← Chapters

အခန်း (၆၇)

Vol. 7 Ch. 67

အခန်း (၆၇)

Vol. 7 Ch. 67

ဟန်ရှင်းယန်သည် လေဆိပ်ဧည့်ကြိုဆောင်တွင် အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့သည်။ သူဖုန်းဆက်ကြည့်သော်လည်း သူ(မ) လေယာဉ်မဆိုက်ရောက်သေးသဖြင့် ခေါ်မရသည့်ဟန်ပင်။ သူ နာရီဝက်လောက် ထပ်မံစောင့်ပြီးနောက် အတွင်းရေးမှူးဝမ်ဆီသို့ဖုန်းဆက်ကာ

“မစ္စရှန်း လေယာဉ်နောက်ကျနေလားဆိုတာ တစ်ချက် စစ်ဆေးကြည့်ပေး"

အတွင်းရေးမှုးဝမ်သည်လည်း စစ်ဆေးလိုက်ပြီး တစ်မိနစ်အကြာတွင်ပြန်လည်ဖြေဆိုသည်။

"ဘော့စ်.. မစ်ရှန်းရဲ့လေယာဉ်က လွန်ခဲ့တဲ့တစ်နာရီထဲကဆိုက်ရောက်ပြီးသွားပါပြီ"

ဟန်ရှင်းယန်သည် မျက်မှောင်ကြုတ်ကာ ဖုန်းကိုချလိုက်သည်။ သူ(မ) ဖုန်းအားကုန်သွားတာများလား ? ဟန်ရှင်းယန်သည် အတွေးများစွာဖြင့် လီယွမ်တိုက်ခန်းသို့ ပြန်မောင်းလာခဲ့သည်။ တိုက်ခန်းသို့ရောက်သည်နှင့် ဟန်ရှင်းယန်သည် ပိတ်ထားသော တံခါးကိုစိုက်ကြည့်ကာ ချီတုံချတုန်ဖြင့် တံခါးခေါက်လိုက်သည်။

ဟန်ရှင်းယန်သည် တုံ့ပြန်မှုမရှိသော တံခါးကို အချိန်အတော်ကြာ တိတ်တဆိတ်စိုက်ကြည့်ပြီးနောက် သူ့အခန်းဆီသို့သာ ပြန်လာလိုက်သည်။ သူအခန်းထဲသို့ရောက်သည်နှင့် သူ့ဝမ်းကွဲထံမှဖုန်းဝင်လာသည်ကို တွေ့လိုက်ရသည်။

"ဝမ်းကွဲ! မင်းနဲ့ ချင်ယင်ရန်တို့ထပ်ပြီး hot searchပေါ်ရောက်နေပြန်ပြီ! ၀မ်းကွဲက hot search ပေါ်မှာ အိမ် ဆောက်ဖို့များရည်ရွယ်နေတာလား ? ကျွန်တော်တို့ PR ဌာနက ဒီနေ့လည်းအချိန်ပိုဆင်းရပြန်တော့မယ်၊ ၀မ်းကွဲ.. ချူးချူးကိုရော သေချာရှင်းပြပြီးပြီလား ?" ဟု ကျန်းထန့်ဝေမေးလာသည်။

ဟန်ရှင်းယန်သည် သူ့ဝမ်းကွဲဖြစ်သူ၏စကားကိုတည် ငြိမ်သော မျက်နှာထားဖြင့် နားထောင်ပြီးနောက် ဖုန်းချလိုက်သည်။ သူသည် ဆိုဖာပေါ်တွင် ငါးမိနစ်ခန့်ထိုင်နေမိပြီး အခန်းအပြင်သို့ပြန်ထွက်လာလိုက်သည်။ သူ တစ် ဖက် အခန်းတံခါးအား ၅မိနစ်မျှ အဆက်အပြတ်ခေါက်ပြီးနောက်တံခါးပွင့်လာခဲ့သည်။

ရှန်းချူးချူး အိပ်ချင်မူးတူးဖြင့် သူ(မ)ရှေ့ရှိ ချောမောလှသည့်လူကို စိုက်ကြည့်နေသည်။

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ပုံစံကိုမြင်သောအခါ သူ၏ တုန်ခါနေသော နှလုံးအစုံနှင့် ပူ‌ဆွေးမှုတို့သည် ပျောက်ကွယ်သွားသည်။ သူ(မ)သည် တမင်တကာ တံခါးမဖွင့်ခြင်းမဟုတ်ပဲ အိပ်ပျော်နေသည့်ပုံပင်။

ရှန်းချူးချူးသည် ဟန်ရှင်းယန်ကိုတိတ်တဆိတ်စိုက်ကြည့်ကာ စကားတစ်ခွန်းမှမဆိုချေ။ ဟန်ရှင်းယန်လည်း နှုတ်ဆိတ်နေမိသော်ငြား ရှန်းချူးချူး၏ငုံ့နေသော ခေါင်းကိုမြင်သည်နှင့် "ကိုယ် ဝင်လာလို့ရမလား?"

ရှန်းချူးချူးသည် တခဏမျှတုံ့ဆိုင်းသွားပြီး ဘေးသို့အနည်းငယ်လမ်းဖယ်ပေးလိုက်သည်။

ထိုစဉ်တံခါးသည်လည်းပိတ်သွားပြီး ရှန်းချူးချူး၏ တစ်ကိုယ်လုံးသည် တံခါးဝတွင် ဖိကပ်ထားခြင်းခံလိုက်ရသည်။ သူ(မ) သတိမထားမိလိုက်ခင် နွေးထွေးသော အထိအတွေ့တစ်ခုသည် သူမ၏နှုတ်ခမ်းများပေါ်သို့ကျရောက်လာသည်။

ထိုအထိအတွေ့သည် သူ(မ)အတွက် ရင်းနှီးသော်လည်း ကျင့်သားမရသေးပဲ၊ သူ(မ)တစ်ကိုယ်လုံးရှိ ဆဲလ်များပင် လောင်ကျွမ်းသွားရုံသာမက သွေးများပြောင်းပြန်စီးနေသည့်အလား ခံစားချက်ဖြစ်သည်။

တစ်ဖက်လူသည် နောက်ဆုံးအကြိမ်နမ်းရှိုက်တုန်းကဲ့သို့ နှုတ်ခမ်းပေါ်တွင်သာ ရပ်တန့်လိုက်မည်ဟု သူ(မ)ထင်ခဲ့သည်။ သို့သော် သူ(မနှုတ်ခမ်းများသည် အကိုက်ခံလိုက်ရပြီး သူ(မ)ထိတ်လန့်သွားသည်ကိုအခွင့်ကောင်းယူလာမည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူ(မ) နှုတ်ခမ်းများဖွင့်ဟသွားပြီး အော်ချိန်တောင်မရလိုက်ဘဲ တစ်ဖက်လူ၏ လျှာသည်တိုး၀င်လာခဲ့သည်။

ဤအချိန်သည် ယခင်အချိန်ထက်ပိုမိုပြင်းထန်သည်။ ယခင်က အဆ100ပြင်းထန်သည်ဆိုပါက ယနေ့သည် အဆ1000ထက်ပင် ပို၍ပြင်းထန်နေပါသေးသည်။ သူ(မ) မျက်လုံးများသည် ပြူးကျယ်နေလျက် အနီးရှိလူသားကို စိုက်ကြည့်ကာ တဖြည်းဖြည်း အမြင်အာရုံများလည်း မှုန်ဝါးကာပြီး သူ(မ) ဦးနှောက်သည်လည်း ဗလာ‌ဖြစ်နေသည်။ သူ(မ)၏ ခြေထောက်များပင် အားအင်ချည်နဲ့နေပြီး မတ်တပ်ရပ်နိုင်စေရန် သူ၏ခါးကို ပင်လှမ်းဖက်ထားရသည်။

သူ(မ)၏သွင်ပြင်ကြောင့် အရှေ့ရှိလူသည်လည်း တဖြည်းဖြည်းနူးညံ့လာသည်။

သူ(မ)တို့နှစ်ယောက် နှုတ်ခမ်းချင်းခွာလိုက်ပြီးနောက် ခုန်ပေါက်နေသော နှလုံးသားများကိုငြိမ်သက်စေရန် အချင်းချင်းဖက်တွယ်ထားကြသည်။

"ကိုယ် ဘယ်လောက်စိတ်ပူနေလဲ မင်းသိရဲ့လား ? နောက်ဆို ဒီလိုမလုပ်နဲ့၊ မင်း ဒေါသထွက်နေရင်တောင် ကိုယ့်ဖုန်းကို မကိုင်ပဲမနေနဲ့၊ ကိုယ်ပြောတာ ကြားလား ဟမ် ?"

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ဆံပင်များကိုပွတ်သပ်လျက် သူ(မ)နားထဲသို့ခပ်တိုးတိုးကပ်ပြောလိုက်သည်။

ရှန်းချူးချူးသည် ဟန်ရှင်းယန်မှာ သူ(မ)အား ယခုမှဆေးလာပေးနေသည်ဟု ခံစားလိုက်ရသည်။ သူ(မ)၏ ဘယ်ဘက်နားသည်ပူနွေးလာပြီး သူ(မ) နှလုံးသည်လည်း ခုန်ပေါက်လာသည်။

"ဘယ်သူက ရှင့်ကိုကောလဟာလတွေ ထွက်ခွင့်ပြုလို့ လဲ ~"

ရှန်းချူးချူးသည် တစ်နေ့တွင် ထိုသို့‌သောစကားများကို ဤသို့သော လေသံဖြင့်ပြောနေလိမ့်မည်ဟု တွေးပင်မတွေးဖူးချေ။ သူ(မ)ကိုယ် သူ(မ)ပင်နားမလည်နိုင်တော့ပေ။

"ဟမ် ? မင်းသ၀န်‌တိုနေတာလား ?"

ဟန်ရှင်းယန်သည် ကျေနပ်နေသည့် လေသံဖြင့်ပြောလိုက်သည်။ သူသည် ရှန်းချူးချူးအသံနှင့်ပတ်သက်၍ ရှက်ရွံ့သွားခြင်းမရှိသည့်အပြင် သူ့နှလုံးသားသည်ပင် ချိုမြိန်မှုကိုခံစားလိုက်ရသည်။

ရှန်းချူးချူး မျက်နှာပေါ်ရှိပျောက်ကွယ်သွားသော အပူငွေ့များသည် တဖန်ပြန်တက်လာရသည်။

"ဘယ်သူက.. ဘယ်သူက သ၀န်တိုလို့လဲ ? ကျွန်မက ရှင်နဲ့ ဘာမှမဟုတ်တာ ဘာလို့ရှင့်စကားနားထောင်ရမှာလဲ.. ရှင့် ရှာလကာရှည်တွေ ပြန်သိမ်းထားလိုက်"

ဟန်ရှင်းယန်၏ မျက်နှာသည်လည်း သိပ်မကောင်းတော့ပဲ သူ့လေသံသည် အန္တရာယ်အရိပ်အငွေ့များ စွန်းထင်း‌ ကာ- "ကိုယ်က ဘာလို့ဘာမှမဟုတ်ရမှာလဲ ?"

ရှန်းချူးချူးသည် အနောက်သို့ဆုတ်လိုက်ချင်သော် လည်း သူ(မ)နောက်တွင် တံခါးသာရှိနေသောကြောင့် အလံဖြူပြလိုက်ရသည်။

"ကိုယ်တို့ "

ထို့နောက် ရှန်းချူးချူးသည် သူ(မ) အနိုင်ကျင့်ခံနေရကြောင်း ရုတ်တရက်ခံစားလိုက်ရသည်။ သူ(မ)အိမ်တွင်မရှိစဉ် ချစ်သူကောင်လေးဟုယူဆနိုင်သော လူသည် အခြားမိန်းကလေးတစ်ဦးနှင့် hot search ပေါ်ရောက်နေသော်လည်း သူ(မ)အား ရှင်းပြလာခြင်းမရှိချေ။ သူ(မ) သည် စတားတစ်ယောက်ဖြစ်သောကြောင့် ထိုသို့သောအခြေအနေကိုနားလည်သော်လည်း ရှင်းပြမှုလေးတော့လိုချင်မိသည်။

ဟန်ရှင်းယန်သည် ရှန်းချူးချူးမျက်နှာတဖြည်းဖြည်း ပြောင်းလဲလာသည်ကို မြင်လိုက်ရပြီး သူ့နှလုံးသည်လည်းတင်းကြပ်သွားသည်။ သူက "ကိုယ်တို့မှာ ဆက်ဆံရေးတစ်ခုရှိပြီလို့ထင်ခဲ့တာ၊ အခုကြည့်ရတာ ကိုယ်တစ် ယောက်တည်း အဲ့လို တွေးနေမိတာနဲ့တူတယ်"

"ရှင်သာ ကျွန်မကောင်လေးဆို ဘာလို့ အဲ့ hot search က အကြောင်း အခုထိ မရှင်းပြသေးတာလဲ ?"

ရှန်းချူးချူး ဟန်ရှင်းယန်၏ မျက်နှာကိုကြည့်ပြီး သူ(မ)စိတ်ထဲရှိ စကားများကိုထုတ်ပြောလိုက်သည်။

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏အမေးကို နားထောင်ပြီး သူ့နှုတ်ခမ်းသူသပ်လိုက်ကာ ခဏစဉ်းစားပြီး

"ကိုယ်တောင်းပန်ပါတယ်၊ အနာဂတ်ကျရင် ကိုယ်အခုလို သတင်းမျိုးကို အာရုံစိုက်ထားပါ့မယ်၊ ကိုယ် အရင်က အခုလိုမျိုး တစ်ခါမှမကြုံဖူးတော့ ဂရုမစိုက်မိတာ ပြီးတော့ ..."

သူသည် ခေတ္တရပ်တန့်လိုက်ပြီး ရှန်းချူးချူး၏စူးစမ်းလိုစိတ်အပြည့်နှင့် မျက်လုံးများကိုကြည့်ကာ "အရင်က ကိုယ့်မှာ ရှင်းပြရမဲ့ လူလည်းမရှိတော့ ဒီလိုကိစ္စတွေဖြေရှင်းဖို့ကိုသိပ်ဂရုမစိုက်မိဘူး"

ထို့နောက် ဟန်ရှင်းယန်သည် ဖုန်းယူ၍ ရှန်းချူးချူးရှေ့တွင်ပင် PR ဌာန မန်နေဂျာကိုဖုန်းဆက်ကာ "နောက် ဒီလိုကိစ္စ‌တွေဖြစ်လာရင် ငါ့ကိုအရင်ဆုံးပြောပြ၊ ဒီတစ်ခေါက် ဒီကိစ္စကိုပြီးပြတ်အောင်ရှင်းရမယ်"

ဟန်ရှင်းယန် ဖုန်းချပြီးနောက် ရှန်းချူးချူးကိုပြန်ကြည့်ကာ "မင်း စိတ်ဆိုးနေသေးလား ?"

ရှန်းချူးချူး ဟန်ရှင်းယန်ကိုမော့မကြည့်ဝံ့ချေ။

ဟန်ရှင်းယန်သည် သူ(မ)ဆံပင်များကိုပွတ်သပ်လိုက်ပြီး "ဒါဆို ချူးချူး... အခု ကိုယ်တို့ကြားမှာ ဆက်ဆံရေးတစ်ခုရှိနေပြီလား ?"

ရှန်းချူးချူးသည် ထိုစကားကြောင့် ဟန်ရှင်းယန်အား လေးလေးနက်နက်ကြည့်လာကာ သူ(မ)နှုတ်ခမ်းကိုကိုက်လျက် "ကျွန်မ ဒီမေးခွန်းကိုမဖြေခင် တစ်ခုလောက်မေးချင်တယ်"

ဟန်ရှင်းယန် အံ့အားသင့်သွားပြီး "ဘာ‌များလဲ ?"

ရှန်းချူးချူးသည် ခပ်တိုးတိုးလေးမေးလိုက်တယ် "အဲ့.. အဲ့နေ့က.. ဟိုတယ်မှာ ကျွန်မတို့ပထမဆုံးတွေ့တုန်းကလေ၊ ကျွန်မတို့ဘာဖြစ်ခဲ့တာလဲ ? နမ်းခဲ့ကြတာလား...?"

ဟန်ရှင်းယန်သည် ရှန်းချူးချူးမှာ ထိုသို့‌မေးလာမည်ဟု မထင်ထားခဲ့ချေ။ "မင်း အဲ့လိုထင်လား ?”

ရှန်းချူးချူးခေါင်းယမ်းလိုက်သည်။ ဟန်ဟန်ရှင်းယန်၏ စကားများသည် သိပ်မူမမှန်ဟု သူ(မ)ထင်သည်။ တစ်နည်းဆိုရသော် သူ(မ)၏ပထမဆုံးအနမ်းသည် ထိုနေ့ကတည်းက ပျောက်ကွယ်သွားခဲ့သည်မှာသေချာသည်။

"အင်း..ကိုယ်အဲ့တာကို သိပ်မတွေးမိပေမဲ့ အဲဒီနေ့က ဘာဖြစ်သွားလဲဆိုတော့..."

ဟန်ရှင်းယန် စကားစကိုရပ်လျလိုက်သည်။ ရှန်းချူးချူး သူ့အား စိတ်ဝင်တစား မော့ကြည့်ကာစောင့်မျှော်နေ သည်။ ဟန်ရှင်းယန်သည် သူ၏ခေါင်းကိုထပ်မံငုံ့လိုက်ပြန်သည်။

ဟန်ရှင်းယန်သည် ရှည်လျားသောအနမ်းကြီးထပ်မံအဆုံးသတ်ပြီးနောက် "အဲဒီနေ့က ခုလိုမျိုးဖြစ်‌ခဲ့တာလေ၊ ချူးချူး မင်း အခု ကိုယ့်ကောင်မလေးဖြစ်သွားပြီမှတ်လား ?"

ရှန်းချူးချူး၏မျက်နှာသည် ဟန်ရှင်းယန်၏ရင်ဘတ်နားကပ်လျက် ခပ်တိုးတိုးပြောလိုက်သည် "ဘယ်သူက ချစ်သူမဟုတ်ပဲ အနမ်းခံနေမှာလဲ အရူးရဲ့ ?"

ရှန်းချူးချူးသည် သူ(မ)၏ကိုယ်ပိုင်အိမ်ထောင်ရေးကို မမြင်နိုင်သောကြောင့် လွတ်လွတ်လပ်လပ် စီမံနိုင်သည်ကို ရိပ်မိနေသည်။ သူ(မ)တို့ အချင်းချင်းသာချစ်ခင်ပါက တစ်ဖက်လူသည် သူ(မ)၏အနာဂတ်ခင်ပွန်းဖြစ်လာနိုင်သည်။

အတွင်းရေးမှုးဝမ် ဖုန်းခေါ်လာသောအခါ ရှန်းချူးချူးသည် ရေချိုးခန်းသို့ဝင်သွားပြီဖြစ်သည်။ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင်ဟန်ရှင်းယန် တစ်ယောက်တည်းသာပြုံးပြုံးကြီးထိုင်နေလေသည်။

"ဘော့စ် ဒီနေ့ဟော့ပေါ့ဆိုင်က လူတွေအရမ်းများနေလို့ ဘော့စ် မလာရင် booking ဖျက်..."

အတွင်းရေးမှုးဝမ်သည် ဘော့စ်၏ စိတ်အခြေအနေမှာ သိပ်မကောင်းမှန်းသိသဖြင့် ခပ်တိုးတိုးလေးပြောလိုက်သည်။ သူသည် ဘော့စ်၏ဒေါသကို ဆွမိမှာကြောက်သောကြောင့် အသံကျယ်ကျယ်မပြောရဲချေ။

သို့သောမထင်မှတ်စွာ သူ့စကားမဆုံးခင် ဘော့စ်သည် ဖြတ်ပြောလာခဲ့သည်။

"ဟင့်အင်း... ငါမစ်ရှန်းနဲ့ ခဏနေသွားတော့မှာ"

အတွင်းရေးမှုးဝမ်သည် ဟန်ရှင်းယန်၏ပျော်ရွှင်မှုကို မိုဘိုင်းလ်ဖုန်းမှတဆင့်ဖြစ်လျှင်ပင် ခံစားနိုင်သည်။ သူ့စိတ်သည်လည်း ထိုအခါမှ စိတ်သက်သာရာရသွားပြီး ပြုံးလျက် " ဂုဏ်ယူပါတယ် ဘော့စ်၊ ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်"

ရှန်းချူးချူးသည် ရေချိုးခန်းထဲမှထွက်လာသောအခါ ဟန်ရှင်းယန်သည် အတွင်းရေးမှုးဝမ်၏ဖုန်းကို ချလိုက်သည်။

"ချူးချူး ကိုယ် အတွင်းရေးမှူးဝမ်ကို ကိုယ်တို့နောက် ဆုံးတစ်ခေါက်က သွားတဲ့ ဟော့ပေါ့ဆိုင်ကို booking တင်ခိုင်းထားတယ်၊ အတူတူသွားရအောင်"

ရှန်းချူးချူးသည်လည်း ထိုသည်ကိုကြားချိန် ချက်ချင်းပြောလိုက် "အင်း.. ကျွန်မ အ၀တ်သွားလဲလိုက်ဦးမယ်"

သူ(မ)သည် မနက်ခင်းစောစောထဲမှ လေယာဉ်စီးရသဖြင့် နေ့လယ်ခင်းတွင် အိမ်ပြန်ရောက်သည်နှင့် တန်းအိပ်ခဲ့သည်။ ယခုအခါ သူ(မ)၏ ဗိုက်သည်ကျောနှင့် တစ်သား တည်းကပ်တော့မည့်အလား ဆာလောင်နေခဲ့သည်။

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ ပျော်ရွှင်နေပုံကိုမြင် သည်နှင့် သူ့စိတ်အခြေအနေသည်လည်းပိုကောင်းလာခဲ့သည်။

ရှန်းချူးချူး ၀တ်ဆင်ပြီးနောက် အိပ်ခန်းထဲမှထွက်လာခဲ့သည်။ ဟန်ရှင်းယန်သည် သူ(မ)ကိုကြည့်ကာ သူ့မျက် လုံးများလည်းပိုတောက်ပလာသည်။ ချူးချူးသည် အစထဲက အလွန်လှပနေသည်ဆိုသော်လည်း အသေအချာ ၀တ်ဆင်ပြီးနောက် ပိုလှပလာသည်။ အထူးသဖြင့် သူသည် သူ(မ)ပေးခဲ့သော လက်ကောက်ကို ဝတ်ဆင်ထားဆဲဖြစ်သည်။

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏အကြည့်မှာ သူ(မ) လက်ကောက်ပေါ်တွင် ရပ်တန့်နေသည်ကို မြင်သောအခါ သူ(မ)လက်ကောက်၀တ်ကို မြှောက်ကာ "ဘာလို့ကျွန်မအတွက် သီးသန့်၀ယ်ခဲ့တာလို့ မပြောရတာလဲ ?"

ဟန်ရှင်းယန်သည် နားရွက်များနီရဲလျက် တစ်ချက်ချောင်းဟန့်လိုက်ပြီး "ကိုယ်အဲ့လိုပြောရင် မင်းလက်ခံမှာမို့လို့လား ?"

ဟန်ရှင်းယန်သည် ရှန်းချူးချူးကိုတံတောင်ဆစ်ဖြင့် တိုက်လိုက်ကာ အမှတ်တမဲ့ တိုက်လိုက်သည့်ပမာ ဘာမှမဖြစ်ဟန်ဆောင်နေသည်။ ရှန်းချူးချူးသည် ဟန်ရှင်းယန်၏တမင်တကာပြုမှုဟန်လေးကို ကြည့်ကာ သူ(မ) လည်း လက်ကိုခပ်ရှက်ရှက်နှင့် ဟန်ရှင်းယန်၏ လက် မောင်းကြားထဲသို့ထည့်လိုက်သည်။ ဟန်ရှင်းယန်သည် သူ့ကောင်မလေး၏အထိအတွေ့ကို ခံစားလိုက်ရပြီး သူ့နှုတ်ခမ်းသည်လည်း တစ်ဖက်သို့ တွန့်ကွေးသွားသည်။

သို့သော် ထိုမျှမပြီး‌သေး သူ(မ)တံခါးကိုဖွင့်ပြီး ဝင်ထိုင်လိုက်သည့်အခါ ထိုထက်ပို၍ အံ့သြစရာများရှိနေမည်ဟု မမျှော်လင့်ထားမိချေ။

ဟန်ရှင်းယန်သည် လှည့်၍ အနောက်ထိုင်ခုံမှ နှင်းဆီပန်းစည်းကိုယူကာ "မင်း ကြိုက်လား ကိုယ်မသိပေမဲ့ မင်း မကြိုက်ရင် နောက်တစ်ခါ ကိုယ်ပြောင်းပြီးပေးမယ်လေ"

ရှန်းချူးချူးသည် ကြီးမားလှသော နှင်းဆီပန်းစည်းကြီးကိုကြည့်ကာ သူ(မ)နှလုံးသားသည်လည်း ထပ်ခါထပ်ခါ ခုန်လာရပြန်သည်။ သူ(မ) အကြိုက်ဆုံးပန်းကိုမသိသော် ငြား နှင်းဆီနီကိုတော့ကြိုက်ပေသည်။ ထို့အပြင် နှင်းဆီများကို မကြိုက်နှစ်သက်သော အမျိုးသမီးများမှာ အနည်းငယ်သာရှိမည်ဟု သူ(မ)ယုံကြည်သည်။

ရှန်းချူးချူး ညစာစားပြီးပြန်လာသောအခါ Taobao သို့ ၀င်၍ ဟန်ရှင်းယန်၏ဓာတ်ပုံကိုတစ်ဖန်ကြည့်ရှုကာ ဖူးစာဖက်အား နောက်တစ်ခေါက်တွက်ချက်လိုက်သည်။ ယခုတစ်ခေါက်ခံစားချက်သည် ယခင်တစ်ခေါက်နှင့် မတူညီတော့ချေ။

All Chapters