အခန်း (၁၁၃)
Vol. 12 Ch. 113
ရှန်းချူးချူး နောက်တစ်နေ့ စတူဒီယိုကိုရောက်သည့်အခါ သူ(မ)အပေါ် လူတော်တော်များများ၏ အကြည့်များသည်ကွဲပြားနေသည်။
ရှန်းချူးချူးသည် အဘယ်ကြောင့်ဆိုသည်ကို သိသော် လည်း ထွေထူးစွာရှင်းပြနေတော့ပေ။ အချို့အရာများ သည် သံသယသာရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိသည့်အတွက် ယခုအခါ သူ(မ)အသည်းအသန်ရှင်းပြနေလျှင် ၎င်းတို့ တိုး၍သံသယ၀င်ရုံသာ။
ထို့အပြင် ဟန်ရှင်းယန်သည် သူ(မ)၏ခင်ပွန်းဖြစ်သည်။
ထိုစဉ် ဝမ်ချမ့်သည် သူ(မ)အနားသို့ကပ်ကာ ခပ်တိုးတိုးပြောလာသော စကားများသည် သူ(မ)အား အံ့အားသင့်သွားသေးစေခဲ့သည်။
မနေ့ညက ညစာစားပွဲမှာ ဟန်ရှင်းယန်အား မျက်နှာလုပ်သည့် မင်းသမီးမှာအစားထိုးခံလိုက်ရပြီဖြစ်သည်။
ထို့ကြောင့် နောက်ဆိုလျှင် မည်သည့်မင်းသမီးမှ ဟန်ရှင်းယန်အား ထိပါးဝံ့မည်မဟုတ်ချေ။
ဟန်ရှင်းယန်သည် သုံးရက်ကြာနေထိုင်ခဲ့ပြီးနောက် တော် ၀င်မြို့သို့ပြန်သွားခဲ့သည်။
ရှန်းချူးချူးသည် ဇာတ်လမ်းထဲတွင်သာ သူ(မ)ကိုယ်သူ(မ) ဆက်လက်မြှုပ်နှံထားဆဲဖြစ်သည်။
ရင်ကျဲသည် သုန်ကောကြောင့် သေနတ်မှတ်သွားသော ရဲသားကို ကြည့်လျက် သူ(မ)အသံသည် တုန်ရီနေ သည်။
"သုန်ကော ဒါ..ဒါ သိပ်ကောင်းမှာမဟုတ်ဘူးနော်၊ သူ..သူသာ ဒီလိုပဲဖြစ်နေရင်..."
"ဘယ်သူကမှ လူသတ်ရတာ မကြိုက်ဘူး ကလေးရဲ့၊ မင်း သူ့ကို မသတ်ရင် မနက်ဖြန်ကျ သေမဲ့လူက မင်းမဟုတ်ဘူးဆိုတာ ဘယ်သူမှမပြောနိုင်ဘူး"
သုန်ကော တကျဲကို တစ်ချက်လှည့်ကြည့်ကာ " သိပ်ကောင်းတဲ့ စကားတစ်ခွန်းရှိတယ် ဘေဘီ မင်းမှတ်ထားရမှာက လူတွေကိုလွယ်လွယ် မလွှတ်ပေးသင့်ဘူး၊ သူ့ဘာသာ ဘယ်လောက်ထိ ကတိပေးပေး၊ မင်း သံသယရှိနေရင် တစ်ခါတည်း ရှင်းပစ်လိုက်တာအကောင်းဆုံးပဲ"
ရင်ကျဲသည် မူလတွင် လမ်းသရဲတစ်ယောက်သာဖြစ်သော်လည်း သုန်ကောနောက်လိုက်ရင်း ဘားတစ်ခုကို တာဝန်သည့်သူ ဖြစ်လာခဲ့သည်။ ထိုသို့သော သွေးထွက် သံယိုမြင်ကွင်းများကို မြင်ဖူးခြင်းမှာ သူ(မ)အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။
သူ(မ) သုန်ကောအိမ်မှထွက်လာပြီးနောက် တစ်ယောက် တည်းသာ ဘားကိုလာခဲ့သည်။
ဤအချိန် ဘားသည်မဖွင့်သေးပေ။ သူ(မ)ဘားကောင် တာတွင် ထိုင်လျက် စီးကရက်တစ်လိပ်ကိုလက်ကြားထဲ ညှက်ထားကာ သူ(မ) မျက်လုံးများထဲ မှန်းဆမရသော ခံစားချက်များကြောင့် ရီဝေနေသည်။
ခဏအကြာတစ်စုံတစ်ယောက်သည် သူ(မ)ဘေးတွင်ဝင်ထိုင်လာသည်။
တကျဲသည် လွေ့ဝေအားကြည့်ကာ “ဘား မဖွင့်သေးဘူး၊ ထွက်သွား”
"ငါ စိတ်အခြေအနေမကောင်းဘူး၊ ဝိုင်တစ်ခွက်ပေး"
လွေ့ဝေသည် ထွက်မသွားသည့်အပြင် ကျကျနနပင်ထိုင်လိုက်ပြီး "ဘီယာ အေးအေးလေးပဲပေးတော့"
ဘားအဖျော်ဆရာသည် ပြုံးကာ"ဒီဦးလေးကတော့ ဘီယာဆိုတာက ဦးလေးအိမ်နားက စူပါမားကတ်မှာတောင် ၀ယ်လို့ရတယ်၊ ဒီမှာက..."
"သူ့ကို တစ်ခွက်ချပေးလိုက်" တကျဲ၏အသံမှာ ကြားဖြတ်၀င်ရောက်လာသည်။
"ဟုတ်ကဲ့ သူဌေး၊ သူ့ကို ပေးလိုက်ပါ့မယ်" ဘားအဖျော်ဆရာ ပခုံးကိုတွန့်ကာ ပြောလိုက်သည်။
ထို့နောက် တကျဲနှင့် လွေ့ဝေတို့သည် ဘီယာကိုယ်စီသောက်နေခဲ့ကြသည်။
ခဏအကြာ လွေ့ဝေ ခွက်ကိုချလိုက်ပြီး တကျဲဘက်ကို လှည့်ကြည့်ကာ သူ(မ) ယခင်ကနှင့် ကွဲပြားနေကြောင်း တွေ့ရှိသွားသဖြင့် "ဘာလို့လဲ၊ မင်းလည်း စိတ်အဆင်မပြေဘူးလား"
စက္ကန့်အနည်းငယ်ကြာအထိ တိတ်ဆိတ်မှုသာ ထုံလွှမ်းလျက် တကျဲက "ရှင် တစ်ယောက်ယောက်ကို သတ်ဖူးလား?"
လွေ့ဝေသည် ခွက်ကိုပြန်မကာ အေးအေးလူလူ သောက်လိုက်ပြီး “သတ်ဖူးတယ်”
တကျဲ၏မျက်တောင်များ အရှိန်ပြင်းပြင်းလှုပ်ခတ်သွားပြီး စက္ကန့်အနည်းငယ်တိတ်ဆိတ်ပြီးမှ မတ်တပ်ထရပ်ကာ "ဖောက်သည်တွေကို သေချာဧည့်ခံလိုက်!"
ထို့နောက် သူ(မ) လှည့်ထွက်သွားသည်။
"ကဒ်! အိုကေ! နောက်တစ်ခန်းအတွက်ပြင်ဆင်မယ်၊ မီးအလင်းပိုင်းတာ၀န်ယူတဲ့သူက မီးနည်းနည်းထပ်မြှင့်ရမယ်၊ မိတ်ကပ်ဆရာ မိတ်ကပ်ထပ်ပြင်ပေးလိုက်"
ကျောင်းကျန်းသည် အကြိမ်ကြိမ်ထပ်ရိုက်ရလွန်းလို့ သူ့ဗိုက်ထဲတွင် ဘီယာများသာရှိတော့သည်ဟုထင်မိသည်။ သူ အန်မိခံနီးတွင် ထိုအခန်းကိုပြီးဆုံးအောင် ရိုက်နိုင်ခဲ့သည်။
ထို့နောက် ကျောင်းကျန်းသည် အနည်းငယ် ရီဝေဝေဖြစ်နေသဖြင့် - "ကျွန်တော်ဆက်မရိုက်နိုင်သေးဘူး ဒါရိုက် တာ၊ ကျွန်တော် ခဏနားဖို့လိုနေပြီ၊ ကျွန်တော့်ခေါင်းတွေ မူးနေပြီ"
ဒါရိုက်တာသည် ကျောင်းကျန်းအား ပြုံးလျက်ကြည့်ကာ "ဟုတ်ပြီ ဟုတ်ပြီ နားလိုက်တော့၊ ညနေလေးနာရီမှ ပြန် လာခဲ့၊ ဒီအခန်းက ဒီနေ့ရိုက်ကို ရိုက်ရမှာ မမေ့စေနဲ့"
ကျောင်းကျန်း : "အင်း ကိစ္စမရှိဘူး"
ရှန်းချူးချူး ကျောင်းကျန်း၏အခြေအနေ သိပ်မကောင်းသည်ကို မြင်လိုက်ရသဖြင့် "တောင်းပန်ပါတယ် ကျန်းကော၊ ကျွန်မ သေချာမရိုက်မိလို့ ကျန်းကော သောက်တာများသွားပြီနဲ့တူတယ်"
ကျောင်းကျန်း ပြုံးကာ "မင်းနဲ့ငါက တောင်းပန်ရမဲ့သူတွေလား၊ ငါ့ဘာသာ အများကြီးသောက်မိလို့ဖြစ်တာပါ၊ အိမ်မှာဆို ငါ့မိန်းမက အရက်အများကြီးမသောက်ခိုင်းဘူး၊ ဒါရိုက်တာ ငါ့ကို အနားယူမယ့် အချိန်ပေးလိုက်တာ မင်းကိုတောင် ကျေးဇူးတင်ရဦးမယ်"
မွန်းလွဲပိုင်း အနားယူပြီးနောက် ရှန်းချူးချူးသည် ပတ် ဝန်းကျင်ရှိ လူများ၏အိမ်ထောင်ရေးစနစ်ကို တစ်ချက်ကြည့်သည်။ သူ(မ) ၎င်းတို့၏စနစ်အတားကို ခဏလောက်ကြည့်ပြီးနောက် ကျောင်းကျန်း၏ အိမ် ထောင်ရေးစနစ်ကိုလည်း ရုတ်တရက်စိတ်၀င်စားလာသည်။ သူ့ဇနီးက အပြင်အသိုင်း၀ိုင်း၏ လူတစ်ယောက်ဟု သူ(မ) ကြားဖူးသည်။ ၎င်းတို့နှစ်ယောက်၏ အိမ်ထောင်သက်တမ်းသည် နှစ်ပေါင်းများစွာကြာသည်အထိ တည်မြဲနေဆဲဖြစ်သည်။
သူ(မ) ကျန်းကော၏အိမ်ထောင်ရေးစနစ်ထဲကို ဝင်ကြည့်လိုက်ချိန် ၎င်းတို့ နှစ်ယောက် အိမ်ထောင်ကျသည်မှာ အနှစ် 20 နီးပါးရှိပြီဖြစ်ပြီး ၎င်းတို့ကလေးပင် အသက်ဆယ့်ငါးနှစ်ရှိပြီဖြစ်ကာ အလယ်တန်းကျောင်းတက်ရမည့် အရွယ်ဖြစ်သည်။
သူ(မ)သည် ယခင်က ကြားဖူးသည်မှာ ၎င်းတို့၏ကလေးသည် မိန်းကလေးဖြစ်ပြ ကျောင်းကျန်းသည် သူ၏ ကလေးအား သည်းသည်းလှုပ်မတက်ချစ်သည်ဟူ၍ပင်။
လေးနာရီထိုးတွင် သူ(မ) နောက်ထပ်ဇာတ်၀င်ခန်းအ တွက် ပြင်ဆင်ရပြန်သည်။ ဤအချိန်တွင် အလွန်ငယ် ရွယ်သည့်ပုံစံမျိုး မိတ်ကပ်လိမ်းရန်လိုအပ်သည်။
မိတ်ကပ်ဆရာသည် သူ(မ)အား ရိုက်ကွင်းမစခင် တစ်နာရီအလိုထဲမှ မိတ်ကပ်စပြင်ပေးခဲ့သည်။ ခပ်ချောင်ချောင် ကျောင်းယူနီဖောင်းနှင့် မိတ်ကပ်တို့တွဲကြည့်လျှင် သူ(မ)အမှန် ဆယ်နှစ်ပိုငယ်သွားသလိုပင်။
ဤဇာတ်၀င်ခန်းသည် ကျောင်းကျန်းနှင့်သာ သရုပ် ဆောင်ရမည်ဖြစ်သည်။
သူ(မ) ကျောင်းဆင်းသည့်အခါ လမ်းကြားထဲတွင် လူဆိုးတစ်ချို့ သူ(မ)အား လမ်းပိတ်လာသဖြင့် ရဲသားငယ်လေးသာဖြစ်သေးသည့် လွေ့ဝေသည် ထိုလူဆိုးများအားမောင်းထုတ်ပေးလာခဲ့သည်။
နှစ်များစွာကြာပြီးနောက် တကျဲနှင့် လွေ့ဝေတို့သည် တစ်ယောက်ကိုတစ်ယောက် မေ့လျော့သွားကြခဲ့သည်။ သို့ သော် အဆုံးတွင် တကျဲသည် လွေ့ဝေလက်ပေါ်ရှိ အမာ ရွတ်အကြောင်းမေးလာရာမှ ပြန်မှတ်မိသွားခြင်းဖြစ် သည်။
အသက်များကြီးရင့်လာသော်လည်း အမာရွတ်သည် ထင်ကျန်ဆဲပင်။
"ကော... ကောကော ဒဏ်ရာရသွားပြီ" တကျဲ၏အသံသည် တုန်ရီနေသည်။
လွေ့ဝေသည် နာကျင်မှုအားသည်းခံလျက် "ကိစ္စမရှိဘူး၊ လူဆိုးတွေကို ကောကောမောင်းထုတ်လိုက်ပြီနော်၊ ညီမလေး အိမ်မြန်မြန်ပြန်လိုက်တော့"
တကျဲသည် သူ့အား အသေအချာစူးစိုက်ကြည့်ပြီး "ကျေးဇူးတင်ပါတယ် ကောကော၊ ညီမ ကြီးလာရင် ကျေးဇူးပြန်ဆပ်ပါ့မယ်"
"မလိုပါဘူးကွာ၊ မင်း စာကိုသာကြိုးစာ၊ အဲ့ဒါ ကောကောကို အကြီးမားဆုံးကျေးဇူးတုံ့ပြန်တာပဲ"
ထိုအခန်းအားရိုက်ကူးပြီးနောက် ရှန်းချူးချူးနှင့် ကျောင်းကျန်းတို့နှစ်ဦးစလုံးသည် အဝတ်အစားများလဲကာ မိတ်ကပ်ဖျက်ရန်သွားလိုက်ကြသည်။ ရှန်းချူးချူးထွက်လာသည့်အချိန် ရိုက်ကွင်းသည်မပြီးသေးပဲ အခြား ဇာတ်ပို့များကို ဆက်လက် ရိုက်ကူးနေဆဲ ဖြစ်သည်။
ရှန်းချူးချူးသည် ကျောင်းကျန်းနားရှိလွတ်လပ်နေသော ခုံတွင်ထိုင်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ "ကျန်းကောရဲ့သမီးက ဇာတ်လိုက်မင်းသမီးနဲ့ အသက်တူနီးနီးပဲနဲ့တူတယ်၊ သူက အလယ်တန်းကျောင်း ဒါမှမဟုတ် အထက်တန်းကျောင်းတက်နေပြီလား"
ကျောင်းကျန်း၏မျက်နှာသည် သူ(မ)စကားကြောင့် ပျက်ပြားသွားသည်။ နံဘေးတွင်ရှိသော ကျောင်းကျန်းလက်ထောက်သည်လည်း ရှန်းချူးချူးအား မယုံနိုင်လောက်အောင် စူးစိုက်ကြည့်နေသည်။
ရှန်းချူးချူးသည်လည်း သူ(မ)စကားမှားသွားသည်ကိုသိလိုက်ပြီး ပတ်၀န်းကျင်ရှိလေထုသည်ပင် အေးခဲနေချက်ရှိသည်။
သူ(မ)ပြောတာ ဘာအမှားပါသွားလို့လဲ ?
သူ(မ) ကျောင်းကျန်း၏အိမ်ထောင်ရေးစနစ်ကို ကြည့်လိုက်သောအခါ သူ့တွင် အသက်ဆယ့်ငါးနှစ်ရှိသော သမီးတစ်ယောက်ရှိကြောင်း ဖော်ပြထားသည်။ အသက်ဆယ့်ငါးနှစ်အရွယ် ကလေးအချို့သည် အလယ်တန်းကျောင်းတက်ကြပြီး အချို့မှာတော့ အထက်တန်း ကျောင်းကင် တက်နေကြသည်။ သို့ဖြစ်ရာ သူ(မ) မေးသည့်ထဲမှာ ဘာမှားသွားလဲ စဉ်းစားမရချေ။
"ဆောရီး ငါဆေးလိပ်သောက်ချင်လို့"
ကျောင်းကျန်းသည် ပြောပြီးသည်နှင့် နေရာမှ ချက်ချင်း ထထွက်လာခဲ့သည်။
လက်ထောက်သည် ရှန်းချူးချူးကို လှမ်းကြည့်ကာ သူ(မ)အား ပြောပြလိုက်ချင်သော်လည်း ကျောင်းကျန်း ၏နောက်ကျောကိုကြည့်ကာ စိတ်မချသောကြောင့် အမြန်ပြေးလိုက်သွားသည်။
"ချမ့်ချမ့် ငါမေးတာ တစ်ခုခုမှားသွားလို့လား" ရှန်းချူးချူး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
ဝမ်ချမ့်သည် ရှန်းချူးချူးကဲ့သို့ သံသယ၀င်လျက် "ဘာမှ မမှားဘူးထင်တာပဲ ဒါပေမယ့် ကျန်းကောကိုကြည့်ရတာ အရမ်းထူးဆန်းနေတယ်၊ သူ့ကြည့်ရတာ သူ့သမီးအကြောင်း တစ်ခြားသူတွေကိုမပြောပြချင်သလိုပဲ"
ရှန်းချူးချူးသည် ဝမ်ချမ့်၏ စကားကို နားထောင်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ကျန်းကောရဲ့သမီးမှာ ပြသနာတစ်ခုခုရှိနေတာလား ?
သူ(မ) ပြောတဲ့ထဲမှာ တစ်ခုခုမှားသွားတဲ့ပုံပဲ။
ရှန်းချူးချူးသည် အတွေးများစွာဖြင့် ထိုအရာမးကို ရှာဖွေရန် အွန်လိုင်းကိုသာ အားကိုးလိုက်သည်။ ရလဒ်အနေဖြင့် ကျောင်းကျန်းသမီး၏နှစ်နှစ်၊ သုံးနှစ်ခန့်က ဓာတ်ပုံများသာရှိသည်။
သူ(မ)သည် ယခင်ကတင်ထားသည့် ဗီဒီယိုကိုကြည့်လိုက်သည့်အခါ ကျောင်းကျန်း၏သမီးသည် အလွန်ကျန်းမာပြီး လှပသော ကလေးဖြစ်ပေသည်။
ဒါဆို ကျန်းကောက ဘာလို့ သူ့သမီးအကြောင်းမေးတာနဲ့ ချက်ချင်း ထထွက်သွားလာလား? နောက်မှတစ်ခုခုဖြစ်လို့လား...?
ရှန်းချူးချူး ကျောင်းကျန်းကို နောက်တစ်ခါ ပြန်တွေ့သည့်အခါ ထိုအကြောင်းနှင့်ပတ်သက်၍ စကားမစရဲတော့ချေ။ သို့သော်လည်း ကျောင်းကျန်း၏ စိတ်အခြေအနေသည် ယခင်နှင့်မတူကြောင်း သူ(မ) အတက်ပြောနိုင် သည်။
သူ့သမီးအကြောင်းပြောမိလို့များလား? သူ(မ)ရဲ့စကားသည် ကျောင်းကျန်းအား ဝမ်းနည်းသွားစေတာလား?
ရက်အနည်းငယ်ကြာပြီးနောက် ကျောင်းကျန်း၏ဇနီးသည် ရိုက်ကွင်းသို့ လည်ပတ်ရန်လာခဲ့သည်။
သူ(မ)သာမ အလွန်နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဖြစ်ပြီး ကျောင်းကျန်းနှင့်အတူရပ်လိုက်ပါက အလွန်လိုက်ဖက်သော စုံတွဲဖြစ်သည်။
"ရှင့်လက်ထောက်က ရှင့်စိတ်အခြေအနေ အဆင်မပြေဘူးလို့ပြောတယ်၊ အခု ကျွန်မကိုတွေ့ရတော့ ရှင် မပျော်ဘူးလား" လင်းယွမ် မေးလိုက်သည်။
ကျောင်းကျန်းသည် ဇနီးဖြစ်သူ၏လက်ကိုဆုပ်ကိုင်ကာ
"မင်း အဲ့ကောင်စုတ်စကားကိုနားထောင်တာနဲ့ ကိုယ် စိတ်အဆင်မပြေဘူးဆိုတာ ယုံတယ်ပေါ့"
ကျောင်းကျန်းသည် ပုန်းနေသည့် လက်ထောက်ကို စူးရဲစွာစိုက်ကြည့်လိုက်သည်။
"ဟုတ်ပါပြီ သူ့ကို အပြစ်တင်မနေပါနဲ့၊ ရှင် ဘာ စိတ်အဆင်မပြေတာလဲ ကျွန်မကိုပြောပြ၊ တစ်ယောက်တည်း ကြိတ်ခံစားမနေနဲ့"
ကျောင်းကျန်း ဘယ်လိုစိတ်နဲ့ သူ(မ)ကို ဘယ်လိုပြောနိုင်မှာလဲ ? ဒီစကားလုံးတွေက သူ့မိန်းမကိုလည်း နာကျင်စေမည်သေချာတယ်၊ သူ့ဇနီးအား နာကျင်စေမည့်စကားလုံးများကို သူ မည်သို့ပြောထွက်နိုင်မည်နည်း...
"ကိုယ် တကယ် အဆင်ပြေပါတယ်"
"တကယ် ?"
ကျောင်းကျန်းသည် ပြုံးကာ "တကယ်တော့ တစ်ခုရှိတယ်... ကိုယ်အဲဒီနေ့က ဘားမှာထိုက်တဲ့ အခန်းရိုက်တဲ့အချိန်မှာ ဘီယာသောက်တာ နည်းနည်းများသွားလို့"
လင်းယွမ်သည် ဒေါသဟန်ဆောင်ပြီး "ရှင့်ကို ကျွန်မစောင့်မကြည့်တာနဲ့ အပြင်မှာ သောက်ချင်သလိုသောက်နေတယ်ပေါ့၊ ကျွန်မ အိမ်ရောက်မှ ရှင်နဲ့ဘယ်လိုစာရင်းရှင်းမလဲ ကြည့်နေလိုက်"
"ကိုယ် တောင်းပန်ပါတယ်!"
"တွေ့ရတာ၀မ်းသာပါတယ် ကျဲ" ရှန်းချူးချူးသည် ရိုက်ကူးရေး ပြီးသွားသဖြင့် ကျောင်းကျန်း၏ဇနီးကို သွားရောက်နှုတ်ဆက်လိုက်သည်။
လင်းယွမ်သည် ပြုံးကာ "ချူးချူး ဟုတ်တယ်မလား ? ညီမလေး သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကို ကျဲ မကြာခင်ကတောင် သွားကြည့်ထားသေးတယ် တကယ်ကြည့်လို့ အရမ်းကောင်းတယ်"
"ကျေးဇူးတင်ပါတယ် ကျဲ"
ခဏအကြာတွင် ကျောင်းကျန်း ရိုက်ကူးရမည့်အလှည့်ရောက်လာသော်လည်း လင်းယွမ်နှင့် ရှန်းချူးချူးတို့ စကားစမြည်ပြောနေကြဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် လင်းယွမ်အားကြည့်ကာ "မင်းဟိုတယ်ကိုပြန်သွားပြီး ကိုယ့်ကိုစောင့်နေလိုက်ပါလား၊ ကိုယ် ရုပ်ရှင်ရိုက်ပြီးရင် မင်းကိုပြန်ရှာမယ်လေ"
လင်းယွမ်သည် "ဘာလို့လဲ ? ရှင့်ဘာသာ ပြီးအောင်ရိုက်လေ၊ ကျွန်မ တစ်ခြားသူတွေနဲ့ စကားပြောနေမှာပေါ့၊ ဘာလို့ ကျွန်မကို တစ်ယောက်မှမရှိတဲ့ ဟိုတယ်ကိုပြန်ခိုင်းနေတာလဲ"
ကျောင်းကျန်းသည် "ကိုယ် ပြောတာနားထောင်၊ မင်းအရင်ပြန်လိုက်"
လင်းယွမ်သည် တစ်ခုခုမူမမှန်သည်ကို သတိပြုမိသဖြင့် "ဟုတ်ပြီ ကျွန်မလည်း ပင်ပန်းနေလို့ ပြန်ပြီးအနားလိုက်မယ်"
ကျောင်းကျန်း ပြုံးကာ "ကောင်းတယ်"
ရှန်းချူးချူးသည် သူ(မ) စိတ်ထင်ယောင်ထင်မှားဖြစ် ခြင်းမဟုတ်သည်မှာသေချာသည်။ ကျန်းကော သူ(မ)အား ရှောင်ဖယ်နေခြင်းပင်။
အကြောင်းပြချက်ကို သူ(မ)မသိသော်လည်း ထိုသည်မှာ အမှန်ပင် အဆင်မပြေလှချေ။
ကျောင်းကျန်းသည် သူ(မ)နှင့် သူ့ဇနီး ထိတ်တိုက်တွေ့မည်အား စိုးရွံနေသည့်ပုံနှယ်။