← Chapters

အခန်း (၆၉)

Vol. 7 Ch. 69

အခန်း (၆၉)

Vol. 7 Ch. 69

ရှန်းချူးချူးသည် တစ်ဖက်လူမှာ သူ(မ)ခင်ပွန်းဖြစ် ကြောင်း စတွေ့ထဲက သိခဲ့ပါက ဦးစွာခံစားရမည့်အရာမှာ ငြင်းပယ်ခြင်းပင်ဖြစ်လိမ့်မယ်။ သို့မဟုတ် သူ(မ)သည် စနစ်ကိုယုံကြည်သောကြောင့် ဟန်ရှင်းယန်ကို လက်ခံရန် သူ(မ)ကိုယ်သူ(မ) တွန်းအားပေးမိလိမ့်မည်။ သို့သော် ယခုမူ မတူညီချေ။ သူ(မ) ထိုသူ့ကိုချစ်မိသွားမှ တစ်ဖက်လူမှာ သူ(မ)၏အနာဂတ်လက်တွဲဖော်ဖြစ်ကြောင်းသိခဲ့ရခြင်းဖြစ်သည်။

ဟန်ရှင်းယန်သည် ရှန်းချူးချူးနှင့်အကြည့်ချင်းဆုံသည့်အခါ သူ့စိတ်ထဲတွင် အတိုင်းမသိပျော်ရွှင်မှုများလွှမ်းခြုံသွားသည်။ သူ(မ)သည် ယခင်ကနှင့် လူရောနာမည်ရောတူညီသော်လည်း သူတို့ဆက်ဆံရေးသည်ပြောင်းလဲသွားပြီဖြစ်သည်။ ၎င်းတို့နှစ်ယောက် ခဏတာတွေ့ဆုံပြီးနောက် သူလည်း အလုပ်သို့ထွက်လာခဲ့သည်။

အတွင်းရေးမှုးဝမ်သည် သူ့ဘော့စ်မှာ နွေဦးလေပြေလေးအလား စိတ်ကြည်သာ‌နေသည်ကိုတွေ့သဖြင့် အလုပ်အကြောင်း အစီအရင်ခံရန်အမြန်ပြေးသွားလိုက်သည်။

ဟန်ရှင်းယန်သည် အတွင်းရေးမှုးဝမ်၏ အစီရင်ခံမှုကိုနားထောင်ပြီး "ဒီနေ့ အင်တာဗျူးရှိတာလား ?"

အတွင်းရေးမှုးဝမ်သည် ခေါင်းညိတ်ကာ "ဟုတ်ပါတယ်ဘော့စ်၊ ဒီအင်တာဗျူးကို ပြီးခဲ့တဲ့လထဲက စီစဉ်ထားတာပါ၊ Emperor Evening Program ကဘော့စ်ရဲ့ပထမဆုံး အင်တာဗျူးကိုပြုလုပ်ချင်တယ်လို့ ကမ်းလှမ်းလာပါတယ်၊ တကယ်လို့ ဘော့စ်သာ အဆင်မပြေဘူးဆိုရင် အချိန်နောက်ဆုတ်တာပဲဖြစ်ဖြစ် ဖျက်သိမ်းလိုက်တာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်"

ဟန်ရှင်းယန်သည် အတွင်းရေးမှုးဝမ်၏ မေးခွန်းကိုမဖြေဘဲ ခဏလောက် စဉ်းစားပြီးနောက် "ဖျက်သိမ်းဖို့မလိုဘူး၊ ဒါပေမဲ့ ‌ နောက်ဆုံးမှာ ငါမေးခွန်းတစ်ခုထပ်ထည့်ချင်‌တယ်"

ဟန်ရှင်းယန်ထည့်သွင်းလိုက်သော မေးခွန်းကြောင့် Emperor Evening Program သည် ဤနေ့သည် တစ်နှစ်တာလုံးတွင် အရောင်းရဆုံးနေ့ဖြစ်လာခဲ့သည်။

ရှန်းချူးချူးသည် နောက်တစ်နေ့မနက်တွင် Weiboပေါ်တွင် ဟန်ရှင်းယန် ထပ်ထည့်ခိုင်းထားသော မေးခွန်းကို မြင်လိုက်ရသည်။

MC : ဒါဆို မစ္စတာဟန် ကျွန်မ ရှင့်ကိုယ် ရေးကိုယ်တာနဲ့ ပတ်သက်ပြီး မေးခွန်းတစ်ခုမေးလို့ရမလား ? CEO ဟန်က သန်းကြွယ်သူဌေးတစ်ယောက်လည်းဖြစ်တော့ အမျိုးသမီးအများစုက အခုမေးခွန်းကို သိချင်နေကြမှာ

ဟန်ရှင်းယန်: ရပါတယ်

MC - CEOဟန်ဘက်က သဘောတူတယ်ဆိုတော့ ကျွန်မလည်း ပွင့်ပွင့်လင်းလင်း‌ပဲမေးတော့မယ်၊ ရှင် အခု သတင်းထဲမှာ ခဏခဏပါနေတာ မဟုတ်မှလွဲရော ရှင့်မှာ ကောင်မလေးရှိနေပြီလား ?

ဟန်ရှင်းယန်သည် ခေါင်းညိတ်ကာ: ဟုတ်တယ်၊ ဒါပေမယ့် သူ(မ)က သတင်းထဲမှာပါတဲ့သူ မဟုတ်ပါဘူး၊ ကျွန်တော် အားလုံးကိုပြောချင်တာက မင်းတို့တွေ Han Group ရဲ့စီးပွားရေးကိုပဲ အာရုံစိုက်ပေးကြပါ ကျွန်တော့် ကိုယ်ရေးကိုယ်တာကိစ္စတွေကို အရမ်းကြီးမကျူးလွန်လာပါနဲ့၊ ဘာလို့ဆို ကျွန်တော့် ကောင်မလေးစိတ်ဆိုးသွားမှာဆိုးလို့ပါ

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏အင်တာဗျူး ဗီဒီယိုကို ကြည့်ရှုခဲ့ပြီးနောက် အလွန်အားရကျေနပ်မိသည်။

ထိုစဉ် အွန်လိုင်းပေါ်တွင်လည်း ချင်ယင်ရန်အား စတင်ပုတ်ခတ်လာကြတော့သည်။

"ချင်ယင်ရန်က တမင်တကာအကွက်ချထားတာလို့ ငါ ထင်နေမိတာပါလိမ့် [(⁠⌐⁠■⁠-⁠■⁠)]"

"ချင်ယင်ရန်ရလည်း တကယ့်သနားစရာပဲ၊ သူကတကယ့်လူကိုမှ ပစ်မှတ်ထားမိတာကိုး"

ထိုသို့ ဝေဖန်သော commentများစွာတွင် "ချင်ယင်ရန်က ဒါနဲ့ပဲထိုက်တန်တယ်၊ လွန်ခဲ့တဲ့ရက် အနည်းငယ်က သူ(မ) ခွေးကိုကယ်တင်တယ်ဆိုတဲ့တဲ့ဗီဒီယိုကလည်း အတုပဲ! ငါက အဲ့နားမှာနေတဲ့သူတစ်ယောက်ပါ၊ ငါ မနေ့တုန်းကတောင် တွေ့သေးတယ်၊ ငါတို့ လမ်းမှာက လမ်းဘေးခွေးတွေက တစ်အားပေါတယ်၊ ငါ အဲ့ခွေးလေးကို အိမ်မွေးတိရစ္ဆာန်ဆရာဝန်ဆီတောင် ခေါ် သွားကြည့်ပေမဲ့ ခွေးလေးရဲ့ခြေထောက်မှာ ဘာဒဏ်ရာမှမရှိသလို ကုသစရာလည်းမလိုဘူး 】"

ထို comment သည် ချင်ယင်ရန် ပရိသတ်များ၏အာရုံကိုကို လျင်မြန်စွာဆွဲဆောင်သွားခဲ့သည်။ မူလတွင် ပို့စ်တင်သူသည် ချင်ယင်ရန် အကြောင်းကို အနည်းငယ်ပြောရန်သာ ရည်ရွယ်‌ထားသော်လည်း ချင်ယင်ရန် ပရိသတ်များသည် အလွန်စပ်စပ်ထိမခံသောကြောင့် ပို့စ်တင်သူလည်း ဒေါသထွက်သွားသည်။ သို့ဖြစ်ရာ သူသည် ဓာတ်ပုံတစ်ပုံကိုသာ Weibo ပေါ်သို့ တိုက်ရိုက်တင်လိုက်သည်။

Chestnut 2018 - ငါအစ သိပ်ထွေထွေထူးထူးမပြောချင်ပေမဲ့ ချင်ယင်ရန်ရဲ့ဖန်တွေက တကယ့်ကိုလွန်လွန်းတယ်၊ သူတို့ ဒီပုံကိုရော ဘယ်လိုငြင်းကြမှာလဲ ? [^⁠_⁠^] [ရုပ်ပုံ] [ရုပ်ပုံ] [ရုပ်ပုံ]

ချင်ယင်ရန်သည် ဟန်ရှင်းယန်၏ အင်တာဗျူးဗီဒီယိုအပြင် Chestnut 2018 ၏ပို့စ်ကြောင့် ရှာဖွေမှုစရင်း ထိတ်ဆုံးသို့ ရောက်ရှိသွားပြန်သည်။

သူ(မ)ကုမ္ပဏီသည်လည်း အလျှင်အမြန်တင် အပြစ်တင်ခံရသည်။ ၎င်းတို့သည် ချက်ချင်းပင် ခြေထောက်တွင် ပတ်တီးများပတ်ထားသည့် သန့်ရှင်းထားသော ခွေးတစ်ကောင်၏ဓာတ်ပုံကို လျှင်မြန်စွာတင်လာခဲ့သည်။

ထိုပုံများကိုမြင်သည့်အခါ အချို့သူများသည် ၎င်းတို့ ထင်မြင်ချက်များကို ထုတ်ဖော်ပြောလာကြသည်။

"ဒီခွေးက အရင်တစ်‌ကောင်နဲ့ သိပ်မတူဘူးမလား [ತ⁠_⁠ʖ⁠ತ]"

"အမျိုးအစားလည်းမတူဘူး"

သို့သော် ချင်ယင်ရန်သည် ရေပန်းအစားဆုံး စတားတစ်ယောက်ဖြစ်သဖြင့် သူ(မ)ဖန်များ၏ ငြင်းဆန်နိုင်စွမ်းသည် လျှော့တွက်မရချေ။

"တကယ်ကို ရယ်ရတာပဲ၊ အဲဒီနေ့က သူ(မ) ခွေးလေးကို ကယ်တင်လိုက်တုန်းက ငါတို့ မိသားစုတစ်ခုလုံးမြင်လိုက်ရတယ်၊ အဲ့အချိန်ကအရမ်းမှောင်နေပေမဲ့ ငါ ခွေးပေါက်စလေးကိုတော့ သေသေချာချာမြင်လိုက်ရတုန်းပဲ၊ သူ့ပုံရိပ်က ငါ့မျက်လုံးထဲအခုထိစွဲနေတုန်း တကယ့်လေး စားစရာပဲ"

"လမ်းဘေးခွေးကို သန့်ရှင်းရေးလုပ်ပေးလိုက်ပါတယ်ဆိုနေမှ အရင်ကနဲ့ မတူတာ သဘာ၀ပဲမဟုတ်လား၊ မင်းဘယ်လိုတောင် တွေးလိုက်တာပဲ၊ သောက် ဦးနှောက်မပါဘူးလား"

......

ထို့နောက် Weibo ပေါ်ရှိလူများ နှစ်ဖက်ကွဲသွားကြပြီး တစ်ချို့မှာ သူ(မ)အား သံသယရှိကြသော်လည်း ထောက်ခံသူများလည်းရှိသည်။ သို့သော် ဖန်များ၏ အရေအတွက်အရသာမက ထို‌အချိန်သည် အလွန်အမင်းမှောင်မိုက်နေသလို "Chestnut 2018"၏ ပို့စ်များမှာလည်း သံသယဖြစ်ချင်စရာကောင်းသဖြင့် ချင်ယင်ရန်တို့ဘက်က အသာစီးရနေသည်။ ထိုအခါမှ ကုမ္ပဏီသည်လည်းသက်ပြင်းချနိုင်တော့သည်။

သို့သော် ချင်ယင်ရန်ဘက်မှ အနိုင်ရသွားသည်ဆိုသော် လည်း အခြေအနေသိပ်မဟန်ခဲ့ချေ။

ထို့အပြင် သူ(မ)အား တစ်နှစ်ခွဲကြာငှားရမ်းထားသည့် Liyuan တိုက်ခန်းမှ အေးဂျင့်သည်လည်း ဆက်လက်နေထိုင်ခွင့်ဖယ်ရှားရန် ရုတ်တရက်အသိပေးလာခဲ့သည်။

ထိုသတင်းကိုသိသည်နှင့် ချင်ယင်ရန်အားဦးစွာ အကြောင်းကြားလိုက်သည်။

"မင်း ဒီတစ်‌ခေါက် တကယ့်လူကိုသွားထိမိတဲ့ပုံပဲ" အေးဂျင့် မျက်နှာသည်လေးနက်စွာဖြင့်

"မင်းဘာလို့ နည်းနည်းလေးမှသည်းမခံတာလဲ ? ခွေးကို ဒီလိုသိသိသာသာနေရာကြီးမှ ပစ်ချထားခဲ့ရလား၊ အဲ့ဒါမင်း သိက္ခာကို ဘယ်လောက်ထိခိုက်စေလဲဆို‌တာရော သိရဲ့လား ? လူထုအမြင်နဲ့ဆို တော်တော်လွန်တယ်"

ချင်ယင်ရန်သည် အေးဂျင့်၏စကားကိုနားထောင်လျက် သူ(မ)မျက်နှာသည် အကျည်းတန်နေခဲ့သည်။ သူ(မ) သည် ၎င်း၏စကားကို ထောက်ခံပုံမရချေ။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့လည်း သဘာ၀အတိုင်းမေ့သွားပေလိမ့်မည်။ ထို့အပြင် သူ(မ)သည် ဟန်ရှင်းဟန်အပေါ် မှားယွင်းစွာတွက်ချက်မိလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ထိုသို့သောနည်းလမ်းကိုမသုံးပဲ သူ(မ)ယခုလို အသိုင်းအဝိုင်းထဲကို ၀င်ဆန့်လာမည်လား ?

"လင်းကျဲ အဲ့လောက် စိတ်ပူနေစရာမလိုပါဘူး၊ လူတိုင်းက ဒါကို သိပ်မကြာခင် မေ့သွားမှာပဲလေ "

လင်းကျဲသည် ချင်ယင်ရန်၏ မတုန်မလှုပ်ပုံစံကို ကြည့်ကာ "လွယ်လွယ်နဲ့ မေ့နိုင်တဲ့အရာဆိုတာမရှိဘူး၊ နင် တစ်ခြားသူတွေကို စော်ကားပြီး လွယ်လွယ်နဲ့ကျော်သွားချင်တာလား ? နင် ချင်မုန့်ရဲ့ အဆုံးသတ်ကိုမမှတ်မိဘူးလား"

လင်းကျဲသည် ချင်ယင်ရန်၏မျက်နှာကို စိုက်ကြည့်ကာ "နောက်ဆို CEO ဟန်ကို ပြဿနာသွားမရှာနဲ့၊ သူ မင်းကို အငြိုးမထားပါစေနဲ့လို့ပဲ ဆုတောင်းထားလိုက်"

"လင်းကျဲ ကျွန်မ..."

"ကောင်းပြီ ဘာမှရှင်းပြမနေနဲ့၊ နင် ပြန်သွားပြီး ပစ္စည်းတွေကို ထုပ်ပိုးလိုက်တော့၊ ဒီရက်အတွင်း ပြောင်းရွှေ့လို့ရအောင် နင်နဲ့ သင့်တော်မဲ့နေရာကို ငါအမြန်ဆုံးရှာလိုက်မယ်" လင်းကျဲသည် သူ(မ)၏လက်ကို ဝှေ့ယမ်းကာ ချင်ယင်ရန်ကိုထွက်သွားစေခဲ့သည်။

ရှန်းချူးချူးသည် အင်တာနက်ပေါ်ရှိ ခွေးလေးနှင့် သက် ဆိုင်သောသတင်းများကို မြင်သောအခါ သူ(မ)ဘေးတွင်ထိုင်နေသော ဟန်ရှင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး

"သူ ခွေးကို တကယ်ကယ်ခဲ့တာလား"

ဟန်ရှင်းယန်သည် ခဏလောက်စဉ်းစားပြီး "အဲဒီနေ့က အရမ်းမှောင်နေတော့ ခွေးလား ဘာလားဆိုတာ ကိုယ် သေသေချာချာမမြင်ခဲ့ဘူး၊ ဒါကြောင့် လွယ်လွယ်တော့ ပြောလို့မရဘူး"

ရှန်းချူးချူးသည် သူ့အား တစ်ချက်ကြည့်လိုက်ကာ ချဉ်တူးသော လေသံဖြင့် "ဪ... ရှင်က ခွေးကိုသာ သေ သေချာချာမမြင်လိုက်တာ ချင်ယင်ရန်ကိုတော့ မြင်ခဲ့တယ်ပေါ့ ?"

ဟန်ရှင်းယန်သည် သူ့နောက်ကျောတစ်လျှောက်အေးစက်သွားသည့်ပမာ ခံစားလိုက်ရသဖြင့် "ကိုယ် ဘာကိုမှ ရှင်းရှင်းလင်းလင်းမမြင်လိုက်ရဘူး၊ အဲ့တုန်းက ကိုယ်ပြန်လှည့်ကြည့်တာ ခွေးနှစ်ကောင်များရပ်နေတာလားဆိုပြီး ဝေဝေဝါးဝါးဖြစ်နေတာ"

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏အလေးအနက်ပြန်ဖြေသံကြောင့် ကျယ်လောင်စွာရယ်မောမိလိုက်သည်။

သို့သော် သူ(မ) နောက်နေ့မနက် အပြင်ထွက်သည့်အခါ ထိုအကြောင်းပြောနေကြသည်ကို ကြားလိုက်ရသညခ။ ချင်ယင်ရန်သည် ခွေးကို အမှန်တကယ်ပစ်ချသွားပုံရသည်။ ထိုအရာကိုကြားချိန် ရှန်းချူးချူး မျက်မှောင် ကြုတ်သွားမိသော်လည်း မည်သည့်အရာမှမပြောပဲ ထွက်သာလာခဲ့တော့သည်။

ဟန်ရှင်းယန်သည် သူ့အဘိုးမှာ ရှန်းချူးချူးကိုတွေ့ချင်ကြောင်း ပြောခဲ့သည်ကိုသတိရသွားမိသော်လည်း ရှန်းချူးချူးသည် အလုပ်များ‌နေပြီဖြစ်သည်။ ဤတစ်ခေါက်သည် ရိုက်ကူးရေးအစား ရှောင်းရီဇာတ်ကားသစ်ကို ပရိုမိုးရှင်းဆင်းရန်သွားခြင်းဖြစ်သည်။ ထိုနည်းတူစွာ Han Group ၏ဌာနခွဲရုံးများကိုလည်း ဟန်ရှင်းယန်ကိုယ် တိုင်သွားရောက်ကာ ပြဿနာများကိုဖြေရှင်းပေးရလိမ့် မည်။

ရှန်းချူးချူးရိုက်ကူးထားသည့် ရသစုံရှိုးများသည် ဦးစွာထွက်ပေါ်လာခဲ့သည်။ ဇာတ်ကားအပြင်၊ ရုပ်ရှင်ပရိုမိုးရှင်းနှင့် အမျိုးမျိုးသောရှိုးများကြောင့် တစ်လအတွင်းပင် လူတိုင်း၏ မျက်လုံးထဲသို့ ရှန်းချူးချူး၀င်ရောက် လာခဲ့သည်။

"ဝါး! ရှန်းချူးချူးရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတာပဲ၊ သူက လူသစ်တစ်ယောက်ဖြစ်ပေမဲ့ ပွဲဦးစထွက်တာနဲ့ တစ်ခါတည်းနာမည်ကြီးသွားတာပဲ"

အခြားတစ်ယောက်သည် စာပြန်လာသည်။

"မင်းက အခု ဘယ်ကထွက်လာတာလဲ ? သူ(မ)က ဒီလောက်ကောင်းတဲ့ နောက်ခံရှိတာ အောင်မြင်တာအဆန်းလား၊ ဒါပေမဲ့ သရုပ်ဆောင်စကေးကတော့ သူ(မ)တကယ်ကောင်းတာပဲ"

"ဒီအသစ်လေးက အရမ်းလှတာပဲ၊ ငါသူ(မ)ကို The World မှာထဲက သတိထားမိခဲ့တာ၊ အဲ့တုန်းက ငါအံဩသွားမိသေးတယ်"

"ငါ..ငါ အဲ့ မမလေးရဲ့ဖန်ဖြစ်သွားပြီ!"

......

မားမားဟန်သည် တီဗီတွင်လာသော ရှိုးအားကြည့်ကာ ပါးပါးဟန်အားပြောလိုက်သည်။

"ရှင်မြင်လား ? ကျွန်မတို့ သားက တကယ့်ကို အမြင်ကောင်းရှိတာပဲ၊ ကောင်မလေးက အရမ်းလှတယ်"

ပါးပါးဟန်သည် မျက်မှောင်ကြုတ်လျက် ပြောခဲ့သည်- "အင်း၊ အခုလိုမျိုးရှိုးပွဲတွေဆိုတာ မင်းနဲ့မသင့်တော်ဘူး အဲ့ဒါ ကလေးတွေအတွက်လေ၊ မင်းက အခု တော်တော်အသက်ကြီးနေပြီကို"

မားမားဟန်သည် မပျော်ရွှင်စွာ- "ရှင်ကြတော့ကော အဲ့ အားကစားသတင်းတွေက ရှင်နဲ့ သင့်တော်လို့လား ? တရုတ်အသင်းကတောင် ဘောလုံးကို ဆက်မသွင်းနိုင်တော့ရင် ရှင့်ကြည့်ရတာ ချက်ချင်းပဲဆေးရုံတင်ရတော့မဲ့ ပုံစံနဲ့၊ ဒါကိုတောင် ရှင်က သင့်တော်တယ်လို့ခေါ်တာလား"

ပါးပါးဟန်- "... အခု ငါဘောလုံး မကြည့်တော့ဘူး၊ ဘော် လီဘော ပြောင်းလိုက်ပြီ"

မားမားဟန်သည် ရုတ်တရက်စဉ်းစားကာ "အခု သားမှာ ချစ်သူရှိနေပြီဆိုတော့ ကျွန်မတို့ ယောက္ခမဒရာမာတွေ ပြောင်းကြည့်ကြမလား"

ပါးပါးဟန်: ...

**

ရှန်းချူးချူး၏ ကျော်ကြားမှုသည် အွန်လိုင်းပေါ်အပြင် အနီးအနားရှိ အိမ်နီးချင်းများပင် သူ(မ)အားလက်ညှိုး ထိုးလျက် "ရှင်က ကြယ်ပွင့်တစ်ယောက်ပဲ၊ ကျွန်မတို့တောင် အစကပြောနေတာ..ဒီလောက်လှတဲ့ မိန်းကလေးက ကြယ်ပွင့်မဖြစ်တာနှမျောစရာပဲလို့"

ရှန်းချူးချူးသည် မည်သို့တုန့်ပြန်ရမှန်းမသိသဖြင့် အပြုံးတစ်ခုသာဆင်မြန်းလျက် "ကျေးဇူးတင်ပါတယ်"

"ဪဒါနဲ့ ရှင့် ကောင်လေးရော မတွေ့မိပါလား ?"

ရှန်းချူးချူးသည် ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားသည်။ သူ(မ)သည် ယခင်က ကျော်ကြားမှုမရှိခဲ့သလို ဤနေရာရှိ လုံခြုံရေးစနစ်သည်လည်း အလွန်ကောင်းမွန်သည်။ ထို့အပြင် ပြင်ပလူများ အဝင်အထွက်သည် အလွန်နည်းပါးသောကြောင့် သူ(မ) စိတ်ချလက်ချနေနိုင်သည်။ ချင်ယင်ရန်နှင့် ဟန်ရှင်းယန်တို့၏ ကိစ္စများပြီးနောက်တွင်ပင် သူ(မ)သည် စိတ်ပူခြင်းမရှိခဲ့ချေ။

သို့သော်လည်း ၎င်းတို့သည် ဟန်ရှင်းယန်နှင့် သူ(မ)၏ ဆက်ဆံရေးအား အဘယ့်ကြောင့် ထိုမျှလျင်မြန်စွာ ရှာ ဖွေတွေ့ရှိသွားရပါသနည်း ? ထိုလူများ သူ(မ)အပေါ် အာရုံမစိုက်ကြဟုသာထင်ခဲ့မိသည်။

All Chapters