အခန်း (၃၆)
Vol. 4 Ch. 36
နံဘေး၌ထိုင်နေသော စွင်းပိယွင်သည် ထိုသည်ကိုမြင်လိုက်ရသောအခါ ခင်ပွန်းဖြစ်သူ၏အင်္ကျီလက်ထောင့်ကို အမြန်ဆွဲ လိုက်ပြီး "ဒီနေ့ ချူးချူးကြည့်ရတာ စိတ်အဆင်မပြေဘူးနဲ့တူတယ်၊ မနက်ဖြန်ကျမှ ထပ်ရိုက်ရင်ရော ဘယ်လိုလဲ? သူက အခုမှအသစ်လေးဆိုတော့ သူ့ကိုမခြောက်ပါနဲ့"
ဒါရိုက်တာသည် စွင်းပိယွင်၏စကားကိုကြားသောအခါ သူ့စိတ်သူ အတင်းအကြပ်ထိန်းချုပ်လိုက်သော်လည်း အဆုံးတွင် မထိန်းနိုင်တော့ပဲ ရှန်းချူးချူးကိုကြောက်အောင်ခြောက်မိသွားပြန်သည်။
" ရှန်းချူးချူး! မင်းဘယ်လို ရုပ်ရှင်ရိုက်နေတာလဲ?! မင်းသရုပ်ဆောင်တာက ဘယ်လိုတောင်ပေါ့ပေါ့ပျက်ပျက်နဲ့ အလေးမထားရတာလဲ! မင်း သရုပ်ဆောင်မဖြစ်ချင်ရင် အခု ဒီနေရာကနေထွက်သွားစမ်း!"
ဒါရိုက်တာ၏စကားကြောင့် ပတ်၀န်းကျင်ရှိလူတိုင်းသည်တိတ်ဆိတ်သွားပြီး အသံတစ်သံမှမထွက်ရဲကြတော့ချေ။
ရှန်းချူးချူးသည် မျက်လုံးများကိုမှိတ်ထားပြီး အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဒါရိုက်တာရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားကာ "တောင်းပန်ပါတယ် ဒါရိုက်တာ၊ ဒီနေ့ ကျွန်မ အမှားတွေအများကြီးလုပ်ခဲ့မိပါတယ်"
"မင်း ငါ့ကို တောင်းပန်ရမှာမဟုတ်ဘူး၊ ဒါက အလုပ်ပဲ၊ အခု ပြန်သွားပြီးတော့ ဆင်ခြင်သုံးသပ်ကြည့်၊ မနက်ဖြန်ကျရင် ဒီဇာတ်၀င်ခန်းကိုပြန်ရိုက်မယ်"
ရှန်းချူးချူးသည် နက်ဖြန်ထပ်မံရိုက်မည်ဟု ကြားသောအခါ ချက်ချင်းပင်ခေါင်းမော့လိုက်သည်။ မနက်ဖြန် ရိုက်လို့မရ ဘူးလေ၊ မနက်ကျရင် သူ(မ)မှာ အရေးကြီးတာလုပ်စရာရှိသေးတယ်လေ။ သူ(မ)သည် ဒါရိုက်တာနှင့် ထပ်မှန်ညှိနှိုင်း ချင်သော်လည်း ၀န်ထမ်းများကိုပြောပြီးဖြစ်သည်။
စွင်းပိယွင်သည် ရှန်းချူးချူး၏အမူအရာကို ကြည့်ပြီး သူ(မ)ပုခုံးပေါ်လက်တင်လိုက်ကာ "ကိစ္စမရှိပါဘူး၊ သရုပ်ဆောင် တာကရေရှည်ကိစ္စလေ၊ စိတ်မပူပဲနဲ့ ဖြည်းဖြည်းလုပ်...၊ မင်း အစ်မနဲ့စကားလာပြောလည်းရတယ်၊ မိသားစုကိစ္စဆိုလည်း ရတယ်... အစ်မဆီ ရင်လာဖွင့်ချည်"
ရှန်းချူးချူးသည် စွင်းပိယွင်၏ စေသနာကိုနားသဖြင့် စိတ်ရှုပ်ထွေးစွာသာ ကြည့်လိုက်သည်။ သူ(မ)စိတ်ထဲက စကား တွေကိုဘယ်လိုပြောနိုင်မှာလဲ ? သူ(မ)တွင် သက်သေတစ်စုံတစ်ရာမရှိပဲ မည်သို့ပြောနိုင်မည်နည်း ? မနက်ဖြန်တွင် ကောင်းကင်ပေါ်မှ တစ်ခုခုပြုတ်ကျလာပြီး မင်းအသက်ကို ယူသွားလိမ့်မည်ဟုပြောရမည်လား ?
ထိုအရာကို မည်သို့ရှောင်ရမည်နည်း။ ထို့အပြင် ရှန်းချူးချူးသည် ထိုအရာဝတ္ထုမှာ မည်သည့်နေရာတွင် ပေါ်လာမည်ကို မသိချေ။ သူ(မ)ကို ဟိုတယ်မှာပဲနေခိုင်းရင်တောင် သေစေမယ့်အရာက ဟိုတယ်မှာ ရှိနေရင်ကော ?
ထိုသည်ကို စဉ်းစားမိရင်း ရှန်းချူးချူးသက်ပြင်းသာချလိုက်ပြီး တစ်လှမ်းချင်းစီကြိုးစားရန် ဆုံးဖြတ်ချက်ချလိုက်သည်။
"ရပါတယ် အစ်မ၊ ကျွန်မ မနက်ကျရင် သေချာကောင်းကောင်းရိုက်ပါ့မယ်"
စွင်းပိယွင်သည် သူ(မ)ကို ပြုံးလျက်နှစ်သိမ့်ကာ "ကောင်းပြီ ဒါဆို မင်း ဒီနေ့ထဲကကြိုတင်ပြင်ဆင်ထားလိုက်တော့"
ရှန်းချူးချူးသည် ညဘက်အိပ်ခန်းနီထိ မနက်ဖြန်ကိစ္စကို ခေါင်းထဲရောက်နေသောကြောင့် အိပ်မပျော်နိုင်လေလေ ဖြစ်ကာ သူ(မ)အလန့်တကြားပြန်နိုးလာချိန်တွင် မနက်၇နာရီတောင်ကျော်နေခဲ့သည်။ ရှန်းချူးချူးသည် ဖုန်းထဲရှိ အချိန်ကိုကြည့်လိုက်ပြီးနောက် ကုတင်ပေါ်ကနေချက်ချင်းထထိုင်လိုက်သည်။သူ(မ)သည် ဖုန်းကိုဖွင့်လိုက်ပြီး WeChat ထဲရှိ စာများကိုလှန်လျှောလိုက်ကာ စွင်းပိယွင် စတူဒီယိုကိုသွားနေပြီဆိုတာကိုတွေ့လိုက်ရသည်။
ရှန်းချူးချူးသည် ဝမ်ချမ့်ရောက်လာသောအခါ အပြင်ထွက်ဖို့အဆင်သင့်ဖြစ်နေသည်။
"ဘော့စ်... မနေ့က ဒါရိုက်တာက ဆယ်နာရီမှလို့ပြောတာမဟုတ်လို့ ဘာလို့ အစောကြီးထနေရတာလဲ"
ရှန်းချူးချူး ဖိနပ်ကိုအမြန်ဝတ်လိုက်ပြီး "ရှင်းပြဖို့ အချိန်မရှိဘူး၊ ကျွန်မအတွက် အစားအသောက်ကို စတူဒီယိုဆီပဲ ပို့ပေးပါ"
ရှန်းချူးချူးသည် လမ်းတစ်လျှောက်တွင် ကားဆရာကို အမြန်မောင်းခိုင်းလိုက်သည်။ စတူဒီယိုသို့ သူ(မ)ရောက်ရှိ သောအခါတွင် စွင်းပိယွင်၏ အရိပ်အယောင်ကိုမည်သည့်နေရာမှ မတွေ့ရသဖြင့် သူ(မ)၏ နှလုံးသားသည် ထိတ်လန့်စပြုလာသည်။ အစ်မစွင်း ဘယ်တွေသွားနေပါလိမ့်...
ရှန်းချူးချူးသည် ထိုအချိန်တွင် သူ့ကိုယ်သူမုန်းတီးလာမိသည်။ သူ(မ)သာ စွင်းပိယွင်ကို မနေ့ထဲက သတိပေးလိုက်ပါက အခုလိုဖြစ်လာမှာမဟုတ်ချေ။
ရှန်းချူးချူးသည် မိမိကိုယ်ကို အပြစ်တင်နေချိန် စွင်းပိယွင်သည် ရှန်းချူးချူးနားသို့ ရောက်လာပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလာသည် " ချူးချူးက အစ်မကိုရှာနေတယ်လို့ ရှောင်းဝမ်ကပြောတယ်၊ တစ်ခုခုဖြစ်လို့လား"
ရှန်းချူးချူးသည် ခေါင်းကိုလှည့်ကြည့်လိုက်ပြီး စွင်းပိယွင်ကို မြင်လိုက်သောအခါ ၎င်း၏လက်ကိုအမြဲဆွဲကိုင်လိုက်ပြီး သူ(မ)မျက်နှာရှိ မျက်ရည်များကိုကမန်းကတမ်းသုတ်လိုက်ပြီး
“ဘာမှမဖြစ်ပါဘူး၊ ကျွန်..ကျွန်မ အစ်မကိုရှာမတွေ့လို့လိုက်ရှာနေတာ”
စွင်းပိယွင်သည် ရှန်းချူးချူး၏မျက်နှာပေါ်ရှိ မျက်ရည်စများကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုးမေး လိုက်သည်။ "ချူးချူး ဘာဖြစ်လို့လဲ"
ရှန်းချူးချူးသည် ခေါင်းယမ်းလိုက်ပြီး "ဟင့်အင်း.. ကျွန်မ ဘာမှမဖြစ်ပါဘူး အစ်မစွင်း"
"ဒါဆို မင်းဘယ်လို့ ငိုနေတာလဲ ? ဘာလဲ ဒါရိုက်တာစွင်းက မင်းကိုဆူလိုက်ပြန်ပြီလား" စွင်းပိယွင်သည် စိတ်ပူစွာ မေးမြန်းလာသည်။
ရှန်းချူးချူးသည် ခေါင်းခါယမ်းလိုက်ပြီး တခဏတာ တိတ်ဆိတ်ကာ ၎င်း၏ စကားလမ်းကြောင်းနောက်ကိုပဲလိုက် လိုက်သည်။- "ဟင့်အင်း... ကျွန်မ ဒါရိုက်တာနဲ့တောင် မတွေ့ရသေးပါဘူး၊ ဒါက ဒီအတိုင်း ကျွန်မက ကောင်းကောင်း သရုပ်မဆောင်တက်တော့ ဒီနေ့အတွက်ဖိအားများနေလို့ပါ"
စွင်းပိယွင်သည် ထိုသည်ကိုကြားတော့မှစိတ်သက်သာရာရသွားသည်။ "ဒါဆို မင်းအစ်မကိုရှာနေတာက စကားပြောဖို့ လား? မင်း ရုပ်ရှင်မရိုက်ရသေးဘူးဆိုရင် အစ်မတို့ စကားပြောဖို့နေရာရှာရအောင်လေ"
ရှန်းချူးချူးသည်လည်း သဘောတူမည်အပြု ဝန်ထမ်းတစ်ဦးသည်ရောက်လာပြီး "ချူးချူးရေ... ဒါရိုက်တာက နာရီဝက် စောပြီးစမယ်တဲ့၊ ၉:၃၀ ကျရင် စရိုက်မှာမို့လို့ အခု အလှပြင်ရလိမ့်မယ်"
စွင်းပိယွင်သည် ထိုသည်ကိုကြားသဖြင့် "အစ်မတို့ လမ်းမှာစကားပြောလို့ရအောင် အတူလိုက်ခဲ့မယ်"
ရှန်းချူးချူးသည် တုံ့ဆိုင်းသွားပြီးနောက် "ကောင်းပါပြီ"
ပုံမှန်ဆိုပါက ရှန်းချူးချူးသည် အခြားသူများ၏အချိန်ကို မနှောင့်နှေးစေချင်သောကြောင့် ထိုအရာကို သဘောတူမည် မဟုတ်သော်လည်း ယနေ့တွင် ၎င်း ကွယ်လွန်မည့်ရက်ဖြစ်နေသောကြောင့် သူ(မ) မျက်စိအောက်မှ မပျောက်စေချင်ပင်။ သူ(မ)သည် စွင်းပိယွင် ရုတ်တရက်သေသွားတာကိုမကြည့်ချင်ပေ။
ရှန်းချူးချူးရိုက်ကွင်းစသည်နှင့် စွင်းပိယွင်သည် ဒါရိုက်တာ၏ဘေးတွင် ၀င်ထိုင်လိုက်သည်။
ရှန်းချူးချူးသည် သူ(မ)ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင်ထိန်းကာစတင်ရိုက်ကူးခဲ့သည်။ စွင်းပိယွင် သည် သူ(မ)အား စကားများစွာပြောပေးခဲ့သဖြင့် သူ(မ)အား ခွန်အားပေးသည်။ ၎င်း၏ အသံသည် မှော်ဆန်စွာပင် အလုပ်ဖြစ်သည်။ ယခုအချိန်တွင် သူမ၏ နှလုံးသားသည် ယခင်ကကဲ့သို့ မတုန်လှုပ်တော့ချေ။ ဤဇာတ်ဝင်ခန်းကို မြန်မြန်ပြီးသည်နှင့် သူ(မ)လည်း စွင်းပိယွင်နှင့် တစ်နေကုန်နေလို့ရပြီဖြစ်သည်။
ပထမရိုက်ချက်နှင့် ဒုတိယရိုက်ချက်သည် ရိုက်ရန်အလွန်လွယ်ကူသည်။ ဒါရိုက်တာသည် ယနေ့ရှိ ရှန်းချူးချူး၏ အခြေအနေကိုအတော်လေးကျေနပ်နေသည်။ သူ(မ)သည် သိပ်အကောင်းကြီးမဟုတ်သော်လည်း ကြီးကြီးမားမား အမှားတော့မလုပ်ခဲ့ချေ။ ရှန်းချူးချူးလည်း ထိုကဲ့သို့တိုးတက်မှုအတွက် အနည်းငယ်သက်သာရာရသွားသည်။
တတိယမြောက်ရိုက်ချက်သည် မကြာခင် ရိုက်ကူးတော့မည်ဖြစ်သည်။ ထိုဇာတ်ကွက်သည် ဇာတ်လမ်းတစ်ခုလုံး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ရှန်းချူးချူးသည် မနေ့တွင် အလွန်အမင်း စိုးရိမ်ပူပန်နေသောကြောင့် မည်သို့ကြိုးစားစား မငိုနိုင်ခဲ့ချေ။ သို့သော် ယနေ့တွင် သူ(မ)သည် စိုးရိမ်မှုမှာရှိဆဲဖြစ်သော်လည်း စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်သောကြောင့် ထိုအပိုင်းသည်လည်း ချောချောမွေ့မွေ့ ရိုက်ကူးသွားမည်ဖြစ်သည်။
ရှန်းချူးချူးသည် သရုပ်ဆောင်နေရာမှ စွင်းပိယွင်မှာ မူလနေရာတွင်ထိုင်မနေသည်ကို ရုတ်တရက် တွေ့ရှိလိုက်သော ကြောင့် သူ(မ)အမူအရာသည် ပျက်ပြားသွားသဖြင့် ရိုက်ချက်သည်လည်းပျက်စီးသွားရသည်။ ဒါရိုက်တာသည် ရှန်းချူးချူးကိုစိုက်ကြည့်ရုံသာကြည့်နေသဖြင့် အနီးနားရှိဝန်ထမ်းများသည်လည်း မည်သည့်အရာများဖြစ်လာမည်ကို မတွေးနိုင်တော့ချေ။
ရှန်းချူးချူးသည် ဒါရိုက်တာ၏အကြည့်ကိုပင် သတိမမူနိုင်ပဲ သူ(မ)၏ နှလုံးသားသည် ထိတ်လန့်စပြုလာကာ မနက်ခင်းတွင် စွင်းပိယွင်ကိုမတွေ့ရသည့်အချိန်ထက်ပင် ပို၍ ထိတ်လန့်မိသွားသည်။ မကြာခင်တွင် တစ်ခုခုဖြစ်လာ တော့မည်ဟု သူ(မ)ခံစားရသည်။ အစ်မစွင်း ဘယ်မှာလဲ? သူဘယ်နေရာမှာ ရှိနေလိမ့်မလဲ? သူ(မ)၏ မျက်လုံးများသည် စွင်းပိယွင်၏ ပုံပန်းသဏ္ဍာန်ကိုစတင်ရှာဖွေနေခဲ့သည်။
အဆုံးတွင် ရှန်းချူးချူးသည် စွင်းပိယွင်ကိုရှာတွေ့သွားကာ ထိုနေရာသည် ပစ္စည်းများပြုတ်ကျမည့် အန္တရာယ်မရှိသော ကြောင့် သူ(မ) စိတ်သက်သာရာရသွားသည်။
သို့သော် ရှန်းချူးချူးသည် ထိုနေရာနှင့် မဝေးမနီးတွင် အရာတစ်ခုကိုမြင်လိုက်ရသောကြောင့် သူ(မ) မျက်နှာမှာ ချက်ချင်းပြောင်းလဲသွားသည်။
"ရှန်း……"
ဒါရိုက်တာသည် ရှန်းချူးချူး၏နာမည်ကိုမခေါ်ရသေးခင် ရှန်းချူးချူးသည် လေပွေအလား အရှေ့သို့တဟုန်ထိုးပြေး ထွက်သွားသည်။ ထိုစဉ် ဒါရိုက်တာသည်လည်း ရှန်းချူးချူးပြေးသွားသည့် လမ်းကြောင်းကိုမြင်လိုက်ရသဖြင့် သူ၏ နှလုံးခုန်သံပါရပ်လုနီးပါးထိတ်လန့်သွားကာ မြင်သမျှအရာအားလုံးကိုတွန်းဖယ်ကာ အရှေ့သို့တဟုန်ထိုးပြေးထွက်သွား လိုက်သည်။
သို့သော် ထိုနေရာသို့ ဒါရိုက်တာမရောက်သေးမှီ အသံအကျယ်ကြီးကိုကြားလိုက်ရသည်။ ရိုက်ကွင်းရှိ လူတိုင်းသည် အသံလာရာဘက်ကိုလှည့်ကြည့်လိုက်သည်။
အသံလာရာသည် ရိုက်ကွင်းရေးပိုင်း၏အစွန်အဖျားတွင်ရှိကာ ထိုအနီးတစ်ဝိုက်တွင် ဆောက်လုပ်ရေးရှိသောကြောင့် အလွန်ရှုပ်ထွေးနေသည်။ ၎င်းတို့သည် ဖုန်မှုန့်များကြောင့် မတ်တပ်ရပ်နေသော လူတစ်ယောက်၏ပုံပန်းသွင်ပြင်သာ မြင်ရသည်။ ခန္ဓာကိုယ်အချိုးအစားကိုအကဲခတ်ပါလျှင် ထိုသည်မှာဒါရိုက်တာဖြစ်ပေမည်။
ရှန်းချူးချူးသည်လည်း ပျောက်ကွယ်နေကာ ထိုအရာကို စောစီးစွာသတိပြုမိသူများသည် စွင်းပိယွင် ပျောက်ကွယ်နေ သည်ကိုလည်းတွေ့လိုက်ရသည်။ မကြာခဏသေဆုံးနေရသော ရှောင်စုန့်အပြင် လူတိုင်းသည် အချိန်အတိုင်းအတာ တစ်ခုအထိ တုန်လှုပ်နေကြသည်။
စွင်းပိယွင်သည် မည်သည့်အရာကိုမှမသိပဲ ရှန်းချူးချူးနှင့်အတူ မြေပြင်ပေါ်သို့လုံးထွေးသွားသည်။ သူ(မ)သည် ရှန်းချူးချူးအား မမေးမြန်းသေးခင် လေးလံသော အရာဝတ္ထုတစ်ခု မြေပြင်ပေါ်သို့ ရိုက်ခတ်လိုက်သည့်အသံကို ကြားလိုက်ရသည်။ ရုတ်တရက်ကျယ်လောင်သောထိုအသံကြောင့် ဖုန်းကွဲသွားသောအသံသည် သိသိသာသာပင် တိမ်မြုပ်သွားသည်။
ဖုန်မှုန့်များ လွင့်ပျံလာပြီး သဲတစ်ချို့ပင် သူ(မ)မျက်လုံးထဲသို့၀င်သွားသည်။
မှုန်ဝါးသော မြင်ကွင်းမှတစ်ဆင့် သူ(မ)နှင့် တစ်မီတာလောက်သာ ကွာဝေးသည့်နေရာတွင် လေးလံသော ကျောက်တုံး ကြီးတစ်ခုကျရောက်နေခဲ့သည်။ ထို့အပြင် ထိုနေရာသည် သူ(မ)ယခင်က ရပ်နေသည့်နေရာပင်။ သူ(မ)၏ လက်ကိုင်ဖုန်း သည် ထိုနေရာတွင်ပြုတ်ကျလျက်ရှိသည်။ ချူးချူးသာ သူ(မ)ကိုမတွန်းလှဲခဲ့ရင်... ထိုသည်ကို တွေးမိပြီးနောက် သူ(မ) နှလုံးသားတစ်ခုလုံးခုန်ထွက်လာလုမတက်ပင်။
သူ(မ)မျက်နှာပေါ်သို့ အေးစက်သော ခံစားချက်တစ်ခုကိုခံစားမိလိုက်သောကြောင့် သူ(မ) မော့ကြည့်လိုက်ရာ သူ(မ)အ ပေါ်တွင် ဖိ၍ထားသောမိန်းကလေးသည် အမှန်တကယ်ငိုနေလေသည်။
ရှန်းချူးချူးသည် တစ်လခွဲကြာထမ်းပိုးခဲ့ရသော ဖိအားများအောက်မှ အဆုံးတွင် အနားယူနိုင်ခဲ့သည်။ ကောင်းလိုက် တာ... သူ(မ) လူတစ်ယောက်ကိုကယ်နိုင်ခဲ့ပြီ!။ ထိုသို့သောရလဒ်ကြောင့် သူ(မ)ရရှိခဲ့သော ဖိအားများမှာ အချည်းနှီး မဟုတ်တော့ချေ။
"ရပါတယ်... အဆင်ပြေသွားပြီ၊ အစ်မ နည်းနည်းပဲလန့်သွားတာပါ"
စွင်းပိယွင်သည် ရှန်းချူးချူး၏ငိုနေသောမျက်လုံးများကို ကြည့်ပြီး သူ(မ)မျက်လုံးများလည်းစိုစွတ်လာသည်။ ထို့နောက် သူ(မ)သည် မည်သည့်စကားမှမဆိုတော့ပဲ တစ်စုံတစ်ယောက်ဆီသို့ပြေးသွားခဲ့သည်။ ထိုလူသည် ပြိုလဲကျမတက် ရပ်နေကာ ရုတ်တရက်မြေပြင်ပေါ်သို့ပစ်လဲကျသွားသည်။
ရှန်းချူချူသည် ထိုလူမှာဒါရိုက်တာဖြစ်သည်ကိုမြင်လိုက်ပြီး စွင်းပိယွင်မှာ ၎င်းဆီသို့မြန်မြန်ပြေးသွားလိုက်သည်။ ဒါရိုက်တာသည် မျက်ရည်များကိုသုတ်လိုက်ကာ စွင်းပိယွင်ရောက်လာသည်ကိုပင်မစောင့်ပဲ သူလည်းပြေးသွားလိုက်ပြီး စွင်းပိယွင်ကိုပွေ့ဖက်လိုက်သည်။ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်တင်းကြပ်စွာဖက်ထားကြရင်း မည်သူမှစကားမဆိုခဲ့ကြချေ။
ရှန်းချူးချူးသည် ထိုလူ၏မျက်လုံးထောင့်မှ မျက်ရည်များလှိမ့်ဆင်းလာသည်ကိုမြင်လိုက်ရသည်။