← Chapters

ပင်မအမြုတေ

Vol. 019 Ch. 1821

ပင်မအမြုတေ

Vol. 019 Ch. 1821

ရီဖူရှင်းက ခေါင်းမော့လိုက်သည်။ ကောင်းကင်ထက်တွင် ဧရာမအရိပ်သဏ္ဌာန်သည် ရွှေရောင်အာကာသအလင်းများရစ်ပတ်လျှက် အရှိန်အဝါကြီးစွာ ပေါ်လာသည်။ ပုံရိပ်က လက်ကိုမြှောက်လိုက်လျှင် ကောင်းကင်နှင့်မြေပြင်သည် ဆူပွက်လှုပ်ရှား၏။

ဝုန်း...

လက်သီးစွမ်းအားများ ပေါက်ကွဲထွက်လာ၏။ အဆုံးမဲ့သော အရှိန်အဝါသည် ကောင်းကင်ကို ဖုံးအုပ်သည်။ ကောင်းကင်တခုလုံးသည် အာကာသလက်သီးဖြတ်သန်းခံရမှုနှင့်အတူ လိမ်တွန့်ကျန်ရစ်ကာ လက်သီးသည် ရီဖူရှင်းထံသို့ ရောက်ရှိလာခဲ့သည်။ ရီဖူရှင်းက ကြီးမားသောဖိအားကို ခံစားမိသည်။

ဟူး...

ရွှေရောင်အလင်းသည် ဖြတ်သန်းသွားလျှင် ရီဖူရှင်း၏အပေါ်၌ အတောင်ပံတစ်စုံပေါ်လာသည်။ အတောင်ပံသည် ကောင်းကင်ကိုဖုံးအုပ်ကာ လေဟာနယ်ကို ခွဲခြမ်းလိုက်ပြီး လက်သီးချက်အား ရီဖူရှင်းထံသို့ မကျရောက်စေရန် ကာကွယ်ပေးသည်။ တစ်ဝုန်းဝုန်းပေါက်ကွဲသံများကြားရကာ အတောင်ပံသည် လက်သီးချက်များအား ကာကွယ်ပေး၏။

ဧရာမခွန်ပန်ငှက်ကြီးသည် ရီဖူရှင်းအပေါ်ကောင်းကင်၌ ပေါ်လာ၏။ သူ၏ကျင့်ကြံဆင့်မှာ အဌမအဆင့်နတ်ဝင်ရိုးဖြစ်သည်။

သူက အတောင်ပံကိုဖြန့်လိုက်လျှင် အားကောင်းသော အာကာသမုန်တိုင်းသည် အပေါ်သို့ ရိုက်ခတ်သွား၏။

လေထဲမှပုံရိပ်ကား အနည်းငယ်မျှပင် ကြောက်လန့်ဟန်မပြပေ။ ဧရာမပုံရိပ်သည် နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။ ထိုပုံရိပ်သည် တန်ခိုးရှင်အား အုပ်မိုးကာ အလင်းတန်းအသွင်ဖြင့် မူလနေရာမှ ပျောက်ကွယ်သွား၏။ တခဏအတွင်းတွင် သူသည် သူ့ရှေ့မှ ရန်သူထံသို့ ပြေးဝင်သွားသည်။

ခွန်ပန်ငှက်၏ထက်ရှသောအတောင်ပံများသည် ထိုအလင်းတန်းနှင့်ဆုံတွေ့သည်။ ကောင်းကင်ကိုပင် ဖုံးအုပ်နိုင်သော အတောင်ပံများသည် မဟာလမ်းစဉ်စွမ်းအားများကိုလည်း တားဆီး၏။

ဝုန်း...

ကျယ်လောင်သံတစ်ခုကို ကြားရကာ တစ်ဘက်လူ၏အရိပ်သည် ပျောက်ကွယ်သွား၏။ တဖန် သူသည် နောက်တစ်နေရာတွင်ပေါ်လာကာ နောက်ထပ် ရွှေရောင်လက်သီးချက်တစ်ခုကို ပစ်သွင်းလိုက်၏။

ကောင်းကင်ထက်တွင် နတ်လက်သီးချက်များသည် နေရာအနှံ့မှ ကျဆင်းနေခဲ့သည်။ မရေမတွက်နိုင်သောပုံရိပ်များနှင့် လက်သီးများကား နေရာတိုင်းတွင် ရှိနေသည်။

ရွှေအတောင်ပံခွန်ပင်ငှက်သည် ပြင်းထန်စွာ တုန်ခါ၏။ သူ၏နတ်သားမွှေးများမှာ မြေပြင်ပေါ်သို့ ဖရိုဖရဲကျဆင်းသည်။

ဘန်း...

နောက်ဆုံးတွင် လက်သီးချက်တစ်ချက်နှင့်အတူ ခွန်ပန်ငှက်၏ခန္ဓာကိုယ်တွင် အခေါင်းပေါက်ကြီးတစ်ခုဖြစ်သွား၏။ ထိုမှသည် အက်ကွဲကြောင်းများ အဆက်မပြတ်ဖြစ်ပေါ်လာကာ မြေပြင်ပေါ်သို့ အသက်မဲ့စွာ ကျဆင်းသည်။ အဌမအဆင့်မိစ္ဆာငှက်ကား ထိုနေရာတွင်ပင် ကျဆုံးသည်။

ထိုဆဌမအဆင့်ရန်ဟောင်သည် မည်မျှစွမ်းအားကြီးသည်ကို ခန့်မှန်းနိုင်သည်။ အနည်းဆုံး သူနှင့်အဆင့်တူအတွင်း ယှဉ်နိုင်သူ မရှိပေ။

အမှန်တကယ်အားဖြင့် ထိုလူ၏နောက်ခံမှာလည်း ထူးခြားပေသည်။ မကောင်းဆိုးဝါးအင်ပါယာသည် ဗလာနတ္တိဘုံကို အုပ်စိုးကာ ဗလာနတ္တိတောင်ကုန်းသည် တော်ဝင်မြင့်မြတ်နယ်မြေဖြစ်သည်။

ဗလာနတ္တိတောင်ကုန်းသည် မကောင်းဆိုးဝါးအင်ပါယာ၏လေ့ကျင့်ရေးနယ်မြေဖြစ်သည်။ ဘုံ၏အထူးချွန်ဆုံးသောသူများသည်သာ ဗလာနတ္တိတောင်ကုန်းတွင် လေ့ကျင့်ခွင့်ရသည်။ ထိုတန်ခိုးရှင်သည် ဗလာနတ္တိတောင်ကုန်း၏တပည့်တစ်ဦးဖြစ်ကာ မကောင်းဆိုးဝါးအင်ပါယာ၏တိုက်ရိုက်တပည့်မဟုတ်သော်လည်း ရှစ်ရှဲ့ထက် စီနီယာကျကာ ရှစ်ရှဲ့ကိုယ်တိုင်က လေးစားစွာ ဆက်ဆံရသူဖြစ်သည်။

ထိုတန်ခိုးရှင်က ရီဖူရှင်းအား ထူးမခြားနားစွာ လှမ်းကြည့်သည်။ သူ့အတွေးတွင် ရီဖူရှင်းကား သေလူဖြစ်နေလေပြီ။

ရီဖူရှင်း၏ပုံမှန်မဟုတ်သောစွမ်းရည်ကို သူက သတိထားမိ၍ သူ့အား သတ်ဖြတ်လိုခြင်းဖြစ်သည်။

ဗလာနတ္တိတောင်ကုန်းမှ တန်ခိုးရှင်က အောက်ကိုဆင်းသက်လာကာ ထပ်မံ၍ တိုက်ခိုက်လိုက်သည်။ ထိုအခိုက်တွင် ဝုန်းခနဲမြည်သံနှင့်အတူ လူရိပ်တစ်ခုသည် သူ၏လက်သီးချက်အား ခုခံလိုက်သည်။

သည်တစ်ကြိမ်ကား တစ်ဘက်ရန်သူ နောက်ဆုတ်သွားရသည်။

“မင်းသမီးရှိတဲ့နေရာကို သွားလိုက်...” ရောက်လာသူကား ကောင်းကင်နတ်တံခါးမှ ဟွားကျန့်ချန်ဖြစ်သည်။ သူသည် အဌမအဆင့်နတ်ဝင်ရိုးကို ပိုင်ဆိုင်သည်။

သို့သော်လည်း မကြာခင်က ထိုလူသည် အဌမအဆင့်နတ်ဝင်ရိုးပိုင်ရှင်တစ်ဦးအား သတ်ဖြတ်ခဲ့သည်။ ထိုအဖြစ်က ရီဖူရှင်းအား စိုးရိမ်ပူပန်စေ၏။ သူက ဟွားကျန့်ချန်ကို ပြောသည် “စီနီယာ... သတိထားပါ”

“ငါ သိတယ်” ဟွားကျန့်ချန်က ခေါင်းညိတ်သည်။ သို့သော်လည်း ကောင်းကင်နတ်တံခါး၏ခေါင်းဆောင်တစ်ဦးဖြစ်သောသူသည် ပုံမှန်အားဖြင့် တခြားတန်ခိုးရှင်များထက် သန်မာပေသည်။

ရီဖူရှင်းက အနီးတဝိုက်ကို ကြည့်လိုက်သည်။ ယန်ဓာတ်ကား နေရာအတော်များများကို ဖုံးလွှမ်းနေပြီဖြစ်သည်။ သူ့စိတ်အာရုံဖြန့်မိသောနေရာတိုင်းတွင် ယန်ဓာတ်များရှိနေသည်။

မြေပြင်မှ တုန်လှုပ်ဖွယ်အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ သည်မတိုင်ခင် မှော်နက်အဖွဲ့မှ တန်ခိုးရှင် အများအပြား မြေအောက်သို့ ဆင်းသက်သွားခဲ့ကြသည်။ သူတို့က နတ်ရတနာ မကြာခင်ထွက်ပေါ်လာတော့မည်ကို ခံစားနေကြရသည်။

အတန်ကြာတွန့်ဆုတ်နေပြီးမှ ရီဖူရှင်းသည် မင်းသမီးဒွန်ဟောင်ရှိရာသို့ သွားရမည့်အစား မြေအောက်သို့ ဆင်းသက်လိုက်သည်။

အနည်းငယ်သောသူတို့သည်သာ ယန်ဓာတ်ကြောင့် ထိခိုက်ခြင်းမရှိပေ။ ထိုအနည်းငယ်ထဲတွင် ရီဖူရှင်းလည်း ပါသည်။ ပုံမှန်အားဖြင့် ရီဖူရှင်းက အခွင့်အရေးကို လက်လွှတ်မခံလိုပေ။

“သူ့ကိုသတ်...”

ထိုအခိုက်တွင် ဟွားကျန့်ချန်နှင့်တိုက်ခိုက်နေသောတန်ခိုးရှင်က ရီဖူရှင်းကို တစ်ချက်လှမ်းကြည့်ကာ ပြောသည်။ သူက ရီဖူရှင်းအား အလွတ်ပေးလိုဟန်မရှိပေ။

သူက ပြောလျှင် တန်ခိုးရှင်အချို့က ရီဖူရှင်းနောက်သို့ ပြေးလိုက်သွားကြသည်။ ဗလာနတ္တိဘုံတွင် ထိုသူ၏အဆင့်အတန်းမှာ အတော်မြင့်မားရာ တခြားလူများက သူ့အမိန့်ကို နာခံရပေသည်။

ရီဖူရှင်းက မျက်မှောင်ကြုတ်ကာ တစ်နည်းနည်းဖြင့် စိတ်ရှုပ်ထွေးရသည်။ သူက အမြန်နှုန်းတင်လိုက်ကာ အောက်ကို ဆင်းသက်လိုက်၏။

သူ့နောက်မှ လိုက်ပါသွားသော တန်ခိုးရှင်များထဲမှ တစ်ယောက်က လက်ကို လေထဲဖမ်းဆုပ်လိုက်လျှင် လေဟာနယ်စွမ်းအားသည် ရီဖူရှင်းအား ထိုနေရာတွင် ချုပ်နှောင်ရန် ကြိုးစား၏။

ရီဖူရှင်း၏နတ်ဓားသည် အာကာသစွမ်းအားကို ဖြတ်တောက်ကာ အောက်ကို ဆက်သွား၏။ သူကား လျှပ်စီးအလား မြန်ဆန်သည်။

“ရပ်...” တစ်ယောက်က အော်ဟစ်လိုက်သည်။ နတ်ဓားများသည် လေထုကိုဖြိုခွဲကာ အောက်သို့ကျဆင်းလာပြီး ဓားမုန်တိုင်းအသွင်သို့ ဆောင်လာသည်။

ရီဖူရှင်းက ထိုဓားချက်များကို ရှောင်ရရာ အနည်းငယ် နှေးကွေးသွားရသည်။ ထိုအချိန်ခဏ၌ပင် တစ်ဘက်ရန်သူများက နီးကပ်လာ၏။ ကျင့်ကြံသူသုံးဦး ရီဖူရှင်းအနီးသို့ ရောက်လာသည်။ နှစ်ဦးမှာ အလယ်အလတ်အဆင့်ရန်ဟောင်များဖြစ်သည်။ နောက်ဆုံးတစ်ယောက်ကား သတ္တမအဆင့်ရန်ဟောင်ဖြစ်သည်။ သူတို့အားလုံးမှာ ဗလာနတ္တိတောင်ကုန်းမှ တန်ခိုးရှင်များဖြစ်ကြ၏။ သူတို့၏စွမ်းရည်များမှာ ရီဖူရှင်း ယခင် ကြုံတွေ့ဖူးသောသူများထက် သန်မာသည်။

ဝှစ်... ဝှစ်...

ရွှေရောင်အလင်းတန်းများသည် တဖျတ်ဖျတ်လက်ကာ စူးရှသောအသံကိုပေးလျှက် ရီဖူရှင်းထံသို့ ကျဆင်းလာသည်။

ရီဖူရှင်းထံမှ နတ်ဆင်ဝင်ရိုးထွက်ပေါ်လာသည်။ ရွှေရောင်နတ်ဆင်သည် ရီဖူရှင်းကို အုပ်မိုးလိုက်၏။ သို့သော်လည်း ကြောက်မက်ဖွယ်အလင်းတန်းများသည် နတန်ဆင်ကို ကျဆင်း၏။

ပုံရိပ်တစ်ခု ဖျတ်ခနဲလက်သွားသည်။ တန်ခိုးရှင်တစ်ဦးသည် အဆုံးမဲ့သော လျှပ်စီးမုန်တိုင်းထဲတွင် ပေါ်လာသည်။ နတ်လှံရှည်တစ်လက်ကို သူ့လက်တွင် ကိုင်ထား၏။ အာကာသစွမ်းအားသည် နတ်လှံကို ရစ်ပတ်ထား၏။

ထိုတန်ခိုးရှင်က လှံရှည်ကို မြှောက်လိုက်သည်။ ထိုအခိုက်တွင် သူ၏ပုံရိပ်သည် အစအနမကျန်အောင် ပျောက်ကွယ်သွားသည်။ သူက အဆုံးမဲ့သော လျှပ်စီးမုန်တိုင်းနှင့် ပေါင်းစပ်သွားဟန်တူသည်။ ယခုတိုက်ခိုက်နေသောတန်ခိုးရှင်သည် ဆဌမအဆင့်နတ်ဝင်ရိုးပိုင်ရှင်ဖြစ်သည်။ သူက တိုက်ခိုက်လျှင် ရီဖူရှင်းသည် ကြီးမားသောဖိအားကို ခံစားရ၏။

ရီဖူရှင်း၏အနီးမှနတ်ဓားများသည် တပြိုင်နက်တည်းတွင် သံစုံမြည်ဟီးကာ နတ်ဆင်များက မာန်သွင်းအော်ဟစ်သည်။ လျှပ်စီးတန်းများကျဆင်းလာလျှင် ရီဖူရှင်း၏နတ်ဓားသည် တစ်ဘက်လူ၏လှံရှည်ကို တိကျစွာ ခုတ်ဖြတ်၏။

ဓားစွမ်းအားနှင့်လျှပ်စီးတန်းတို့ အချင်းချင်းဖြတ်သန်းသွားကာ ပစ်မှတ်ကို ဆက်လက်ဦးတည်သွားကြသည်။ ရီဖူရှင်းကို ကာကွယ်ထားသော နတ်ဆင်မှာ အဆက်မပြတ် တိုက်ခိုက်မှုကို ခံရသည်။

ဘန်း...

သူ့ခန္ဓာကိုယ်ကား နောက်ကို လွင့်စင်သွားရကာ အောက်ကို ကျဆင်းသွားသည်။ အဆင့်မြင့်ရန်ဟောင်၏နောက်တွင် တန်ခိုးရှင်နှစ်ဦး လိုက်ပါလာသည်။ သူတို့က ရီဖူရှင်း ထွက်ပြေးခြင်းမရှိအောင် စောင့်ကြပ်နေကြ၏။ သည်မတိုင်ခင်က မှော်နက်အဖွဲ့မှလူများသည် ကောင်းကင်ဒေသမှ တန်ခိုးရှင်များနှင့် တိုက်ခိုက်နေကြသည်။ ဗလာနတ္တိဘုံမှ တန်ခိုးရှင်များတိုက်ပွဲသို့ ဝင်ပါလာသောအခါ ပုံမှန်အားဖြင့် ကောင်းကင်ဒေသမှတန်ခိုးရှင်များ အရေးနိမ့်လာခဲ့သည်။

ရီဖူရှင်းသည် ရွှေရောင်အလင်းတန်းများ ရစ်ပတ်ထားသည်။ သူ၏အမူအရာက သိပ်မကောင်းပေ။

သူတို့နှင့်သိပ်မဝေးသောနေရာမှ လူတစ်စု ဖြတ်သွားသည်။ သူတို့အား ဦးဆောင်လာသူမှာ ထျန်းရှင်းကျောင်းအုပ်ဖြစ်သည်။ သူတို့ကား မှော်နက်အဖွဲ့မှတန်ခိုးရှင်တစ်ဦး၏နောက်ကို လိုက်ပါနေကြခြင်းဖြစ်သည်။ သူတို့အထဲတွင် ထိပ်သီးရန်ဟောင်တချို့ပါဝင်ကြကာ ရီဖူရှင်းအား သတိပြုမိကြသည်။ သူတို့က ကျောင်းအုပ်ကို လှမ်းကြည့်ကြ၏။

ထျန်းရှင်းကျောင်းအုပ်သည် နောက်လှည့်ကြည့်ခြင်းမပြုပေ။ ဤတွင် သူ့လူများကလည်း သူ့သဘောကို နားလည်ကာ ရှေ့ကိုဆက်သွားလိုက်ကြသည်။

ရီဖူရှင်းက သူတို့ထွက်သွားရာအရပ်သို့ လိုက်မကြည့်ပေ။ သို့သော်လည်း သူတို့ဖြတ်သွားသည်ကိုတော့ သိ၏။ ရီဖူရှင်းက သိပ်အရေးမစိုက်ပေ။ သူတို့သည် မူလအားဖြင့် ကွဲပြားခြားနားသော အင်အားစုမှဖြစ်သည်။ တစ်ဘက်လူက မကူညီလိုလျှင်လည်း သူက ဂရုစိုက်နေမည်မဟုတ်ပေ။

သို့သော်လည်း ထျန်းရှင်းကျောင်းအုပ်၏အမူအရာအရ သူသည် ရီဖူရှင်းအား သဘောမကျသည်မှာ ထင်ရှား၏။

ကောင်းကင်တွင် နောက်ထပ်တိုက်ခိုက်မှုတစ်ခု ရောက်ရှိလာ၏။ ရီဖူရှင်းက တစ်ဘက်လူ၏တိုက်ခိုက်မှုကို အရှိန်ယူကာ အောက်ကို ပိုမိုမြန်ဆန်သောအရှိန်အဖြင့် သက်ဆင်းလိုက်၏။

သူ့နောက်ကို လိုက်ပါလာသော တန်ခိုးရှင်သုံးဦးက ဆက်လိုက်ကြ၏။ တစ်ယောက်က ပြောသည် “သူ့ကိုသတ်”

သူက ထိုသို့ပြောလိုက်သည်နှင့် နောက်ထပ်တန်ခိုးရှင်နှစ်ဦးက အချိန်မဆိုင်းတော့ဘဲ တိုက်ခိုက်ကြ၏။ တစ်ယောက်က လှံရှည်ကို အသုံးပြုကာ နောက်တစ်ယောက်က ဓားဖြင့် တိုက်သည်။

ဝှီး...

အာကာသရတနာခန်းမတစ်ခုပေါ်လာကာ ရီဖူရှင်းကို အတွင်းသို့ ဆွဲခေါ်သွားသည်။ ရတနာခန်းမသည် တိုက်ခိုက်မှုအများစုကို တားဆီးပေးသည်။ ပြင်းထန်စွာ တုန်ခါမှုများဖြစ်ပေါ်လာသည်။ ရတနာခန်းမသည် မြေပြင်ကို ဆောင့်နင်းကာ အောက်ကို ရွေ့လျားသွားသည်။

ထိုမြင်ကွင်းက တန်ခိုးရှင်သုံးဦးအား မျက်မှောင်ကြုတ်စေသည်။ ပြင်းထန်သောစွမ်းအားတစ်ခု သူတို့ကို ရစ်ပတ်လာ၏။ သူတို့ အနည်းငယ်တွန့်ဆုတ်နေသည်။

အားကောင်းသောယန်ဓာတ်ကို သူတို့ သိသာစွာ ခံစားရသည်။ သူတို့တွင် မြင့်မားသောကျင့်ကြံဆင့်ရှိသော်လည်း ယန်ဓာတ်၏လွှမ်းမိုးမှုကိုတော့ ခံစားရသည်။

သူတို့က ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ ရီဖူရှင်းသည် ခန်းမထဲမှထွက်ကာ မြေအောက်သို့ဆက်လက်ဆင်းသက်နေသည်ကို သူတို့ တွေ့မြင်သည်။ ရီဖူရှင်းက သူတို့အား ပြန်ကြည့်သည်။ သူ၏အကြည့်တွင် မခန့်သော ဟန်ပန်များတွေ့ရ၏။

တန်ခိုးရှင်သုံးဦးက ထိုအချင်းအရာကိုမြင်လျှင် မျက်နှာပျက်သွားကြသည်။ သူတို့၏မျက်လုံးများ ထက်ရှသွားသည်။

ရီဖူရှင်း၏အကြည့်၊ ၄င်းက သူတို့ကို စိန်ခေါ်နေသည်လား။

သို့သော်လည်း ရီဖူရှင်းတွင် အလွန်ထူးခြားကောင်းမွန်သော အကာအကွယ်ရတနာတစ်ခုရှိဟန်ရသည်။ သူတို့က ထိုရတနာကို မဖြိုဖျက်နိုင်ရာ ရီဖူရှင်းကိုလည်း ဖမ်းမိရန် မလွယ်ကူပေ။

သူတို့ ဆက်လိုက်သင့်သလော။

သူတို့ တွန့်ဆုတ်နေသည်။ တန်ခိုးရှင်နှစ်ဦးက အဆင့်မြင့်ရန်ဟောင်ကို လှမ်းကြည့်ကြသည်။ အဆင့်မြင့်ရန်ဟောင်က မြေအောက်ကို တစ်ချက်ကြည့်ကာ ပြောသည် “တစ်ခေါက် သွားကြည့်ကြတာပေါ့”

သူတို့သုံးယောက်သည်လည်း မြေအောက်တွင် မည်သို့ဖြစ်ပျက်နေသည်ကို စိတ်ဝင်စားကြ၏။ သူတို့က ဤအခြေအနေသို့ရောက်လာမှတော့ နောက်မဆုတ်လိုတော့‌ပေ။

ရီဖူရှင်းသည် မြေအောက်သို့ ဆင်းလေလေ သူ့ခန္ဓာက ယန်ဓာတ်ကို ပိုမိုစုပ်ယူလေဖြစ်သည်။ မြေအောက်၌ကား တချို့သော တန်ခိုးရှင်များ အေးခဲနေသည်ကို မြင်တွေ့ရ၏။ သူတို့မှာ ယန်ဓာတ်၏လွှမ်းမိုးမှုကို ဆက်လက်ခံနိုင်ရည်မရှိတော့ဘဲ အေးခဲသွားသူများဖြစ်သည်။

ရီဖူရှင်းသည် မြေအောက်သို့ ဆင်းသက်လေလေ အရိပ်ဘုံ၏ပင်မအမြုတေနှင့် တဖြေးဖြေးနီးကပ်လာတော့သည်။

***

All Chapters