အခန်း (၅၅)
Vol. 6 Ch. 55
ဒါရိုက်တာမှ ရိုက်ကူးရေးစမည်ဟုပြောသည်နှင့် ချင်ယင်ရန်သည် သူ(မ)အပေါ် ဒေါသတကြီးမဆက်ဆံရုံသာမက အလွန်ပင်ယဉ်ကျေးနေခဲ့သည်။ ထိုသည်မှာ ရှန်းချူးချူးအားနေရခက်စေခဲ့သည်။ အနိုင်ကျင့်ဖို့က အဲ့လောက်ကြီးခက်လို့များလား...
ချင်ယင်ရန်၏ပူးပေါင်းဆောင်ရွက်မှုကြောင့် NG အနည်း ငယ်ဖြစ်ရုံမှအပ ချောချောမွေ့မွေ့ပြီးသွားခဲ့သည်။
ထို့နောက် အခြားအဖွဲ့သားများ၏ အလှည့်ရောက်ရှိသွားသည်။ ချင်ရင်ရန်သည် သူ(မ)အား ပထမနေ့တွင် ဆက် ဆံပုံကြောင့် မစ္စဝေ့မှလွဲ၍ အခြားသူများသည် သူ(မ) အားစာနာနေကြသည်။ သူ(မ)သည် အဆုံးတွင် ဒါရိုက် တာချန်၏မွေးစားသမီးဖြစ်သည်။ ဒါရိုက်တာတစ်ယောက်ဆိုသည်မှာ ဤအသိုင်းအဝိုင်းတွင် အရေးပါသူဖြစ်ပြီး သာမန်လူများအလွယ်တကူမထိပါးဝံ့ပေ။
ထို့ကြောင့် ဤနှစ်လအတွင်းတွင် ရှန်းချူးချူးသည် ကျန်းရန်နှင့် ဟဲချန်တို့၏ဆက်ဆံရေးကို တိတ်တဆိတ်ကြည့်ရှုလျက် နေ့ရက်များသည် အလွန်ပြည့်စုံစွာချောချောမွေ့မွေ့ရှိနေခဲ့သည်။
ယနေ့တွင် ရှန်းချူးချူးသည် အနားယူခန်းထဲတွင် ထိုင်နေပြီး သူ(မ)ဇာတ်ကောင်၏ ဇာတ်ညွှန်းကိုကြည့်နေခဲ့သည်။ ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်သည် သူ(မ)အား ဝမ်းသာအားရခေါ်လိုက်သောကြောင့် သူ(မ) မော့ကြည့်လိုက်သည်။
"ချူးချူးရေ ကြည့်ပါဦး၊ မင်း သရုပ်ဆောင်ခဲ့တဲ့ဇာတ် ကားက Box Office ဘီလီယံချီသွားပြီ"
ရှန်းချူးချူးသည် ထိုစကားကိုကြားသောအခါတွင် သူ(မ)၏ဖုန်းကိုဖွင့်ကာ အချိန်နှင့်တစ်ပြေးညီတရိပ်ရိပ်တိုးနေသော Box Office ကိုကြည့်လိုက်သည်။ သူ(မ)၏ မျက်နှာတွင်လည်း အပြုံးတစ်ခုဖြစ်တည်လာပြီး- "ဒီလိုဆိုရင် ငါ့ရဲ့ပထမဆုံးရုပ်ရှင်က ဘီလီယံကျော်သွားတယ်လို့ပြောလို့ရတာပေါ့"
ဟဲချန်၏မျက်ခုံးများသည် ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
"ဒါ နည်းနည်းကြွားရာရောက်ပေမဲ့ အဲ့လိုပဲပေါ့"
ရှန်းချူးချူးနှင့် ဟဲချန်တို့သည် ရုပ်ရှင်နှစ်ခုတွဲရိုက်ထားပြီးဖြစ်သည်။ ၎င်းတို့နှစ်ယောက်သည် တစ်ဦးနှင့်တစ်ယောက်ရင်းနှီးပြီးသဖြင့် ၎င်းတို့ကြားတွင် စကားများစွာ ပြောရန်မလိုအပ်ချေ။
"ကျေးဇူးတင်ပါတယ် ဟဲချန်ကော၊ ဒါပေမယ့် ကျွန်မလိုလူသစ်တစ်ယောက်အတွက်တော့ ဒါ မျက်နှာသာပေးတာပဲ၊ ကျွန်မ အပြင်မသွားဘူးလို့ကျိန်တယ်"
၎င်းတို့နှစ်ယောက်သည် အတန်ကြာ ထွေလီထွေရာများပြောပြီးနောက် ဟဲချန်သည် ရိုက်ကူးဖို့အတွက်သွား ရောက်ပြင်ဆင်ခဲ့သည်။ ထိုစဉ်ကျန်းရန်သည် သူ(မ) အနားသို့ရောက်လာသည်။
"နင် ဘာတွေဒီလောက်ပျော်နေတာတုန်း၊ ငါ့ကိုရော နည်းနည်းလောက် မမျှဝေချင်ဘူးလား" ကျန်းရန် ပေါ့ပေါ့ပါးပါးမေးလိုက်သည်။
ရှန်းချူးချူးသည် စနစ်ကြောင့် ကျန်းရန်နှင့် ဟဲချန်တို့ကြားရှိ ခံစားချက်များကိုသိရှိသဖြင့် ကျန်းရန်၏မေးခွန်းကိုပေါ့ပေါ့တန်တန်သဘောမထားဝံချေ။
"အဲ့တာ ငါ သရုပ်ဆောင်ထားတဲ့ The World ဆိုတဲ့ရုပ် ရှင်က Box Office တစ်ဘီလီယံကျော်သွားလို့လေ"
ကျန်းရန်က "ဂုဏ်ယူပါတယ်! တစ်ဘီလီယံကျော်ဖို့ဆိုတာ တကယ်မလွယ်ဘူး"
ရှန်းချူးချူးသည် ခဏလောက်စဉ်းစားပြီး ပြုံးကာ "ဒါ ငါ့ အတွက်လည်းဂုဏ်ယူစရာပဲ၊ ဒါပေမယ့် ငါက အဲဒီထဲမှာဖြတ်သွားဖြတ်လာ ဇာတ်ကောင်လေးလေ၊ ငါတို့ရဲ့ အဓိကဇာတ်လိုက်ကြီး ဟဲချန်ကောကမှ အဲ့ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်ဆိုတော့၊ နင် တကယ်ချီးကျူးရမှာက သူ့ကိုပဲ"
ထို့နောက် ရှန်းချူးချူးသည် ကျန်းရန်၏မျက်နှာကို ဂရုတစိုက်စိုက်ကြည့်နေသည်။ ကျန်းရန်၏မျက်နှာသည် စိတ်မသက်မသာဖြစ်စွာ အုပ်မှိုင်းနေလျက်
"အဲ့အတွက် သူ့ကိုတကယ်ချီးကျူးရမှာပေမဲ့ သူ အရင်ကလည်း Box Office တွေအများကြီးရခဲ့တဲ့ ရုပ်ရှင်တွေရှိတာပဲလေ၊ အဲ့တော့ ငါဂုဏ်ပြုပေးစရာဘယ်လိုမှာလဲ"
ရှန်းချူးချူး ပြုံးပြီး "ဘယ်လိုလို့ဖြစ်နိုင်မှာလဲ တခြားတစ်ယောက်ယောက်က ချီးကျူးတာနဲ့ နင်ချီးကျူးတာက တူမှမတူတာ၊ တစ်ခြားသူကိုဆိုရင် သူ ဂရုစိုက်မှာမဟုတ်ပေမဲ့ နင်သာ ချီးကျူးရင် သူ ပျော်နေလိမ့်မယ်"
ကျန်းရန်သည် ရှန်းချူးချူး၏စကားကြောင့် အံ့အားသင့်သွားပြီး "တကယ် ? နင် ဘာလို့ အဲ့လိုထင်တာလဲ ?"
ရှန်းချူးချူးသည် အံ့သြဟန်ဆောင်ပြီး "ဒါပေါ့.. ဟဲချန်ကောက သူရိုက်ကူးနေတဲ့ မူရင်းစာရေးဆရာရဲ့ထင်မြင် ချက်ကို ဘယ်လောက်ထိအာရုံစိုက်လဲဆိုတာ နင်သတိမထားမိဘူးလား၊ နင် သူ့ကို ပိုအရေးစိုက်လေလေ သူ ရိုက်ကူးတာတွေကအစ ပိုပြီးကောင်းလာလို့ ဒါရိုက်တာထျန်းကတောင် ချီးကျူးနေသေးတယ်"
"ဟုတ်...ဟုတ်လို့လား ?" ကျန်းရန် တွေဝေစွာမေးလာသည်။
"ဟုတ်ပါတယ်ဆို အမှန်ပဲ။"
ရှန်းချူးချူး အလေးအနက်ပြောလိုက်သည်။
"အဲ့လိုဆိုတိုင်း ငါက ဘာလို့သူ့ကို ချီးကျူးပေးရမှာလဲ" ကျန်းရန် အထွန့်တက်လိုက်သည်။
ရှန်းချူးချူးသည် မေးစရာတစ်ခုရှိနေသောကြောင့် အချိန်နှင့်အခါကို ချိန့်ချင်စဉ်းစားလိုက်ကာ ယခုလေထုသည် အတော်လေးစည်းချက်ညီနေသဖြင့် မနေနိုင်စွာ မေးလိုက်မိသည်။
"ငါ အရင်ထဲက မေးချင်နေတာကြာပြီ၊ နင်ဘာလို့ ဟဲချန် ကောကို အဲ့လောက်တောင်အမြင်မကြည်နေတာ ဘာလို့... အွန်း?"
ကျန်းရန်သည် ရှန်းချူးချူး၏ပါးစပ်ကိုဆွဲပိတ်လိုက်ရာ ၎င်းမှာ အဘယ့်ကြောင့် ထိုသို့တွေးနေသည်ကို သူ(မ) လည်း အဖြေမရှာနိုင်ချေ။
"ဘာကို အမြင်မကြည်ရမှာလဲ ? သူကို ဘယ်သူက အဲ့လိုပြောဖို့ ပြောလို့လဲ"
"အိုး... သူ ဘာပြောခဲ့လို့လဲ"
ကျန်းရန်သည် ရှန်းချူးချူးကိုကြည့်ကာ ဘေးပတ်၀န်းကျင်ကို ကြည့်လိုက်ပြီး စိတ်ဆိုးစွာဖြင့်
"သူက ငါ့ရဲ့ ကလောင်နာမည်ကိုလှောင်နေတာလေ၊ နင် ဆိုရင်ရော ဘယ်လိုပြောမလဲ ? ငါက ချော်ရည်ကြီးလား၊ ဒါမှမဟုတ် မီးတောင်ကြီးလိုဒေါသကြီးတဲ့ အာသာလို့ ပြောမှာလား ?"
ရှန်းချူးချူးသည် ထိုသည်ကိုကြားသောအခါ ရယ်ချင်ပက်ချင်ဖြစ်သွားရသည်။ ထိုအရာသည် ၎င်းတို့တွေ့ဆုံခဲ့သည် ကံကြမ္မာဖြစ်ပုံရသည်။ အမှန်ပင် အံဩစရာပင်၊ သို့သော် ကျန်းရန်၏ဒေါသတကြီးအကြည့်ကို ကြည့်ပြီး ရှန်းချူးချူးသည် တက်နိုင်သမျှမရယ်မိအောင်ထိန်းထားရသည်။
ထို့နောက် ကျန်းရန်သည် ဟဲချန်အားပြစ်တင်ရှုံချနေသည့်စကားများကို နားထောင်ရင်း သူ(မ)မျက်နှာသည် ပြုံးစိစိဖြစ်လာတော့သည်။
"ချူးချူး.. နင်လည်း မကောင်းဘူး၊ ငါပြောနေတာကို နင်ကရယ်နေတယ်ပေါ့" ကျန်းရန်သည် မခံချိမခံသာညည်း ညူလိုက်သည်။
ရှန်းချူးချူးသည် အံ့အားတကြီး သူ(မ)မျက်နှာသူ ထိမိလိုက်ပြီး "ဟင့်အင်း... ငါ မရယ်ပါဘူးနော်"
ကျန်းရန်သည် ရှန်းချူးချူးအား သုန်မှုန်စွာတစ်ချက်ကြည့်လိုက်ပြီး "အဲ့မှာရယ်နေ၊ ရယ်နေ၊ ငါက မမြင်ဘူးဆိုတော့"
ကျန်းရန်သည် အမှန်တကယ် စိတ်ဆိုးနေသည်မဟုတ်ကြောင်း ရှန်းချူးချူးသိပေသည်။ သို့ဖြစ်ရာ သူ(မ) သည် ရှင်းမပြလိုက်ပဲ ပြုံးလျက်သာပြောလိုက်သည်။
"နင်နဲ့ ဟဲချန်ကောကြားမှာ ရေစက်လေးတွေရှိတယ်လို့မထင်ဘူးလား၊ အခုဟာက မသိရင် ၀တ္ထုထဲက ဇာတ်၀င်ခန်းအတိုင်းပဲ"
ကျန်းရန်သည် ထိုစကားကိုကြားသောအခါ သူ(မ)၏ ကျဆင်းနေသော ဆံပင်များကို မှုတ်ထုတ်လိုက်ပြီး
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ?"
ရှန်းချူးချူးသည် ထပ်မံပြောချင်သော်လည်း ၀န်ထမ်းများသည် သူ(မ)ကို ရုပ်ရှင်ရိုက်ရန် အချက်ပြနေသည်ကို မြင်လိုက်ရသဖြင့် ပြုံးရုံသာပြုံးကာ
"ရေစက်ဆိုတာ ရေစက်ပဲ၊ ငါအခု ရုပ်ရှင်သွားရိုက်ရတော့မှ နောက်မှ ငါတို့ထပ်ပြီးပြောကြတာပေါ့"
ရှန်းချူးချူးသည် ရုပ်ရှင်ရိုက်နေစဉ်တွင် ချင်ယင်ရန်ကိုမြင်လိုက်ရသည်။ သူ(မ)သည် ချင်ယင်ရန်ကို မတွေ့ရသည်မှာ ရက်အတော်ကြာပြီဖြစ်သည်။ ချင်ယင်ရန် သည် ဤရုပ်ရှင်တွင် ဇာတ်ပို့တစ်ဦးသာဖြစ်ပြီး ဇာတ်ကွက်များစွာမပါ၀င်ချေ။ မူလတွင် ၎င်း၏ အခန်းများကို သုံးရက်အတွင်းအပြီးသတ်ရန် စီစဉ်ထားသော်လည်း အလယ်ပိုင်းရှိအခက်အခဲအချို့ကြောင့် နှစ်ရက်ကြာနှောင့်နှေးခဲ့ရသည်။ ဤတစ်ကြိမ်သည် ၎င်း၏နောက်ဆုံးဇာတ်၀င်ခန်းဖြစ်သည်။ ကံကောင်းထောက်မစွာ ဤအပိုင်းသည် ရှန်းချူးချူးနှင့်ဘာမှမဆိုင်ချေ။ သို့ဖြစ်ရာ ၎င်းနှင့် တွေ့ဆုံစရာမလိုချေ။
ထိုစဥ် သူ(မ)တို့နှစ်ယောက်သည် အကြည့်ချင်းစုံသွားသဖြင့် ပြုံးပြလိုက်ကာ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။
ရှန်းချူးချူး၏ ဇာတ်၀င်ခန်းသည် ညနေပိုင်းတွင် ရိုက် ကူးခဲ့သည်။ ရှန်းချူးချူးသည် အလယ်နေရာတွင် အမှားတစ်ချို့ကို လုပ်မိခဲ့ပြီး အချိန်တစ်ချို့ ဖြုန်းမိခဲ့သည်။ သူ(မ)သရုပ်ဆောင်ပြီးနောက် ပင်ပန်းနွမ်းနယ်နေသည့် ခန္ဓာကိုယ်ကိုဆွဲကာ အဝတ်အစားလဲဖို့ သွားလိုက်သည်။ ထိုအခါလော့ကာခန်းထဲမှ အတင်းပြောသံများကို သူ(မ) ကြားလိုက်ရသည်။
"ဟဲ့.. ဒါက ချင်ယင်ရန်ရဲ့ဟာမဟုတ်လား သူမေ့ကျန်သွားတာလား" ဝန်ထမ်းတစ်ဦးမှ ပြောလိုက်သည်။
တစ်ဖက်ရှိတစ်စုံတစ်ယောက်သည် တိုးတိုးဖြင့်ပြောလာသည် "ဟင့်အင်း... သူ မထွက်သွားသေးဘူး၊ တစ် ယောက်ယောက်က သူ့ကိုလာခေါ်တယ်လို့ ငါကြားတယ်"
"အာ.. ဘယ်သူလဲ ?"
"ဘယ်သူ ဖြစ်ရမှာလဲ၊ အခုလက်တလော သူနဲ့သတင်းထွက်နေတဲ့ Han Group က CEO ဟန်ပေါ့"
"ဘာ ? Han Groupက CEO ဟန် ? အဲ့ဒီလူချောလေးလား ?"
"ဒါပေါ့၊ သူကလွဲပြီး ဘယ်သူဖြစ်နိုင်မှာလဲ၊ ငါကအစက အဲ့ဒီအတင်းအဖျင်းတွေကို အတုလို့ထင်ထားတာ အခုတော့ အဲ့ဒီ CEO ကြီးက တကယ်ကြီးရောက်ချလာတယ်လေ၊ သူက ချင်ယင်ရန်နဲ့တွဲနေတာပဲ၊ ငါတော့ အရမ်းအားကျတာပဲ"
"ဟုတ်တယ်၊ သူက တကယ့်ကို ချောတဲ့လူကြီးမင်းဟန်ပဲ အား..၊ လီကျဲရေ သူတို့အခုဘယ်မှာလဲဆိုတာ နင်သိလား၊ ငါဘေ အဲ့ CEO ကြီးကို အပြင်မှာမြင်ဖူးချင်လိုက်တာ၊ အပြင်မှာ သတင်းထောက်တွေ ရိုက်ထားတဲ့ပုံထက် ပိုချောလားမသိဘူး"
.....
ရှန်းချူးချူးသည် မျက်မှောင်ကြုတ်မိသွားပြီး ဝန်ထမ်းများ၏စကားများကိုပိုကြားလေလေ သူ(မ)စိတ်သည် ပိုတုန်လှုပ်သွားခဲ့သည်။ သူ(မ) မိတ်ကပ်ဖျက်နေသည်ကိုပင်မေ့လျော့သွားပြီး လက်ထဲရှိဂွမ်းစသည် လွတ်ကျသွားခဲ့ကာ သူ့လက်သည်းများသည် မျက်နှာပေါ်သို့ ရောက်ရှိသွားသဖြင့် ပင့်သက်ရှိုက်လိုက်ရသည်။
"အာ့!"
ပစ္စည်းများနေရာချနေသောဝမ်ချမ့်သည် ရှန်းချူးချူးကိုကြည့်ကာ ပြာပြာသလဲပြောလာသည်။
"ဘော့စ် ဘာဖြစ်လို့လဲ၊ မင်း မျက်နှာကိုကုတ်မိတာလား၊ အဲ့လက်နဲ့မထိတော့နဲ့၊ ကျွန်မ ဆေးဖို့အတွက် ရေသန့်ယူပေးမယ်"
ရှန်းချူးချူးသည် မှန်ထဲမှ သူ(မ) မျက်နှာကို ကြည့်ကာ
"ဘာမှမဖြစ်ဘူး၊ သွေးမထွက်သွားပါဘူး၊ ငါ မိတ်ကပ်ပဲဖျက်လိုက်မယ် စိတ်မပူနဲ့"
"ဒါပေမယ့် ဘော့စ်မျက်နှာက.."
"ဘာမှမဖြစ်ဘူး ငါအဆင်ပြေပါတယ်"
ရှန်းချူးချူးသည် ဂွမ်းစကို ကောက်ကိုင်လိုက်ကာ မိတ်ကပ်ဆက်ဖျက်နေလိုက်သည်။
ဝမ်ချမ့်သည် ရှန်းချူးချူး၏စကားကို သဘောမတူချင်သော်လည်း သူ(မ)မည်သည့်ပြောပါစေ မရကြောင်းသိပေသည်။ ယခုအချိန်တွင် ဘော့စ်၏ စိတ်အခြေအနေသည် သိပ်မကောင်းသည့်ဟန်ပင်။ ၎င်းသည် ရုပ်ရှင်ရိုက်သည့်အချိန်တုန်းကတောင် စိတ်ကြည်နေသေးပြီး ယခုအခါမှ အဘယ့်ကြောင့်ဆိုးရွားသွားရသနည်း။
ရှန်းချူးချူးသည် သိပ်မကြာခင်တွင် မိတ်ကပ်ဖျက်ခြင်းပြီးဆုံးသွားသည်။ သူ(မ)သည် လက်ကိုင်မှန်လေးကိုကိုင်ကာ သူ(မ)မျက်နှာပေါ်ရှိ အနီစင်းလေးကိုတစ်ချက်စစ် ဆေးလိုက်ပြီး ပေါက်ပြဲမသွားသည်ကိုအတည်ပြုနိုင်လိုက်သည်။ ထိုအစင်းလေးသည် သေချာမကြည့်ပါက မမြင်ရချေ။
ရှန်းချူးချူးသည် မှန်ကိုချလိုက်ပြီး အရှေ့ရှိ မှန်အကြီးကြီးကိုကြည့်လိုက်ကာ မိတ်ကပ်အနည်းငယ်လိမ်းရန်ပင် အစီအစဉ်မရှိသောကြောင့် ဒဏ်ရာပိုးမ၀င်နိုင်လောက်ချေ။
ရှန်းချူးချူးသည် တံခါးကိုဖွင့်ကာ ဝမ်ချမ့်နှင့်ထွက်လာခဲ့သည်။
'ရန်သူတွေက လမ်းကျဉ်းကျဉ်းထဲမှာ တွေ့တက်တယ်' ဟူသော စကားပုံကဲ့သို့ပင် သူ(မ)တို့နှင့်မနီးမဝေးတွင် ချင်ယင်ရန်သည် လက်ထောက်တစ်ဦးနှင့်အတူလျှောက်လာသည်ကို မြင်လိုက်ရပြီး ရှန်းချူးချူးကိုပြုံးပြလာသည်။ ထိုသည်သာမက ချင်ယင်ရန်သည် ရှားရှားပါးပါး နှုတ်ဆက်လာသည်။
"ချူးချူး.. ပြန်တော့မှာလား ?"
ရှန်းချူးချူး ပြန်ပြုံးပြနှိုင်အောင် အစွမ်းကုန်ကြိုးစားလျက် "အင်း...ပြန်တော့မှာ"
၎င်းတို့သည် ရိုးရိုးရှင်းရှင်း နှုတ်ဆက်ပြီးနောက် ထွက်ခွာလာခဲ့သည်။
ရှန်းချူးချူးသည် သူ(မ)ကားထားသည့်နေရာသို့ရောက်သောအခါ ထိုနေရာတွင် လူနှစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်သည် အနည်းငယ်မှောင်နေသောကြောင့် ထိုနှစ်ယောက်သည် မည်သူဖြစ်ကြောင့် သူ(မ)မမြင်ရချေ။
သူ(မ)အနီးသို့ရောက်လာသည်နောက် စကားပြောနေကြသော လူနှစ်ယောက်သည် တစ်ချိန်တည်းတွင် သူ(မ) ဘက်သို့လှည့်လာသည်။
ထိုထဲမှ တစ်ယောက်သည် လေးနက်စွာ ပြုံးပြလာပြီး ရှေ့သို့လှမ်းလာကာ"မစ်ရှန်း ရုပ်ရှင်ရိုက်လို့ပြီးပြီလား ? ကျွန်တော်တို့ CEO က မစ်ရှန်းနဲ့တွေ့ချင်လို့"
ရှန်းချူးချူးသည် ထိုစကားကိုကြားလိုက်သောအခါ ရုတ်တရက် အလွန်ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ သူ(မ)သည် ဧကရာဇ်မင်းကြီး၏အတွင်းဝန် ကြီးများကိုလက်တွေ့ဘ၀တွင် မြင်ဖူးခဲ့ပြီဖြစ်သည်။ သူ(မ)သည် အပြုံးတစ်ပွင့်ဖြင့် ရပ်နေသော်လည်း ခံစားချက်မပါစွာပြောလိုက်သည်။
“အချိန်မရှိဘူး”
သူ(မ)ဘယ်အချိန်တည်းက သူ့ရဲ့အနောက်မောင်းမဆောင်ထဲက လူဖြစ်လာရတာလဲ ? အလုပ်အလွန်များနေသောဧကရာဇ်တစ်ဦး၏ ကိုယ်တော်တွေ့ချင်တယ်ဟူ သောစကားတစ်ခွန်းကြောင့် သူ(မ)က ပြေးတွေ့ရမည်လား ? ထိုလူသည် တစ်ယောက်နှင့်ပင် မလုံလောက်လို့ သူ(မ)ကိုပါခေါ်နေခြင်းလား ? သူက သူ(မ)ဆုံးဖြတ်ချက်တောင်မမေးပဲ အမိန့်လာချလို့ရမလား ?!
ရှန်းချူးချူးသည် အတွင်းရေးမှူးဝမ်ကိုဖြတ်ကျော်ကာ ကားတံခါးကိုဖွင့်လိုက်ပြီးတက်ထိုင်လိုက်သည်။
အတွင်းရေးမှူးဝမ် အနည်းငယ်တွေဝေလျက်
"ဒါပေမယ့်..."
သို့သော် သူမ၏တုံ့ပြန်မှုသည် ဒုန်းခနဲမြည်သည့်တံခါး ပိတ်သံဖြစ်သည်။
ထို့နောက် ရှန်းချူးချူးက "မောင်းလို့ရပြီ"