ကနဦးကောင်းကင် ၊ စွမ်းအားတစ်ခု ကိုယ်ခွဲသုံးခု
Vol. 100 Ch. 1404
အခန်း (၁၄၀၄) ကနဦးကောင်းကင် ၊ စွမ်းအားတစ်ခု ကိုယ်ခွဲသုံးခု
အနီရောင် နတ်ဘုရားလှည့်စားဆေးလုံးများဖြင့် ထိမှန်ခံရပြီးနောက် လီရှင်းပါ့နှင့် ကြိုးကြာနတ်မိစ္ဆာတို့၏ နတ်ဘုရားရုပ်ခန္ဓာများ မတည်မငြိမ် ဖြစ်လာသည်။
သူတို့၏ အမတချီစွမ်းအားအနှစ်သာရနှင့် မိစ္ဆာချီအနှစ်သာရတို့သည်လည်း ကြွေမွပျက်ဆီးလာကာ ချီစွမ်းအား(၅)မျိုးသည်လည်း တဖြည်းဖြည်း ချည့်နဲ့ကုန်ခမ်းလာသည်။
အေးစက်သောလေပြင်းများနှင့် အနက်ရောင်မြူခိုးများ၏သက်ရာက်မှုကြောင့် သူတို့၏တန်ခိုးစွမ်းအားက နက်ရှိုင်းနတ်ဘုရားအဆင့်ထိ ကျဆင်းသွားသည်။
ဆေးလုံးဖြင့် ထိမှန်ခံရချိန်တွင် သူတို့သည် မူးမေ့လဲကျလုမတတ် ဖြစ်နေပေပြီ။
ကံကောင်းသည်မှာ သူတို့(၂)ယောက်လုံး ခိုင်မာသောစိတ်ဓာတ်နှင့် ကြံ့ခိုင်သော စိတ်ဝိညာဉ်ရှိသဖြင့် နော်ကဆုံး သိစိတ်ပျောက်မသွားအောင် ထိန်းထားနိုင်ခဲ့သည်။
လက်ရှိတွင် သူတို့က အစီအရင်စွမ်းအားဖြင့် ဖိနှိပ်ခံနေရပြီး ခုခံမှုမပြုနိုင်ဘဲ သတိလစ်သွားပါက မြစ်ဝါကိုးကွေ့အစီအရင်ကြောင့် နတ်ဘုရားခန္ဓာများပျက်ဆီးပြီး ကျင့်ကြံခြင်းအခြေခံအုတ်မြစ်များ ပျက်ဆီးသွားမည် ဖြစ်သည်။
ထိုသို့ဖြစ်ပါက နတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် သေမျိုးလူသားဘဝသို့ ကျဆင်းသွားပြီး နှစ်ပေါင်းများစွာအားထုတ်မှုများ ဆုံးရှုံးသွားမည်ဖြစ်သည်။
လီရှင်းပါ့၏ဦးခေါင်းထက်မှ မြေခွင်းပုလဲက အလွန်အမင်း တုန်ခါနေပြီး ရေလှိုင်းများကဲ့သို့သောစွမ်းအားများက အပြင်ဘက်သို့ ပြန့်ကျဲထွက်လာသည်။
သူ၏မျက်ဝန်းများထဲတွင်လည်း စွမ်းအားလှိုင်းလုံးများ တုန်ခါနေခဲ့သည်။
အတွင်းအပြင် စွမ်းအားလှိုင်းလုံးများပေါင်းစည်းပြီး လီရှင်းပါ့က သတိလစ်မသွားအောင် ထိန်းထားနိုင်ခဲ့သည်။
သူက ဘေးနားတွင်ရှိသော ကြိုးကြာနတ်မိစ္ဆာကို လက်ဖြင့်ထိကိုင်ထားပြီး စွမ်းအားလှိုင်းလုံးတုန်ခါမှုမှတစ်ဆင့် သတိလစ်မသွားအောင် ကာကွယ်ပေးလိုက်သည်။
သို့ပေသိ မြစ်ဝါကိုးကွေ့အစီအရင်၏ ကြီးမားသောတန်ခိုးစွမ်းအားက သူတို့အပေါ် ဆက်လက်သက်ရောက်နေဆဲပင်။
သူတို့၏ ချီစွမ်းအားငါးမျိုးစုစည်းခြင်းများ ပျက်ဆီးသွားပြီးနောက် အစီအရင်စွမ်းအားကို ပိုပြီးခံစားလာရသည်။ အေးစက်သောလေပြင်းနှင့် အနက်ရောင်မြူခိုးများ၏ သက်ရောက်မှုအောက်တွင် သူတို့၏ နတ်ဘုရားခန္ဓာကိုယ်များက ပိုမိုလျှင်မြန်စွာ ပျက်ပြယ်လာခဲ့သည်။
ယခု သူတို့၏ အမတချီစွမ်းအားအနှစ်သာရက အမတချီစွမ်းအား(၄)မျိုးဖြင့် ပေါင်းစည်းထားဆဲဖြစ်သော်လည်း အစီအရင်၏ဖျက်ဆီးမှုကြောင့် မကြာခင် အမတချီစွမ်းအား(၃)မျိုး ပေါင်းစည်းခြင်းအဆင့်သို့ ဆုတ်ယုတ်တော့မည် ဖြစ်သည်။
“အမြန်လုပ်...”
လီရှင်းပါ့ တုံ့ဆိုင်းမနေဝံ့တော့ပေ။
သူ၏အတ္တများအားလုံးဘေးဖယ်ကာ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။
အရင်ဆုံး ရန်ကျောက်ကဲကို အနိုင်ယူပြီး မြစ်ဝါကိုးကွေ့အစီအရင်ကို ချိုးဖျက်ရမည် ဖြစ်သည်။
မဟုတ်ပါက သူ့အနေဖြင့် ဤနေရာမှ အသက်ရှင်လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။
သူက စိတ်အားထက်သန်စွာဖြင့် သူ၏ဦးခေါင်းထက်မှ မြေခွင်းပုလဲကို ရန်ကျောက်ကဲထံသို့ ပစ်လွှတ်လိက်သည်။ တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲထံသို့ ခုန်ဝင်ပြီး ထိုးနှက်တိုက်ခိုက်လိုက်၏။
သူ၏ ထိုက်ရွှီးမူလအဆင့် အမတမှော်ဝင်ပစ္စည်းဖြစ်သည့် စတုရန်းအစွန်းရှိသော ရွှေဓားချိုးက ဖန်းယွင်ရှန်းလက်ချက်ဖြင့် ပျက်ဆီးသွားသော်လည်း လီရှင်းပါ့၏လက်သီးက ရွှေဓားချိုးကဲ့သို့ပင် အားအင်ပြည့်ဝနေဆဲ ဖြစ်သည်။
“ဘုန်း...”
ဗလာနယ်ထဲတွင် ကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာပြီး သူက ရန်ကျောက်ကဲဦးခေါင်းအား ရိုက်ချလိုက်သည်။
မြေခွင်းပုလဲနှင့် လီရှင်းပါ့၏လက်သီးချက်တို့ပေါင်းစည်းသွားပြီး မြေကြီးကိုကြွေမွသွားစေနိုင်သော တုန်ခါမှုနှင့်အတူ ယင်နှင့်ယန်ကိုပင် ဟန်ချက်ပျက်သွားစေသည့် တန်ခိုးစွမ်းအား ထွက်ပေါ်လာသည်။
ထိုအချိန် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်သည်လည်း အသက်ဆုံးမည်ကို ကြောက်ရွံ့သဖြင့် မူးမေ့လဲကျလုနီးပါးခံစားနေရသည့်တိုင် ရှိသမျှအင်အားကိုစုစည်းကာ တိုက်ခိုက်လိုက်သည်။
ကြည်လင်သော ကြိုးကြာအော်သံအောက်တွင် ရက်စက်ကြမ်းတမ်းသည့် အရိပ်အယောင်များပါဝင်နေကြောင်း ရန်ကျောက်ကဲ အာရုံခံလိုက်နိုင်သည်။
ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်၏ ရှည်လျားသောလည်ပင်း ဆန့်ထွက်လာပြီး သူ၏ရှည်လျားသောနှုတ်သီးက ရန်ကျောက်ကဲဆီသို့ ဦးတည်ဝင်ရောက်လာသည်။
ဟန်ချက်ညီသည့် လေစီးကြောင်းများထွက်ပေါ်လာကာ အစီအရင်၏လေအေးများနှင့် အနက်ရောင်မြူခိုးများကို မှုတ်ထုတ်လိုက်ပြီး သူ၏တိုက်ကွက်က ရန်ကျောက်ကဲထံ ဝင်ရောက်သွားသည်။
ထိုဟန်ချက်ညီသည့် လေစီးကြောင်းများကြောင့် ရန်ကျောက်ကဲမှာ သူ၏အမတချီစွမ်းအားများ လွင့်စင်သွားသလို ခံစားလိုက်ရသည်။ သူ၏ ချီစွမ်းအားများ စုစည်းရန်ပင် အခက်တွေ့နေရသည်။
ဤသည်က ကြိုးကြာနတ်မိစ္ဆာ၏ မွေးရာပါ တန်ခိုးစွမ်းအားဖြစ်ပြီး အမတစွမ်းအားရောင်ဝါနှင့် ပေါင်းစပ်လိုက်သည့်အခါ အတော်အသင့်အားကောင်းသော စွမ်းအားတစ်ခု ဖြစ်ပေါ်လာသည်။
ဟန်ချက်ညီသည့်လေစီးကြောင်းများက လမ်းဖွင့်ပေးလိုက်သည်နှင့်တပြိုင်နက် ငလျှင်လှုပ်သည့်ဖြစ်ရပ်က ဆက်တိုက်ဖြစ်ပေါ်လာကာ လီရှင်းပါ့၏ မြေခွင်းပုလဲနှင့် လက်သီးချက်က ရန်ကျောက်ကဲအနားသို့ ချဉ်းကပ်ဝင်ရောက်လာသည်။
ရန်ကျောက်ကဲက ကြောက်ရွံ့ခြင်းမရှိဘဲ သူ၏လက်ဖြင့်ပုံဖော်ထားသော စည်းတံဆိပ်ကို ပြောင်းလဲလိုက်ရာ မြစ်ရေများ ရုတ်တရက်မြင့်တက်လာပြီး လီရှင်းပါ့နှင့် မြေခွင်းပုလဲကို စုပ်ယူဝါးမျိုပစ်လိုက်သည်။
ထို့နောက် သူက ထိုင်ရာမှထလိုက်ပြီး ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်သည်။
ရန်ကျောက်ကဲက လီရှင်းပါ့၏လက်သီးချက်ကို ရှောင်တိမ်းခြင်းမပြုဘဲ ပြန်လည်ထိုးနှက်ကာ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
တစ်ချိန်တည်းပင် အလင်းနှင့်အမှောင် အပြန်အလှန်လှုပ်ရှားနေသော အလင်းလှိုင်း(၁၂)ခု ထွက်ပေါ်လာသည်။
ထို့နောက် အလင်းလှိုင်းများထဲတွင် အမှောင်ထုက မှေးမှိန်ပျောက်ကွယ်သွားပြီး အဆုံးမရှိကျယ်ပြန့်သော အလင်းတန်းများသာ ကျန်ရစ်ခဲ့သည်။
ထိုအလင်းတန် (၁၂)ခုအတွင်း၌ နတ်ဘုရား (၁၂)ပါး ထိုင်နေဟန် ရှိသည်။
မြင်ကွင်းက မှော်ဆန်လွန်းသော်လည်း အလင်းတန်းထဲတွင်ထိုင်နေသည့် နတ်ဘုရားတို့၏မျက်နှာများက ဝေဝါးနေသည်ဖြစ်ရာ မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားမရနိုင်ပေ။
လီရှင်းပါ့ သူတို့ကို ကြည့်လိုက်တော့ ကွမ်းချန်ထျန်းကျွင်း ၊ သောပေါင်ထျန်းကျွင်း ၊ အစစ်အမှန်သိုင်းဧကရာဇ် ၊ တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် အခြားသေသာ ဒဏ္ဍာရီလာ နတ်ဘုရားများ၏ ပုံရိပ်များကို တွေ့မြင်လိုက်ရသည်။
လီရှင်းပါ့ အံ့အားသင့်နေစဉ်မှာပင် အလင်းတန်း(၁၂)ခုမှ နတ်ဘုရားပုံရိပ်များက ရန်ကျောက်ကဲ၏လက်သီးချက်နှင့်အတူ လှုပ်ရှားလာပြီး လီရှင်းပါ့အား ထိုးစိုက်ချလိုက်သည်။
ရန်ကျောက်ကဲ၏လက်သီးချက် ထုတ်လွှတ်လိုက်သည်နှင့် နတ်ဘုရား(၁၂)ပါး၏ပုံရိပ်များက အက်ကွဲကြေမွသွားပြီး အလင်းတန်း(၁၂)ခုသည်လည်း ကွဲထွက်သွားသည်။
အလင်းမရှိတော့သလို အမှောင်ထုသည်လည်း ကြွင်းကျန်ခြင်းမရှိပေ။
မဟာတာအို ပြိုကွဲသွားသည့်အခါ ယင်နှစ်ယန် အစွန်းနှစ်ဖက်သည်လည်း ပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲ နတ်ဘုရားအဆင့်သို့ တက်ရောက်ပြီးနောက် သူ၏ ကြေမွတောက်လောင်လက်သီးသိုင်းအတွင်းသို့ သိုင်းပညာရပ်အားလုံး၏ အနှစ်သာရများကို ပေါင်းစပ်ထည့်သွင်းခဲ့သည်။
ထို့နောက် တာအိုအမျိုးအစားများစွာ ပြိုကွဲပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးစွမ်းအားအဖြစ် ပြောင်းလဲသွားကာ ရှေးခေတ်ကာလ ချီစွမ်းအား(၄)မျိုး ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ ‘လီရှင်းပါ့’ ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ပေါက်ကွဲမှုနှင့် ကြေမွမှု။
စွမ်းအားနှစ်ခုက တံတိုင်းကြီးနှစ်ခုရိုက်ခတ်မိသည့်ပမာ တိုက်ခတ်မိသွားပြီး ရန်ကျောက်ကဲခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားကာ သူ၏လက်မောင်းသည်လည်း တုန်ယင်သွားသည်။
တစ်ချိန်တည်းမှာပင် လီရှင်းပါ့၏ခန္ဓာကိုယ်ကတော့ ထိုစွမ်းအားတုန်ခါမှုကြောင့် နောက်သို့လွင့်စင်ထွက်သွားသည်။
“အတော်ပြင်းတဲ့လက်သီးသိုင်းပဲ”
လီရှင်းပါ့က ပေါက်ကွဲမှုစွမ်းအားကို ဖြေဖျောက်ရန်ကြိုးစားရင် နောက်သို့ ဆက်တိုက်ဆုတ်သွားရသည်။
လက်သီးနှစ်ခု ထိပ်တိုက်ရင်ဆိုင်မိစဉ် အမတစွမ်းအားရောင်ဝါကသာ ကာကွယ်ပေးထားခြင်းမရှိလျှင် သူ၏လက်မောင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားတော့မည့်အလား ခံစားရမည် ဖြစ်၏။
တစ်ဖက်တွင် ရန်ကျောက်ကဲမှာလည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကျယ်ပြန့်သော မြေပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည့်ပမာ ခံစားရပြီး သူ၏ခန္ဓာကိုယ်ထဲတွင် ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသည့်ပမာ ခံစားလိုက်ရသည်။
သူ၏လက်သီးက ဆိုးရွားစွာတုန်ခါနေပြီး လက်မောင်းရင်းအထိ လှုပ်ခတ်လျှက်ရှိသည်။ လက်သီးနှင့်နီးသည့် လက်ဖြန်အပိုင်းက ပိုပြီးတုန်ခါမှု ပြင်းထန်နေသည်။
ထိုခဏတွင် သူ၏ နတ်ဘုရားရုပ်ခန္ဓာမှ သွေးကြောများ ၊ အရိုးများ ၊ ကိုယ်တွင်းအင်္ဂါများနှင့် သွေးကြောဆုံချက်များက တစ်စစီကွဲကြေသွားတော့မည့်ပမာ ဖြစ်သည်။
သို့သော် သူ၏ကိုယ်တွင်းမှ အဆုံးမရှိသော ပရမ်းပတာချီစွမ်းအားများက အဆုံးမရှိသော ချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်စေကာ ထို တုန်ခါမှုအားလုံးကို စုပ်ယူလိုက်ပြီး လုံးဝပျောက်ကွယ်သွားစေသည်။
ရန်ကျောက်ကဲက လီရှင်းပါ့၏လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသောတုန်ခါမှုကို ဖြေဖျောက်နေစဉ် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်က အခွင့်ကောင်းကိုအသုံးချပြီး အခြားတစ်ဖက်မှ တိုက်ခိုက်လာခဲ့သည်။
ယင်နှင့်ယန်ပေါင်းစည်းခြင်းကားချပ်တစ်ခု ရန်ကျောက်ကဲရှေ့တွင်ထွက်ပေါ်လာပြီး ထိုကားချပ် တစ်ချက်လှည့်ပတ်လိုက်သည်နှင့် ရန်သူ၏တိုက်ခိုက်မှုက လွဲချော်သွားရသည်။
ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်က သူ၏နှုတ်သီးကိုဆန့်ထုတ်လိုက်ပြီး ဟန်ချက်ညီသည့်လေစီးကြောင်းများကို တစ်ဖန်ပြန်လည် တိုက်ခတ်စေလိုက်သည်။
ထိုလေစီးကြောင်းများက ရန်ကျောက်ကဲရှေ့မှ ယွိချင်အဆက်အနွယ် ၊ ယင်ယန်ကောင်းကင်ကျမ်းစာဖြင့်ဖွဲ့စည်းထားသော ယင်ယန်ကားချပ်ကို မှုတ်ထုတ်ဖျက်ဆီးပစ်လိုက်သည်။
လေစီးကြောင်းများက တုန်ခါသွားပြီး မိုးနှင့်မြေကို ထိုးခွင်းနိုင်လောက်သည်အထိ ချွန်ထက်အားကောင်းလာကာ ရန်ကျောက်ကဲအား လှံတစ်စင်းပမာ ထိုးစိုက်ချလိုက်သည်။
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...
“အတော် အံ့သြစရာကောင်းတာပဲ”
ထို့နောက် သူက ကိုယ်တွင်းမှ ပရမ်းပတာချီစွမ်းအားများကို တဖန်ပြန်လည်လှည့်ပတ်လိုက်ပြီး သက်ရှိပုံစံအမျိုးမျိုးကိုဖန်ဆင်းကာ ဘယ်ဘက်လက်လက်ညှိုးလက်ခလယ်ဖြင့် ကြိုးကြာနတ်မိစ္ဆာထံသို့ ထိုးညွှန်လိုက်သည်။
ရန်ကျောက်ကဲလက်ချောင်းထိပ်တွင် ကမ္ဘာဦးအက်ကွဲကြောင်းစွမ်းအား စုစည်းလာပြီး မမြင်ရသည့် ထိုက်ရှီ ကနဦးကောင်းကင်ဖိအား ထွက်ပေါ်လာသည်။
ထိုက်ချူးနတ်လက်ချောင်းသိုင်း၏တန်ခိုးစွမ်းအားက ဗလာနယ်ထဲတွင် (၃)ပိုင်းကွဲထွက်သွားပြီး နက်ရှိုင်းချီစွမ်းအား (၃)မျိုးအဖြစ် ကွဲပြားသွားသည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“မင်းတို့က လူအင်အားများတယ်ဆိုပြီး ငါ့ကိုဖိနှိပ်ဖို့ ကြံစည်နေတာလား”
နက်ရှိုင်းချီစွမ်းအား(၃)ခုက လူသားအသွင်(၃)ခုအဖြစ်ပြောင်းလဲသွားသည်။ သူတို့၏မျက်နှာအသွင်အပြင်များကို တဖြည်းဖြည်း ရှင်းရှင်းလင်းလင်း မြင်လာရပြီး ၊ ထိုလူရိပ်များက ရန်ကျောက်ကဲမျက်နှာပုံစံနှင့် အတိအကျ တူညီနေသည်။
ဗလာနယ်ထဲတွင် ရန်ကျောက်ကဲ (၄)ယောက် ထွက်ပေါ်လာသည်။
ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်က အံ့အားသင့်သွားပြီး...
“ချီစွမ်းအားတစ်ခု ကိုယ်ခွဲသုံးခု...”
ဟု ရေရွတ်လိုက်ပြီး သူ့စိတ်ထဲ အတော်လေး တုန်လှုပ်သွားသည်။
လီရှင်းပါ့လည်း အံ့အားသင့်သွားသည့်တိုင် သူက လျှင်မြန်စွာ သတိပြန်ဝင်လာသည်။
“အဲဒါက ‘ချီစွမ်းအားတစ်ခု ကိုယ်ခွဲသုံးခု’ မဟုတ်ဘူး ၊ အဲဒါက ထိုက်ချင်အဆက်အနွယ် ၊ ထိုက်ချူးနတ်လက်ချောင်းသိုင်းက ပုံပြောင်းထားတဲ့ စွမ်းအားတစ်ခု ကိုယ်ခွဲသုံးခုပဲ”
ထိုက်ချူးနတ်လက်ချောင်းသိုင်း ၊ စွမ်းအားတစ်ခု ကိုယ်ခွဲသုံးခု အသွင်ပြောင်းလဲခြင်း။
ဤသည်မှာ ကနဦးကောင်းကင်မှ အဓိပတိနတ်လက်ချောင်းသိုင်း၏ အမြင့်ဆုံးအဆင့် ပြောင်းလဲမှုဖြစ်ပြီး ထိုက်ချင် ‘တောက်တယ်ထျန်းကျွင်း’ ၏ နာမည်ကြီး “ချီစွမ်းအားတစ်ခု ကိုယ်ခွဲသုံးခု” ပညာရပ်နှင့် သွားရောက်ဆင်တူသည်။
ဤထိပ်တန်းသိုင်းပညာက စွမ်းအားတစ်ခုမှ ကိုယ်ခွဲသုံးခု ပြောင်းလဲနိုင်စွမ်းရှိပြီး အားနည်းပြီး ရိုးရှင်းသည့်ပုံစံမျိုးရှိသည့်တိုင် ရှေးယခင်မှစ၍ ယခုအချိန်ထိ ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ နည်းပါးလှသည်။
ယခု ဤပညာက ရန်ကျောက်ကဲလက်တွင် ပြန်လည်ထွက်ပေါ်လာသည်။
သူ၏ကိုယ်ခွဲ (၃)ခုက ကြိုးကြာနတ်မိစ္ဆာကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။
ထိုက်ချင်အဆက်အနွယ် ‘ထိုက်ယီလက်သီးသိုင်း’ ၊ ယွိချင်အဆက်အနွယ် ‘စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်’ ၊ စန့်ချင်အဆက်အနွယ် ‘နတ်ဘုရားသုတ်သင်ဓားသိုင်း’ ။
ကိုယ်ခွဲ (၃)ခုက တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားပြီး ထိပ်တန်းသိုင်းပညာ(၃)မျိုး ပေါင်းစပ်ကာ တစ်ခုတည်းသော တန်ခိုးစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။
ယွိချင်အဆက်အနွယ် ‘စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်’ က လောအစကိုကိုယ်စားပြုသော ‘ထိုက်ယီလက်သီးသိုင်း’ နှင့် လောကအဆုံးကိုကိုယ်စားပြုသော ‘နတ်ဘုရားသုတ်သင်ဓားသိုင်း’ တို့ကို ပေါင်းကူးတံတားအဖြစ် ဆပ်စပ်ပေးလိုက်သည်။
ထို့သို့ဖြင့် မိုးမြေပြောင်းလဲခြင်းနှင့် ဖြစ်ခြင်း ပျက်ခြင်း သဘောတရားများ ထွက်ပေါ်လာသည်။
စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် ၊ ဖန်ဆင်းခြင်းပြောင်းပြန်။
ကြိုးကြာနတ်မိစ္ဆာထံသို့အ လွန်ကြီးမားသော ဖိအားကြီးတစ်ခု ဝင်ရောက်သွားသည်။
တစ်ချိန်တည်းမှာပ်င ရန်ကျောက်ကဲကိုယ်တိုင်က အေးဆေးတည်ငြိမ်သောခြေလှမ်းများဖြင့် ရှေ့သို့တက်လာပြီး လီရှင်းပါ့အား နောက်ထပ်လက်သီးတစ်ချက် ထိုးနှက်ချလိုက်လေ၏။