← Chapters

အခန်း (၆၂)

Vol. 7 Ch. 62

အခန်း (၆၂)

Vol. 7 Ch. 62

ရှန်းချူးချူးသည် သုန်ကျီယွမ်၏စကားကြောင့် စိတ်ထဲတင်းကြပ်သွားပြီး မျက်နှာချင်းဆိုင်ထိုင်နေသည့် သူ့အား မော့ကြည်လိုက်သည်။သူ့ စကားက ဘာကိုဆိုလိုချင်တာလဲ…?"

"ကောင်းပြီလေ?"

ရှန်းချူးချူးထံမှ မည်သည့်အဖြေမှပြန်မရသဖြင့် သုန်ကျီယွမ်ဘက်မှ အရင်အချက်ပြလာသည်။

ရှန်းချူးချူး၏မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေလေသည်။

‘ဒါရာဇဝတ်မှုတစ်ခုကို စစ်ဆေးနေတာလား? သူကဘာလဲ?ငါ သူ့အမေကို ကယ်ပြီးပြီလေ။ ကျေးဇူးမတင်ရင်တောင် အခုလို သံသယတွေနဲ့ လာမေးမသင့်ဘူး?

ရှန်းချူးချူးသည် မည်းမှောင်နေသော သုန်ကျီယွမ်၏မျက်နှာအသွင်အပြင်ကို ကြည့်ရင်း အရင်ကိစ္စများကို အမြန်ပြန်စဉ်းစားကြည့်လိုက်သည်။ သူ(မ)သည် သံသယဝင်စရာ မည်သည့်အပြုအမူမျိုးကိုမှ မလုပ်ခဲ့သဖြင့် ဘာလုပ်ရမလဲဆိုတာကို ဆုံးဖြတ်လိုက်သည်။ တစ်ဖက်လူက သူမကို မယုံသင်္ကာဖြင့် တရားစွဲချင်တာပဲဖြစ်ဖြစ်၊ လက်စားချေချင်တာပဲ ဖြစ်ဖြစ်၊ ဘာသက်သေမှ လက်ဆုပ်လက်ကိုင်မရှိပေ။

ထိုအချက်ကိုတွေးမိတော့ ရှန်းချူးချူး အနည်းနဲ့အများစိတ်သက်သာရာရသွားပြီး သူ(မ)မျက်နှာက အရင်ကထက် ပိုအဆင်ပြေလာသည့် ပုံပေါက်လာသည်။

"စိတ်မကောင်းပါဘူး၊ဒီစကားကိုပဲ ထပ်ပြောပါရစေ။ကျွန်မ ဒီတိုင်း မျက်နှာကိုပဲကြည့်ပြီး မှန်းပြောလိုက်တာ...  ရှင့်အမေရဲ့သွေး ဘယ်ကလာတာလဲဆိုတာ ကျွန်မ မသိဘူး။ ရှင့်ရဲ့ကလေးထိန်းကိုလည်း မသိဘူး။ ရှင် လူမှားနေပြီ…"

ရှန်းချူးချူးသည် သူ(မ)၏စကားကြောင့် သုန်ကျီယွမ် ပိုဒေါသထွက်လာပြီး  လက်သင့်ခံလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သည်။ သို့ရာတွင် တစ်ဖက်လူ၏မျက်နှာမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားမည်ကိုတော့ မမျှော်လင့်ထားခဲ့ပေ။

"ဒါဆို မစ္စရှန်းက ကျွန်တော့်ကလေးထိန်းကို တကယ်မသိဘူးပေါ့.......။"

"သေချာပေါက် မသိဘူး" ဟု ရှန်းချူးချူးကပြန်ပြောရင်း ‘ငါက ဘာလို့သိရမှာလဲ’ဟု စိတ်ထဲရေရွက်လိုက်မိသည်။

သုန်ကျီယွမ်သည် သူမ အဖြေကိုနားထောင်ပြီး သက်ပြင်းချလိုက်ရင်း သူ၏စိတ်အစဉ်က မနေ့ နေ့လည်ခင်းက ဖြစ်ရပ်ဆီသို့ အမှတ်မထင်ရောက်သွားခဲ့သည်။ သူ မည်သည့်စကားမှ မပြောပဲ မျက်နှာကျက်ကိုသာ တည့်တည့်စိုက်ကြည့်နေလိုက်သည်။

သုန်ကျီယွမ်သည် ရှန်းချူးချူး၏စကားအား အပြည့်အဝ မယုံကြည်ပေမယ့် ရှန်းချူးချူး သတိပေးချက်နှင့်အတူ သူ ထိုနေ့က ကိစ္စကို ပြန်စဉ်းစားကြည့်လိုက်သည်။ အဖြေမှာ ကလေးထိန်းသည် သူ့အမေနှင့်အတူရှိချိန် ပိုများကာ သူ့အမေအားဂရုစိုက်ရန်မှာထားပြီး သူ့အမေက တောင်တက်တာမျိုးလုပ်ချင်ရင် သူ့ကို သတိပေးဖို့ သေချာ ပြောထားလိုက်သေးသည်။

မထင်မှတ်ဘဲ ၎င်းတို့မိသားစု၏ကလေးထိန်းက တကယ့်တရားခံဖြစ်နေသည်။

"မနေ့က နေ့လည်က သူသာ အိမ်မှာ ပစ္စည်းတွေမထားခဲ့ရင် သူ့အမေကို တကယ်ပဲ ဆုံးရှုံးရတော့မဟုတ်လား...? အဖေကလည်း သူငယ်ငယ်လေးတည်းက ဘေးမှာ အချိန်ပြည့် မရှိဘူး...အမေ တစ်ယောက်တည်း ငိုနေတာကို မကြာခဏတွေ့ရတယ်။ သူ့မှာ သွေးသားရင်းခြာဆိုလို့ အမေတစ်ယောက်ပဲရှိတော့တာ... တကယ်လို့ အမေသာ တစ်ခုခုဖြစ်သွားရင် ငါဘယ်လိုဆက်လုပ်ရမှာလဲ...?"

ထိုအကြောင်းကို တွေးမိတော့ သုန်ကျီယွမ် မျက်လုံးများ အနည်းငယ်စိုစွက်လာကာ သူ ညာဘက်လက်ကိုမြှောက်ပြီး မျက်လုံးများကို အုပ်လိုက်သည်။

သုန်ကျီယွမ်၏ဝမ်းနည်းနေသည့် စိတ်အခြေအနေကို တစ်ဖက်မှ ရှန်းချူးချူး ခံစားမိသည်။ သူ၏ အားပျော့နေတဲ့ပုံစံကိုကြည့်ပြီး ရှန်းချူးချူးသည် အမှန်အတိုင်း ပြောဖို့မသင့်တော်ဟု ခံစားလိုက်ရသည်။ သူ့စိတ်ခံစားချက် အရမ်းဆိုးရွားနေပြီး မိခင်ဖြစ်သူ သေလုမြာဖြစ်သွားခဲ့လို့ တုန်လှုပ်ခြောက်ခြားနေပုံရသည်။

"ရှင် အဆင်ပြေရဲ့လား?"

သုန်ကျီယွမ်သည်  ရှန်းချူးချူး၏ စကားကြောင့် သူ့လက်နှင့် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး သူမ ကိုကြည့်လိုက်သည်။ တကယ်တော့ မနေ့က ဖြစ်ရပ်အပြီးမှာ ကလေးထိန်းကို ပထမဆုံး စုံစမ်းပြီး ရှန်းချူးချူးနှင့်သူ့ကြားက ဆက်ဆံရေးကိုလည်း စုံစမ်းခဲ့သည်။ ရလဒ်က ဘာမှမရှိပေ။ ရှန်းချူးချူးသည် ကလေးထိန်းနှင့် ဘာမှပတ်သတ်မှုမှ မရှိသလို ၎င်း၏မိသားစုနှင့်လည်း ဆက်နွှယ်နေခြင်း တစ်စိုးတစ်စိမှ မရှိပေ။

သုန်ကျီယွမ်သည် ဒီကိစ္စနှင့်ပတ်သတ်ပြီး ရှန်းချူးချူးအား အပြစ်တင်နေမည့်အစား ဆန့်ကျင်ဘက်အနေနှင့် သူ့အမေ၏အသက်ကို ကယ်တယ်ပေးခဲ့ကို ကျေးဇူးတင်စကားပင် ပြောရဦးမည်ဖြစ်သည်။ သို့ရာတွင် သုန်ကျီယွမ်သည် အဆိုပါဖြစ်ရပ်ကို ပြန်စဉ်းစားရင်း သူမ၏သတိပေးချက်မှာ တစ်စုံတစ်ခုအားသိထားသလိုမျိုး သူ ခံစားမိနေသည်။ ရှန်းချူးချူးသည် အမှန်တရားကို သိနေပုံရပြီး သူအား ထုတ်ပြောခြင်းမရှိသဖြင့် နေမထိ ထိုင်မသာဖြစ်နေလေသည်။

"မစ္စရှန်း တကယ် ဘာမှမသိဘူးလို့ ပြောချင်တာလား?" သုန်ကျီယွမ်က ထပ်မေးလိုက်သည်။

ရှန်းချူးချူးသည် တစ်ဖက်လူမှ ထိုပြဿနာကိုဆက်ပြီး ဇွတ်အတင်းမေးလာလိမ့်မည်ဟု မထင်ထားဘဲ မျက်မှောင်ကြုတ်ကာ အလေးအနက်ပြောလိုက်သည်။

"မစ္စတာသုန် ရှင် ယုံသည် ဖြစ်စေ မယုံသည်ဖြစ်စေ ကျွန်မ တကယ် ဘာမှမသိဘူး...ကျွန်မ  အချို့အရာတွေကို ဒီတိုင်းကြည့်ပြီး ခန့်မှန်းလိုက်ရုံပါပဲ။ ဒါပေမယ့် အခုလိုမျိုး ကျွန်မကို အတင်း အကြပ်လာမေးနေလည်း  ကျွန်မ ဘာမှမလုပ်ပေးနိုင်ဘူး"

သုန်ကျီယွမ်သည် ရှန်းချူးချူး၏စကားကို နား ထောင်ရင်း မည်သည့်စကားမှ ထပ်မပြောလာချေ။ သူ ရှန်းချူးချူး၏စကားအား ယုံသင့် မယုံသင့်ကို စဉ်းစားချင့်ချိန်နေပုံရသည်။

ရှန်းချူးချူးသည် သူမ၏စကားကို သုန်ကျီယွမ် လက်ခံနိုင်ပုံရသည်ကို မြင်သောအခါ ဆက်ပြောလာသည်။

“မစ္စတာသုန် ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့လူတွေကို ရှာပြီး ဒီကိစ္စကို စုံစမ်းပါ...ရှင် အချိန်ဖြုန်းမနေနဲ့... နောက်ကွယ်က လူသတ်သမားကို ရှာဖွေပါ။ တခြားဟာတွေကိုပါ ထည့်မတွက်ရင် ပိုဆိုးလာနိုင်တယ်။"

သုန်ကျီယွမ်သည် သိမ်မွေ့သော အပြုံးဖြင့် မျက်နှာချင်းဆိုင်ရှိ မိန်းကလေးကို ကြည့်လိုက်ပြီး အက်ကွဲနေသော အသံဖြင့်“ကျွန်တော် လှုပ်ရှားနေပါပြီ” ဟုဆိုလိုက်သည်။

ရှန်းချူးချူးသည် သုန်ကျီယွမ်၏ လေသံပြောင်းလဲနေသည်ကို ကြားလိုက်ရသဖြင့် သူ့ကို ကြည့်လိုက်သည်။

သုန်ကျီယွမ်သည် ရှန်းချူးချူး၏အကြည့်ကို သတိထားမိသွားပြီး အနည်းငယ် စိတ်လှုပ်ရှားသွားကာ ချောင်းဟန့်လိုက်သည်။

“ကျွန်တော့် အပြုအမူက ရိုင်းသလိုဖြစ်သွားရင် စိတ်မရှိပါနဲ့”

ရှန်းချူးချူးသည် ထိုစကားကို ကြားသောအခါ သူ(မ)၏တုန်လှုပ်နေသောနှလုံးသားမှာ သက်သာရာ ရသွားလေသည်။ သူ(မ)သည် လူများကို ကယ်တင်လိုရုံသာဖြစ်ပြီး ဒုက္ခတွင်းထဲသို့ရောက်သွားရန် ဘယ်သောအခါမှ မတွေးခဲ့ပေ။

"ရပါတယ်၊ မစ္စတာသုန်ရဲ့ စိတ်အခြေအနေကို ကျွန်မ နားလည်ပါတယ်။ ဒီလိုကိစ္စမျိုး ကြုံလာရင် ဘယ်သူပဲဖြစ်ဖြစ် စိတ်ကို တည်ငြိမ်‌အောင် ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး...”

"မစ္စရှန်းက ကျွန်တော့်ကို တကယ်နားလည်ပေးတာလား…?" သုန်ကျီယွမ်က မေးလိုက်သည်။

"အိုး၊ မဟုတ်ဘူး၊ ကျွန်မဆိုလိုတာက... ကောင်းပြီ၊  လူတိုင်း ဒီလိုဖြစ်ရင် စိုးရိမ်ကြမှာပဲလို့ ပြောချင်တာ"

သုန်ကျီယွမ်သည် အနည်းငယ် လှောင်ရယ်လိုက်မိသည်။ ယခုလိုကိစ္စမျိုးသည် သာမန်လူများ၏ အိမ်တွင် မည်သို့ဖြစ်နိုင်မည်နည်း။ ကမ္ဘာတွင် သူ့အဖေကဲ့သို့ အချစ်ရှိသူ အနည်းငယ်သာ ရှိသည်။

သုန်ကျီယွမ်သည် အိမ်ကို ရက်အနည်းငယ်ကြာသည်အထိ ပြန်မလာသေးသည့် သူ့အဖေ အကြောင်းကို တွေးနေဆဲမှာပင် သူ့အဖေဆီက ဖုန်းဝင်လာသည်။ ဖုန်းဆက်လာသည့် အကြောင်း အရင်းကို သူမျှော်လင့်ထားပြီးဖြစ်ရာ သူ ဖုန်းကိုအမြန် ကောက်ကိုင်လိုက်သည်။

"ယွမ်၊ မင်း ဘာတွေလုပ်နေတာလဲ...?"ဟု စကားသံထွက်ပေါ်လာသည်။

"ကျွန်တော် ဘာတွေလုပ်နေတာလဲဆိုတာ အဖေ သေချာမသိဘူးလား? အိမ်ကို စောင့်ကြည့်ထားတဲ့ အချက်အလက်တွေ အဖေ့ဆီပို့ပေးလိုက်ပြီ မဟုတ်ဘူးလား...?" သုန်ကျီယွမ်က ပြောလိုက်သည်။

တစ်ဖက်မှ ဖုန်းပြောသူမှာ  တိတ်ဆိတ်သွားပြီး “ဗီဒီယိုတစ်ခုတည်းနဲ့ ဒီအရာတွေ အားကိုးနေလို့မရဘူး” ဟု ပြန်ပြောနေသည်။

သုန်ကျီယွမ်  အသံပိုလို့ပင် အေးစက်သွားသည်။

“အဖေ၊ကျွန်တော့်မှာ မိသားစုဆိုလို့ အမေတစ်ယောက်ပဲ ရှိတာ... ပြီးတော့ မျိုးရိုးဝမ်၊ချန်နဲ့ ကျန်းတို့ကိုလည်း ဒီထပ်ပိုပြီး မောင်းလို့မရတော့ဘူး... တစ်ရက်တည်းနဲ့ လူသတ်သမားကို ရှာလို့မရနိုင်ဘူး"

ဤတစ်ကြိမ်တွင် ဖုန်းတစ်ဖက်မှ လူသည် အသက်ကို အလျင်အမြန် ရှူလိုက်သည်။

သူ ရှုတ်ချချင်ပေမယ့် နောက်ဆုံးမှာ “အားယွမ်၊ မင်းပြောင်းလဲသွားပြီပဲ”

“အဖေကသာ မပြောင်းလဲသေးတာလေ...ကျွန်တော် ငယ်ငယ်ကနေ အရွယ်ရောက်တဲ့အထိ ပဲ.. အဖေက အဖေရဲ့ချစ်သူကိုပဲ ဂရုစိုက်တာ၊ အမေကို ဘယ်တုန်းက ဂရုစိုက်ဖူးလို့လဲ”

ထို့နောက် နှစ်ဦးစလုံး တိတ်ဆိတ်သွားကြပြီး သုန်ကျီယွမ် ဖုန်းကိုချလိုက်သည်။

ရှန်းချူးချူးသည်  သူ(မ)ရှေ့ရှိ စကားအသွားအလာများကို နားထောင်ရင်း အလွန်အဆင်မပြေသလို ခံစားရပြီး တည်ငြိမ်ရန် ကြိုးစားနေခဲ့သည်။

သို့သော် သုန်ကျီယွမ်သည် သူမကို မမေ့ခဲ့ပေ။

“ကျွန်တော်အဖေအကြောင်း သိလား...? သူ့ရဲ့အကျော်ကြားဆုံးအချက်ကတော့ ကုမ္ပဏီရဲ့ဘုတ်အဖွဲ့ဥက္ကဋ္ဌအနေနဲ့ စီပွားရေးသတင်းတွေနဲ့ပတ်သတ်တာထပ် ဖျော်ဖြေရေးသတင်းတွေ ပိုများနေတာပဲ”

ရှန်းချူးချူးသည် မည်သို့ပြန်ဖြေရမည်ကိုမသိသောကြောင့် တိတ်တဆိတ်သာ နားထောင်နေလိုက်သည်။

“သူက အမျိုးသမီးအနုပညာရှင်တွေ တစ်ယောက်ပြီးတစ်ယောက် သူ့ ကုတင်ပေါ်ခေါ်ပြီး အတူအိပ်နေတာလေ....ငါ့အမေကိုတောင် တိုက်ခိုက်ဖူးတယ်လို့ ပြောတယ်။”

သုန်ကျီယွမ်၏မျက်နှာ အေးစက်သွားပြန်သည်။

စားပွဲပေါ်ရှိ ရေခဲရေကို တစ်ငုံသောက်ပြီးနောက် သုန်ကျီယွမ်၏မျက်နှာက သက်သာသွားသည်။ ဤအချိန်တွင် သူသည် သူ(မ)၏ အလုပ်ကို ရုတ်တရက် သတိရသွားသည်။

"မိန်းကလေး ၊ မင်းလည်း သူတို့လို ငွေနောက်မလိုက်မိစေနဲ့...ပိုက်ဆံကြောင့် သူဌေးတစ်ယောက်နဲ့ လက်ထပ်တယ်ဆိုတာ မမှန်ဘူး။အထူးသဖြင့် အခြားသူတစ်ယောက်မှာ မိသားစုရှိနေရင် ဒီလိုမျိုး ပိုတောင်မလုပ်သင့်ဘူး။"

“စိတ်ချပါ၊ ကျွန်မက အဲဒီလိုလူမျိုး မဟုတ်ပါဘူး။ ကျွန်မက သူဌေးတွေနဲ့ လက်ထပ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးသလို တခြားသူရဲ့မိသားစုကို ထိခိုက်အောင် လုပ်ဖို့လည်း ယောင်လို့တောင် မတွေးမိပါဘူး”

သုန်ကျီယွမ်သည် ရှန်းချူးချူး၏စကားကို မယုံကြည်နိုင်ပေ။ လူတစ်ယောက်သည် ငွေကြေးနှင့် အာဏာကို ရင်ဆိုင်လာရသည့်အခါ မတူညီတဲ့သူတွေ ဖြစ်လာနိုင်သည်။ အထူးသဖြင့် အမျိုးသမီးအနုပညာရှင် များပင်။

သုန်ကျီယွမ် မသိတာက တစ်ရက်အကြာမှာ သူပြောခဲ့တဲ့ စကားအတွက် နောင်တရရလိမ့်မယ်ဆိုတာ ပါပဲ။

ရှန်းချူးချူးသည် သုန်ကျီယွမ်၏ ပြောစရာစကားမရှိပုံကို မြင်သောအခါ အချိန်ကိုက်ပင် အမြန် ပြေးထွက်လာပြီး ကံကောင်းစွာဖြင့် သူ(မ)ကို မတားဆီးခဲ့ချေ။ ရှန်းချူးချူးသည်  သုန်ကျီယွမ်ကဲ့သို့ ဒေါသထွက်ပြီး  အလိုမကျသော သူနှင့် အတူရှိနေရသည်မှာ သူမ အတွက် ပင်ပန်းလွန်းလှသည်။

သူ(မ)သည် ဝင်ပေါက်တံခါးကို လှမ်းဖွင့်လိုက်ရာ အထဲသို့ ဝင်လာသည့် ဧည့်သည်တစ်ယောက်နှင့် တိုက်မိသလို ဖြစ်သွားသည်။

ရှန်းချူးချူးသည် အလျင်အမြန်ပင် ခေါင်းငုံ့ပြီး တောင်းပန်လိုက်သည်။

"ချူးချူး၊ ညစာစားပြီးရင် အိမ်ပြန်မှာလား...? ကျွန်တော် မင်းကို လိုက်ပို့ပေးမယ်။"

"ဟန်ရှင်း၊ ရှင် ဒီကို ရောက်နေတာလား" ဟု ရှန်းချူးချူးက မယုံကြည်စွာ မေးလိုက်သည်။

ရှန်းချူးချူးသည်  သူ(မ)ရှေ့တွင်ရှိသော အမျိုးသားနှင့် အမျိုးသမီးကို ကြည့်လိုက်ရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ သူ(မ) တစ်စုံတစ်ခုပြောရန် ကြံရွယ်နေချိန်တွင် ဟန်ရှင်းယန်မှ ဝင်ရောက် နှောင့်ယှက်လိုက်သည်။

“ဟုတ်တယ်၊ ကျွန်တော် Girlfriend ကို လာကြိုတာ ...သူလည်း စားပြီးပြီ ဆိုတော့  အတူပြန်ကြရအောင်"

ပြောပြီးသည်နှင့် သူမ၏တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ လက်ကို ဆွဲပြီး ခေါ်သွားလေသည်။

All Chapters