လှောင်ရယ်စရာများဖြင့်ပြည့်နက်နေသည့်ဘဝ
Vol. 100 Ch. 1406
အခန်း (၁၄၀၆) လှောင်ရယ်စရာများဖြင့်ပြည့်နက်နေသည့်ဘဝ
“ဒီနေရာမှာ မင်းတို့အသက်ဆက်ရှင်နိုင်မလားဆိုတာ မင်းတို့ ဆုံးဖြတ်ရမှာမဟုတ်ဘူး... ဆုံးဖြတ်မယ့်သူက ငါပဲ...”
အစစ်အမှန်နတ်ဘုရားတစ်ပါးက ထိုက်ရွှီးမူလနတ်ဘုရား(၂)ပါးကို ထိုသို့သောစကားမျိုး ပြောရဲခဲ့လျှင် ၊ ထိုသူကို အခြားသူများက ရူးသွပ်သွားပြီဟု ထင်မှတ်ကြပေလိမ့်မည်။
ယခင်က သူတို့နှစ်ယောက်လည်း ထိုသို့ပင် ထင်မှတ်ခဲ့ကြသည်။
သို့သော် ယခု ရန်ကျောက်ကဲ အရင်ကပြောခဲ့သည့်စကားများကို ပြန်သတိရမိသည့်အခါ သူတို့နှစ်ယောက်လုံး ကျောရိုးထဲစိမ့်သွားပြီး ရင်ထဲတွင် အဆုံးမရှိသော ထိတ်လန့်မှုများ ထွက်ပေါ်လာသည်။
ယခု လီရှင်းပါ့စိတ်ထဲတွင် ရန်ကျောက်ကဲအပေါ် မကျေနပ်ချက်များ မရှိတော့ပေ။ ထိုအစား ကောင်းဟန်နှင့် ချန်ချန်းဟွာကိုသာ မုန်းတီးနေမိတော့သည်။
ချန်ချန်းဟွာက အားကိုးယုံကြည်နိုင်သူတစ်ယောက် မဟုတ်ခဲ့ပေ။ သို့သော် ကောင်းဟန်ကတော့ သူ့ကို အမြှောက်စာအဖြစ် အသုံပြုခဲ့သည်။
အဂ္ဂိရတ်ခန်းမကို ငါးစာအဖြစ်အသုံးပြု၍ ရန်ကျောက်ကဲကို ဒုက္ခပေးရန် သူ့ကို ဆွဲဆောင်ခဲ့သည်။
သို့ပေသိ ကောင်းဟန်ရော ချန်ချန်းဟွာပါ မည်သူမှ ရန်ကျောက်ကဲတွင် မြစ်ဝါကိုးကွေ့အစီအရင်ကဲ့သို့ နည်းပရိယာယ်မျိုး ရှိနေကြောင်း သူ့ကိုပြောမပြခဲ့ကြပေ။
မဟုတ်လျှင် ကြယ်စင်မြစ်လက်တက်ကဲ့သို့ ကြယ်ပြန့်သော ရေရင်းမြစ်ထဲသို့ ကိုယ့်သေတွင်းကိုယ်တူးသည့်ပမာ ခြေချခဲ့မိမည် မဟုတ်ပေ။
ချန်ချန်းဟွာကိုယ်တိုင် ကြယ်စင်မြစ်လက်တက်အတွင်း မဝင်ရောက်ဘဲ ပုံရိပ်ယောင်ပုလဲကိုသာ အစားထိုးအသုံးပြုခဲ့သည်။
ချန်ချန်းဟွာက အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်သဖြင့် သူ၏ကန့်သတ်ချက်မျာကို နားလည်သောကြောင့် ထိုသို့ပြုလုပ်ခြင်းဖြစ်သည်ဟု လီရှင်းပါ့ ထင်မှတ်ခဲ့သည်။
ယခု သူ သဘောပေါက်သွားသည်မှာ ချန်ချန်းဟွာက ကိစ္စတချို့ကိုနားလည်ထားသော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်နှင့် ပတ်သက်ခြင်းမရှိဘဲ ရန်ကျောက်ကဲနှင့်သာ ပတ်သက်လေသည်။
ယခု ကြိုးကြာနတ်မိစ္ဆာသည်လည်း နောင်တများဖြင့်ပြည့်နက်နေပြီး မြေပြင်နှင့်ခေါင်းနှင့်ဆောင့်ကာ သေချင်စိတ်ပေါက်နေမိသည်။
ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ဖိနှိပ်မှုအောက်တွင် သူ၏ကိုယ်လက်အင်္ဂါများ ပုံပျက်ပြောင်းလဲလာနေသည်။
ဆန့်ကျင်ဘက်စွမ်းအားနှစ်ခုက သူတို့နှစ်ယောက်၏ခန္ဓာကိုယ်ကို ဖိညှစ်နေပြီး လီရှင်းပါ့၏အရေပြားများ တဖြည်းဖြည်း ဆုတ်ပြဲလာသည်။
ရန်ကျောက်ကဲက လီရှင်းပါ့ဘက်သို့ လှည့်ကြည့်ပြီး ပြုံးလိုက်သည်။
“ဟွေ့အန်းခရီးသည်ပြောတာ မှန်တာပဲ”
သူက ဆက်ပြောလိုက်သည်။
“မင်းက နတ်ဘုရားအဖြစ် အပ်နှင်းခံခဲ့ရပြီး အားလုံး အဆင်ပြေပြေရှိနေခဲ့သားပဲ ၊ မင်းကိုယ်မင်း တည်ငြိမ်အောင်ထိန်းပြီး သိုသိုသိပ်သိပ် နေသင့်တာလေ ၊ ဒါပေမဲ့ မင်းက ပြဿနာချည်းလိုက်ရှာနေတယ် ၊ ကြည့်ရတာ အသက်ရှင်ရတာကို ဒီလောက်အထိ မုန်းတီးနေတာလား”
“မင်း...”
လီရှင်းပါ့ လည်ပင်းကြွက်သားများ တင်းကျပ်သွားပြီး ရန်ကျောက်ကဲအား ခေါင်းမော့ကြည့်ရန် ကြိုးစားလိုက်သည်။
သို့သော် သူ၏ခန္ဓာကိုယ်က လှုပ်ရှားမရနိုင်ပေ။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ရှေးခေတ်ကာလတုန်းကလည်း မင်းပြဿနာရှာရမယ့်အချိန်မဟုတ်ခဲ့ဘူး ၊ ဒါပေမဲ့ မင်းက မျက်ကန်းတစ္ဆေမကြောက် ရှေ့ထွက်လာတယ် ၊ ပြီးတော့ ဟွေ့အန်းခရီးသည်လက်ချက်နဲ့ အသက်ပျောက်ပြီး နတ်ဘုရားအဖြစ် အပ်နှင်းခံလိုက်ရတယ်”
သူက ဆက်ပြောလိုက်သည်။
“အခုခေတ်ကလည်း မင်းပြဿနာရှာဖို့ ပိုလိုတောင်မသင့်တော်ဘူး ၊ ဒါပေမဲ့ မင်းက သေလမ်းကိုရွေးရင် သေရမှာပဲ ၊ နတ်ဘုရားအဖြစ်အပ်နှင်းခံရတာနဲ့ မင်းကို ကယ်တင်လို့ မရနိုင်ဘူး”
ရန်ကျောက်ကဲ စကားပြောရင်း သူ၏လက်ဖဝါးထဲ အားပိုထည့်လိုက်သည်။
“အား...”
လီရှင်းပါ့ နာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။
ရန်ကျောက်ကဲ၏ လက်ဖဝါးအောက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲသွားသည်။ သူ၏ရုပ်ခန္ဓာမှသည် ဝိညာဉ်အထိ အရာအားလုံး ပျက်စီးပျောက်ကွယ်သွားသည်။
လီရှင်းပါ့က ရှေးခေတ်ကာလတွင် မဟာတာအို အောင်မြင်ခဲ့သော ထင်ရှားသူတစ်ဦးဖြစ်သည်။
နတ်ဘုရားအဖြစ်အပ်နှင်းခံရပြီးနောက် ခေတ်နှစ်ခုကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ခဲ့သည်။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက်မှာလည်း လွတ်လပ်သူတစ်ယောက်အဖြစ် ယခုအချိန်ထိ အသက်ရှင်ခဲ့သည်။
သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများပင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ကြပြီး ပျောက်ကွယ်သွားခဲ့ကြသည်။
သို့သော် လီရှင်းပါ့ကတော့ ယခုအချိန်ထိ အသက်ရှင်ခဲ့သည်။
သို့ရာတွင် ဤရှေးခေတ်ကာလ ထင်ရှားသူသည် ယနေ့တော့ အစစ်အမှန်နတ်ဘုရားတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးသွားပြီဖြစ်၏။
သူ့ဘဝအဆုံးသတ်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ခဲ့သောနေရာ၌ သေဆုံးသွားခဲ့သည်။
ဘဝက မတည်မြဲသလို လှောင်ရယ်စရာများဖြင့် ပြည့်နက်နေလေသည်။
ကြိုးကြာနတ်မိစ္ဆာမှာလည်း ရန်ကျောက်ကဲ၏ လက်ဖဝါးအောက်တွင် ဖိနှိပ်ခံရပြီး လီရှင်းပါ့၏ ခြေရာအတိုင်း လိုက်ပါသွားသည်။
တာအိုဝါဒ၏ ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးနှင့် ထိုက်ရွှီးမူလနတ်ဘုရား ထျန်းကျွင်းနယ်ပယ်နှင့် တန်းတူဖြစ်သော နတ်မိစ္ဆာမျိုးနွယ်၏ သူတော်စင်ငယ်တစ်ပါးတို့ ရန်ကျောက်ကဲ၏ လက်ချက်ဖြင့် သေဆုံးသွားကြသည်။
သို့သော် ရန်ကျောက်ကဲ၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲသာပင်။
ရန်ကျောက်ကဲ လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ အဝါရောင်မြစ်ရေထဲမှ ပုလဲတစ်လုံး ထွက်ပေါ်လာသည်။ မြစ်ဝါကိုးကွေ့အစီအရင်၏ ဝါးမျိုခြင်းခံထားရသော မြေခွင်းပုလဲပင် ဖြစ်၏။
ပိုင်ရှင်၏ထိန်းချုပ်မှုမရှိတာ့သည့်အပြင် မြစ်ဝါကိုးကွေ့အစီအရင်၏ဖိနှိပ်ခြင်းခံရသဖြင့် ပုလဲအရောင်က မှိန်ဖျော့ငြိမ်သက်နေသည်။
သို့သော် ထိုရတနာပစ္စည်းက ရန်ကျောက်ကဲနှင့် ထိတွေ့ရန် ငြင်းဆန်နေဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲအတွက် ထိုပုလဲကိုသိမ်းပိုက်ရန် မခက်ခဲခဲ့ပေ။
တိုက်ပွဲနေရာကို လျှင်မြန်စွာရှင်းလင်းပြီးနောက် ရန်ကျောက်ကဲ ခေါင်းမော့ကြည့်လိုက်သည်။
ထိုအချိန်...
မြစ်ဝါကိုးကွေ့အစီအရင်၏အပြင်ဘက် ၊ ဆိုလိုသည်မှာ ကြယ်စင်မြစ်လက်တက်အပြင်ဘက် အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီက စကြဝဠာတစ်ခွင် ပြန့်ကျဲလျက် ဖရိုဖရဲဖြစ်နေသည်။
“တော်ပါသေးရဲ့”
ဟု ရန်ကျောက်ကဲက တီးတိုးရေရွတ်လိုက်သည်။
လီရှင်းပါ့တို့နှင့်တိုက်ခိုက်ရာတွင် ရန်ကျောက်ကဲအနေဖြင့် ယုံကြည်မှုအပြည့်ရှိသော်လည်း စိတ်ဖိအားအချို့ ရှိနေခဲ့သည်။ ထိုဖိအားက လီရှင်းပါ့ သို့မဟုတ် ကြိုးကြာနတ်မိစ္ဆာကြောင့် မဟုတ်ပေ။
ပြင်ပဗလာနယ်ထဲတွင် တိုက်ပွဲဝင်နေသော ဖန်းယွင်ရှန်းကြောင့်ဖြစ်သည်။
ဖန်းယွင်ရှန်း အချိန်ကြာရှည် တိုက်ခိုက်နေရခြင်းမှကာကွယ်ရန် ရန်ကျောက်ကဲက ရန်သူများကို တတ်နိုင်သမျှ လျင်မြန်စွာ ဖယ်ရှားခဲ့သည်။
တိုက်ပွဲကြာလာသည်နှင့်အမျှ နတ်ဆိုးအငွေ့အသက်က ဖန်းယွင်ရှန်းအား ပိုမိုတိုက်စားလာပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းအားကို ပိုမိုဆိုးရွားစေမည် ဖြစ်သည်။
ထို့ပြင် နတ်ဆိုးမျိုးနွယ်မှ ထိပ်တန်းကျွမ်းကျင်သူများ သို့မဟုတ် အခြားအင်အားစုများမှ ကောင်းကင်နတ်ဘုရားအဆင့်ရှိသူများ ဤနေရာသို့ ဆွဲဆောင်ခံရနိုင်သည်။
ယခု ရန်ကျောက်ကဲက လီရှင်းပါ့နှင့် နတ်မိစ္ဆာမျိုးနွယ် သူတော်စင်ငယ်ကို အချိန်မဖြုန်းဘဲ ဖယ်ရှားလိုက်နိုင်သဖြင့် ဖန်းယွင်ရှန်း၏ဘက်မှ ဖိအားများ သက်သာသွားခဲ့ရသည်။
ရန်ကျောက်ကဲက လက်ဖြင့်စည်းတံဆိပ်ပုံစံတစ်ခုဖန်ဆင်းပြီး လက်နှစ်ဖက်ကိုယှက်လိုက်ကာ နတ်ဘုရားလှည့်စားဆေးလုံးနှင့် နတ်ဘုရားဆိတ်ကွယ်ရာမန္တန်များကို ပြန်လည်သိမ်းယူလိုက်သည်။
ထို့နောက် အေးစက်သောလေပြင်းများရပ်တန့်သွားပြီး အနက်ရောင်မြူခိုးများလည်း လွင့်ပြယ်သွားသည်။ အဝါရောင်မြစ်ရေပျောက်ကွယ်သွားပြီး တောက်ပသောကြယ်စင်အလင်းတန်းများ ပြန်လည်ထွက်ပေါ်လာသည်။
ကြယ်စင်မြစ်လက်တက်က တဖြည်းဖြည်း မူလပုံစံသို့ ပြန်လည်ရောက်ရှိလာသည်။ လှုပ်ရှားနေသော ကြယ်များက ပြန်လည်လင်းလက်လာပြီး ဗလာနယ်တစ်ခုလုံးကို ထွန်းလင်းသွားစေသည်။
ကြယ်စင်များ တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့သည်နှင့်အမျှ မူလကပင် ရှုပ်ထွေးသောနေရာက ပိုမိုပြင်းထန်စွာ ပုံပျက်လာသည်။
ကြယ်စင်မြစ် ရေလိုက်ကာမျိုး ပိုမိုဖြစ်တည်လာပြီး သီးခြားနေရာများအဖြစ် ပိုင်းခြားလိုက်သည်။
ကြယ်စင်မြစ် မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားကြောင်း သတိပြုမိသည်နှင့် ဖန်းယွင်ရှန်းက ရန်သူ၏တိုက်ခိုက်မှုကို အားကုန်သုံးတွန်းထုတ်လိုက်ပြီး ချက်ချင်းပြန်လည်ဆုတ်ခွာလိုက်သည်။
သူမက အောက်သို့ တစ်ဆင့်ပြီးတစ်ဆင့် ဆင်းလာပြီး ကြယ်စင်မြစ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည်။
ရန်ကျောက်ကဲက သူမကို စောင့်နေပြီ ဖြစ်သည်။
သူတို့နှစ်ယောက် ပူးပေါင်းလုပ်ဆောင်ပြီး ပရမ်းပတာဗလာနယ်ထဲတွင် နေရာယူလိုက်ကြသည်။ ထို့နောက် ရေလိုက်ကာများကိုဖြတ်ကျော်ပြီး တစ်ယောက်နှင့်တစ်ယောက် ပေါင်းစည်းလိုက်ကြသည်။
သို့သော် ရက်စက်ကြမ်းတမ်းသော ရှေးဟောင်းနတ်ဆိုးက သူတို့နောက်သို့ လိုက်ပါလာလေသည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီက ကြယ်စင်မြစ်၏ ဖွဲ့စည်းတည်ဆောက်ပုံကို ချက်ချင်းဆုတ်ဖြဲလိုက်ပြီး မြစ်ရေများသည် မှိုင်းညစ်လာသည်။
ကံကောင်းသည်မှာ သူတို့နှစ်ယောက်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ခြင်းပင်။
ဖန်းယွင်ရှန်းက သူမ၏ဓာဖြင့် ရန်သူအားခုတ်ပိုင်းချလိုက်ချိန် ရန်ကျောက်ကဲက သူမ၏လက်ကိုဆွဲပြီး ရေလိုက်ကာတစ်ခုကိုထိုးခွဲကာ အတွင်းသို့ ခုန်ဆင်းလိုက်သည်။
ရှေးဟောင်းနတ်ဆိုးက ကြယ်စင်မြစ်လက်တက်၏ ဗလာနယ်အသွင်ပြောင်းမှုကိုပိတ်ဆို့ရန် ကြံရွယ်လိုက်သည်။
သို့သော် ဖန်းယွင်ရှန်းက ဓားကို ကိုးကြိမ်တိတိ ဆက်တိုက်လွှဲခုတ်လိုက်ရာ မဟာတာအို အက်ကွဲသွားပြီး ရှေးဟောင်းနတ်ဆိုး၏ နတ်ဆိုးချီကို သန့်စင်ပေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူတို့နှစ်ယောက်လည်း နေရာမှ ပျောက်ကွယ်သွားလေသည်။
ကြယ်စင်မြစ်လက်တက်အတွင်းမှ ဗလာနယ်က ရှုပ်ထွေးနေဆဲဖြစ်ပြီး မည်သည့်လမ်းကြောင်းမဆို ၊ မည်သည့်နေရာသို့မဆို ဦးတည်ထွက်ခွာနိုင်သည်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်း ဗလာနယ်လမ်းကြောင်းတစ်ခုအတွင်း ဝင်ရောက်ပြီးနောက် ချက်ချင်းပင် အဝေးသို့ ထွက်ခွာသွားကြသည်။
ဖန်းယွင်ရှန်းက သူတို့သွားခဲ့သည့်လမ်းကို ဓားဖြင့်ခုတ်ပိုင်းဖြတ်တောက်ပြီး ဗလာနယ်လမ်းကြောင်းကို ဖြတ်တောက်ပစ်ကာ ရှေးဟောင်းနတ်ဆိုးအား ချက်ချင်း လိုက်မလာနိုင်ရန် တားဆီးလိုက်သည်။
ထို့နောက် သူမ၏မျက်ဝန်းထဲမှ နက်ပြာရောင်နတ်ဆိုးမီးလျှံများ ချက်ချင်းမှိန်ဖျော့ကာ ပျယ်လွင့်သွားပြီး သူမ၏တန်ခိုးစွမ်းအားများကို အဆုံးထိ ပြန်လည်သိမ်းယူလိုက်သည်။
ရန်ကျောက်ကဲက သူမလက်ကိုဆွဲလျှက် ရှေ့မှဦးဆောင်ပြီး ဗလာနယ်ထဲ လျှင်မြန်စွာ ရွေ့လျားသွားသည်။
တစ်ခုနှင့်တစ်ခုထပ်နေသော ဗလာနယ်အရံအတားများကို ဖြတ်ကျော်ပြီး ၊ နောက်ဆုံးမှာတော့ သူတို့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်မြေပြင်မှ ထွက်ခွာလာနိုင်ခဲ့၏။
ယခု သူတို့ ဘယ်ဆီရောက်နေသည်လဲ ခွဲခြားနိုင်ခြင်း မရှိသေးပေ။
သို့သော် ဤနည်းအားဖြင့် ရှေးဟောင်းနတ်ဆိုးသည်လည်း သူတို့ကို ခြေရာခံရန် ခက်ခဲပေမည်။
ဖန်းယွင်ရှန်းက သက်ပြင်းချရင်း...
“အခုမှပဲ အေးအေးဆေးဆေး နားနိုင်တော့တယ်”
သူမက ဆက်ပြောလိုက်သည်။
“တကယ်ကို ထင်ထားတဲ့အတိုင်းပဲ၊ ကောင်းကင်နတ်ဘုရားအဆင့်ရှိတဲ့ ရှေးဟောင်းနတ်ဆိုးက အတော်လေး ထူးခြားတယ် ၊ ကံကောင်းတာက သူက သစ်သားနတ်ဆိုးလည်း မဟုတ်သလို စိတ်ဝိညာဉ်နတ်ဆိုးလည်း မဟုတ်ခဲ့ဘူး”
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...
“မင်းရဲ့ရန်သူက မင်းကို မြန်မြန်ဆန်ဆန် ဖယ်ရှားလို့မရရင် သူလည်းမင်းနဲ့အကြာကြီးတိုက်ဖို့ စဉ်းစားမှာမဟုတ်ဘူး ၊ တခြား ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတွေရောက်လာရင် သူလည်း ဒုက္ခရောက်နိုင်တယ်လေ ၊ ဘာပဲဖြစ်ဖြစ် ငရဲကိုးထပ်က အားလုံးရဲ့ ဘုံရန်သူပဲလေ”
ဖန်းယွင်ရှန်းက...
“ထုန်းမင်ဧကရာဇ်ရဲ့ ရုပ်ကြွင်းရော... ယူလာခဲ့လား”
ရန်ကျောက်ကဲက...
“ဒီမှာ...”
သူက သူ၏လက်ဖဝါးကိုဖွင့်လိုက်ရာ မြစိမ်းရောင်အလင်းတန်းများ လှည့်ပတ်စီးဆင်းနေသည့် သစ်ပင်ငယ်တစ်ပင် ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...
“သွားရအောင်... ထုန်းမင်ဧကရာဇ်ကို အိမ်ပြန်ခေါ်သွားကြမယ်”