အခန်း (၈၆)
Vol. 9 Ch. 86
ရှန်းချူးချူးသည် ဖြစ်လာနိုင်သည့် ပြဿနာများမှ ရှောင်ရှားရန် မိတ်ကပ်ဖြင့်ရုပ်ဖျက်သည့်အပြင် အကျီအထူကြီးဝတ်ကာ ဦးထုတ်ကိုဆောင်းလိုက်ပြီး ကားကိုလည်း သိပ်မထင်ရှားသည့်နေရာတွင် ရပ်ခိုင်းလိုက်သည်။
သူ(မ) ဘေးပတ်ပတ်လည်အား တစ်ချက်ဝှေ့ကြည့်လိုက်ပြီး ကားပေါ်မှဆင်းလာခဲ့သည်။
သူ(မ) မြေအောက်ကားပါကင်ကို ရောက်သောအခါ အတွင်းရေးမှူးဝမ် စောင့်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် ရှန်းချူးချူး၏၀တ်စုံအပြည့်နှင့် ပုံစံကြောင့် အံ့အားသင့်သွားကာ ပြုံးလျက်အရှေ့သို့လျှောက်လာခဲ့သည်။
"မစ္စရှန်းလာမယ်ဆိုလို့ သူဌေးစောင့်နေတာ ဒါပေမဲ့ အခုလေးတင် ဖောက်သည်တစ်ယောက် ရုတ်တရက်ရောက် လာတော့ သွားတွေ့လိုက်ရတယ်"
ရှန်းချူးချူးသည် ယခုလေးတင်ပင် ဟန်ရှင်းယန်ထံမှ စာကိုလက်ခံရရှိသဖြင့် ပြုံးလျက် "ကျွန်မ သိပါတယ်"
ရှန်းချူးချူး ဓာတ်လှေကားပေါ်သို့ ရောက်သည်နှင့် မှန်ထဲ၌ ပုံရိပ်ထင်နေသော သူ(မ)ကိုယ် သူ(မ)ကြည့်ကာ
"ကျွန်မ ဒီလိုပုံစံနဲ့ဆို လူတွေမှတ်မိသွားနိုင်လား ?"
အတွင်းရေးမှူးဝမ်သည် ပြုံးကာ "မစ္စရှန်းကို ရင်းနှီးတဲ့လူတောင် သေချာမကြည့်ရင် မှတ်မိမှာမဟုတ်ဘူး"
ရှန်းချူးချူး ခေါင်းညိတ်ကာ "ဟုတ်ပြီ၊ ဒါနဲ့ ရှင်တို့ သူဌေးက အခုမအားသေးဘူးဆိုတော့ ကျွန်မကို ကုမ္ပဏီတစ်ဝိုက်လိုက်ပြရင်ရော ?"
အတွင်းရေးမှူးဝမ်သည်လည်း သဘောတူလိုက်ကာ "ဟုတ်ကဲ့၊ ကျွန်တော်တို့ ကုမ္ပဏီရဲ့ကန်တင်းကိုသွားမယ်ဆိုရင်ရော? အခုက နေ့ခင်းဘက်ဆိုတော့ အဲ့နေရာမှာ။ မစ္စရှန်း အေးဆေးကြည့်လို့ရတယ်"
ရှန်းချူးချူးသည် အိုးတိုးအန်းတန်းဖြင့် "ဟင့်အင်း၊ ကျွန်မက ကျန်းထန့်နဲ့ တော်တော်ရင်းနှီးတော့လေ အခု သူ့မှာ ရည်းစားရှိနေပြီလို့ကြားတယ်၊ သူ့ရည်းစားကလည်း ဒီကုမ္ပဏီကပဲဆိုတော့ ကျွန်မ သူ့ရည်းစားကို အရမ်းမြင်ဖူးချင်တာပဲ “
အတွင်းရေးမှူးဝမ် မျက်မှောင်ကြုတ်ကာ ရှန်းချူးချူးကို တုံ့ဆိုင်းစွာကြည့်လိုက်သည်။
ရှန်းချူးချူးသည် အတွင်းရေးမှူးဝမ်၏ အကြည့်ကြောင့် ပိုလို့ပင်စူးစမ်းချင်လာသည်။
"ဘာလို့လဲ အတွင်းရေးမှူးဝမ် မခေါ်သွားပေးနိုင်လို့လား ဒါမှမဟုတ် အတွင်းရေးမှူးဝမ်က သူ့ကောင်မလေးကို မသိလို့များလား ?"
အတွင်းရေးမှူးဝမ်သည်လည်း သတိပြန်၀င်သွားပြီး "ဟင့်အင်း မဟုတ်ပါဘူး၊ မစ်ရှန်း နားလည်မှုလွဲတာပါ၊ ကျွန်တော် အခုပဲလိုက်ပြပါ့မယ်" အတွင်းရေးမှူးဝမ် မြေညီထပ် ခလုတ်ကိုနှိပ်လိုက်သည်။
ရှန်းချူးချူးသည် "ရှင် အရမ်းစိတ်မပူပါနဲ့၊ ကျွန်မက သိချင်ယုံပါ၊ ကျန်းထန့်က ဘာမှမပြောဘဲနဲ့ ရည်းစားရသွားတော့ သူ့ကောင်မလေးက ဘယ်လိုပုံစံလဲဆိုတာ ကျွန်မကမြင်ဖူးချင်ရုံပါ"
အတွင်းရေးမှူးဝမ်သည် မျက်မှန်ကိုပင့်တင်ကာ သူလေ သံသည် တုန့်ဆိုင်းမှုများရောယှက်ကာ "ကျွန်တော် စိတ်မပူပါဘူး၊ ကျွန်တော်က သူဌေးနားလည်မှုလွဲမှာပဲကြောက်တာ"
ရှန်းချူးချူးသည် စိတ်ရှုပ်ထွေးစွာ ပြန်ကြည့်လာသည်။ "ဟမ် ? ရှင့် သူဌေးက ဘာကိုနားလည်မှုလွဲမှာလဲ?"
"အဟွတ်! မစ္စနဲ့ မစ္စတာကျန်းထန့်တို့ကြားက ဆက်ဆံရေးကို သူဌေး အထင်လွဲမှာကို"
ရှန်းချူးချူး ကြောင်အသွားသည်။ အတွင်းရေးမှူးဝမ်သည် သူ(မ) ကျန်းထန့်ချစ်သူနှင့် သွားတွေ့မည်ကို ဟန်ရှင်းယန် သိသွားမည်အားကြောက်နေခြင်းဖြစ်မည်ဟု မထင်ထားချေ။
"စိတ်မပူပါနဲ့ ကျွန်မတို့ သူ့ကို မပြောရင် သူမသိနိုင်ပါဘူး၊ ကျွန်မ ဝေးဝေးကပဲ ကြည့်မယ်လေ"
အတွင်းရေးမှူးဝမ်: "..."
မြေညီထပ်သို့ရောက်ပြီးနောက် ရှန်းချူးချူးသည် အတွင်းရေးမှူးဝမ်နောက်မှ သူခိုးတစ်ယောက်ပမာ ကပ်လိုက်လာသည်။ အတွင်းရေးမှူးဝမ်သည်လည်း သူ(မ) အားအမြန်လှည့်လိုက်သည်။ ၎င်းသည် သူ့သူဌေး၏ ကောင်မလေးဖြစ်သဖြင့် အနာဂတ်တွင် သူဌေးကတော်ဖြစ်လာမည့်လူဖြစ်သဖြင့် သူ(မ)ရှေ့မှ သူမလျှောက်ရဲချေ။
ရှန်းချူးချူးသည် သူ(မ)လက်ကို အမြန်ဝှေ့ယမ်းပြလိုက်ပြီး ခပ်တိုးတိုးလေးပြောသည်။ "အတွင်းရေးမှူးဝမ်က ဒီကလူဆိုတော့ အရှေ့ကနေ လမ်းပြပြီးသွားမှရမှာ၊ အဲ့မိန်းကလေးကိုတွေ့တာနဲ့ ကျွန်မကို အချက်ပြဖို့မမေ့နဲ့နော်"
အတွင်းရေးမှူးဝမ်သည် သူ့စိတ်ထဲရှိ ထူးဆန်းနေမှုကို ဖိနှိပ်ပြီး "ကောင်းပါပြီ"
ရှန်းချူးချူးသည် အတွင်းရေးမှူးဝမ်နောက်မှလိုက်လာကာ အခြား ဝန်ထမ်းများကို တိတ်တဆိတ် ကြည့်ရှုစစ် ဆေးနေသည်။
ရုတ်တရက် သူ(မ)ရှေ့မှာလမ်းလျှောက်နေသည့် အတွင်း ရေးမှူးဝမ်မှ ချောင်းဟမ့်လာကာ ရှန်းချူးချူးကိုကြည့်လာသည်။ ရှန်းချူးချူးသည် ချက်ချင်းပင်နားလည်သွားပြီး အတွင်းရေးမှူးဝမ်၏အကြည့်များ ဦးတည်ရာကို လိုက်ပါကြည့်ရှုလိုက်သည်။
သူ(မ)တို့၏ ဆန့်ကျင်ဘက်အရပ်တွင် ရှည်လျားသွယ်လျသော ခြေတံများနှင့် ခါးခပ်သွယ်သွယ်၊ ဖြူဖွေးနေသော မျက်နှာနှင့် အမျိုးသမီးတစ်ယောက်ရပ်နေသည်။ ၎င်းသည် အလွန်လှပသော မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း လူတစ်ယောက်အား အပေါ်ယံကိုသာကြည့် ၍ဆုံးဖြတ်လို့မရချေ။ ရှန်းချူးချူးသည် စနစ်ကြောင့် ၎င်းအား အနည်းငယ်မျက်မှုန်းကျိုးနေမိသည်။
ရှန်းချူးချူးသည် သူ(မ) အလွန်မစဉ်းစားမိကြောင်း ရုတ်တရက်ခံစားလိုက်သည်။
"ဟေး.. ဒါက အတွင်းရေးမှူးဝမ် မဟုတ်ဘူးလား ? ကျွန်မတို့ PR ဌာနကို ဘယ်လေတွေတိုက်လို့ ရောက်လာတာပဲ၊ ဒါမှမဟုတ် အင်တာနက်မှာ သတင်းတွေထပ်ပြန့်လို့များလား၊ ရှင် ကျွန်မတို့ကို ဖုန်းဆက်လိုက်လည်းရတာကို လူကိုယ်တိုင်လာစရာမလိုပါဘူး၊ ချင်ယင်ရန်နဲ့ ချီယုဖေးလည်းထောက်ခြောက်ထဲမိပြီး သူတို့ အကုန်လုံးပျက်စီးသွားပြီလေ"
အတွင်းရေးမှူးဝမ်:...
ရှန်းချူးချူး:...
ရင်ရှင်းမုန့်မှာ အတွင်းရေးမှူးဝမ်သည် မည်သည့်စကားမှ ပြန်မပြောသည်ကို မြင်သဖြင့် ခေါင်းတစ်ချက်လှည့်ကာ ရှန်းချူးချူးအားကြည့်ပြီး "ဒါ ဘယ်သူများလဲ၊ သူ့ကိုဘာလို့ ကျွန်မ အရင်ကမမြင်ဖူးရတာလဲ? ဘာလို့ အထဲ ၀င်လာတာတောင် ဦးထုပ်ကြီးဆောင်းထားတာလဲ"
အတွင်းရေးမှူးဝမ်သည် ထိုစကားကိုကြားသောအခါ ရင်ရှင်းမုန့်၏အကြည့်ကို ပိတ်ဆို့လိုက်ပြီး "အဟွတ်! ငါသူ့ကို ကိစ္စရှိလို့ ခေါ်လာတာ"
"ဟေ့! အတွင်းရေးမှူးဝမ်ကိုယ်တိုင်က ခေါ်လာရတဲ့လူလား ? တွေ့ရတာ၀မ်းသာပါတယ် ငါ့နာမည်က ရင်ရှင်းမုန့်ပါ၊ ငါက CEOဟန်ရဲ့ ခယ်မပါ၊ ရှေ့လျောက် ငါ့ကို ကျေးဇူးပြုပြီးစောင့်ရှောက်ပေးပါဦး"
ရှန်းချူးချူးသည် ရင်ရှင်းမုန့်၏အကြောင်းကို မှန်းဆမိသဖြင့် ကျန်းထန့်အကြိုက်သည် ဤမျှထူးခြားလိမ့်မည်ဟု သူ(မ) မမျှော်လင့်ထားချေ။ သူ(မ) ရင်ရှင်းမုန့်ကိုတွေ့ပြီးသည်ဖြစ်သဖြင့် ချက်ချင်းပင်လှည့်ကာဓာတ်လှေ ကားဆီသို့ဦးတည်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ(မ) သည် ရင်ရှင်းမုန့်၏စနစ်ကိုမြင်လိုက်ရပြီဖြစ်သဖြင့် သူ(မ)နှင့် ဘာမှဆက်ပြောစရာမရှိတော့ချေ။
အတွင်းရေးမှူးဝမ်သည်လည်း ရင်ရှင်းမုန့်က ခေါင်းညိတ်ပြကာ သူ(မ)နောက်မှလိုက်သွားသည်။
ရင်ရှင်းမုန့်သည် ထိုလူနှစ်ယောက်၏နောက်ကျောကို ကြည့်ကာ ခံပျင်းဒေါသဖြစ်မိသည်။ သူ(မ)သည် ကျန်းထန့်နှင့်လက်ထက်ရမည့်သူဖြစ်သော်လည်း ၎င်းတို့သည် သူ(မ)အားလျစ်လျူရှုကြသည်။
ရှန်းချူးချူးသည် ဓာတ်လှေကားဘေးတွင် ရပ်နေသော စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချပြီး ပြေးလာသော အတွင်းရေးမှုးကိုကြည့်ကား "အဲဒီမိန်းကလေး မဟုတ်လား ?"
အတွင်းရေးမှူးဝမ်၏မျက်နှာသည်လည်း သိပ်ကောင်းမနေပဲ ခေါင်းသာညိတ်လိုက်သည်။
ထို့နောက် ၎င်းတို့နှစ်ယောက်သည် ဓာတ်လှေကားထဲသို့ ဝင်သွားသည်။
အတွင်းရေးမှူးဝမ်သည် ဓာတ်လှေကားထဲသို့ ဝင်ပြီးနောက် "မစ်ရှန်း... နားလည်မှုမလွဲနဲ့ ကျွန်တော်တို့သူဌေးက သူ့အချစ်ရေးအကြောင်း မဖုံးကွယ်ထားပါဘူး၊ အခုဟာက…"
ရှန်းချူးချူးသည် ပြုံးကာ "အင်း ကျွန်မ နားလည်ပါတယ်"
အတွင်းရေးမှူးဝမ်သည် ထိုအခါမှ အနည်းငယ်စိတ်သက် သာရာရသွားသည်။
ဓာတ်လှေကားသည် အပေါ်ထပ်၌ ရပ်တန့်ပြီးနောက် ရှန်းချူးချူးလည်း အတွင်းရေးမှူးဝမ် နောက်မှသာလိုက်လာခဲ့သည်။ ဟန်ရှင်းယန်သည်လည်း ဧည့်သည်နှင့်တွေပြီး ပြန်လာပြီဖြစ်သည်။
သူသည် သူ(မ)၀တ်လာသည်များကို မြင်သောအခါအ နည်းငယ်မျက်ခုံးပင့်သွားရသည်။
အတွင်းရေးမှူးဝမ်သည် ဟန်ရှင်းယန်ပြန်ရောက်နေသည်ကိုမြင်လိုက်ရသဖြင့် ခြေလှမ်းအနည်းငယ် နောက်သို့ တိတ်တဆိတ် ဆုတ်လိုက်သည်။ ရှန်းချူးချူးသည် ခေါင်းငုံ့လျက် အတွေးထဲတွင် နယ်ချဲ့နေသောကြောင့် ဟန်ရှင်းယန်ရောက်လာသည်ကို သူ(မ)လက်ကိုလာမကိုင်မချင်းမသိလိုက်ချေ။
"မင်းကို ဒီလို၀တ်ပေးလိုက်တာ ဘယ်သူလဲ ?" ဟန်ရှင်းယန်သည် အပြုံးတစ်ပွင့်ဖြင့် မေးလိုက်သည်။
ရှန်းချူးချူးသည် အသိ၀င်လာကာ "ဟင် ? ဪ.. ကျွန်မလက်ထောက်လေ၊ ကြည့်ကောင်းလား ?"
ဟန်ရှင်းယန်သည် ရှန်းချူးချူးကိုကြည့်ကာ "အရမ်း ကြည့်ကောင်းတယ်"
ဟန်ရှင်းယန်သည် ထိုစကားနှင့်သာ လုံလောက်သည်ဟု မခံစားရသဖြင့် ထပ်မံထက်ပေါင်းပြောလာသည်။
"မင်း ဘာ၀တ်၀တ်ကြည့်လို့ကောင်းပြီးသား"
သို့သော် သူ့ စိတ်ထဲတွင်တော့ ဘာမှမ၀တ်ရင်ပိုကောင်းသည်ဟု တိတ်တဆိတ်ပြောနေမိသည်။
အတွင်းရေးမှူးဝမ်သည် ထိုစကားများကိုအရေးတယူမလုပ်တော့သော်လည်း လက်ထောက်လေးသည်တော့ ရှေးရိုးဆန်သည့် အဘိုကြီးဘော့စ်ထံမှ ထိုသို့စကားများကြားရသဖြင့်ထိတ်လန့်သွားခဲ့သည်။ ဘော့စ်ဖြစ်သူ၏ နူးညံမှုကိုပထမဆုံးအကြိမ်မြင်ခြင်းဖြစ်ပြီး ၎င်းပြုံး သည်ကိုလည်း သူ(မ) ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
သူ(မ)သည် နေ့ခင်းဘက်တွင် သရဲတစ္ဆေများကိုမြင်လိုက်ရသလို နားရှိလို့သာကြားလိုက်ရခြင်းဖြစ်သည်ဟု တွေးလိုက်မိသည်။
ဘော့စ်တို့နှစ်ယောက် ရုံးခန်းထဲဝင်သွားပြီးသည့်နောက် ထိ သူ(မ) အသိမကပ်သေးချေ။
"ဒီသတင်းကို အပြင်မထွက်စေနဲ့"
အတွင်းရေးမှူးဝမ်သည် အချိန်မီသတိပေးလိုက်သည်။
လက်ထောက်လေး- "ဟမ် ? အပြင်ကိုမပြောရဘူး ?"
ထိုအခါမှ ဘော့စ်၏ကောင်မလေးကို သူ(မ) ရင်းနှီးနေ သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ အတွင်းရေးမှူးဝမ်၏ စကားနှင့်ဆက်စပ်တွေးလိုက်ရာ သူ(မ)ပိုသေချာသွားသည်။ သူ(မ)သည် အတွင်းရေးမှူးဝမ်အား ပါးစပ်အဟောင်းသားစိုက်ကြည့်နေမိသည်။
အတွင်းရေးမှူးဝမ်: ... သူကို သတိပေးလိုမိတာ မှားများမှားသွားပြီလား ?
"အဲ့..အဲ့တာ... အဲ့တာ ရှန်းချူးချူးလား ?"
လက်ထောက် တိတ်တဆိတ်မေးလိုက်သည်။
"မင်း သိရင်လည်းတိတ်တိတ်နေ၊ လိုင်းပေါ်မှာ သတင်းတစ်ခုမှမထွက်စေနဲ့၊ မဟုတ်လို့ကတော့ မင်း ဒီအလုပ်ကို နှုတ်ဆက်ရလိမ့်မယ်"
လက်ထောက်လေး ခေါင်းညိတ်ကာ "ဟုတ်ကဲ့ပါ ကျွန်မဒီအကြောင်းကို ဘယ်သူ့ကိုမှပြောမှာမဟုတ်ဘူး"
ရှန်းချူးချူးသည် ရုံးခန်းထဲသို့ရောက်သည်နှင့် သိချင်စိတ်အပြည့်ဖြင့် လိုက်စပ်စုတော့သည် ညာဘက်ကိုကြည့်ရန် ထွက်ခွာသွားခဲ့သည်။
ဟန်ရှင်းယန်သည် သူ(မ)လေး၏ စပ်စုနေသော သွင်ပြင်ကိုမြင်သဖြင့် လိုက်ပြလိုက်ကာ အနောက်ဘက်တွင် သွယ်ဝှက်ထားသော ဧည့်ခန်းလေးကိုပါပြလိုက်သည်။ ထိုအခန်းထဲ ကုတင်တောင်ပါသေးသည်။
ရှန်းချူးချူးသည် စိတ်ရင်းဖြင့် ငြူဆူသွားမိသည်။
"ရှင်က တကယ့်သူဌေးပဲ၊ ဘယ်လိုဇိမ်ခံရမလဲ ရှင် အရမ်းသိနေရော"
ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ဆံပင်များကိုနမ်းရှိုက်နေသည်။
ဟန်ရှင်းယန်သည် ရှန်းချူးချူးမှာ ယနေ့ ကုမ္ပဏီသို့ လိုက်လာခြင်းနှင့် ပတ်သက်၍ အခြားအကြောင်းအရင်းများရှိနေမည်ကို မှန်းဆမိသော်လည်း သူ(မ)သည် သူနှင့်ရှိနေပြီဖြစ်သဖြင့် အရေးမကြီးတော့ချေ။
"ရှင်အလုပ်ဆင်းဖို့ နာရီဝက်လိုသေးတယ်မဟုတ်လား? ရှင်လုပ်စရာရှိတာသွားလုပ်တော့လေ၊ ကျွန်မရှင့်ကို မနှောင့်ယှက်တော့ဘူး"
ဟန်ရှင်းယန်သည်လည်း သူ့တွင် လုပ်စရာများစွာရှိနေ သည်ကို တွေးမိသဖြင့် "ကောင်းပြီ၊ ဒါဆို မင်းလည်း ထိုင်ပြီးအနားယူလိုက်လေ၊ အဲ့မှာ မဂ္ဂဇင်းတွေနဲ့ သစ်သီးတွေရှိတယ်၊ ကိုယ်တို့ခဏနေမှ တစ်ခုခုသွားစားကြတာပေါ့"
ရှန်းချူးချူးသည် ခေါင်းညိတ်ကာ "အွန်း၊ ဟော့ပေါ့စားမယ်"
ဟန်ရှင်းယန်သည် ပြုံးကာ "ကောင်းပြီ။"
ထို့နောက် ဟန်ရှင်းယန်သည် ကွန်ပျူတာရှေ့တွင် စတင်အလုပ်လုပ်တော့သည်ယ သူသည် စားပွဲပေါ်ရှိ စာရွက် စာတမ်းများကိုလည်း တစ်ရွက်ချင်းစီ စစ်ဆေးနေရသည်။ ရှန်းချူးချူးသည် ဟန်ရှင်းယန်အားအချိန်အကြာကြီး ငေးကြည့်နေမိသည်။
ဟန်ရှင်းယန်သည် အတွင်းရေးမှူးဝမ်ကို မ၀င်လာခိုင်း သည်အထိ သူ(မ)၏အကြည့်များသည် ၎င်းအပေါ်သာ ကပ်တွယ်နေသည်။ သူ(မ) ဟန်ရှင်းယန်ဆီမှ အကြည့်လွှဲလိုက်သည့်အကြောင်းမှာ အတွင်းရေးမှူးဝမ်မှ မုန့်အများကြီး၀ယ်ယူလာပေးခဲ့သောကြောင့်ပင်။
ရှန်းချူးချူးသည် အနည်းငယ်ဗိုက်ဆာနေသဖြင့် ဟန်ရှင်းယန်ကိုတစ်ချက်ကြည့်ကာ မုန့်များဖောက်လိုက်ပြီး
"ရှဲရှဲ၊ အရမ်းစားလို့ကောင်းတယ်"
အတွင်းရေးမှူးဝမ် "ဟုတ်ကဲ့"
ထို့နောက် အတွင်းရေးမှူးဝမ်သည် ဟန်ရှင်းယန်အား ဖိုင်များကိုပေးပြီးနောက် ဟန်ရှင်းယန်သည် အတွင်းရေးမှူး ၀မ်အား အကြည့်တစ်ချက်ပေးကာ ရှန်းချူးချူးအတွက် လိုအပ်သည့်မုန့်များထပ်၀ယ်ပေးရန် တိတ်တဆိတ်မှာ ကြားလိုက်သည်။
သူ(မ)မုန့်စားပြီးနောက် ဖုန်း ရုတ်တရက်မြည်လာသည်ကိုမြင်သဖြင့် ကြည့်လိုက်ရာ ဝမ်ကျင်းထံမှမက်ဆေ့ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။