက ထူးခြားသူတစ်ယောက်ဖြစ်သည်။
သူက အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်သော်လည်း မဟာတာအို၏ စူးရှတေးသံကို လုံးဝ ကြောက်ရွံ့ခြင်းမရှိပေ။
သို့သော် အစစ်အမှန်နတ်ဘုရားတစ်ပါး၏ အမတချီစွမ်းအားက ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါး၏ အမတချီစွမ်းအား အနှစ်သာရနှင့် ရင်ဆိုင်ရသည့်အခါ စွမ်းအားကင်းမဲ့နေဆဲ ဖြစ်သည်။
ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါး၏ အမတချီစွမ်းအားအနှစ်သာရကို ရင်ဆိုင်ရသည်နှင့် အစစ်အမှန်နတ်ဘုရားတစ်ပါး၏ တစ်ခုတည်းသော အမတချီစွမ်းအားက ခုခံနိုင်ခြင်းမရှိဘဲ ချက်ချင်း ပြိုကွဲသွားပေမည်။
ဤသည်က သိုင်းကျင့်ကြံသူက မည်သူမည်ဝါဖြစ်သည်ဆိုသောအချက်နှင့် မသက်ဆိုင်သလို သူတို့ကျင့်ကြံထားသော ထူးခြားသည့်ပညာရပ်များနှင့်လည်း သက်ဆိုင်ခြင်း မရှိပေ။
သို့သော် ယခုတော့ ရန်ကျောက်ကဲတွင် ထူးခြားသော ပုံမှန်မဟုတ်သည့်ဖြစ်ရပ် ဖြစ်ပေါ်နေသည်။
လီရှင်းပါ့ ချက်ချင်းသဘောပေါက်သွားသည်။
“ပြဿနာက သူ့မှာမဟုတ်ဘူး ၊ ရေထဲမှာပဲ”
လီရှင်းပါ့က ရှေးခေတ်ကာလကတည်းက တာအိုကိုအောင်မြင်ခဲ့သူဖြစ်လေရာ သူ၏ ဗဟုသုတကြွယ်ဝမှုဖြင့် ပြဿနာရင်းမြစ်ကို ချက်ချင်းနားလည်သွားသည်။
ရန်ကျောက်ကဲက ရေမျက်နှာပြင်ထဲတွင် ပျောက်ကွယ်သွားပြီး မထင်မရှား ရေစီးကြောင်းများ၏ အရောင်က ဖောက်ထွင်းမြင်နိုင်သောအရောင်မှ အဝါရောင်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။
အဝါရောင်ရေစီးကြောင်းများကိုတွေ့လိုက်သည်နှင့် လီရှင်းပါ့ အံ့အားသင့်သွားပြီး သူ၏ နက်ရှိုင်းသော မှတ်ဉာဏ်ထဲတွင် လှိုင်းလုံးများရိုက်ခတ်လာသည်။
ထိုအချိန် ရန်ကျောက်ကဲ၏အသံက နေရာအနှံ့မှ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“နေဝန်းထက်ယံအရှင်သခင်ရော ချန်ချန်းဟွာပါ မင်းတို့ကို ငါနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မပြောခဲ့ဘူးထင်တယ်”
ရန်ကျောက်ကဲက ရိုးရှင်းစွာ ပြောလိုက်သည်။
“မင်းတို့အစီအစဉ်ကို ငါ ခန့်မှန်းပြီးသားပဲ ၊ ငါ့ဇနီးကိုတားဆီးဖို့ ငရဲကိုးထပ်ရဲ့ ထိပ်တန်းမဟာနတ်ဆိုးတစ်ပါးကို အသုံးချပြီး... မင်းတို့နှစ်ယောက်ပေါင်းပြီး ငါ့ကိုဖမ်းဖို့ ကြံစည်ထားတာ မဟုတ်လား”
သူက ဆက်ပြောလိုက်သည်။
“မင်းတို့တွေ အရင်တုန်းက နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို တွေ့ခဲ့ဖူးသားပဲ ၊ ဒါပေမဲ့ မင်းတို့က အကြောက်အရွံ့မရှိဘူး ၊ ဘာလို့လဲဆိုတော့ မင်းတို့ သင်ယူထားတဲ့ သိုင်းပညာတွေနဲ့ မြေခွင်းပုလဲကို အားကိုးနေလို့ပဲ”
“ဒါပေမဲ့ အခုတော့ ငါက မြေကမ္ဘာဘုရင်မရဲ့ရတနာကိုသုံးဖို့ လုံးဝ စီစဉ်မထားခဲ့ဘူး”
ရန်ကျောက်ကဲက ရယ်မောလိုက်သည်။
“မြေကမ္ဘာဘုရင်မရဲ့ ထိုးထွင်းသိမြင်မှုစွမ်းအားက ထူးခြားတယ် ၊ ပြီးတော့ သူ့ရဲ့လျှို့ဝှက်ပညာရပ်ကို ကောင်းကင်နတ်ဘုရားအဆင့်ရှိတဲ့သူတွေကိုတောင် လက်ဆင့်ကမ်းပေးနိုင်ဖို့ ခက်ခဲတယ် ၊ ဒါပေမဲ့ ဒါက စာသားရေးထွင်းထားတဲ့ ရတနာတစ်ခုပဲ ၊ ဒီတော့ သတိထားပြီး သုံးစွဲရမယ်လေ”
အကယ်၍ နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို အနားမပေးဘဲ မကြာခဏသုံးစွဲလျှင် ၎င်းသည် ပြန်လည်ပြုပြင်မရနိုင်သော ယိုယွင်းမှုကိုခံစားရပြီး နောက်ဆုံး ပျက်ဆီးသွားနိုင်သည်။
“ဒါပေမဲ့ ဒီနေရာက ကြယ်စင်မြစ်ရဲ့ သွေးကြောပဲ”
ရန်ကျောက်ကဲ၏ ရယ်မောသံပျောက်ကွယ်သွားပြီး သူက ရိုးရှင်းစွာ ပြောလိုက်သည်။
“ဒါက ငါ့အတွက် အကျိုးရှိတဲ့ပတ်ဝန်းကျင်တစ်ခုဆိုပေမယ့် မင်းတို့အတွက်တော့ သင်္ချိုင်းတွင်းပဲ”
“ငါ စောစောက ပြောခဲ့သလိုပဲ ၊ ဒီနေ့ မင်းတို့အသက်ဆက်ရှင်နိုင်မလားဆိုတာ မင်းတို့ ဆုံးဖြတ်ရမှာမဟုတ်ဘူး... ဒါပေမဲ့...”
ထိုခဏတွင် ရန်ကျောက်ကဲ၏စကားသံနှင့်အတူ ကြယ်စင်မြစ်လက်တက်တစ်ခုလုံး အဝါရောင်အဖြစ် ပြောင်းလဲသွားသည်။
အမှောင်လေပြင်းများက ရေမျက်နှာပြင်တစ်လျှောက် တဟုန်းဟုန်းဖြင့် အဆက်မပြတ်တိုက်ခတ်လာသည်။
“ဆုံးဖြတ်မယ့်သူက ငါပဲ...”