လူရိပ်
Vol. 019 Ch. 1822
ပင်မအမြုတေထံသို့ ရီဖူရှင်း ဦးတည်သွားနေရင်း တဖြေးဖြေးနှေးကွေးလာသည်။ သူသည်သာမဟုတ်၊ သည်နေရာသို့ ရောက်လာသူတိုင်းမှာ အလွန်သတိထားကြရ၏။
မြေအောက်နေရာတွင် ချော်ရည်ပူများသည် ယန်ဓာတ်များနှင့်ပေါင်းစပ်ကာ ကြောက်မက်ဖွယ်ယန်မီးတောက်များ ဖြစ်နေကြသည်။ ထိုအဖြစ်က လူအများအာ အသွေးအသားထဲမှပင် ကြောက်လန့်မှုကို ခံစားကြရ၏။ ယန်မီးတောက်များမှာ အားပြင်းကာ ကြောက်စရာကောင်း၏။ အကယ်၍ လောင်ကျွမ်းမိပါက အလွယ်တကူ ငြိမ်းသတ်၍ မရနိုင်။
ထို့ကြောင့် ကျင့်ကြံသူများသည် ထိုမီးတောက်ကို တတ်နိုင်သမျှ ရှောင်ရှားကြရ၏။ ထို့အပြင် ယန်မီးတောက်သည် အလွန်အေးစက်သောအငွေ့အသက်များကိုပေးကာ ကျင့်ကြံသူများကို ကြီးမားသောအန္တရာယ်အငွေ့အသက်များအား ပေးနေသည်။
ရီဖူရှင်း၏နတ်အာရုံသည်ပင် ကန့်သတ်ခံရ၏။ သူ့အနေဖြင့် အလွန်ဝေးသောနေရာအထိ နတ်အာရုံကို ထုတ်လွှတ်ရန် ခက်ခဲသည်။ သူတစ်ယောက်တည်းသာမဟုတ်၊ သည်နေရာသို့ရောက်လာသမျှ တန်ခိုးရှင်တိုင်း ထိုနည်းတူပင်။
သည်နေရာသို့ လာရောက်ရဲသူများမှာ မြင့်မားသောကျင့်ကြံဆင့်ရှိသူများ၊ သို့မဟုတ် ဆင်တူသောစွမ်းအားကို ပိုင်ဆိုင်သူများနှင့် ယန်ဓာတ်ကိုရင်ဆိုင်ရန်နည်းလမ်းရှိသူများဖြစ်သည်။
ရီဖူရှင်းထံမှ အရှိန်အဝါများထွက်ပေါ်နေသည်။ ထိုအရှိန်အဝါသည် အကိုင်းအခက်များကဲ့သို့ ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားသည်။ ထိုအခိုက်တွင် ရီဖူရှင်း၏အသွေးအသားနှင့် အရိုးအကြောတို့အားလုံးမှာ ရှေးဟောင်းသစ်ပင်နှင့်အကိုင်းအခက်များအဖြစ် အသွင်ပြောင်းသွားသည်။ ပညာရှိကျမ်းကျင့်စဉ်ကို ထုတ်လွှတ်လိုက်ကာ သူသည် ကမ္ဘာသစ်ပင်ကို ဗဟိုပြုလျှက် မဟာလမ်းစဉ်ကို သန့်စင်သည်။
မရေမတွက်နိုင်သောအကိုင်းအခက်များသည် ယန်ဓာတ်ကို စုပ်ယူသန့်စင်ကြကာ ရီဖူရှင်း၏ခန္ဓာကိုယ်နှင့်ပေါင်းစပ်စေသည်။ ထိုအဖြစ်က ရီဖူရှင်းအား တစ်ကိုယ်လုံး အေးစိမ့်စေ၏။ သို့သော်လည်း သူ၏မူလဝိညာဉ်ကြောင့် ရီဖူရှင်းသည် ယန်ဓာတ်ကို စုပ်ယူနိုင်စွမ်းရှိနေသည်။
တန်ခိုးရှင်သုံးဦးသည် သူ့နောက်ကို လိုက်ပါလာကြ၏။ သူတို့က မဟာလမ်းစဉ်စွမ်းအားများကို ထုတ်လွှတ်ရာတွင် အလွန်တရာ ဂရုစိုက်ရ၏။ သူတို့က စွမ်းအားများကိုထုတ်ကာ ယန်ဓာတ်၏တိုက်စားမှုကို တောင့်ခံထားကြရသည်။
ရီဖူရှင်းရှိရာသို့ လှမ်းကြည့်ကာ သူတို့က မျက်မှောင်ကြုတ်လိုက်ကြ၏။ သည်လူကား မြေအောက်သို့ ဆက်တိုက်ဆင်းသက်နေသည်။ သူ၏ကျင့်ကြံဆင့်ဖြင့်ဆိုပါက ရီဖူရှင်းသည် ယခင်ကတည်းက ရပ်တန့်နေလောက်ပြီဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းသည် ယန်ဓာတ်ကို တောင့်ခံနိုင်သော နည်းလမ်းတစ်ခုခုရှိကြောင်း သတိပြုမိကြသည်။
ရီဖူရှင်းကား အလွန်ဉာဏ်များသည်။ သူက ပတ်ဝန်းကျင်အနေအထားကို အားပြုကာ သူတို့၏သတ်ဖြတ်ခြင်းကို ခုခံရန် ကြံစည်သည်။ သည်နေရာတွင် သူတို့က အမှန်တကယ် တိုက်ခိုက်ရန် ခက်ခဲသည်။ သူတို့သာ မဆင်ခြင်ပါက ပင်မအမြုတေကို သွားလှုပ်နှိုးမိကာ ဘေးဥပါဒ်ကြီး ကျရောက်စေနိုင်၏။
ထို့ကြောင့် သူတို့ အလွန်သတိထားနေရသည်။ အာကာသစွမ်းအားအလင်းများက သူတို့ကို ရစ်ပတ်နေသည်။ ထိုအလင်းက သူတို့အား ယန်ဓာတ်ကို တားဆီးပေး၏။
သူတို့က အောက်ကိုဆက်လက်ဆင်းသက်လျှင် သူတို့က ဖိအားမှာ ပိုပြင်းထန်လာသည်ကို ခံစားမိကြသည်။ သူတို့၏မဟာလမ်းစဉ်စွမ်းအားကို လေထုသည် အမှန်တကယ် တိုက်စားနေ၏။ ပင်မအမြုတေထံသို့ ရောက်ရှိရန်မှာ အလွန်အမင်း ခက်ခဲသည်။
တချိန်တည်းတွင် သူတို့သည် အလွန်တရာအေးစက်မှုကို ခံစားရသည်။ သူတို့ကား တနည်းနည်းဖြင့် မသက်မသာခံစားနေကြရသည်။ ဒုတိယအဆင့်ရန်ဟောင်ဖြစ်သော ရီဖူရှင်းသည် မည်သို့ ထိုမျှနက်သောနေရာအထိ သွားနိုင်ရသနည်း။
သူ့တွင် ထူးခြားသောဝိညာဉ်လက်နက်တစ်မျိုးမျိုးပိုင်ဆိုင်သည်များလား။
၄င်းကို တွေးတောမိသည့်နောက် တန်ခိုးရှင်သုံးဦးထဲမှ တစ်ဦးတွင် ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာသည်။ သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုသောအငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာ၏။ သူတို့ ထပ်စောင့်၍ မရတော့။
“ကျုပ်တို့ ရှေ့ဆက်သွားဖို့ မဖြစ်နိုင်တော့ဘူး” တန်ခိုးရှင်တစ်ဦးက ပြောသည်။ သည်နေရာတွင်ပင် အလွန်ပြင်းထန်သောယန်ဓာတ်ကို သူတို့တွန်းလှန်နေရပြီဖြစ်သည်။ သူတို့သာ ဆက်သွားပါက ဖိအားကို ခံနိုင်တော့မည် မဟုတ်တော့။
“သူ့ကိုသတ်ရမယ်” သတ္တမအဆင့်နတ်ဝင်ရိုးတန်ခိုးရှင်က ပြောသည်။ သူတို့က အောက်ကိုဆက်ဆင်း၍မရမှတော့ သည်နေရာတွင်ပင် ရီဖူရှင်းကို သတ်ရပေမည်။
“ကောင်းပြီ...” နောက်တစ်ယောက်က ခေါင်းညိတ်သည်။ သူက ထိုသို့ပြောကာ ပြင်းထန်သောလျှပ်စီးကိုအသုံးပြုလျှက် မြေပြင်ကိုထိုးခွဲကာ ရီဖူရှင်းထံသို့ တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
အပေါ်မှ လျှပ်စီးများ မိုးစက်များပမာ ကျဆင်းလာသည်။ ယန်ဓာတ်များသည် လျှပ်စီးများနှင့်တိုက်ရိုက်ပေါင်းစပ်သွားကြသည်။ ထိုအဖြစ်က လျှပ်စီးအား ပိုမို၍ပင် အားကောင်းစေသည်။ ချက်ချင်းပင် လျှပ်စီးများသည် မြေအောက်နေရာတစ်ခုလုံးကို ဖုံးအုပ်သွား၏။
မှော်နက်အဖွဲ့မှတန်ခိုးရှင်များ အရိပ်ဘုံကို သန့်စင်လိုသည်မှာ မထူးဆန်းတော့။ အကယ်၍ တန်ခိုးရှင်တစ်ဦးကသာ ယန်ဓာတ်စွမ်းအားနှင့် သူ၏စွမ်းအားကိုပေါင်းစပ်နိုင်ပါက အလွန်ကြီးမားသောအကျိုးကျေးဇူးကို ရရှိနိုင်ပေသည်။
ရီဖူရှင်းက လျပ်တပြက်ပင် တိုက်ခိုက်မှုများကို ရှောင်တိမ်း၏။ သို့သော်လည်း လျှပ်စီးတန်းများကား နေရာတိုင်းတွင်ရှိကာ သူ၏အရံအတားကို လာရောက်ထိမှန်၏။ ထို့နောက် တစ်ဘက်လူ၏လှံရှည် ကျဆင်းလာခဲ့သည်။ ကြောက်မက်ဖွယ်အလင်းတစ်ခုသည် အပေါ်မှ ကျဆင်းလာတော့သည်။
ဓားစွမ်းအားသည် သူ့အနီးတွင် ပေါက်ကွဲထွက်လာကာ ရီဖူရှင်းက ဓားကို ရှေ့သို့ ထိုးသွင်းလိုက်သည်။ ပတ်ဝန်းကျင်လေဟာနယ်သည် ဝဲဂယက်ကဲ့သို့ ဖြစ်သွားသည်။ တိုက်ခိုက်မှု နှစ်ခု ရင်ဆိုင်တွေ့၏။ ရီဖူရှင်းသည် နောက်သို့ လွင့်စင်သွားသည်။ သူသည် ကြောက်မက်ဖွယ်ချောရည်ပူမီးတောက်များထဲသို့ ကျဆင်းသွားတော့မည့်အလား ထင်မှတ်ရသည်။
တချိန်တည်းတွင် အာကာသလက်ဝါးတံဆိပ်တစ်ခုသည် သူ့ထံသို့ ကျဆင်းသွားသည်။ ထိုလက်ဝါးတံဆိပ်က ရီဖူရှင်းအား သတ်ဖြတ်လိုသည်။
ရီဖူရှင်းအနီးတွင် ရှေးဟောင်းတံဆိပ်များဖြစ်သော ချမ်၊ ခွင်း၊ ခန် တံဆိပ်များ လှည့်ပတ်သည်။ ယန်ဓာတ်များသည် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်လာသည်။ သူ့ခန္ဓာကိုယ်မှ မဟာလမ်းစဉ်စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းအောင် အင်အားကြီးလာ၏။
သူ၏နတ်ဓာသည် လေထဲလွင့်မြောနေ၏။ ထို့နောက် ရီဖူရှင်းက လက်ညိုးကို လေထဲသို့ ညွှန်လိုက်သည်။ မဟာလမ်းစဉ်၏သင်္ကေတပုံစံများလှည့်ပတ်ကာ ဓားသည် ကြောက်မက်ဖွယ်လျှပ်စီးများနှင့်အတူ ခုတ်ပိုင်းလိုက်သည်။
ဝုန်း...
ကျယ်လောင်သံတစ်ခုကို ကြားရ၏။ ဓားစွမ်းအားအပြင် လျှပ်စီးများသည်လည်း နတ်ဓားနှင့်လိုက်ပါသွားသည်။ ဓားချက်သည် အမှန်တကယ် အာကာသလက်ဝါးတံဆိပ်ကို ဖျက်ဆီးသွားသည်။ ကြောက်မက်ဖွယ်လျှပ်စီးတန်းများသည် အပေါ်သို့ ပြန်ဆန်တက်သွားကာ လေထဲမှ ပုံရိပ်သို့ ရောက်ရှိသွား၏။ ထိုအဖြစ်က တစ်ဘက်လူကို မျက်မှောင်ကြုတ်ကာ ထူးဆန်းသောအမူအရာဖြစ်စေသည်။
သူ့ခန္ဓာကိုယ်အား အာကာသနတ်အလင်းများ ရစ်ပတ်သွားသည်။ လျှပ်စီးတန်းများက သူ့ခန္ဓာကိုယ်ကို ထိရိုက်သော်လည်း သူ၏အရံအတားကို ဖြတ်ကျော်နိုင်ခြင်းမရှိပေ။
ရီဖူရှင်းက ထိုအရာကိုမြင်လျှင် ထိုသို့သေးငယ်သောယန်ဓာတ်မျှအား စုပ်ယူခြင်းဖြင့် သူ၏တိုက်ခိုက်အားမှာ အကန့်အသတ်ဖြင့်သာ တိုးပွားနိုင်ကြောင်း သိလိုက်သည်။ တစ်ဘက်လူအား ရှင်းလင်းပစ်နိုင်လောက်အောင် အားမပြင်းပေ။
ကြည့်ရသည်မှာ သူက ထိုနည်းစနစ်ကိုသာ အသုံးပြုနိုင်သည်။ သူ စတင်ကျင့်ကြံကတည်းက သူသည် ထိုသို့ တစ်ကြိမ်တစ်ခါမှ အသုံးမပြုဖူးပေ။
မည်သို့ဆိုစေ အန္တရာယ်ကား ကြီးမား၏။ သူ့အနေဖြင့် ထိုနည်းစနစ်ကို ထုတ်သုံးလိုက်သည်နှင့် ဒုက္ခိတဖြစ်သွားမည့်အခြေအနေရှိသည်။ ထိုနည်းလမ်းကား အန္တရာယ်များလွန်း၏။
လေထဲမှ သတ္တမအဆင့်ရန်ဟောင်က တိုက်ခိုက်လိုက်သည်။ သူက ရီဖူရှင်းရှိရာ လေထုကို ဖမ်းဆုပ်သည့်ပုံစံ လုပ်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် အာကာသနတ်အလင်းများထွက်ပေါ်လာ၏။ ရီဖူရှင်းက သူ့အနီး လေဟာနယ် တွန့်လိမ်လာသည်ကို ခံစားမိ၏။
ရီဖူရှင်း၏မျက်လုံးများမှ အေးစက်သောအလင်းတစ်ချက် လက်သွားသည်။ သူ့ထံမှ မဟာလမ်းစဉ်၏ရှေးဟောင်းသင်္ကေတများသည် ရုတ်တရက် ဆန့်ကျင်ဘက်သို့ လည်ပတ်ကြသည်။ သူ့ခန္ဓာကိုယ်မှ မဟာလမ်းစဉ်သည် ကောင်းကင်သို့ ပြန်လည်စီးဆင်း၏။ သူ့ခန္ဓာကိုယ်ကို ဗဟိုပြုကာ ကြောက်မက်ဖွယ်စွမ်းအားများသည် အပေါ်ကောင်းကင်ဆန့်ကျင်ဘက်အရပ်သို့ စီးဆင်းကြတော့သည်။
ရီဖူရှင်း၏ခန္ဓာကိုယ်သည် တကယ့်သစ်ပင်အလား ပြောင်းလဲသွားဟန်ရသည်။ သစ်ပင်သည် မြန်ဆန်စွာ ကြီးထွားလာခဲ့ကာ မရေမတွက်နိုင်သော အကိုင်းအခက်များနှင့်အရွက်များ ပေါက်ဖွားရှည်လျားလာကြ၏။ သူ့ခန္ဓာကိုယ်မှ မဟာလမ်းစဉ်စွမ်းအားများအားလုံးမှာ ကောင်းကင်နှင့်မြေပြင်သို့ သန့်စင်သွား၏။ ထိုအရာက သူကိုယ်တိုင် သူ့ခန္ဓာကိုယ်အား ထိန်းချုပ်မှုကင်းမဲ့သွားသည်နှင့်တူ၏။
သူ၏ငွေရောင်ဆံပင်များ လေထဲလွင့်နေသည်။ သူ့ခန္ဓာကိုယ်သည် အလွန်အားနည်းသွား၏။ ထိုအခိုက်တွင် သူသည် သူကိုယ်တိုင်မဟုတ်တော့သည့်အလား ခံစားရသည်။ သူ့ခန္ဓာကိုယ်သည် တဖြေးဖြေးဖြင့် ပုံရိပ်ယောင်အနေအထားသို့ ရောက်ရှိလာသည်။ သို့သော်လည်း လေထုထဲတွင် ရီဖူရှင်း၏မျက်နှာပုံရိပ်သည် နေရာတိုင်းတွင်ရှိနေသည့်အလား ထင်မှတ်ရ၏။
ထိုခံစားချက်မှာ သူ့အတွက် ပထမဆုံးမဟုတ်သော်လည်း ရီဖူရှင်းသည် သူ၏နှလုံးခုန်သံကို ခံစားနေရဆဲဖြစ်သည်။ ဤကား မိမိကိုယ်ကို ပျောက်ဆုံးသွားတော့မည့် ခံစားချက်နှင့်တူ၏။ သို့သော်လည်း တစ်ဘက်တွင် သူသည် လေဟာနယ်၏တစ်စိတ်တစ်ပိုင်းအဖြစ် ခံစားရကာ သူသည် သည်နေရာအား အလုံးစုံအပိုင်စားရ ထိန်းချုပ်နိုင်သော ခံစားချက်ကိုပေးသည်။
ဤကား ပညာရှိကျမ်း၏တန်ပြန်ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည်။
သည်ပညာရပ်ကား ပုံမှန်အချိန်တွင် အသုံးမဝင်ပေ။ သည်နည်းစနစ်မှာ ထူးခြားသောအခြေအနေအခိုက်အတန့်များတွင်သာ အသက်ဝင်နိုင်သည်။ သူ၏ဆရာဘိုးဘိုးသည် သည်နည်းစနစ်ကိုသုံးကာ လောကစွမ်းအားများကိုစားသုံးခဲ့သောကြောင့် မိစ္ဆာလမ်းစဉ်သို့ ကျဆင်းခဲ့ရသည်။
လက်ရှိတွင် ရီဖူရှင်းသည် ယန်ဓာတ်ကို ငှားယမ်းသုံးစွဲလိုရာ သည်နည်းစနစ်ကို သုံးနိုင်သည်။
ယန်ဓာတ်စွမ်းအားသည် မူလအားဖြင့် သူ့ကိုယ်ပိုင်စွမ်းအား မဟုတ်ပေ။ သို့သော်လည်း သူက သူ၏စိတ်အသိကို သန့်စင်ကာ သူ့လမ်းစဉ်ကို ယန်ဓာတ်သို့ ပြောင်းလဲခဲ့သည်။ ကောင်းကင်နှင့်မြေပြင်သည် ဆေးပေါင်းဖိုဖြစ်သွားကာ သူသည် ထိုအရာကို အားဖြည့်ပေးသည့် မီးတောက်ဖြစ်လာသည်။
“ဘာဖြစ်နေတာလဲ...”
တန်ခိုးရှင်သုံးဦး၏အမူအရာပြောင်းလဲသွားသည်။ ရီဖူရှင်းတွင် သည်ကဲ့သို့စွမ်းအားရှိမည်ဟု သူတို့ မထင်ထားကြပေ။
ယန်ဓာတ်စွမ်းအားသည် ကောင်းကင်ကိုဖုံးအုပ်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကိုဖုံးအုပ်ကာ တန်ခိုးရှင်သုံးဦးထံသို့ ရစ်ပတ်လာ၏။ ထိုလေဟာနယ်အစိတ်အပိုင်း၌ နေနှင့်လသည် ဖြစ်ပေါ်လာ၏။ လရောင်သည် ထူးထူးခြားခြား တောက်ပနေသည်။ လရောင်က လေဟာနယ်ကို ဖုံးအုပ်လျှင် လေထုသည်လည်း အေးခဲသွားတော့သည်။
ယန်ဓာတ်သည် လ၏စုပ်ယူခြင်းကိုခံရ၏။ လရောင်သည် ပို၍ လင်းလက်လာသည်။ သူတို့အနီးတွင် အာကာသမဟာလမ်းစဉ်၏ရောင်ဝါဖြစ်လာကာ သူတို့အား သီးသန့်လေဟာနယ်၌ ပိတ်ဆို့ထားသည်။
ရီဖူရှင်း၏ပုံရိပ်ယောင်သည် လေထဲတွင် ပေါ်လာသည်။ သူက တန်ခိုးရှင်သုံးဦးအား စိုက်ကြည့်သည်။ သူသည် ထိုလေဟာနယ်ထဲတွင် ယန်ဓာတ်၏အရှင်သခင်အလား ထင်မှတ်ရသည်။
သူက စိတ်အသိကို လှုပ်ရှားလိုက်လျှင် မိုးခြိမ်းသံများအား ကြားရသည်။ ယန်ဓာတ်လျှပ်စီးသည် တန်ခိုးရှင်သုံးဦးရှိရာသို့ ကျဆင်းလာခဲ့သည်။
ဝုန်း...
အာကာသအရံအတားသည် လျှပ်စီးတန်း၏ဖျက်ဆီးခြင်းကို ခံရသည်။ တန်ခိုးရှင်များ၏လက်ထဲတွင် ဝိညာဉ်လက်နက်များပေါ်လာသည်။ ချက်ချင်းပင် အာကာသတံခါးများပေါ်လာပြီး သူတို့အား ထိုတံခါးများထဲတွင် ပိတ်ဆို့ထားသည်။
တစ်ဝုန်းဝုန်းမြည်သံများ အဆက်မပြတ် ကြားရသည်။ ယန်ဓာတ်လျှပ်စီးတန်းများ၏အကြားတွင် သစ်ကိုင်းသစ်ခက်များသည်လည်း သူတို့ရှိနေရာသို့ ရောက်လာသည်။ သစ်ကိုင်းများက အရှိန်အဟုန်ပြင်းစွာဖြင့် သူတို့အား ချော်ရည်ပူများရှိရာသို့ ရိုက်နှက်တွန်းပို့လိုက်သည်။
တန်ခိုးရှင်သုံးဦးသည် အကြီးအကျယ်ထိတ်လန့်သွားကြသည်။ သူတို့မှာ ချော်ရည်ပူများအတွင်းသို့ မည်သို့ လွင့်ပစ်ခံရသည်ကို မြင်ကြ၏။ ကြောက်မက်ဖွယ်ချော်ရည်ပူများသည် သူတို့၏အာကာသတံခါးကို ချက်ချင်းအရည်ပျော်သွားစေသည်။ ချော်ရည်ပင်လယ်ထဲမှ အာကာသနတ်အလင်းတစ်ခု ထွက်ပေါ်လာသည်ကို ရီဖူရှင်းမြင်၏။ သတ္တမအဆင့်ရန်ဟောင်သည် ချော်ရည်ပင်လက်ထဲမှ လွတ်မြောက်အောင် အသည်းအသန်ကြိုးစားနေသည်။ သို့သော်လည်း သူက ပိတ်ဆို့ထားသောလေဟာနယ်မှ လွတ်မြောက်သည်နှင့် ချော်ရည်ပူများသည် သူ့ခန္ဓာကိုယ်ကို တိုက်စားကာ လောကကြီးမှ ပျောက်ကွယ်သွားစေတော့သည်။
ထိုမျှရင့်သီးသော တိုက်ခိုက်မှု...။
ရီဖူရှင်း၏အကြည့်သည် ထူးမခြားနားပေ။ သူက အောက်ကိုဆက်ဆင်းသည်။ လက်ရှိတွင် သူသည် အရိပ်ဘုံ၏ဆရာသခင်အလား ခံစားနေရသည်။ သို့သော်လည်း ထိုအရာက ထင်ယောင်ထင်မှားမျှသာဖြစ်ကြောင်း သူသိသည်။ သူသည်သာ ကမ္ဘာသစ်ပင်ကို မပိုင်ဆိုင်ပါက မည်သည့်အရာကိုမှ စွမ်းဆောင်နိုင်မည်မဟုတ်ပေ။ သူသည် ပညာရှိကျမ်း၏တန်ပြင်ကျင့်စဉ်ကို ကျင့်ခြင်းမှ ဆိုးကျိုးများကိုပင် ခံစားရနိုင်သည်။
ထို့ကြောင့် ဆရာဘိုးဘိုးက ပညာရှိကျမ်း၏တန်ပြန်ကျင့်စဉ်ကို သိသော်လည်း ရီဖူရှင်းအား မပြောပြခဲ့ပေ။ သူကိုယ်တိုင် မိစ္ဆာလမ်းစဉ်သို့ ကျဆင်းခါနီးမှ ရီဖူရှင်းကို ပြောပြခဲ့သည်။ ထိုနည်းစနစ်က အန္တရာယ်အလွန်များ၏။ ထိုနည်းစနစ်ကိုသုံးရန် သင့်တော်သောအခြေအနေနှင့်အချိန်အခါကို လိုအပ်သည်။
ဥပမာအားဖြင့် ယခုအချိန်သည် သင့်တော်သော အချိန်အခါဖြစ်သည်။ လေဟာနယ်သည် ဓာတ်များဖြင့် ဖုံးလွှမ်းနေသည်။ ယန်ဓာတ်သည် နေရာတိုင်းတွင်ရှိသည်။ သူက လမ်းစဉ်ကို ကောင်းကင်နှင့်မြေပြင်သို့ သန့်စင်ရာတွင် သူ့အနီးမှ စွမ်းအားများကို အဆုံးစွန်အထိ အသုံးပြုနိုင်၏။
သို့သော်လည်း ထိုအခိုက်တွင် ရီဖူရှင်းကိုယ်တိုင်က ကြီးမားသောဖိအားကို ခံစားနေရသည်။ သူ၏စိတ်ခွန်အားသည် ထိုမျှတာရှည်ခံနိုင်ရည်မရှိပေ။ သူက ထိုအချက်ကို သဘောပေါက်ရာ အောက်ကို ပိုမိုမြန်ဆန်စွာ ဆင်းသက်လာခဲ့သည်။ ထိုအခိုက်တွင် ယန်ဓာတ်သည် သူ့အတွက် ဖိအားမဟုတ်တော့။ ထိုအရာက သူ့အတွက် အထောက်အပံ့အင်အားပင်ဖြစ်လာသည်။
သူသည် ပင်မအမြုတေထံသို့ ဆက်၍ဆင်းသွားလျှင် ထိုနေရာမှ ယန်ဓာတ်သည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ ရီဖူရှင်းက သူ၏အကန့်အသတ်ကိုရောက်ရှိတော့မည်ဟု ခံစားနေရ၏။ လူအနည်းငယ်ကသာ ထိုနေရာသို့ ရောက်နိုင်၏။ သူတို့မှာ ကျင့်ကြံခြင်းအဆင့်အမြင့်ဆုံး၌ ရှိသူများပင်။ မှော်နက်အဖွဲ့မှ လူအနည်းငယ်လည်း သည်နေရာတွင် ရှိနေသည်။
ရီဖူရှင်း၏ပုံရိပ်ယောင်သည် လေ၏အလျင်နှင့်ဆက်လက်ရွေ့လျားသည်။ နောက်ဆုံးတွင် သူသည် ပင်မအမြုတေထံမှ ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါတစ်ခုကို ခံစားမိ၏။ သူက တွင်းနက်ကြီးကဲ့သို့ မုန်တိုင်းတစ်ခုကိုပင် ခံစားမိသည်။ အဆုံးမဲ့သောယန်ဓာတ်များသည် ထိုပင်မအမြုတေကို ရစ်ပတ်ကာ ကြောက်မက်ဖွယ်ရာ လှည်ပတ်နေကြ၏။ ထိုအဖြစ်က မြင်သူတိုင်းကို စိတ်နှလုံးတုန်လှုပ်စေသည်။
ထိုအခိုက်တွင် ရီဖူရှင်း၏အကြည့်က တစ်စုံတစ်ခုကို သတိထားမိကာ အံ့အားသင့်သွား၏။
သူက ရှေ့ကို စူးစိုက်ကြည့်လိုက်သည်။ လူရိပ်တစ်ခုသည် အမှန်တကယ်ပင် ထိုတွင်းနက်ကြီးထဲမှ ပေါ်ထွက်လာသည်။
***