အခန်း (၇၄)
Vol. 8 Ch. 74
ရှန်းချူးချူး သန့်စင်ခန်းမှ ထွက်လာပြီးနောက် ချိုက်ကျဲ ဖောက်ပြန်ခံရကြောင်း ပိုသေချာလာသည်။ ၀မ်ကော သည် ကွာရှင်းရန်စိတ်ကူးမရှိရုံသာမက ကလေးပင်ရှိနေသေးသည်။ သူ(မ) ချိုက်ကျဲကို ဘယ်လိုသတိပေးရမလဲ...
ရှန်းချူးချူး ရပ်၍တွေးမနေပဲ အနာယူချိန်အတွင်း ချိုက်ကျဲအား လိုက်ရှာသော်လည်းမတွေ့ခဲ့ချေ။
ယနေ့ သူ(မ)၏ အခြေအနေသည် အလွန်ကောင်းမွန် သောကြောင့် ရိုက်ကွင်းမှာ စောစီးစွာပြီးစီးနေသလို ချန်းရှန့်ကန်းသည် လက်ထောက်တစ်ယောက်တည်းနှင့် အတူရှိနေသည်ကိုမြင်သဖြင့် "ဒီနေ့ ချိုက်ကျဲကို ဘာလို့မတွေ့ရတာလဲ?"
ချန်းရှန့်ကန်းသည် ပြုံးကာ "ချိုက်ကျဲက ဝမ်ကောနဲ့ မကြာခင် လက်ထပ်ရတော့မှာ၊ သူတို့ နောက်လဆိုတာနဲ့ လက်ထပ်ဖြစ်မယ်နဲ့တူတယ်၊ ဒါကြောင့် ချိုက်ကျဲ အခုလောလောဆယ် အရမ်းအလုပ်များနေတာ"
ရှန်းချူးချူး၏ နှလုံးသားသည် တင်းကျပ်သွားရပြီး " ချိုက်ကျဲလာဦးမှာလား"
ချန်းရှန့်ကန်းသည် ခေါင်းညိတ်လိုက်ကာ "လာဖြစ်လောက်မှာ၊ ရက်အနည်းငယ်ကြာရင် ကျွန်တော့်ရဲ့ ဖက်ရှင်ရှိုးရှိတယ်၊ မကြာခင် လက်မှတ်တွေရလာတော့မှာ"
ရှန်းချူးချူးသည် စိတ်သက်သာရာရစွာနှင့် " တကယ်ကောင်းလိုက်တာ၊ ရှင့်ရဲ့ ရှိူးပွဲအတွက် ဂုဏ်ယူပါတယ်"
ချန်းရှန့်ကန်းသည် ရှန်းချူးချူး၏ မူမမှန်သော လေသံကို သတိမထားမိပဲ ပြုံးလျက်သာပြန်ပြောသည်။ "ကျေးဇူးပဲ၊ မင်းရဲ့သရုပ်ဆောင်မှုစွမ်းရည်နဲ့ဆိုရင် မင်းလည်း မကြာခင် ဒီအသိုင်းအဝိုင်းထဲမှာ နေရာတစ်နေရာစာရလာမှာပါ၊ မင်း မြန်မြန်လေးကျော်ကြားလာဖို့မျှော် လင့်တယ်"
ရှန်းချူးချူးသည် နောက်ထက်စကားအနည်းငယ်ပြောကာ ၎င်းတို့၏ အာလပသလာပစကားဝိုင်းကိုအဆုံး သတ်ခဲ့သည်။
နောက်တစ်နေ့မနက်တွင် ဟန်ရှင်းယန်ထွက်သွားတော့မည့်အချိန် ရှန်းချူးချူး သူ့ခါးကို ပွေ့ဖက်လျက် "အစစအရာရာ သတိထားဦး"
ဟန်ရှင်းယန်သည် သူ့ကောင်မလေး၏ တုန့်ဆုတ်နေမှုကို ကြည့်ကာ သူ(မ)နှုတ်ခမ်းကို အကြိမ်အနည်းငယ် နမ်းလိုက်ပြီး "ရုပ်ရှင်ကောင်းကောင်းရိုက်ပြီး ကိုယ်ပြန်လာတာကိုစောင့်နေ"
"ရှင် ပင်ပင်ပန်းပန်း အလုပ်လုပ်စရာမလိုပါဘူး၊ သွားလိုက်ပြန်လိုက်ဆိုရင် ရှင်ပင်ပန်းတာပေါ့"
ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ဆံပင်ကို ပွတ်သပ်ကာ စကားပြန်မဆိုချေ။
ရှန်းချူးချူးသည် ဟန်ရှင်းယန် သူ(မ)အနားမှာရှိနေစဉ် ဘာမှထွေထွေထူးထူး မခံစားရသော်လည်း သူထွက်သွားပြီးနောက်တွင် သူသည် သူ(မ)ဘ၀တွင် မည်မျှ နေရာယူထားကြောင်း သိလိုက်ရသည်။ ထိုအရာသည် စကားလုံးများဖြင့်ပင် ဖော်ပြ၍မရချေ။ သူ(မ) ဇာတ် ညွှန်းဖတ်နေတဲ့အချိန်တိုင်း သူသည် နံဘေးတွင် လာထိုင်တက်သည်။ သို့သော် ယခုအချိန် သူထွက်သွားပြီးနောက် တစ်အိမ်လုံးဗလာဖြစ်သွားသည့်ပမာပင်။
ထိုသည်မှာ ထွက်သွားသောသူသည် ကြော့ကြော့မော့မော့ ထွက်သွားနိုင်သော်လည်း ကျန်ခဲ့သူသည်တော့ နာကျင်ရသည်ဟူသော စကားအတိုင်းပင်။ သူ(မ)အခန်းတွင် အမြဲတစေရှိနေတက်သော သူသည် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ သို့သော်ငြား နှစ်ရက်အကြာတွင် ရိုက်ကူးရေးသည် အခြားနေရာသို့ပြောင်းရွှေ့ခဲ့သဖြင့် ဟိုတယ်လည်းပြောင်းခဲ့ရသည်။ထိုသို့မှ ရှန်းချူးချူး ခံစားချက်များလည်း အနည်းငယ်ငြိမ်သက်သွားသည်။
ရိုက်ကူးရေးပထမဆုံးနေ့တွင် ရှန်းချူးချူးသည် ချိုက်ကျဲကိုတွေ့ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် ချိုက်ကျဲ၏မျက်နှာသည် ယခင်လို တောက်ပခြင်းမရှိတော့ဘဲ ညိုးနွမ်းနေသည်။
ရှန်းချူးချူး၏ နှလုံးသားသည် တုန်လှုပ်သွားရသည်။ မဟုတ်မှလွဲရော ဝမ်ကော လက်ထပ်ထားတာနဲ့ ကလေးရှိတာကို သိသွားလို့များလား ?
သို့သော် ၎င်းသည် မင်္ဂလာဆောင်ဖိတ်စာ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အခြားသူများကို ပြောနေသည်အား ကြားချိန် သူ(မ) အတွေးလွန်နေမှန်းသိလိုက်သည်။
သူ(မ)သည် မနက်ပိုင်း သရုပ်ဆောင်ပြီးနောက် နေ့လည်ပိုင်းတွင် ချိုက်ကျဲနှင့် စကားပြောရန် အခွင့်အရေးကို ရှာတွေ့ခဲ့သည်။ သူ(မ)သည် ချိုက်ကျဲ မည်မျှ နားလည်မှုလွဲသည်ဖြစ်စေ ပြောပြရန် စဉ်းစားထားပြီးဖြစ်သည်။
"ကျွန်မ ချိုက်ကျဲနဲ့မတွေ့ရတာ ရက်အတော်တောင်ကြာနေပြီပဲ၊ ချိုက်ကျဲ ဝိတ်တွေအများကြီးကျသွားလိုက်တာ"
ချိုက်ကျဲကျန့်သည် အတွေးများကြား လွင့်မျောနေပုံရပြီး ရှန်းချူးချူး၏ အမေးကိုကြားသည်နှင့် အပြုံးတစ်ပွင့်ဖြင့် ဖြေလာသည်။
"လွန်ခဲ့တဲ့ရက်ပိုင်းက ငါ နေ့ခင်းတရေးတမောအိပ်ဖို့တောင် အချိန်မရှိလို့ ဝိတ်ကျသွားတာနဲ့တူတယ်"
"ကျွန်မက ချိုက်ကျဲ မင်္ဂလာဝတ်စုံဝတ်ရမှာမို့လို့ ဝိတ်ချနေတယ်လို့ ထင်လိုက်တာ"
ချိုက်ကျဲသည် ထိုသည်ကို နားထောင်ပြီး ပြုံးလျက်သာ တုန့်ပြန်လိုက်သည်။ ထိုစဉ် သူ(မ)စကားပြန်ပြောမည်အပြု ဖုန်းမြည်လာခဲ့သည်။ ရှန်းချူးချူးသည် သူ(မ) အနီးတွင်ရှိနေသောကြောင့် ဖုန်းခေါ်ဆိုသူမှာ ၀မ်ကောဆိုသည်အားမြင်လိုက်သည်။
ထို့အပြင် ရှန်းချူးချူးသည် သူ(မ)အနားတွင်ရှိနေသောကြောင့် ဝမ်ကော၏ အသံကိုလည်း ကြားရသည်။
ချိုက်ကျဲသည် မျက်မှောင်ကြုတ်လိုက်ကာ သူ(မ)ဘေးနားတွင် ရှန်းချူးချူးရှိနေသည်ကို သတိရပြီး အားနာစွာကြည့်ကာ ဖုန်းပြန်ဖြေလိုက်သည်။
"ရှင်စိတ်မပူပါနဲ့၊ ပိုက်ဆံက ပြဿနာမဟုတ်ဘူး..."
ချိုက်ကျဲသည် ဝမ်ကောကို နှစ်သိမ့်နေပုံရသည်။ ထို့ နောက် ချိုက်ကျဲ ခပ်ဝေးဝေးသို့ ရောက်သွားသဖြင့် ၎င်းတို့ပြောနေသည်ကို မကြားရတော့ချေ။
ရှန်းချူးချူးသည် သူ(မ)တွေးထားသလောက် ရိုးရှင်းပုံမပေါ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ဆယ်မိနစ်လောက်ကြာချိန် ချိုက်ကျဲသည် ပင်ပန်းနွမ်း နယ်နေသည့် မျက်နှာနှင့် ပြန်လာခဲ့သည်။ သို့သော် ယခုအချိန်တွင် သူ(မ)တို့ ထိုင်သည့်နားသည် သရုပ်ဆောင်အများကြီးရှိနေကြသလို ၀န်ထမ်းအနည်းငယ်လေးရှိနေသည်။ ရှန်းချူးချူးသည် ပတ်ဝန်းကျင်ကို ကြည့်ကာ တုံ့ဆိုင်းသွားပြီး "ချိုက်ကျဲ ကျွန်မနဲ့အတူတူ သန့်စင်ခန်းကို လိုက်ခဲ့လို့ရမလား ?"
ချိုက်ကျဲသည် ရှန်းချူးချူး၏ စကားကိုကြားသောအခါ သူ(မ)ကို ထူးဆန်းစွာ ကြည့်လာသည်။ ထိုသို့သောစကားမျိုး သည် ချူးချူးပြောလေ့ရှိသော စကားမျိုးမဟုတ်ပေ။ ရှန်းချူးချူး လိုချင်သည်မှာ ဘာမှန်းမသိသော ကြောင့် သူ(မ) ခေါင်းယမ်းလိုက်သည်။
ရှန်းချူးချူးသည် ၎င်း၏လက်ကိုလှမ်းဆွဲကာ "သွားရအောင် ချိုက်ကျဲ၊ ကျွန်မ ချိုက်ကျဲကိုပြောစရာရှိလို့"
ချိုက်ကျဲသည် သူ(မ)ရှေ့ရှိ နုပျိုလှပသော မိန်းကလေးကို ကြည့်ကာ ရှန်းချူးချူး၏ လေးနက်သောမျက်နှာ ထားကိုမြင်သွားသည်။ သူ(မ)ကို ပြောစရာရှိလို့ သန့်စင်ခန်းထဲသွားဖို့ ခေါ်တာကို...
"ကောင်းပြီ" ချိုက်ကျဲသည် သဘောတူလိုက်သည်။
ရှန်းချူးချူးသည် နဘေးတွင် မည်သူမှမရှိသည်ကိုမြင်ချိန် "ချိုက်ကျဲ... ကျွန်မဒါကို ပြောရမှာလား မပြောရဘူးလားဆိုပြီး စဉ်းစားနေတာကြာပြီ၊ ဒါပေမဲ့ ချိုက်ကျဲသာမသိချင်ဘူးဆိုရင် ကျွန်မပြောမှာမဟုတ်ဘူး"
မစ္စချိုက်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ "ဘာကိစ္စလဲ ?"
ရှန်းချူးချူးသည် သူ(မ)ကြိုတင်စဥ်းစားထားသော စကားများကို စဉ်းစားက "ဒါက... ဝမ်ကောကို အမျိုး သမီးတစ်ယောက်ရယ် ၃ နှစ်အရွယ် ကလေးနှစ်ယောက်နဲ့ စားသောက်ဆိုင်မှာတွေ့လိုက်တယ်လို့ ကျွန်မအသိကပြောလို့၊ အဲ့မှာ ကလေးက ၀မ်ကောကိုပါးပါးလို့ခေါ်လိုက်တာ ......"
ရှန်းချူးချူးသည် ချိုက်ကျဲ၏မျက်လုံးများထဲသို့ စိုက်ကြည့်ကာ "ဒါ မဖြစ်နိုင်ဘူးလို့ ကျွန်မထင်တယ်၊ ၀မ်ကောက ကျဲကို လက်ထပ်တော့မှာကို ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ချိုက်ကျဲသည် သူ(မ)စကားကို နားထောင်ပြီးနောက် "ချူးချူး မင်းဒီလိုစကားမျိုးကို ဘယ်လိုလုပ်လက် လွတ်စပယ်ပြောနိုင်ရတာလဲ ? ငါ မင်းကို ဒီလိုလူမျိုးမှန်း မထင်ထားခဲ့ဘူး၊ ငါ အထင်မှားခဲ့တာနဲ့တူတယ်၊ မင်းကို မိန်းမငယ်လေး တစ်ယောက်လို့ပဲထင်ခဲ့တာ အခုတော့ မင်းက ဒီလောက်ထိ စည်းမစောင့်တဲ့သူပါလား၊ ဟုတ်တယ် ငါက လက်ထပ်ဖူးပြီးတဲ့ မိန်းမတစ်ယောက်ဖြစ်သလို ၀မ်ကောကလည်း လက်ထပ်ဖူးပြီးတဲ့ ယောင်္ကျားတစ်ယောက်ပဲ၊ အဲ့တာကို ငါတို့အချင်းချင်းလက်ခံထားပြီးသား၊ မင်း အခုလိုမျိုး မပြောသင့်ဘူး"
ရှန်းချူးချူး၏ မျက်နှာသည် ပြောင်းလဲသွားရသည်။ ဤအခြေအနေသည် အမှန်တကယ်ပင် ရှက်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ ချိုက်ကျဲသည် သူ(မ) စကားကို မယုံကြည်ခြင်း သို့မဟုတ် သံသယ၀င်ခြင်းလောက်သာ ဖြစ်မည်ဟုထင်ထားခဲ့သော်လည်း ယခုလို အထင်လွဲလိမ့်မည်ဟု မထင်ထားသဖြင့် သူ(မ)ပြောစရာစကားပင် ပျောက်ရှရသည်။
"ချိုက်ကျဲ နားလည်မှုလွဲနေပြီ၊ ကျွန်မပြောချင်တာအဲ့လိုမဟုတ်ဘူး"
ချိုက်ကျဲ၏မျက်နှာပေါ်တွင် ဒေါသများပြည့်နှံနေပြီး ရှန်းချူးချူး၏ မျက်လုံးများကို စိုက်ကြည့်ကာ "မင်းဘာမှဆက်မပြောတာ အကောင်းဆုံးပဲ ရှန်းချူးချူး"
ချိုက်ကျဲသည် ရှန်းချူးချူးကိုကြည့်ပြီးနောက် လှည့်ထွက်သွားဟန်ပြန်လိုက်သည်။
ရှန်းချူးချူးမှာ ချိုက်ကျဲသည် သူ(မ)၏စကားကို မယုံကြောင်း မြင်သည့်အခါ "ချိုက်ကျဲ ဝမ်ကောက ကျဲကို ပိုက်ဆံတောင်းဖို့ ဖုန်းခေါ်သေးတယ်မလား ? ကျဲ အစကနေအဆုံးအထိ နည်းနည်းလေးတောင် သံသယမ၀င်ဘူးလား ?"
ချိုက်ကျဲသည် ထိုစကားကိုကြားသည်နှင့် ရှန်းချူးချူးအား တဖန်ပြန်ကြည့်ကာ ဒေါသတကြီးပြောလိုက်သည်။
"ရှန်းချူးချူး.. အစက ငါ နင့်ဘာသာ ဇာတ်လမ်းတွေလျှောက်ထွင်နေတယ် ထင်နေတာ၊ အခုမှ နင်က ငါတို့ဖုန်းပြောနေတာကိုပါ ခိုးနားထောင်နေတာကို၊ ငါ နင့်ကို သတိပေးလိုက်မယ်၊ အဲ့အကြောင်းကို တစ်ခြားဆီက သတင်းထွက်လာရဲထွက်လာကြည့် ငါဘာလဲဆိုတာ နင်သိသွားစေရမယ်၊ ငါက ဖက်ရှင်အသိုင်းအဝိုင်းမှာ ဆယ်နှစ်နီးပါးနေခဲ့တာဆိုတော့ နေရာတစ်ခုရနေပြီ၊ နင် ဖက် ရှင်လောကမှ နေရာတစ်ခုမလိုချင်တော့ဘူးလား"
ချိုက်ကျဲသည် ရှန်းချူးချူး၏မျက်နှာကို ကြည့်ကာ အနည်းငယ် လှောင်ပြောင်နေဟန်ဖြင့်ပြောလိုက်သည်။
"အစက ငါက နင် အားချန်းကို စိတ်မ၀င်စားဘူးထင်နေတာ၊ ဘာလဲ ငါ သူ့ကို စောစောစီးစီး ရည်းစားမထားခိုင်းလို့ နင် ငါ့ကိုမုန်းနေတာမလား ?"
ရှန်းချူးချူးသည် သူ(မ)သည်းခံနိုင်စွမ်းအားကောင်း သည်ဟု ထင်သော်လည်း ယခုအခါ ဒေါသများထိုးထွက်လာရသည်။
"ကျွန်မက ဒါရိုက်တာချန်းရဲ့မွေးစားသမီးဆိုတာ ချိုက်ကျဲသိမှာပါ၊ ကျွန်မမှာ အင်အားမရှိဘူးလို့ ကျဲထင်နေတာလား ? ကျွန်မက သာမာန်တက်သစ်စတွေထက်တော့ အများကြီးသာပါသေးတယ်၊ ကျွန်မသာ မဟုတ်တဟုတ်တွေဖြန့်ချင်တယ်ဆိုရင် ကျဲကိုလာပြောတာထက် မီဒီယာတွေကို သတင်းပေးလိုက်တာ ပိုပြီးအကျိုးမရှိဘူးလား"
"ကျွန်မက ကျဲကို ချန်းရှန့်ကန်းကြောင့် ခြိမ်းခြောက်စရာလိုလို့လား ?"
ရှန်းချူးချူးသည် ချိုက်ကျဲအားကြည့်ကာ "ကျဲစိတ်ချပါ၊ ကျွန်မဆီကစကားတွေ အပြင်ကိုမပြန့်စေရပါဘူး၊ ကျွန်မ ပြောချင်တာကတော့ လက်ထပ်တယ်ဆိုတာ မိန်းမတစ်ယောက်ရဲ့ ဘ၀တစ်သက်စာ အရေးပါမူတစ်ခုပဲ၊ ချိုက်ကျဲ ကျွန်မကို မယုံရင်တောင် အရင်စစ်ဆေးကြည့်တာပိုကောင်းမယ်၊ ကျဲ ကိုယ်တိုင်သိသွားမယ့်အချိန်ကို ကျွန်မ စောင့်နေမယ်" "
ရှန်းချူးချူး ထွက်သွားပြီးနောက် ချိုက်ကျဲ အချိန်ကြာကြီးရပ်နေခဲ့သည်။
သူ(မ)သည် ဒေါသထွက်ထွက်နှင့် ပြောလိုက်မိခြင်းဖြစ် သည်။ သူ(မ)စိတ်ထဲတွင် ထိုကလေးမလေး ရှန်းချူးချူးမှာ အလွန်ဆိုးရွားသည့် အကြံအစည်များရှိနေသည်ဟုသာတွေးမိလိုက်သော်လည်း ၎င်း စကားများကိုကြားရလေလေ ဒေါသပိုထွက်လာကာ အလွန်အကျွံပြောမိလိုက်သည်။ သို့သော် သူ(မ) စိတ်များငြိမ်သက်သွားပြီးနောက် ရှန်းချူးချူး၏ စကားများကိုပြန်တွေးမိကာ သူ(မ) နောက်ကျောများတွင် ချွေးပင်ဆို့လာရသည်။
သူက ဇနီးဟောင်းအပြင် ကလေးပါရှိနေတာလား ?
ချိုက်ကျဲသည် ထိုအရာကိုတွေးမိကာ ချက်ချင်းပင်ငြင်း ဆန်လိုက်သည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? သူတို့ နေ့တိုင်းလိုလို တစ်ယောက်နဲ့တစ်ယောက် အတူတူရှိနေကြ သည်မှာ တစ်နှစ်နီးပါးပင်ရှိပြီဖြစ်သည်။ သူ(မ)တို့သည် အမြဲတစေ အလုပ်ကိစ္စနှင့် ခရီးထွက်နေရပြီး အလုပ်ကိစ္စနှင့်သာ အချိန်ကုန်နေခဲ့သည်။ သူ(မ) ခရီးမထွက်ရင်လည်း ချန်းရှန့်ကန်း၏ရှိုးပွဲများနှင့်သာ အလုပ်ရှုပ်နေခဲ့သည်။
ချိုက်ကျဲ၏ကျောပြင်ပေါ်သို့ လေအေးများဖြတ်တိုက် သွားသည့်ပမာ သူ(မ) နောက်ကျောရှိ ချွေးများပင်အေးစက်လာသည်ကို ခံစားလိုက်ရသည်။
ချိုက်ကျဲသည် ရှန်းချူးချူး၏စကားများကို ပြန်တွေးကာ ခေါင်းခါယမ်းမိလိုက်သည်။ ဟင့်အင်း၊ မဖြစ်နိုင်ဘူး၊ ဘယ်လောက်တောင် ရယ်ရလိုက်တဲ့ကိစ္စလဲ ? ဝမ်ကောကဘယ်လောက်ရိုးသားတယ်ဆိုတာ သူ(မ)အသိပဲ၊ ဝမ်ကော ဘယ်တော့မှ အဲ့လိုမလုပ်ဘူးဆိုတာ သူ(မ)ယုံတယ်၊ ဒီတစ်ခေါက် ပိုက်ဆံကိစ္စကလည်း သူ(မ)ဘက်က ခြေလှမ်းစကာပေးခြင်းဖြစ်သည်။ ၀မ်ကောသည် အစပိုင်းတွင်ငြင်းဆန်ခဲ့သေးသည်။ သူ(မ) ပေးလျှင်တောင် ၎င်းသည် တစ်ပြားတစ်ချက်မှ လိုချင်မည်မဟုတ်ချေ။
ချိုက်ကျဲ၏စိတ်အခြေအနေသည်လည်း ထိုအခါမှ ပို၍ ကြည်သာလာကာ ရိုက်ကွင်းဆီသို့ ပြန်လာခဲ့လိုက်သည်။
နောက်ရက်အနည်းငယ်တွင် ရှန်းချူးချူးလည်း ချိုက်ကျဲကိစ္စကို လုံး၀ဂရုမစိုက်တော့ချေ။
သူ(မ)သည် သံသယရှိသောမျိုးစေ့များကို စိုက်ပျိုးပြီး သည်ဖြစ်၍ တဖြည်းဖြည်းအမြစ်တွဲသွားလိမ့်မည်။ ရက်အနည်းငယ်အကြာတွင် ချန်းရှန့်ကန်းသည် သူ(မ)ကို တိတ်တဆိတ်ပြောပြလာသည်။
"ချိုက်ကျဲ လက်မထပ်ဖြစ်တော့ဘူးတဲ့"
ရှန်းချူးချူးသည် သူအား အံ့ဩစွာကြည့်လိုက်မိသည်။
ချန်းရှန့်ကန်းသည် "ချိုက်ကျဲ ဝမ်ကောနဲ့ လက်မထပ်ဖြစ်တော့ဘူး၊ ဘာလို့လည်းတော့ ကျွန်တော်လည်းမသိဘူး၊ မင်း သိရင်တောင် ဘယ်သူ့ကိုမှမပြောနဲ့"
ရှန်းချူးချူး ခေါင်းသာညိတ်ပြလိုက်သည်။ သူ(မ) မျက်နှာထက် အပြောင်းအလဲမရှိသော်လည်း စိတ်ထဲတွင်တော့ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။