← Chapters

အခန်း (၁၀၉)

Vol. 11 Ch. 109

အခန်း (၁၀၉)

Vol. 11 Ch. 109

"ကျွန်မ ရှင့်ကို လာရှုပ်နေမိပြီနဲ့တူတယ်" ဟု ရှန်းချူးချူး ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းတော့ ငါ့လို စိတ်မကြည်တာမျိုးမဖြစ် နေပါဘူး"

ရယ်ချီရှန်သည် အရက်ကို ပုလင်းလိုက်မော့ချကာပြောလာသည်။

ရှန်းချူးချူးသည် သူ့လက်ထဲရှိ အရက်ပုလင်းကို တစ်ချက်ကြည့်ကာ "ရှင် အရက်တွေအရမ်းသောက်ရင် မနက်ဖြန်ကျ ဒါရိုက်တာဆီက နားပူခံရတော့မှာပဲ၊ ဒီနေ့တောင် သူ အရမ်းဒေါသထွက်‌နေတာ"

ရယ်ချီရှန် နောက်ထပ်မော့လိုက်ကာ ပုလင်းကိုချလိုက်ပြီး - "ဟုတ်လား ? မနက်ဖြန်ကျရင်လည်း နားပူရတော့မှာပေါ့"

ရှန်းချူးချူး ပြုံးကာ "ယောင်းမက ဘယ်လိုမျိုးလူလဲ ?"

ထိုစကားကိုကြားသည့်အခါ ရယ်ချီရှန်သည် အရက်ပုလင်းကိုပြန်ဆွဲယူချင်လာသည်။ သို့သော် ယွမ်ယွမ်သည် သူ အရက်သောက်တာ၊ ဆေးလိပ်သောက်တာမကြိုက်တာကို အမှတ်ရမိလိုက်ချိန် လက်ထဲပြန်ရောက် လာသော ပုလင်းကိုထပ်မံပြန်ချလိုက်သည်။

“တကယ်တော့ ငါ ဆေးလိပ်နဲ့ အရက်အရသာကို လုံးဝမကြိုက်ဘူး၊ ဒါပေမဲ့ အဲ့တာတွေကပဲ ငါ့ရဲ့အာရုံကြောတွေကိုပြေလျော့စေတာ"

ရယ်ချီရှန်သည် ရှန်းချူးချူးမေးခွန်းကို မဖြေဘဲ အခြားအကြောင်းအရာများကို ထွေလီထွေကာပြောလာသည်။

ထို့နောက် သူသည် ပင်လယ်ဘက်အား တမော့ကြီးငေးကြည့်ကာ "သူ(မ)က ငတုံးမလေး ဒါပေမယ့် အရမ်းတော်တဲ့ မိန်းမတစ်ယောက်၊ သူ(မ)မှာ ကိုယ်တိုင်ချမှတ်ထားတဲ့စည်းမျဉ်းတွေလည်းရှိတယ် ဘယ်သူကမှ အဲ့တာကိုမချိုးဖောက်နိုင်ဘူး၊ ဒါကြောင့် ငါ ဖျော်ဖြေရေးလော ကထဲကို စဝင်တုန်းကဆို သူက ငါ လုပ်မိတဲ့တစ်ချို့ပုံစံတွေကို မ‌ကျေနပ်လို့ မကြာခဏစကားများဖြစ်ကြတယ်"

ရယ်ချီရှန်သည် ခေါင်းကိုခါယမ်းလိုက်ပြီး "အဲ့ဒါ ငါ့အ ပြစ်တွေကြီးပါပဲ၊ သူ(မ)က တကယ့်ကြင်နာတတ်တဲ့သူတစ်ယောက်၊ ငါ့ ကျော်ကြားမှုအတွက် အကျင့်ပျက်တာတွေလုပ်မိခဲ့လို့ သူ(မ)ရှေ့မှာ ခေါင်းမထောင်နိုင်ဘူး၊ အဲဒီမတိုင်ခင်အထိတော့ ငါတို့တွေ ညှိနှိုင်းပြီးတော့နေနိုင်ခဲ့ကြတယ်"

"ကျွန်မအထင် ယောင်းမက တကယ့်လူကောင်းတစ်ယောက်ပါ ပြီးတော့ ရယ်ကောလည်း အစ်မကို အရမ်းချစ်တယ်ဆိုတာ ကျွန်မ မြင်နေရတယ်"

"ဟုတ်တယ် သူ(မ)က အရမ်းလည်းတော်တယ်၊ အရမ်းလည်းထက်မြက်တယ်၊ သူ(မ)က လူကောင်းတစ်ယောက် ငါကသာ လူယုတ်မာတစ်ယောက်ပဲ အကုန်ငါကြောင့်ပဲ၊ လူတိုင်းက ငါတို့ကွာရှင်းရတဲ့ အကြောင်းရင်းကို သိချင်ကြတယ်။ အဲဒီတုန်းက ငါ စိတ်ကိုကြိုတင်ပြင်ဆင်ထားပေမဲ့ ငါ့ကျော်ကြားမှုတွေကျဆင်းလာတော့ ငါ့ရင်ထဲက ခံပျင်းမိတယ်၊ တစ်နေ့မှာတော့ ငါ့ရဲ့အေး ဂျင့်က အမျိုးသမီးစတားတစ်ယောက်နဲ့ တွေ့ဖို့ရှိတယ်ဆိုပြီး ငါ့ကိုလှမ်းခေါ်တယ်၊ အကြောင်းအရင်းကို ငါ မသိခဲ့ဘူး”

ရှန်းချူးချူးသည် ရယ်ချီရှန် သူ(မ)အား ထိုအကြောင်းများဖွင့်ဟလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ(မ)သည် ရယ်ချီရှန်၏ နာကျင်မှုများဖြင့် မျက်နှာကိုကြည့်လိုက် ကာ ထိုသူ၏နာကျင်မှုသည် အပြင်လူဖြစ်သည့် လူတစ်ယောက်ကိုတောင် အသက်ရှူမဝနိုင်သည်အထိကူးစက် စေခဲ့သည်။

“ဒါ နောက်ကျောကို ဓားနဲ့အထိုးခံရတာပဲ၊ ငါ အဲ့တုန်းက အဲ့ကိုသွားတဲ့အချိနိ သူ(မ) ငါ့ကို ဖြားယောင်းခဲ့ပေမဲ့ ငါ သဘောမတူခဲ့ဘူး၊ ငါ ထွက်သွားဖို့လုပ်တဲ့အချိန် အဲ့ အမျိုးသမီးစတားက ငါ့အပေါ်ကို မတော်တဆလဲကျသွားတာ၊ အဲ့မှာ ငါ ထလိုက်တဲ့အချိန် ငါ့ဇနီးကိုလည်း အနားမှာမြင်လိုက်ရတယ်"

ရယ်ချီရှန်သည် သူ့ခန္ဓာကိုယ်မှ နာကျင်မှုများလျော့လိုလျော့ညား စီးကရက်တစ်လိပ်ကိုကိုက်ခဲချင်မိသည်။ သူ စီးကရက်ကိုအသာထိလိုက်သော်လည်း အဆုံးတွင် လက်လျှော့လိုက်သည်။

"ငါတို့အိမ်ထောင်ရေးမှာ ကွာရှင်းရတဲ့အကြောင်းရင်းတွေ အများကြီးရှိနိုင်ပေမဲ့ ဒီတစ်ခုလေးနဲ့တင် နောက် ဆုံး ကောက်ရိုးမီးဖြစ်သွားတယ်နဲ့တူပါတယ်"

"သူ(မ) ငါ့ကို စိတ်ကုန်သွားခဲ့တာ၊ တစ်နေကုန်အခန်းထဲမှာပဲ တစ်ယောက်တည်းနေပြီးတော့ စကားတစ်ခွန်းတောင် ငါ့ကို ပြန်မပြောဘူး။"

ရယ်ချီရှန် ထိုအကြောင်းကိုပြောလေလေ သူ့အသံတို့မှာ ဝမ်းနည်းမှုများ စို့နင့်လာလေလေပင်။

"ငါ သူ(မ) စိတ်ကုန်သွားတာကို နားလည်ပါတယ်၊ ငါက သူ(မ)ကို ကမ္ဘာပေါ်မှာအပျော်ဆုံးဇနီးဖြစ်ရမယ်လို့ ကတိပေးခဲ့ပေမဲ့ ငါမတည်နိုင်ခဲ့ဘူး၊ ငါ အိမ်ထောင်ပြုပြီးတဲ့အချိန်ကစပြီး သူ(မ) ငါ့အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာ တွေကို တစ်ခုချင်းစီ ရိုက်ချိုးမိခဲ့တယ်၊ တကယ်မကောင်းတာက ငါပဲ၊ ငါကသာ ဆန်ကုန်မြေလေးတစ်ကောင်လို မျက်ကန်းဖြစ်ခဲ့တာ"

ရှန်းချူးချူးသည် သူ၏ တဖြည်းဖြည်းတိုး‌ဝင်သွားသော အသံကိုနားထောင်နေမိသည်။ ထိုလူ၏မျက်လုံးများ သည် ပင်လယ်ကို ဦးတည်ရာမရှိစိုက်ကြည့်နေပြီး နီမြန်းလာသည်။

သူ(မ) အချိန်အတော်ကြာအောင် စကားပြန်မပြောသဖြင့် လှိုင်းခတ်သံများသာ သူ(မ)တို့ကြားကြီးစိုးသွားသည်။

"ရယ်ကော ကလေးယူဖို့ရော စဉ်းစားဖူးလား ?" ရှန်းချူးချူး မေးလိုက်သည်။

ရယ်ချီရှန်သည် ရှန်းချူးချူး၏မေးခွန်းကိုမျှော်လင့်ထားသောကြောင့် သူ(မ)အား တစ်ချက်လှည့်ကြည့်လိုက်ပြီး "ငါ တွေးဖူးပေမဲ့ အချိန်မရှိခဲ့ဘူး"

"ယောင်းမဇနီးကို ချစ်သေးလား ?"

"အချစ် ? ငါ ဘယ်လိုလုပ် မချစ်ဘဲနေမှာလဲ ? ငါတို့ခံစားချက်တွေ ပျောက်ဆုံးနေတာနှစ်ပေါင်းများစွာကြာခဲ့ပြီ"

ရှန်းချူးချူး တွေးမိသွားသည်။ သူ ပထမဇနီးသည်ကိုတောင်လက်မလွှတ်နိုင်ပဲ ဘာလို့ ဒုတိယအိမ်ထောင်ထပ်ပြုနိုင်ခဲ့တာလဲ ? ပြီးတော့ အဲ့ဒုတိယအိမ်ထောင်နဲ့လည်း ၁၀နှစ်လောက် ပေါင်းဖက်ခဲ့သေးတယ်၊ ယောက်ျားတွေရဲ့အချစ်ဆိုတာက အရမ်းစျေးပေါတာများလား ? မိန်းမတစ်ယောက်ကို ဘ၀နဲ့ရင်းပြီးချစ်ပါလျက်နဲ့ ဘယ်လိုများ အခြားမိန်းမတစ်‌ယောက်နဲ့ ပေါင်းဖက်နိုင်ရတာပါလိမ့် ?

ဟန်ရှင်းယန်သည် ပင်လယ်လေပိုအေးလာသည်ကို ခံစားလိုက်ရသဖြင့် ချူးချူး ဘက်ကြည့်လိုက်ချိန် ရယ်ချီရှန်လည်း အရက်မသောက်တော့သည်ကိုမြင်လိုက်ရသဖြင့် သူ(မ)တို့နား ဖြည်းဖြည်းချင်းချည်းကပ်သွားသည်။ သူ့ ကုတ်အကျီအား သူ(မ)ကိုယ်ပေါ်လွှမ်းခြုံပေးလိုက်သည်။

"ကမ်းခြေက ပိုအေးလာပြီ၊ ပြန်ကြရအောင်"

ရှန်းချူးချူး ဟန်ရှင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ "အွန်း"

ရယ်ချီရှန် ဟန်ရှင်းယန်အားကြည့်လိုက်ပြီး "မင်း ကောင်လေးလား ?"

ရှန်းချူးချူးသည် ခဏလောက်စဉ်းစားပြီး ခေါင်းခါပြကာ "ဟင့်အင်း ကျွန်မနဲ့ စေ့စပ်ထားတဲ့သူပါ"

"ဂုဏ်ပြုပါတယ်"

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ပုခုံးကို စိုက်ကြည့်ကာ "မစ္စတာရယ်လည်း စောစောအနားယူသင့်ပြီ၊ အရက်သောက်တာ ခန္ဓာကိုယ်ထိခိုက်စေတယ်"

"မင်းရဲ့သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

ရှန်းချူးချူးသည် ဟိုတယ်ပြန်ရောက်ပြီးထိတိုင်အောင် အိပ်မပျော်နိုင်သေးချေ။ ရယ်ချီရှန် သူ(မ)အားပြောခဲ့သည့် စကားများကိုတွေးရင်း အနည်းငယ် အိပ်ငိုက်လာခဲ့သည်။

ရှန်းချူးချူး မသိစိတ်မှဆယ်ခါထက်မနည်းသက်ပြင်း ချမိပြီး ဟန်ရှင်းယန်အား မနှိုင်းလိုက်ကဲမနေနိုင်ချေ။

"မင်း မပင်ပန်းဘူးလား ?" သူသည် ချူးချူး၏ခါးကို ပိုမိုတင်းကြပ်စွာဖက်လိုက်သည်။

ရှန်းချူးချူးသည် ညည်းညူလိုက်သည် "ပင်ပန်းတယ်"

ဟန်ရှင်းယန်သည် ပြုံးလိုက်ကာ သူ(မ)ကို နမ်းလိုက်ပြီး "မင်း ဘာတွေစဉ်းစားနေတာလဲ ?"

ရှန်းချူးချူး ခဏလောက်စဉ်းစားပြီး "ဥပမာထားပါတော့ A ရဲ့လျှို့ဝှက်ချက်ကို ကျွန်မက သိပြီး B ကမသိရင် သူ့ကို ပြောသင့်လား ?"

"ဒါက ဘယ်လိုလျှို့ဝှက်ချက်လည်းဆိုတာ မူတည်တယ်"

"တကယ်တော့ ဒီလျှို့ဝှက်ချက်က သူနဲ့ သူ့ချစ်ရသူကြားကစည်းတွေကို ချိုးဖျက်နိုင်လိမ့်မယ်၊ ဒါပေမယ့် ကျွန်မပြောသင့်လား မပြောသင့်လားဆိုတာ မသေချာဘူး၊ ကျွန်မ မပြောခဲ့ရင် အဲ့လူ သူ့ကိုဆက်ပြီးချစ်နေဆဲပဲဖြစ်လိမ့်မယ်၊ တကယ်လို့ ကျွန်မပြောလိုက်ရင် သူတို့နောက်ဆို အတူရှိနိုင်မှာမဟုတ်ဘူး"

ရှန်းချူးချူး ထိုစကားကိုပြောပြီးမှ သူ(မ)၏ထင်မြင် ချက်သည် အဆိုးဘက်များနေသည်ဟု ခံစားလိုက်ရသည်။

ဟန်ရှင်းယန် အဓိကအချက်ကိုထောက်ပြလာသည်။

"ဒီလျှို့ဝှက်ချက်ကို သူ သိသင့်လား ?"

ရှန်းချူးချူးသည် တခဏတာ ရပ်တန့်သွားပြီး အလေးအနက်စဉ်းစားပြီးမှ "သိသင့်တယ်"

သူ့ရဲ့ဇနီးဟောင်းမှာ သူနဲ့ရတဲ့ ကလေးရှိနေတယ်။ ဘယ် လိုပဲဖြစ်ဖြစ် ဖခင်တစ်ဦးအနေဖြင့် သိကိုသိသင့်ပေသည်။

ဟန်ရှင်းယန် ပြုံးကာ "ဒါ အဖြေပဲမှတ်လား ?"

"အင်း ဟုတ်သားပဲ၊ ကျေးဇူးပဲ ရှင်းရန်"

"ကောင်းပြီ တခြားသူတွေရဲ့ ကိစ္စတွေကို ခဏထားလိုက်တော့ ကိုယ်တို့ကိစ္စကိုပဲ အာရုံစိုက်ရအောင်"

ဟန်ရှင်းယန်သည် အပေါ်စီးမှနေရာယူ၍ ရှန်းချူးချူးအားကြည့်ကာ "ကျေးဇူးတင်တယ်ဆိုတာ ဖော်ပြဖို့နည်းလမ်းတွေ အများကြီးရှိတယ်၊ အဲ့ထဲမှာ ကိုယ်ကတော့ ဒါကိုပိုကြိုက်တယ် “

သူသည် စကားပြောပြီးသည်နှင့် အနမ်းအရှည်ကြီးဖြင့် ခရီးဆက်လိုက်သည်။

ရှန်းချူးချူး နောက်တစ်နေ့ အိပ်ရာမှနိုးလာပြီးနောက် သူ(မ)၏သတင်းများ hot search ပေါ်ရောက်နေသည်ကို တွေ့လိုက်ရပြန်သည်။ သူ(မ) ပိုမိုကျော်ကြားလာလျှင် hot search တစ်ခုလုံးအား သိမ်းပိုက်တော့မည်ဟုပင် ထင်မိလိုက်သည်။

သူ(မ) ၀င်ကြည့်လိုက်ရာ မနေ့ညက သူ(မ) ပင်လယ် ကမ်းခြေတွင်ရှိနေသောပုံဖြစ်နေသည်။

ထို့အပြင် သူ(မ)နှင့်အတူရှိနေသူသည်မှာ အံ့သြစရာကောင်းစွာ ရယ်ချီရှန်ဖြစ်နေသည်။ ၎င်းတို့သည် သူ(မ) နှင့် ဟန်ရှင်းယန်တို့၏ပုံကိုမတင်ပဲ ရယ်ချီရှန်နှင့် ကမ်း ခြေတွင် စကားစမြည်ပြောနေသည့် ပုံကိုတင်လာသည်။

ရှန်းချူးချူး မနက်စာစားပြီးနောက်ပြုံးလျက် "ရှင်းရန်ရေ ကြည့်ရတာ ရှင့်ရဲ့အနေအထားက ပိုပိုပြီးနိမ့်ကျလာပြီနဲ့တူတယ်၊ သတင်းထောက်တွေတောင် ရှင့်ကို ခေါင်းထဲမထည့်ကြတော့ဘူး"

ဟန်ရှင်းယန် ရှန်းချူးချူးအား တစ်သျှူး ကမ်းပေးလိုက်ပြီး Weibo ပေါ်ရှိ ပုံကိုတစ်ချက်ကြည့်လိုက်ကာ "ဒီမီဒီယာတော့ သတင်းထောက်တွေလဲဖို့ လိုနေပြီနဲ့တူတယ်"

သူ(မ)တို့ မနက်စာစားပြီးသည်နှင့် ချန်းရှီလီထံမှဖုန်းခေါ်လာသည်။

ရှန်းချူးချူး ချန်းရှီလီပြောသည်ကိုပင် မစောင့်ဘဲ

"ချန်းကျဲ၊ ကျွန်မတောင် ကျဲဆီ မနက်စာစားပြီးရင် ဆက်မလို့ ကျဲ အရင်ခေါ်လာတာပဲ၊ ကျွန်မ မနေ့ညက ရှင်းယန်နဲ့အပြင်ကိုလမ်းလျှောက်ထွက်တုန်း ရယ်ကောနဲ့တွေ့ပြီး စကား၀င်ပြောတာကို သတင်းထောက်တွေက ကျွန်မနဲ့ ရယ်ကောပုံပဲရွေးရိုက်သွားလို့လေ"

ချန်းရှီလီ မေးခွန်းများစွာကိုပြင်ဆင်ထားသော်လည်း ရှန်းချူးချူး၏ရှင်းပြချက်ကြောင့် ချက်ချင်းနှုတ်ဆိတ်သွားပြီး "ကောင်းပြီ ဒါပေမဲ့ ငါတို့ရဲ့အစီအစဉ်ကိုပြောင်းဖို့လိုတယ်"

"ဘာအစီအစဉ်လဲ ?" ရှန်းချူးချူး မေးလိုက်သည်။

"ရယ်ချီရှန်ဘက်က မကြာသေးခင်ကမှ ကွာရှင်းထားတဲ့အခြေအနေရှိနေလို့၊ မင်း မင်းရဲ့ပုံရိပ်ကိုထိန်းသိမ်းဖို့ တစ်နည်းပဲရှိတော့တယ်၊ တစ်ခြားနည်းတွေက မင်းကို ဘယ်လိုပဲဖြစ်ဖြစ် ထိခိုက်စေမှာပဲ အခု အင်တာနက်ပေါ်က လူတော်တော်များများက မင်းကိုတတိယလူလို့ထင်နေကြတယ်၊ ပြဿနာဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ မင်းရဲ့ချစ်သူအကြောင်းချပြဖို့ပဲ၊ ဒီနည်းကပဲ သူတို့ပါးစပ်‌တွေ ပိတ်သွားကြမှာ"

ရှန်းချူးချူး ပြုံးကာ"ကောင်းပြီ၊ ဒါဆို ကျွန်မ အင်တာ ဗျူးတဲ့အခါ အဲ့လိုဖြေလိုက်မယ်"

"ကောင်းပြီ၊ မင်းပဲ CEO ဟန်ကို ချပြမယ့်အကြောင်း ပြောလိုက်တော့"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ချန်းကျဲ"

ရှန်းချူးချူး ဖုန်းချပြီးနောက် ပြုံးလျက် "မစ္စဟန် ရှင် ချပြဖို့ အဆင်သင့်ဖြစ်ပြီလား?"

"ကိုယ်ရော လိုက်ခဲ့ရမလား ?"

ရှန်းချူးချူးသည် ခေါင်းခါလိုက်ပြီး " ဟင့်အင်း ရှင်သာလိုက်လာရင် နောက်ဆို ပါပါရာဇီတွေ ပျင်းသွားမှာ ကျွန်မကြောက်တယ်"

ဝမ်ချမ့်သည် ရှန်းချူးချူးနှင့်အတူ စတူဒီယိုသို့ လိုက်ပါလာခဲ့သော်လည်း သူ(မ)အသည် လွန်စိတ်လှုပ်ရှားနေ သည်။ သူ(မ)သည် ရှန်းချူးချူးအား အကြိမ်ကြိမ် ကြည့်မိနေသည်။ ရှန်းချူးချူး၏မျက်နှာသည် ယနေ့တွင် အလွန်ပင်လန်းဆန်းပျော်နေဟန်ရှိ၍ သူ(မ)လည်း ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

"ဘော့စ် မနေ့ညက ရယ်ချီရှန်ကို တကယ်သွားတွေ့ခဲ့တာလား ? ကမ်းခြေကို အရက်သောက်ဖို့သွားခဲ့တာလား?"

ရှန်းချူးချူး ပြုံးကာ "မနေ့ညက ငါ ရယ်ချီရှန်ကို ကမ်း ခြေမှာ တွေ့ခဲ့တယ်ဆိုတာမှန်ပေမဲ့ သူနဲ့တော့မသောက်ခဲ့ဘူး၊ ပြီးတော့ အဲ့နားမှာ ရှင်းယန်လည်းရှိတယ်လေ"

ဝမ်ချမ့်သည် CEO ဟန် နာမည်ကိုကြားမှ စိတ်သက်သာရာရသွားသည်။

သူ(မ)တို့ ရောက်ပြီးနောက်မှာ တံခါးဝတွင် သတင်း ထောက်များသည် ယခင်ကထက်ပိုများလို့နေသည်။

"မင် မနေ့ညက ရယ်ချီရှန်နဲ့ အတူတူ အရက်သောက်ခဲ့တာလား ?"

"မင်းနဲ့ ရယ်ချီရှန်ရဲ့ ဇနီးဟောင်းကအရမ်းတူတယ်လို့ ကြားမိတယ်၊ မင်းက ရယ်ချီရှန်ရဲ့အိမ်ထောင်ရေးကို ဖျက်စီးတဲ့သူလား ?"

"မင်းက တတိယလူလား ? ကျေးဇူးပြုပြီး ငါတို့မေးခွန်းတွေကို ဖြေပေးပါ"

.....

ရှန်းချူးချူးသည် ကင်မရာများအောက်တွင် ကြောက်ရွံမှုမရှိပြုံးကာ "မနေ့ညက ကျွန်မ ရယ်ချီရှန်ကမ်းခြေနဲ့ တွေ့ခဲ့တယ်ဆိုတာ တကယ်ပါ၊ ဒါပေမယ့် ကျွန်မတို့ ကမ်းခြေမှာ ခဏလောက်ပဲ စကားပြောဖြစ်ခဲ့တာ"

"စကားပြောရုံသက်သက်ပဲလား ? ရယ်ချီရှန်ရဲ့ အိမ် ထောင်ရေးကို ဖျက်ဆီးခဲ့တာဆိုတာ မင်း မလား"

"မင်း တကယ် တတိယလူလား"

ရှန်းချူးချူးသည် ခေါင်းခါလိုက်ပြီး "မနေ့ညက ဘယ်သတင်းထောက်သူငယ်ချင်းကများ ဓာတ်ပုံရိုက်ထားလဲမသိဘူး၊ ဒါပေမယ့် ကျွန်မပြောချင်တာက ရှင်ရိုက်ထားတဲ့ ဓာတ်ပုံတွေအားလုံးကို တင်ဖို့တောင်းဆိုပါတယ်"

"မင်း ဘာပြောချင်တာလဲ၊ နောက်ထပ် လျှို့ဝှက်ထားတဲ့ဟာများရှိလို့လား ?"

"နောက်လူရှိသေးလို့လား ? မင်း လက်ထောက်လို့တော့ မပြောဘူး မဟုတ်လား ?"

"မင်းရဲ့လက်ထောက်ကိုပဲ လွှဲချမနေပါနဲ့"

"မနေ့က နောက်ထပ်လူတစ်ယောက်ပါ ကျွန်မတို့နဲ့ အတူရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလူက ကျွန်မလက်ထောက်မဟုတ်ဘူး၊ ကျွန်မနဲ့ စေ့စပ်ထားသူပါ။ ကျွန်မ ကောင်လေးရဲ့ပုံက ဘာလို့ပြတ်ကျန်ခဲ့ရတာလဲ? သူ အရမ်းချောနေလို့များလား ?"

All Chapters