← Chapters

အခန်း (၁၁၁)

Vol. 12 Ch. 111

အခန်း (၁၁၁)

Vol. 12 Ch. 111

ရှန်းချူးချူးသည် ဇာတ်ညွှန်းအသစ်များလည်း မရှိသေးသောကြောင့် သူ(မ)နေ့စဉ်ဘ၀တွင်သာ အလုပ်များနေလျက်ရှိသည်။ ရှန်းချူးချူးသည် Weiboပေါ်တွင် တရား၀င် လက်ထပ်ပြီးကြောင်းလည်း တင်ခဲ့သည်။

လူများသည်လည်း ထိုအကြောင်းနှင့်ပတ်သက်၍ များစွာ ထင်ကြေးပေးမှုနှင့် မှန်းဆချက်များစွာရှိလာခဲ့သည်။

မင်းသမီးကျင်းလင်တို့ ဇာတ်ကားတွင် ရင်းနှီးမြုပ်နှံငွေပမာဏမှာ သိပ်မမြင့်မားပဲ သန်း ၃၀ ကျော်မျှသာကုန် ကျသည်။ ထိုစဦ ရှန်းချူးချူးနှင့် ချန်းရှန့်ကန်းတို့သည် နာမည်ကြီးသရုပ်ဆောင်များမဟုတ်ကြသောကြောင့် ရိုက်ကူးခသည်လည်း အလွန်မများလှချေ။

၎င်းတို့သည် ဇာတ်ကားအတွက် အမျိုးမျိုးသောရှိုးပွဲများလည်းလုပ်ဆောင်ကာထွေလာလည်းထွက်လာခဲ့သည်။

သို့သော်မထင်မှတ်ထားသည့်အရာမှာ ထွေလာသည် အရမ်းကောင်းနေမည်ဟူ၍ပင်။ လူတိုင်း ရှန်းချူးချူး၏ သရုပ်ဆောင်စွမ်းရည်ကို အသိအမှတ်ပြုကြသည်။

" ရှန်းချူးချူးက ဒီဒရာမာမှာ ဟာသဆန်ဆန်သရုပ် ဆောင်မယ်လို့ ငါမမျှော်လင့်ထားပါဘူး၊ ငါအစက သူ့ကို သိမ်သိမ်မွေ့မွေ့လေးလို့ ထင်ထားခဲ့တာ၊ ဒီတစ်ခါတော့ အားလုံးကို အံ့အားသင့်စေတာပဲ၊ ပြီးတော့ ဒီဒရမ်မာမှာ သူ့ရဲ့သရုပ်ဆောင်တာ အများကြီးတိုးတက်လာတာမြင်ရတယ်၊ သူ(မ) ဘယ်လောက်ထိကြိုးစားထားလဲဆိုတာ မြင်နိုင်တယ်! ဒီလိုမျိုး မင်းသမီးတစ်လက်ကို ငါတို့ ပံ့ပိုးပေးသင့်တာ"

"ဒီဇာတ်ကားက ငါ့ကိုလည်း အံ့အားသင့်စေတယ်လို့ ပြောရမယ်၊ လူတွေကို တစ်ချိန်တည်းမှာ တဟားဟားနဲ့ ရယ်နိုင်အောင်လုပ်နိုင်တဲ့ ဇာတ်ကားမျိုးပဲ၊ ဒီနှစ်ရဲ့ အကယ်ဒမီကို ရှန်းချူးချူး သိမ်းပိုက်နိုင်မလားဆိုတာမေးခွန်းထုတ်ကြစရာပဲ! ရုပ်ရှင်ပွဲတော် ကျင်းပရေး ကော် မတီရဲ့ အဖွဲ့၀င်တွေလည်း ဒီဇာတ်ကားကိုကြည့်ပြီးရင် ငါတို့နဲ့အမြင်တူမယ်လို့ယုံကြည်တယ်၊ သူ(မ)တကယ့်ကို အရမ်းတော်တဲ့လူသစ်တစ်ယောက်ပဲ"

"ကံကောင်းတာက ဒီဒရမ်မာမှာ ချီယုဖေးကို စောစော အစားထိုးလိုက်တာပဲ ဒီလိုမှမဟုတ်ရင် ဒီလိုကောင်းမွန်တဲ့ ဒရာမာပျက်စီးသွားရလိမ့်မယ်၊ ဒီလိုပျော်စရာကောင်းတဲ့ဒရာမာကို ငါတို့ဆီယူဆောင်လာပေးတဲ့ ဒါရိုက်တာကိုလည်းကျေးဇူးတင်ပါတယ်၊ ချန်းရှန့်ကန်းက ကြည့်လေလေပိုချောလာလေပဲ၊ ပြီးတော့ ချူးချူးရဲ့သရုပ်ဆောင်စွမ်းရည်တွေကလည်း ခုန်ပျံကျော်လွှားပြီးကို တိုးတက်လာတာနော်"

ဒါရိုက်တာသည် နေ့ရက်တိုင်းရယ်မောနေခဲ့သည်။ ယနေ့ သူ အာလုံးကိုထမင်းဖိတ်ကျွေးပြီး "ဒီရုပ်ရှင်က မကြာခင်စာအုပ်အနေနဲ့ ပြန်ထုတ်ဝေမှာဆိုတော့ ငါတို့ အမြတ်နည်းနည်းတောင်ထပ်ရနိုင်တယ်"

ချန်းရှန့်ကန်းသည် "ဒါရိုက်တာက အရမ်းနှိမ့်ချလွန်းနေတာပဲ၊ ဘာကိုအမြတ်နည်းနည်းလည်း၊ ကျွန်တော့်အထင် ပိုက်ဆံတွေအများကြီး၀င်မှာပဲ၊ ကျွန်တော့် အမြင်က သေချာပေါက်ကောင်းတယ်၊ ကျွန်တော် ချူးချူးကိုရွေးလိုက်တည်းက ယုံကြည်ပြီးသား ဒါရိုက်တာ စောင့်ကြည့်နေလိုက် ဒီဒရမ်မာ အနည်းဆုံးနှစ်ဆမမြတ်ရင် ကျွန်တော့်ကို ကြိုက်သလိုပြော"

ဒါရိုက်တာသည် သူ့စကားကိုနားထောင်ပြီး ရယ်မောကာဖြင့် ချူးချူးဘက်လှည့်ကာ "ချူချူး... များများထည့်စား"

ရှန်းချူးချူးသည်လည်း ဒါရိုက်တာကို အရွှန်းဖောက်လာသည်။

"ဒါရိုက်တာက ကျွန်မတို့ကို ဟုန်ပေါင်းပေးမှာမှတ်လား"

"ဒါပေါ့ ပေးရမှာပေါ့၊ Box Office က ငွေတွေရလာရင် မင်းတို့တွေကို ဟုန်ပေါင်းပေးမယ်၊ Weibo ကိုသာ အမြဲစောင့်ကြည့်နေလိုက်တော့"

ထွေလာသည် အလွန်ကောင်းမွန်သည့်အတွက် ဇာတ် ကားကို တရားဝင်ထုတ်လုပ်တော့မည့်အချိန်တွင် ရုပ်ရှင်ရုံအရေအတွက်သည် နှစ်ဆတိုးလာသည်။

မထင်မှတ်စွာ ၎င်းသည် နှစ်ဆတိုးလာသော်လည်း တက်ရောက်မှုနှုန်းသည် တတိယမြောက်နေ့တွင် ပိုမြင့်တက်လာလေလေဖြစ်လာကာ ဤရက်အပိုင်းတွင် လွှင့်သမျှ ရုပ်ရှင်တိုင်းထက် တက်ရောက်မှုနှုန်းသာနေပြီဖြစ်သည်။

ထို့ကြောင့် ရုံတင်ပြီးသုံးရက်အကြာတွင် ဇာတ်ကားကုန် ကျစရိတ်အား ပြန်ရပြီဖြစ်သည်။

စတုတ္ထနေ့သည် သောကြာနေ့ဖြစ်၍ Box Office သည် ယခင်နေ့များထက်နှစ်ဆတိုးလာပြန်သည်။ ထုတ်လွှင့်ချိန်တစ်ပတ်ကုန်သွားသော်လည်း ကြည့်ရှုသူများသည် တဖွဲဖွဲရောက်လာဆဲဖြစ်သည်။ ထိုအချိန်တွင် Box Office သည် သန်း 100 ကျော်သွားလေပြီ။

ရှန်းချူးချူးသည်ပင် ထိုအရာများကြောင့် အံဩမှင်သင်သွားသည်။ ၎င်းတို့ဇာတ်ကားသည် အခြားဇာတ်ကားများထက် မနိမ့်ကျသော်လည်း သာမာန်အတိုင်းသာဖြစ်ကာ ထိုအတိုင်းအတာထိအောင်မြင်လာဖို့ မမျှော်လင့်ထားချေ။ ဒုတိယအပတ်ကုန်ပြီးတွင် မင်းသမီးကျင်းလင် ရုပ်ရှင်သည် Box Office သန်း300ကျော်၀င်သွားသည်။

Box Office သန်း 300သည် ရုပ်ရှင်လောကတွင် ထူးဆန်းထွေလာမဟုတ်သော်လည်း ထိုသည်မှာ ရင်းနှီးငွေ သန်း 30 နှင့်နှိုင်းယှဉ်ပါက ၁၀ ဆနီးပါးကွာခြားပေသည်။ ဒါရိုက်တာများစွာသည် ရှန်းချူးချူး၏ အလား အလာကိုထိုးထွင်းမြင်လိုက်ရသည်။

မကြာခင်တွင် ချန်းရှီလီသည် ရှန်းချူးချူးအတွက် အလွန်ကြီးမားသော ရုပ်ရှင်တစ်ကားကမ်းလှမ်းခြင်းခံရခဲ့သည်။

" 'Two Poles'ဆိုတဲ့ ဇာတ်ကားမှာ အဓိကဇာတ်လိုက်နေရာမှာက ဝါရင့်ရုပ်ရှင်သရုပ်ဆောင်ကျောင်းကျန်းနဲ့ တွက်ဖက်သရုပ်ဆောင်ဖို့ ကမ်းလှမ်းချင်ပါတယ်၊ သူနဲ့သာလက်တွဲလုပ်ဆောင်မယ်ဆို မင်းရဲ့သရုပ်ဆောင်အရည်အချင်းကိုလည်း တိုးတက်စေမှာ အသေချာပဲ၊ မင်းရဲ့သရုပ်ဆောင်အရည်အချင်းကို ငါတို့မြင်လိုက်ရလို့ ကုမ္ပဏီက မင်းကို — ——” ချန်းရှီလီစကားများသည် ခေတ္တရပ်သွားပြီး "လက်ခံလိုက်တော့!"

ရှန်းချူးချူး မျက်ခုံးပင့်လိုက်ကာ "ဒါက အရမ်းမြင့်လွန်းမနေဘူးလား ချန်းကျဲ ? ကျွန်မ ပွဲဦးထွက်တာဖြင့် သုံးနှစ်ပဲရှိသေးတယ် အရမ်းစောနေတာမဟုတ်ဖူးလား"

ချန်းရှီလီ ခေါင်းခါပြကာ "မစောဘူး၊ တချို့လူတွေက အသက်ဆယ့်ခြောက်နှစ်နဲ့ ပွဲဦးထွက်ပြီး တစ်နှစ်အတွင်းဒီလိုအခွင့်အရေးတွေ ကမ်းလှမ်းခံရတယ်၊ တစ်ချို့တွေကျပြန်တော့ အသက်နှစ်ဆယ်မှာပွဲဦးထွက်ပြီး အသက်ခြောက်ဆယ်ကျမှ အခုလိုအခွင့်အရေးရတယ်၊ ဒါကြောင့် အရည်အချင်းအပြင် ကံနဲ့လည်းဆိုင်တယ်၊ ဒီဇာတ်ကားက နင့်ရဲ့အခွင့်အရေးပဲ"

ရှန်းချူးချူး ဇာတ်ညွှန်းကိုကြည့်ပြီး "ဒီဇာတ်ညွှန်းက တကယ်ကောင်းတယ်"

"ဒီဇာတ်ညွှန်းက အရင် နင်ရခဲ့တဲ့ ဇာတ်ညွှန်းတွေထက်ပိုကောင်းတာတော့ အမှန်ပါပဲ၊ ပြီးတော့နိုင်ငံတကာအဆင့် မှီဒါရိုက်တာတွေ၊ ရုပ်ရှင်ဧကရာဇ်တွေနဲ့ဆိုမှတော့ ဒီလို လောက်ကောင်းတဲ့ဇာတ်ညွှန်းဖြစ်မှရမှာပေါ့"

ရှန်းချူးချူး ခေါင်းညိတ်ပြီး "အင်း၊ ကျွန်မ ဇာတ်ညွှန်းကို အရင်ဆုံး အိမ်ပြန်ပြီးဖတ်ကြည့်လိုက်ဦးမယ်၊ ပြီးမှ ကျွန်မ ဆုံးဖြတ်ချက်ကို အတည်ပြုပေးမယ်နော်"

ချန်းရှီလီ ပြုံးကာ "CEO ဟန်နဲ့ ဆွေးနွေးဖို့လား ? ဟုတ်သား ဒီဒရာမာမှာ Han Group ကလည်း အများဆုံးရင်း နှီးမြုပ်နှံထားတယ်၊ ကြည့်ရတာ အခုလိုကမ်းလှမ်းခံရတာက မင်း မိသားစု၀င်ကြောင့်လည်းပါမှာ"

သူ(မ)မျက်ခုံး တစ်ချက်ပင့်သွားပြီး “အင်း"

သို့သော် ချန်းရှီလီသည် မကြာသေးမီကထွက်ရှိခဲ့သော "မင်းသမီးကျင်းလင်" ကိစ္စကိုစဉ်းစားပြီးနောက် သူ(မ) အား အသိမပေးပဲမနေနိုင်ချေ။

"နင် အရင်ရိုက်ခဲ့တဲ့ဇာတ်ကားက မကောင်းတာတော့မဟုတ်ပေမဲ့ အဲ့ဒါ အရည်အချင်းပြည့်မှီယုံပဲရှိတာ၊ မင်းသမီးကျင်းလင်ဆိုရင် ဇာတ်ညွှန်းကမပြောပလောက်သလို ရိုက်ကူးရေးကလည်း ပိုက်ဆံနည်းနည်းပဲရင်းနှီးထားလို့ ဘယ်လောက်ပဲကျော်ကြားပါစေ၊ box office မှာ အမြတ်ဘယ်လောက်ရရ ဒါ ဇာတ်ဆောင်ဆုမရနိုင်ဘူး ဒါပေမဲ့ တစ်ခြားဆုတွေကိုတော့ ရကောင်းရနိုင်ပါတယ်"

ရှန်းချူးချူး ခေါင်းညိတ်ပြီး "ဟုတ်ကဲ့ ကျွန်မ နားလည်ပါတယ်ချန်းကျဲ"

"အချစ်နဲ့အိမ်ထောင်ရေးဇာတ်ကားကတော့ ဖြစ်နိုင်ခြေနည်းတယ်၊ ဘာလို့ဆို ဒီဒရာမာက အမျိုးသမီးနှစ်ယောက်တွဲသရုပ်ဆောင်ထားတာ ပြီးတော့ချန်ယွီက အဓိကနေရာမှာပါနေတော့ နင်ရဖို့ ဖြစ်နိုင်ချေက နည်းတယ် ဒါပေမယ့်ပြောဖို့ခက်သား၊ ဒါရိုက်တာ အဖျက်အတောက်မှန်ရင် နင် အခွင့်အရေးရှိလာလိမ့်မယ်"

"ကျွန်မနဲ့ ချန်းယွီကျဲကြား ကွာဟချက်ကြီးရှိနေတာကို၊ ဆုရခဲ့ရင်တောင် အဲ့တာ ကျွန်မ လုံး၀ဟုတ်မှာမဟုတ်ဘူး"

ချန်းရှီလီ ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ ဒါကြောင့် အကောင်းဆုံး ဇာတ်ဆောင်ဆုရမယ်ဆိုရင်တောင် သူဖြစ်လောက်တယ်၊ ဒါကလည်း မျှော်လင့်ထားရတာပဲလေ၊ ဒါရိုက်တာသာ အဖြတ်အတောက်ကို သေချာမလုပ်ထားရင် ချန်ယွီလည်း ဇာတ်ဆောင်ဆုကလုံးလက်လှမ်း မှီမှာမဟုတ်ဘူး"

ရှန်းချူးချူး ခေါင်းကိုတစ်ဆက်ဆက်ညိတ်ပြသည်။

ထို့နောက် ၎င်းတို့စကားဖြတ်လိုက်ပြီး ရှန်းချူးချူးသည် အိမ်သို့ပြန်လာခဲ့သည်။ သူ(မ)နှင့် ဟန်ရှင်းယန်တို့သည် Liyuan အိမ်ရာတွင် မနေကြတော့ပေ။

၎င်းတို့နှစ်ဦးသည် Lakevie အမှတ် 7 ၏တန်ဖိုးကြီးလူနေရပ်ကွက်သို့ အတူတကွပြောင်းရွှေ့နေထိုင်ခဲ့ပြီး၊ ဤနေရာသည် ယခင်က ဟန်ရှင်းယန်ဝယ်ယူခဲ့သည့် အိမ်တစ်လုံးဖြစ်ပြီး မည်သူမျှနေထိုင်ဖူးခြင်းမရှိပေ။

မူလတွင် ပါးပါးဟန်နှင့် မားမားဟန်သည် ၎င်းတို့နှစ်ဦးအား ဗီလာတွင် နေထိုင်စေလိုသော်လည်း ရှန်းချူးချူးသည် ထိုနေရာမှာအလွန်ကြီးမားသည်ဟု ခံစားခဲ့ရပြီး သူ(မ)လည်း အလုပ်ကြောင့် အိမ်တွင် မကြာခဏမရှိတက်သဖြင့် ၎င်းတို့နှစ်ဦးသည် မြို့ထဲရှိအဆင့်မြင့်အိမ် ရာတစ်ခုတွင်သာ နေထိုင်ရန်ရွေးချယ်လျက်သည်။

ဤနေရာတွင် သူ(မ) ခင်ပွန်းသည်မှအပ အခြားလူများ နေထိုင်လေ့မရှိပေ။

ယနေ့သည် အိမ်တော်ဟောင်းကိုသွားရမည့်နေ့ဖြစ်သော ကြောင့် ရှန်းချူးချူး နေ့လည်သုံးလေးနာရီထိုးသည်အထိစောင့်ကာ ပစ္စည်းများကို ထုပ်ပိုးပြီး အိမ်တော်ဟောင်းကို မောင်းနှင်သွားလိုက်သည်။ ဟန်ရှင်းယန်သည် ကုမ္ပဏီဆင်းမှ လိုက်လာမည်ဖြစ်သဖြင့် သူ(မ) တစ်ယောက်တည်းသာရှိသည်။

ညနေထမင်းစားပြီးသောအခါ အဘိုးသည် ဖန်တရာထက်နေသော စကားဟောင်းများကိုပြန်ပြောပြနေသည်။

"ငါက ဘယ်နှစ်ရက်လောက်နေနိုင်မလဲတော့ မသိဘူး မင်းတို့နှစ်ယောက်က အခုထိ ငါ့မြစ်လေးကို မမွေးပေးကြသေးဘူးလား ?"

"ဟုတ်တယ်၊ မင်းတို့နှစ်ယောက် ကလေးမယူကြဘူးလား ? ကလေးယူတာက အယ်လ်ဇိုင်းမားရောဂါကို နှောင့်နှေးစေတယ်တဲ့ မင်း မားရဲ့ကျန်းမာရေးကိုငဲ့ပြီး ကလေးယူကိုယူရမယ်" မားမားဟန်လည်း ၀င်ပြောလာသည်။

“ကောင်းပြီ၊ ရှေးလူကြီးတွေ ပြောတာတော့ မိသားစုတစ်စုမှာ ကလေးကရှိသင့်တယ်တဲ့"

ရှန်းချူးချူးသည် ၎င်းတို့၏စကားများကြောင့် ကိုယ်ကို တက်နိုင်သလောက် ကျုံ့ထားလိုက်သည်။ ဟန်ရှင်းယန်သည် ကြား၀င်စွက်ဖက်ကာ "ကျွန်တော်တို့ လက်ထပ်တာ နှစ်ဝက်တောင်မပြည့်သေးဘူး၊ စောလွန်းတယ်"

မားမားဟန်က "မင်းသာ စောနေလိုက်! ထန့်ထန့်ကိုပဲ ဥပမာယူကြည့်စမ်း! ဟိုင်ကျန်းမှာ ကိုယ်ဝန်ရှိနေပြီလို့ကြားတယ်၊ မင်းက မင်းရဲ့ ဝမ်းကွဲလောက်တောင် မစွမ်း ဆောင်နိုင်ဘူး"

ဟန်ရှင်းယန် တည်ငြိမ်စွာကာ"အင်း"

"ဟဲ့! အဲ့တာ ဘာအင်းတုန်း! နင့် ဘေးနားက ကလေးမလေးကိုကြည့်စမ်း! သူ အရမ်းလှသလို နင်ကလည်း အရမ်းကြည့်ကောင်း၊ နင်တို့မွေးလာတဲ့ ကလေးသာဆို အရမ်းချစ်စရာကောင်းမှာသေချာတယ်၊ နင် မလိုချင်ဘူးလား"

ဟန်ရှင်းယန်သည် ချူးချူးနှင့်တူသည် သမီးလေးဟုတွေးလိုက်ကာ သူ့မျက်လုံးများ ၀င်းလက်သွားသော် လည်း “မား စောပါသေးတယ်၊ ကျွန်တော်တို့ တစ်ခြားအ‌ကြောင်းပြောကြတာပေါ့"

ဟန်မားမားသည် ရှန်းချူးချူးမှာ နီရဲနေသောမျက်နှာဖြင့် စကားမပြောဘဲ တိတ်ဆိတ်နေသည်ကိုမြင်ချိန် သက်ပြင်းမောချကာ ဘာမှဆက်မပြောတော့ချေ။

ညဘက်ရောက်သည်နှင့် သူသည် ရှန်းချူးချူး၏ခါးကိုဖက်သွယ်ပြီး ၎င်း၏လည်ပင်းများကြား သူ့မျက်နှာကို မြုပ်နှံထားလိုက်သည်။

"ဘာဖြစ်လို့လဲ ?" ဟန်ရှင်းယန်သည် သူ့အားစိုက်ကြည့်နေသောကြောင့် ချူးချူး မေးလိုက်သည်။

"ဟင့်အင့် ဘာမှမဖြစ်ပါဘူး၊ ရှင်နဲ့ တွေ့ခွင့်ရတာ အရမ်းကံကောင်းတယ်လို့ခံစားမိလို့ပါ"

"ကိုယ်ရောပဲ"

ရှန်းချူးချူးသည် ရေချိုးပြီးနောက် ကုတင်ဘေး၏ စားပွဲပေါ်ရှိ ဇာတ်ညွှန်းကိုပြန်အမှတ်ရကာ ဟန်ရှင်းယန်အား ကြည့်ပြီး "ကျွန်မ ဒီဇာတ်ညွှန်းရခဲ့တယ်"

ဟန်ရှင်းယန်လှည့်ကြည့်လိုက်သောအခါ ရှန်းချူးချူးပြောသည်ကို နားလည်သွားသည်။

"အင်း၊ အဲ့ဇာတ်ညွှန်းက ကောင်းပါတယ်၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ မင်းအတွက် အရမ်းသင့်တော်တယ်"

ဟန်ရှင်းယန် သူ့ထင်မြင်ချက်ကို ထုတ်ပြောလာသည်။

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ လေးနက်လျက်တွေဝေနေသော အမူအရာကိုတစ်ချက်ကြည့်လိုက်ကာ "ခင်ပွန်းတစ်ယောက်အနေနဲ့ ဆုံးဖြတ်ရင်ရော ?"

ဟန်ရှင်းယန်သည် တွေးပင်မတွေးပဲ ပြန်ဖြေသည်။

“ခင်ပွန်းတစ်ယောက်အနေနဲ့ဆိုရင်တော့ ကိုယ့်မိန်းမကို ဒီလိုဇာတ်ကောင်မျိုး သရုပ်မဆောင်စေချင်ဘူး”

"ဒါဆို ရှင်ဘာလို့ ဒီဇာတ်လမ်းမှာ ရင်းနှီးမြုပ်နှံခဲ့တာလဲ"

ဟန်ရှင်းယန်သည် ချူးချူးချူးချူးကိုဖက်လိုက်ပြီး

"ဒီလို ကောင်းမွန်တဲ့ဇာတ်ညွှန်းမျိုးက ကိုယ့်မိန်းမနဲ့အတိုက်တန်ဆုံးမို့လို့လေ"

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ ပါးပြင်ကိုနမ်းရှိုက်ကာ "ကျေးဇူးတင်ပါတယ် ရှင်းယန်"

ဤဇာတ်လမ်းမှာ ဇာတ်လိုက်မင်းသမီးသည် တကယ် တမ်းမှ အလယ်တန်းကျောင်းတက်နေရာမှ ထွက်ပြီး လမ်းသရဲများနှင့် သူငယ်ချင်းဖြစ်ရာမှ စတင်သော ဇာတ်လမ်းဖြစ်သည်။ နောက်ပိုင်းတွင် သူ(မ)သည်လည်း လမ်းသရဲတစ်ယောက်ဖြစ်လာပြီး ဘားတစ်ခု၏ ပိုင်ရှင်ဖြစ်လာသည်။

ထိုစဉ်ဇာတ်လမ်းသည် တရား၀င်စတင်ပြီဖြစ်သည်။

ရဲဖြစ်သူသည် မူးယစ်ဆေးဝါးနှင့် မှောင်ခိုပစ္စည်းများ ရောင်းချနေသည်ကို သံသယရှိသဖြင့် စုံစမ်းစစ်ဆေးမှုများစတင်ခဲ့သည်။ ထိုစဉ် အမျိုးသမီးဇာတ်လိုက်သည်လည်း နှစ်ပိုင်းများစွာ ဤအသိုင်းအဝိုင်းတွင်ကျင်လည်ခဲ့ရသောကြောင့် လျှို့ဝှက်ချက်အချို့ကို ရှာတွေ့ခဲ့သည်။ သူ(မ)သည် မရေမတွက်နိုင်သော လူများအသတ်ခံရခြင်းနှင့် ရဲများ၏စုံစမ်းမှုများကို မြင်တွေ့ပြီးနောက် တုန်လှုပ်လာသည်။

ဇာတ်လမ်းသည် အစွန်းနှစ်ဖက်ကြား ကျင်လည်နေရသော အမျိုးသမီးဇာတ်လိုက်၏ဘ၀ကို ရိုက်ကူးထားခြင်းပင်။ သူ(မ)သည် တရားမျှတမှုနဲ့ မကောင်းမှု၏ အစွန်းနှစ်ဖက်ကြားတွင် ကျင်လည်နေသူပင်။

ဘားတစ်ခု၏ပိုင်ရှင်အနေဖြင့် အမျိုးသမီးဇာတ်လိုက်သည် ချစ်စရာကောင်းသော်လည်း sexy ကျကျ၀တ်ဆင်ဖို့လိုသည်။

ရှန်းချူးချူးသည် ဟန်ရှင်းယန်အပေါ် နားလည်မှုအရ ထိုလူသည် ဤသို့သော အခန်းမျိုးကိုသရုပ်ဆောင်ရန်ခွင့်မပြုဟုထင်မိသည်။ မထင်မှတ်စွာ သူသည် သူ(မ) အား ခွင့်ပြုရုံသာမက ဇာတ်ညွှန်းရမည့် အခွင့်အလမ်းကိုပင်ဖန်တီးပေးခဲ့သည်။

"ဒီဇာတ်ကားပြီးရင် ကျွန်မတို့ ကလေးတစ်ယောက်ယူရင် ဘယ်လိုလဲ ?"

ရှန်းချူးချူး ဟန်ရှင်းယန်ရင်ခွင်ထဲနေပြီး ယနေ့ အိမ်တော်ဟောင်းမှပြောခဲ့သည့် စကားများကိုအတွေးရောက် နေမိသည်။

"ဟင့်အင်း ကိုယ်တို့နောက်မှ အေးဆေးယူကြတာပေါ့"

"ဘာဖြစ်လို့လဲ ?" ရှန်းချူးချူးသည် သံသယဝင်စွာ မေးသည်။

ဟန်ရှင်းယန်သည် "ကိုယ်တို့ ဘ၀လေးကို အဲ့ကလေး ဝင်မနှောင့်ယှက်ရအောင်လို့လေ"

ထို့အပြင် ဟန်ရှင်းယန် မပြောခဲ့သည့်အကြောင်းမှာ သူ့ဇနီးသည် ဖျော်ဖြေရေးလောကတွင် ဆက်လက်လုပ်ကိုင်လိုကြောင်း သူ သိသည်။ ထို့ကြောင့် သူ(မ)၏ အသက် မွေးဝမ်းကျောင်းတိုးတက်နေဆဲကာလတွင် ကလေးမယူသင့်ပေ။

All Chapters