အခန်း (၁၀၃)
Vol. 11 Ch. 103
ရှန်းချူးချူး စတူဒီယိုသို့ရောက်စဉ် ယနေ့အငွေ့အသက်များသည် ယခင်ကနှင့်မတူဟုခံစားလိုက်ရသည်။
ချန်ယွီသည် ယခင်ကထက် ပို၍ပျော်ရွှင်နေခဲ့သည်။ လူတိုင်းသည်လည်း သူ(မ)နှင့် ရှန်းချူးချူးအား "ဂုဏ်ပြုစကား" များပြောခဲ့သည်။ သူ(မ)တို့သည်လည်း အချင်း ချင်းဂုဏ်ပြုစကားဆိုကာ ပြဿနာများအားလုံးချုပ် ငြိမ်းသွားပြီဖြစ်သည်။
ချန်ယွီသည် အဝတ်လဲခန်းမှ ထွက်လာသည့်အခါ သူ(မ) ကိုသတိပေးလိုက်သည်။
“မင်း လည်ပင်းကို မိတ်ကပ်နဲ့ဖုံးဖို့မမေ့နဲ့ဦး”
ရှန်းချူးချူးသည် ချက်ချင်းငုံ့ကြည့်လိုက်သော်လည်း မည်သည့်အရာမှ မမြင်ရပဲ မှန်ရှေ့တွင် အသေအချာစိုက်ကြည့်မှမြင်ရတော့သည်။ ဒါ ဒီမနက်ခင်းကဟာပဲ သူ့ကိုပဲ အပြစ်တင်ရမယ်...
ရှန်းချူးချူးသည် ပြန်တွေးမိသောအခါ သူ(မ) မျက်နှာသည်နီရဲတတ်လာသည်။ ယနေ့ရိုက်ကွင်းသည် အလွန်အဆင်ပြေခဲ့သညိ။
ယခုအချိန်တွင် ချန်ယွီကိစ္စများအပြင် သတင်းထောက်များကိုပါ စိတ်ပူစရာမလိုတော့သဖြင့် လူတိုင်းစိတ်အေးလက်အေးဖြစ်နေသည်။ စတူဒီယိုထဲတွင် စတားများမှအစ အလုပ်သမားများနှင့် ရာထူးမြင့်များအထိ ကိုယ်စီ ကိုယ်စီတာ၀န်အပြည့်ပြန်ဖြစ်သွားသည်။
နှစ်လအကြာတွင် "အချစ်နှင့်အိမ်ထောင်ရေး" ဇာတ် လမ်းကို အပြီးသတ်နိုင်ခဲ့ပြီး ကျန်သောအရာမှာ တီးဖြတ်ခြင်းတို့အား တာ၀န်ယူထားသည့် ၀န်ထမ်းများအ လုပ်ရှုပ်ရမည့်အလှည့်ပင်။ ရှန်းချူးချူးသည် ချန်းရှီလီပေးထားသည်ြ တစ်လတာအားလပ်ရက်ကိုတွေးရင်း စိတ်အေးလက်အေးဖြစ်နေခဲ့သည်။
သူ(မ) လေယာဉ်ပေါ်မှဆင်းပြီးနောက် သူ(မ)ကို လာကြိုသည့် ဟန်ရှင်းယန်ကိုတွေ့လိုက်ရသည်။ သူ(မ) မထိန်း ချုပ်နိုင်ပဲသူ့အား ပြေးဖက်လိုက်သည်။
ထိုမှတစ်ဆင့် သူ(မ)တို့ အနမ်းဆီသို့ဦးတည်သွားပြီးနောက် သတိပြန်၀င်လာကာ သူ(မ)ကိုယ်သူ(မ) စိတ်မြန်လက်မြန်ဖြစ်လွန်းသည်ဟုပင် ခံစားလိုက်ရသည်။ သူ(မ) သည် ဦးထုပ်ကို ခပ်တင်းတင်းလေးဖိကပ်ဆောင်းကာ ဘေးညာပတ်လည်ကို အပြန်ပြန်အလှန်လှန်ကြည့်လိုက်ပြီးမှ တိုးညှင်းစွာ "ပါပါရာဇီတွေများ ရှိနေမလား မသိဘူး"
ဟန်ရှင်းယန်သည် ဗင်ကားနောက်မှာပုန်းနေသော ပါပါရာဇီကို တစ်ချက်ကြည့်လိုက်ပြီး "မရှိလောက်ပါဘူး"
၎င်းတို့ ဓာတ်ပုံရိုက်မိသွားလျှင်ပင် သူ ခွင့်မပြုမချင်း သတင်းဖြန့်လို့မရချေ။
ချူးချူး ထိုအခါမှ စိတ်ကိုလျှော့ချလိုက်ပြီး "ဒါဆိုရင်တော့ ကောင်းတာပေါ့"
ထို့နောက် ရှန်းချူးချူးသည် ပျော်ရွှင်စွာဖြင့် ကားပေါ်ကိုတက်လိုက်ပြီး ဟန်ရှင်းယန်ဖုန်းသည်မြည်လာခဲ့သည်။
"အဘိုး ပြော"
"မင်း ငါ့ကို အဘိုးလို့ခေါ်ရကောင်းမှန်းသိသေးတယ်ပေါ့! အခုချက်ချင်း ငါ့ မြေးချွေးမကို ငါ့ဆီခေါ်ခဲ့စမ်း"
ဖုန်းထဲမှ အဘိုးဟန်၏အသံ ထွက်ပေါ်လာသည်။
ရှန်းချူးချူးသည် ခရီးသည်ထိုင်ခုံတွင်ထိုင်နေသည့်တိုင် ဖုန်းတစ်ဖက်၏အသံကို ကြားနေရသည်။ သူ(မ)ရင်ထဲ ဒိတ်ခနဲခုန်သွားမိသည်။ သူ့အမျိုးတွေနဲ့ သွားတွေ့ဖို့လား
"အဘိုး ကျွန်တော်..."
ဟန်ရှင်းယန်သည် ထိန်လန့်သွားသော ရှန်းချူးချူးကိုမြင်သောအခါ အဘိုးကို ရှင်းပြဟန်ပြင်လိုက်သည်။
အဘိုးဟန်သည် ဟန်ရှင်းယန်အား ငြင်းပယ်ဖို့ အခွင့်အ ရေးမပေးချေ။
"မင်းဘာမှ ပြောစရာ မလိုပါဘူး၊ ငါ့မြေးချွေးမလေးက နေ့တိုင်း တီဗီကြည့်ပေါ်မှာမြင်ရတဲ့ တစ်ယောက်ပဲမလား ? မင်းအမေကျတော့ မြင်ဖူးပြီး ဒီအဘိုးကြီးကိုကျ မမြင်စေချင်ဘူးပေါ့"
"အဘိုး၊ အဘိုးထင်သလို မဟုတ်ဘူး ချူးချူး မကြာသေးခင်က ရိုက်ကူးပြန်စနေလို့ လာဖို့အချိန်မရှိတာပါ"
ဟန်ရှင်းယန်သည် မျက်ခုံးပင့်လိုက်ပြီး ကူကယ်ရာမဲ့စွာ ရှင်းပြလိုက်သည်။
"ဒါဆိုလည်း သူအားမဲ့အချိန် စစ်ဆေးလိုက်၊ ကောင်လေးစွင်းရဲ့ဇနီးက ဒီနေ့ညလေယာဉ်နဲ့လာမှာ၊ မင်း မနက်ဖြန်ကျရင် လိုက်လာခဲ့"
"ကျွန်တော်.." ဟန်ရှင်းယန် ဘာမှပြန်မပြောရသေးခင် ဖုန်းချခြင်းခံလိုက်ရသည်။
"ကိုယ် တောင်းပန်ပါတယ် မင်း အဆင်မပြေရင်..."
ဟန်ရှင်းယန်သည် ချူးချူးကိုကြည့်လိုက်သည် ။
ရှန်းချူးချူး ခေါင်းယမ်းလိုက်ပြီး "ကျွန်မ အဆင်သင့်မဖြစ်သေးဘူး"
ဟန်ရှင်းယန်သည် သူ(မ)၏ဆံပင်ကိုပွတ်သပ်ပြီး သူ(မ ) ခေါင်းကိုလက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ "ကိစ္စမရှိဘူး၊ မင်းကိုယ်မင်း ဖိအားပေးနေစရာမလိုဘူး၊ မင်း စဉ်းစားပြီးမှ ကိုယ့်ကိုယ်ပြန်ပြောပေး"
"ကောင်းပြီ"
ထို့နောက် နောက်ကားဟွန်းသံ တပွမ်ပွမ်ကြောင့် သူတို့နှစ်ဦးလည်း လူချင်းခွဲခွာလိုက်သည်။ ဟန်ရှင်းယန်သည် သူ့ဘောင်းဘီအိတ်ကပ်အတွင်းရှိ သေတ္တာလေးကို တစ်ချက်ဆုတ်ကိုင်လိုက်ပြီး သက်ပြင်းအနည်းငယ်ချလိုက်သည်။ ထို့နောက် ကားကိုဖြည်းညှင်းစွာ စတင်မောင်းနှင်လိုက်သည်။
"မင်း ဘယ်မှာသွားစားချင်လဲ" ဟန်ရှင်းယန်သည် ဦးစွာစကားဆိုလာသည်။
ရှန်းချူးချူးသည် စဉ်းစားနေဟန်ဖြင့် နှုတ်ခမ်းအနည်း ငယ်ကိုက်ကာ "ကျွန်မ ဒီနေ့ နည်းနည်းပင်ပန်းနေတော့ စားချင်စိတ်မရှိဘူး၊ အိမ်ပြန်ပြီးပဲ အနားယူချင်တယ်"
ဟန်ရှင်းယန်၏ စတီယာတိုင်ပေါ်ရှိလက်သည် တင်းကျပ်စွာဆုတ်ကိုင်ထားသော ဖြည်းညှင်းစွာဖြေလျှော့သွားပြီး "ကောင်းပြီ"
တိုက်ခန်းသို့ရောက်ပြီး ဓာတ်လှေကားထဲမှထွက်လာ သည့်တိုင်အောင် ဟန်ရှင်းယန်သည် မလှုပ်မယှက်ရပ်နေသည်။ ရှန်းချူးချူးသည် ခြေလှမ်းအနည်းငယ်လှမ်းပြီး သူ့ကိုပြန်ကြည့်လိုက်သည်။
၎င်းတို့နှစ်ယောက်သား တခဏတာငြိမ်သက်နေကြသည်။
"ကျွန်မ အရင်၀င်တော့မယ်"
ဤတစ်ခါတော့ စကားစသူမှာ ရှန်းချူးချူးဖြစ်သည်။
ဟန်ရှင်းယန်သည် ရှန်းချူးချူးကို စက္ကန့်အနည်းငယ်ကြာ ကြည့်ပြီးနောက် စကားတစ်ခွန်းမှမပြောပဲ သူ့နှုတ် ခမ်းကိုဖိကပ်ပြီး "ကောင်းပြီ ကောင်းကောင်းအနားယူ"
ရှန်းချူးချူး ခေါင်းညိတ်လိုက်သည်။
ရှန်းချူးချူး အိမ်ထဲသို့ရောက်ပြီးနောက် ဆိုဖာပေါ်တွင် လဲလျောင်းလိုက်သည်။ သူ(မ)သည် ထိုသို့သောအခြေ အနေအတွက် အနည်းငယ်မျှပြင်ဆင်ထားခြင်းမရှိပေ။ ဟန်ရှင်းယန်သည် သူ(မ)၏အနာဂတ်ခင်ပွန်းဖြစ်သည်ကို သူ(မ)သိသော်လည်း တကယ်တမ်းမှာ အမှန်တကယ် တုံ့ဆိုင်းနေမိသည်။
ရှန်းချူးချူးသည် မျက်နှာကျက်ကို ခဏကြည့်ပြီးနောက် ဖုန်းကို ထုတ်ကာ WeChat ကိုဖွင့်ကာ မက်ဆေ့ခ်ျပို့လိုက်သည်။
ရှန်းချူးချူး: အိမ်ထောင်ပြုတယ်ဆိုတာ ဘယ်လိုမျိုးလဲ ? နင် အိမ်ထောင်ပြုမယ်လို့ ဘယ်လိုဆုံးဖြတ်ခဲ့တာလဲ ?
မိနစ်အနည်းငယ်ကြာပြီးနောက် တစ်ဖက်လူမှစာပြန်လာခဲ့သည်။
ဝမ်ကျင်း: အိုးမိုင်ဂေါ့! နင်အဲ့ဒီ အမှီးရှည်ရှည် နှင်းဆီခိုင်ကြီးနဲ့အတည်ဖြစ်တော့မှာပေါ့! ငါ သူ့ကိုတကယ်တွေ့ဖူးချင်လိုက်တာ၊ သူက အင်တာနက်ပေါ်မှာ အရမ်းချောတာနော်
ရှန်းချူးချူး: ... ဖြေတာ တစ်ခြားဖြစ်နေပြီ
ဝမ်ကျင်း : အမ်း... လက်ထပ်တုန်းက ငါ သိပ်မစဉ်းစားမိဘူး၊ အဲဒီလူကိုတွေ့တော့ ငါလည်း သူနဲ့အတူတစ်သက်လုံး အတူနေချင်တယ်လို့ခံစားလိုက်ရတာ၊ ဘဝမှာ လူတွေအများကြီးနဲ့ ကြုံတွေ့ရပေမယ့် ကိုယ်နဲ့ ထိုက်တန်တဲ့သူက အများကြီးမရှိဘူး၊ ဒါကြောင့် နင်ကြိုက်တဲ့သူက နင့်ကိုပြန်ကြိုက်ဖို့ တော်တော်ကြီးခက်တယ်။
ရှန်းချူးချူးသည် ဝမ်ကျင်း၏စာကိုကြည့်ကာ အကြာကြီး နှုတ်ဆိတ်နေပြီးမှ မေးခွန်းတစ်ခုမေးလိုက်သည်။
ရှန်းချူးချူး: အဲ့လိုဆိုရင်တောင် နောက်ကျနောင်တရနိုင်တယ် မဟုတ်လား ?
ဝမ်ကျင်း - လူတစ်ယောက်ရဲ့ဘဝက ဘယ်လောက်တိုတယ်လို့ နင်ထင်လဲ ? ဒီလိုအချိန်တိုတိုလေးအတွင်းမှာ နင် ကြိုက်တဲ့လူနဲ့တောင်မနေရင် ဘယ်လောက်တောင် အချိန်ကိုဖြုန်းတီးလိုက်တဲ့ဖြစ်ခြင်းလဲ ! ချူးချူး ငါ့မိသားစုက ငါ့ကို ဖုန်းအကြာကြီးသုံးခွင့်မပေးထားဘူး၊ နင် သူ့ကိုစဉ်းစားသင့်တယ်၊ နောက်ကျရင် ငါ့ဆီ အဲ့နှင်း ဆီခိုင်ကြီးကို ခေါ်လာဖို့မမေ့နဲ့ဦး
ရှန်းချူးချူး: အင်းပါ
ရှန်းချူးချူးသည် ဝမ်ကျင်းနှင့် စကားစမြည်ပြောပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ "အချစ်နှင့်အိမ်ထောင်ရေး" ဇာတ်ကားကြောင့် သူ(မ)၏သဘော ထားသည်လည်း အနည်းငယ်ပြောင်းလဲခဲ့သည်။ အချစ်ဆိုသည်မှာ ရိုးစင်းသည့်ကိစ္စပင်၊ မင်းငါ့ကိုကြိုက်သရွေ့ ငါ မင်းကို သဘောကျမည်ဆိုသည်မျိုးပင်။
သို့သော် အိမ်ထောင်ရေးသည် အလွန်ရှုပ်ထွေးသည့်ကိစ္စဖြစ်ပြီး မိသားစုနှစ်ခုစလုံးအတွက်လည်း ခက်ခဲမည့်အရာပင်။ ထို့အပြင် သူ(မ)မိဘများသည် ဟန်ရှင်းယန်အကြောင်းမသိချေ။
ထိုအရာများသည် ရှန်းချူးချူး၏ခေါင်းကို အလွန်ရှုပ်စေပြီး သူ(မ)ဗိုက်သည်လည်း မြည်ဟီးလာခဲ့သည်။ သူ(မ)သည် ထမင်းတစ်နပ်သာ စားရသေးသည်။ နာရီကိုကြည့်လိုက်ချိန် ကိုးနာရီတောင် ကျော်နေပြီဖြစ်သော ကြောင့် ရေချိုးသန့်စင်ပြီး တစ်ခုခုစားရင်စဉ်းစားလိုက်သည်။
ထိုစဉ် သူ(မ)လည်း အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည့်အခါ အထဲရှိမြင်ကွင်းသည် သူ(မ)ကိတုန်လှုပ်စေခဲ့သည်။
တစ်ခန်းလုံး နှင်းဆီပွင့်ချပ်များနှင့် ကြယ်ပုံသဏ္ဍာန် ပူဖောင်းများ...
သူ(မ) ယနေ့ ဟန်ရှင်းယန် အနည်းငယ်ထူးဆန်းနေသည်ဟုထင်ခဲ့သည်မှာ အံ့သြစရာမရှိချေ။ သူ(မ) အထင်မှားခြင်းမဟုတ်ပေ။ သူ တကယ် ဒီကိစ္စကိုတွေးနေတာပဲ၊ သူ(မ) ဤသို့မြင်ကွင်းမျိုးမြင်ပါက မည်သို့ဆုံးဖြတ်ဖြစ်မည်မသိတော့ချေ။
သူ(မ) တုံ့ဆိုင်းနေချိန်တွင် ဖုန်း ရုတ်တရက်မြည်လာပြီး ဟန်ရှင်းယန် ပေးပို့သောမက်ဆေ့ချ်တစ်ခု၀င်လာသည်။
"ချူးချူး ကိုယ်ဟော့ပေါ့မှာထားတယ်၊ မင်း ဗိုက်ဆာနေလား၊ လာပြီးစားချင်လား ?"
ရှန်းချူးချူးသည် ဟော့ပေါ့ဆိုသည့် စကားလုံးကို မြင်လိုက်ရသောအခါ သူ(မ)ဗိုက်သည် ပိုမိုမည်ဟီးလာပြီး သူ(မ) မျက်လုံးထဲရှိ မျက်ရည်များကိုသုတ်လိုက်သည်။ သူ(မ)ခဏကြာတုံ့ဆိုင်းပြီးနောက် တံခါးကိုဖွင့်ကာထွက်လာလိုက်သည်။ အရသာရှိတဲ့အစားအစာက သူ(မ)ကို စောင့်ကြိုနေတာကို သူ(မ)မည်သို့ သွားမစားဘဲနေနိုင်မည်နည်း ? သူ(မ) ဗိုက်ဆာနေတာကြာလေပြီ။
ဟန်ရှင်းယန်သည် မက်ဆေ့ချ်ပို့ပြီးနောက် ဖုန်းကိုကိုင်ထားဆဲဖြစ်သည်။ သူ ယနေ့တွင် မရေမတွက်နိုင်လောက်အောင် စိတ်ကူးယဉ်မိသည်။ ထိုအခြေအနေများသည် ရုတ်ချည်းဆန်းသွားသော်လည်း သူမျှော်လင့်ထားသလိုပင်။
သူ့မှန်းဆချက်များမှ အချို့သည် ရှန်းချူးချူးသည် သူ့ကို လုံလောက်အောင်မကြိုက်သောကြောင့် ငြင်းပယ်လိမ့်မည် သို့မဟုတ် လက်မထပ်ချင်သောကြောင့် ငြင်း ပယ်လိမ့်မည်ဟူ၍ပင်။
မည်မျှပင် ရုတ်ချည်းဆန်သည့် ရလဒ်ဖြစ်စေ သူပြန်ပြင်ဆင်နိုင်သည်။ သို့သော် သူသည် တစ်ဖက်အခန်းရှိ နှင်းဆီပန်းများနှင့် ပူဖောင်းများကိုတွေးလိုက်ချိန် သူ့မျက်နှာလည်း ပူလောင်လာရသည်။ သူ ကျန်းထန့်၏ စကားကို မယုံသင့်ပေ။ ဒီလောက်နဲ့ပင် မလုံလောက်သေးချေ။
သူသည် စားပွဲပေါ်ရှိ ဟော့ပေါ့အိုးကိုကြည့်နေသော် လည်း သူ့နှလုံးသားသည်တော့ ဆန့်ကျင်ဘက်အရာကိုသာတွေးတောနေသည်။ ထိုသည်မှာ ရေအိုင်ကြီးထဲသို့ ကျောက်တုံးကြီးတစ်ခုကို ဝုန်းခနဲပြစ်ချလိုက်သလိုပင်၊ အလွန်လေးလံလှသည်၊ အရမ်းလေးလံနေသည်။
သူဟော့ပေါ့ကို စူးစူးစိုက်စိုက်ကြည့်နေရင်း ရုတ်တရက် တံခါးခေါက်သံကြားလိုက်ရသည်။
ဟန်ရှင်းယန်၏နှလုံးသည် ချက်ချင်းဒိန်းခနဲခုန်တက်သွားပြီး ချက်ချင်းထလိုက်သောကြောင့် သူခြေခွေပြီးလဲကျမတက်ပင်။ သူ အရှေ့တွင်ရပ်နေသောလူကို screen မှကြည့်ပြီးနောက် စက္ကန့်ပိုင်းမျှပင် မတွန့်ဆုတ်ဘဲ တံခါးကိုချက်ချင်းဖွင့်လိုက်သည်။
"ဂလက် (တံခါးဖွင့်သံ)"
ရှန်းချူးချူးသည် ဟန်ရှင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့အကြည့်များထဲ သူ(မ) နားမလည်နိုင်သောခံစားချက်များဝေ့သီနေသည်ကို တွေ့လိုက်ရသည်။ သူ(မ) သည် နှာခေါင်းကိုတရှုံ့ရှုံ့လုပ်ပြီး "ဟော့ပေါ့ဆို ဘယ်မှာလဲ ?"
ဟန်ရှင်းယန် ချက်ချင်း ဘေးဘက်သို့ဖယ်လိုက်ပြီး ရှန်းချူးချူးကိုဝင်ရန်လမ်းဖွင့်လိုက်သည်။
ရှန်းချူးချူးသည် စားပွဲဆီသို့ရောက်သောအခါ ထိုနေရာတွင်စားသောက်ရန် ပစ္စည်းများအဆင်သင့်ဖြစ်နေပြီကို တွေ့လိုက်သည်။ စားပွဲများ၊ ကုလားထိုင်များနှင့် ပန်းကန် ခွက်ယောက်များသည် အစီအရီချထားသည်။ ရှန်းချူးချူးတိတ်တိတ်ဆိတ်ဆိတ်ထိုင်ပြီး သူ(မ)ရှေ့ရှိ ငံပြာရည်ကိုကြည့်လိုက်ကာ တူများကိုကောက်ကိုင်ပြီး မွှေလိုက်သည်။ လေထုထဲတွင် သူ(မ) ရင်းနှီးသည့် အရသာအနံ့သည် ပျံ့လွင့်နေသည်။ ဟင်းခတ်အမွှေးအကြိုင်များပင် သူ(မ)အကြိုက်များသာဖြစ်သည်။
"ရှင်ရော မစားဘူးလား ?"
ရှန်းချူးချူး ဟန်ရှင်းယန်မတ်တပ်ရပ်နေသည်ကိုတွေ့သည့်အခါ မေးလိုက်သည်။
"စားမှာ" ဟန်ရှင်းယန်သည် တစ်ခွန်းသာပြန်ဖြေလိုက်သည်။
ရှန်းချူးချူးသည် အမှန်တကယ်ပင် ဗိုက်ဆာနေသဖြင့် ချက်ချင်းစားလိုက်သည်။ ဟန်ရှင်းယန်သည် သူ(မ)အ တွက် အသားနှင့် ဟင်းသီးဟင်းရွက်များကိုအိုးထဲသို့ထည့်ပေးသည်။
ဟန်ရှင်းယန်သည် စားသောက်နေရင်း ရှန်းချူးချူးမှာ ယခင်အဝတ်အစားများ ဝတ်ဆင်ထားဆဲကိုမြင်လိုက်ရသဖြင့် တွန့်ဆုတ်စွာ "ချူးချူး မင်းအိပ်ခန်းထဲကို၀င်ပြီးပြီလား"
ရှန်းချူးချူးသည် မှိုများကိုထည့်လိုက်ပြီးသာမာန်အမူ အရာဖြင့်သာ "ဟင့်အင်း"
ဟန်ရှင်းယန်သည် ထိုသည်ကိုကြားလိုက်ရချိနိ စိတ်ပျက်လက်ပျက်ဖြင့် သူ့ရှေ့ရှိ ဂေါ်ဖီထုပ်များကိုသာကြည့်နေမိသည်။
ရှန်းချူးချူးလည်း မသိဟန်ဆောင်ဆဲပင်။
ထမင်းစားအပြီးမှာတော့ ရှန်းချူးချူးသည် အချိန်အ တော်ကြာစဉ်းစားပြီး ရုတ်တရက်မေးလိုက်သည်။
"နောက်ကျ ကျွန်မဟော့ပေါ့စားချင်ရင်ရော ရှင်ကျွေးမှာလား ?"
ဟန်ရှင်းယန် အနည်းငယ်အံ့အားသင့်သွားပြီး "အင်း ကျွေးမှာပါ"
ဟော့ပေါ့ဆိုသည် ကြီးမားသည့်ပြဿနာမဟုတ်ချေ။ သူ(မ) ကျေနပ်သရွေ့အဆင်ပြေသည်။
"ဒါဆို အိမ်တစ်ခုလုံးဟော့ပေါ့အနံ့တွေနဲ့ပဲ ပြည့်နေရင်ရော"
ရှန်းချူးချူး ဟန်ရှင်းယန်အား မျက်စောင်းထိုးကြည့်လိုက်သည်။ ဟန်ရှင်းယန် အသန့်ကြိုက်သည်ကို သူ(မ) သိသည်။
ဟန်ရှင်းယန် ခေါင်းခါလိုက်ပြီး "...ကိစ္စမရှိဘူး" အပြင်မှာစားနိုင်ရင်တော့ ပိုပြီးအဆင်ပြေပေမဲ့...
"ဒါဆို ရှင် ကျွန်မကို ငံပြာရည်နဲ့ ကြက်သွန်မြိတ်တစ်ဇွန်းအမြဲတမ်းကမ်းပေးမှာလား"
"အင်း ကိုယ် ပေးမယ်"
"ဒါဆို ရှင် ကျွန်မကို ထာဝရရောချစ်သွားနိုင်လား ?"
အဆုံးတွင် ရှန်းချူးချူး မေးချလိုက်သည်။ အချစ်ဆိုသည့်အရာမှာ ပါးစပ်ဖြင့် အာမခံလို့မရသော်ငြား သူ(မ) နားထောင်ချင်သည်။
ဟန်ရှင်းယန်၏ မျက်လုံးများသည် ရုတ်ချည်းဆိုသလို ပြူးကျယ်သွားကာ သူ(မ)နှလုံးသားသည်လည်းတုန် လှုပ်သွားသည်။ ထို့နောက် သူသည် ပြတ်သားသော အသံဖြင့် "ကိုယ်... ကိုယ် ချစ်နိုင်တာပေါ့!"
ရှန်းချူးချူး တူများကိုချလိုက်ပြီး ဟန်ရှင်းယန်ပေးထားသော တီရှုးကိုဖြည်းညှင်းစွာယူပြီး ပါးစပ်သုတ်လိုက်ကာ လက်လည်းသုတ်လိုက်သည်။ ထို့နောက် သူ(မ)ရှေ့ရှိ အမျိုးသားကို မော့ကြည့်ကာ “ရှင့် လက်ထပ်လက်စွပ်ကရော ဘယ်မှာလဲ ?”
ဟန်ရှင်းယန်၏မျက်လုံးများသည် အရှေ့ရှိလူထံတွင်သာ ကျောက်ချနေကာ မည်သို့တုန့်ပြန်ရမည်ကိုပင် ခဏမေ့သွားရသည်။
ရှန်းချူးချူး ဟန်ရှင်းယန်အားကြည့်ကာ ချောင်းတစ်ချက်ဟမ့်လိုက်ပြီး "ရှင့်မှာ လက်စွပ်မရှိတော့ ကျွန်မအရင်ပြန်နှင့်မယ်"
ဟန်ရှင်းယန်သည် ရှန်းချူးချူးထရပ်တော့မည်ကိုမြင်သောအခါ သူလည်းအမြန်ထရပ်ပြီး လက်ကိုအရှေ့သို့ဆန့်ထုတ်ကာ ဒူးတစ်ဖက်အား မြေပြင်ပေါ်သို့ထောက်ချလိုက်သည်။
"ချူးချူး ကိုယ့်ကို လက်ထပ်ပါ"
ဟန်ရှင်းယန် လက်စွပ်ကိုကိုင်ထားခဲ့သည်။
ရှန်းချူးချူး မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ကာနေသော ဟန်ရှင်းယန်ကိုကြည့်လိုက်ကာ သူ(မ)မျက်လုံးများသည်လည်း အလွန်ပူလောင်လာရသည်။
"အင်း!"