ကောင်းကင်ဘုံ၏ဆက်ခံသူ
Vol. 019 Ch. 1823
ရီဖူရှင်းကား မင်တက်သွားသည်။ တစ်စုံတစ်ယောက် ထိုနေရာတွင် ရှိနေသည်လား။ အရိပ်စီးကြောင်းများသည် ထိုနေရာကို လှည့်ပတ်စီးဆင်းနေကာ ထိုနေရာသို့ ဝင်ရောက်လာသည့် စိတ်အာရုံများကိုပင် အေးခဲသွားစေနိုင်သည်။ အဝေးမှကြည့်လျှင်ပင် အရိုးကွဲမတတ်အေးစိမ့်မှုကို ခံစားရစေနိုင်သည်။
ရီဖူရှင်းက သူ၏ကမ္ဘာသစ်ပင်ဖြင့်ပင် ထိုနေရာသို့ သွားရောက်ရန် အလွန်ခက်ခဲမည်ကို ခံစားမိ၏။
နှစ်ပေါင်းများစွာ၌ ယိုယွဲ့နတ်နန်းတော်သခင်ကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်အများအပြားသည် ထိုနတ်ရတနာကို ယူဆောင်သွားရန် ကြိုးစားခဲ့ကြသော်လည်း မည်သူမှ မအောင်မြင်ခဲ့ပေ။
သို့သော်လည်း ထိုအခိုက်တွင် တစ်စုံတစ်ယောက်သည် ထိုအရိပ်တွင်းနက်ကြီးထဲ၌ ကျင့်ကြံနေသည်။
မည်သူများ ဖြစ်လေမည်နည်း။
ထိုလူက ရီဖူရှင်းရှိနေရာသို့ ကြည့်လိုက်သည်။ ထိုအရာကား သူမြင်ဖူးသမျှထဲတွင် အနက်ဆုံးသော မျက်လုံးများဖြစ်ပြီး သူ့စိတ်ဝိညာဉ်ကို အကြည့်တစ်ချက်မျှဖြင့် တုန်ယင်စေသည်။ ထိုမဲနက်သောမျက်လုံးအစုံ၌ သူသည် အေးခဲသွားတော့မည့်အလား...။
ထိုလူသည် အနက်ရောင်ဝတ်စုံကိုဝတ်ထားကာ အသက် ၃၀ ဝန်းကျင်ခန့်ရှိသည်။ သူ့ဆံပင်များမှာ မှင်နက်ကဲ့သို့ မဲနက်နေပြီး အေးစက်သောအငွေ့အသက်များ သူ့ထံမှ ပျံလွင့်နေ၏။ သူ့မျက်လုံးများသည် ခံစားချက်ကင်းမဲ့ကာ အရာအားလုံးကို လျစ်လျူရှုထားသည့်အလား...။
ရီဖူရှင်းကို မြင်သည်တွင် သူက လေထဲကို ဖမ်းဆုပ်သည့်ဟန်ပြုလိုက်သည်။ ချက်ချင်းပင် အရိပ်စွမ်းအားသည် မုန်တိုင်းအသွင်ဖြင့် ကောင်းကင်နှင့်မြေပြင်ကို ပြောင်းပြန်လှန်ပြစ်တော့မည့်အလား ပြင်းထန်စွာဖြင့် ရီဖူရှင်းထံသို့ ရောက်ရှိလာသည်။ ရီဖူရှင်းသည် ထိုအရိပ်မုန်တိုင်း၏ဆွဲငင်ခြင်းကိုခံရကာ ထိုလူထံသို့ အလိုအလျောက်ရွေ့လျားသွား၏။
“ဟ...” ထိုလူက ရုတ်တရက်တိုက်ခိုက်မည်ဟု ရီဖူရှင်း မထင်ထားပေ။ ထိုအခိုက်တွင် သူ့အနီးမှ အရာအားလုံးသည် နှေးကွေးသွားကာ သူကိုယ်တိုင်က ထိုစွမ်းအားကိုမလွန်ဆန်နိုင်ဘဲ ထိုလူထံသို့ ရွေ့လျားသွားရသည်။
ဘုန်း...
တစ်စုံတစ်ခုလွဲမှားနေပြီကို ရီဖူရှင်းခံစားမိသည်။ ပညာရှိကျမ်းကိုအသုံးပြုကာ သူသည် ရှေးဟောင်းသင်္ကေတများဖြင့် မိမိကိုယ်ကို ရစ်ပတ်လိုက်ပြီးနောက် မဟာလမ်းစဉ်ကို ကောင်းကင်နှင့်မြေပြင်ဖြင့် ပေါင်းစပ်လိုက်၏။ ပတ်ဝန်းကျင်မှ အရိပ်စွမ်းအားများအားလုံးသည် သူ့အပိုင်ဖြစ်လာသည်။
ဟူး...
မုန်တိုင်းတစ်ခုဖြစ်ပေါ်လာကာ သူ့အား အဝေးသို့လွင့်စေပြီးနောက် ရီဖူရှင်းက ထိုနေရာမှ ပြေးထွက်သွားသည်။
ရီဖူရှင်းသည် သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည်ကိုမြင်လျှင် ထိုလူ၏မျက်လုံးများထဲတွင် မသေချာမှုများ ဖြစ်ပေါ်လာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် လေထဲမြောလွင့်လာကာ ကြောက်မက်ဖွယ်အရိပ်မုန်တိုင်းတစ်ခုသည် ပြင်းထန်စွာ ဖြစ်ပေါ်လာ၏။ ထိုအခိုက်တွင် မြေပြင်ဗဟိုမှ အရိပ်စွမ်းအားသည် ရုန့်ရမ်းကြမ်းတမ်းစွာဖြင့် နေရာတိုင်းကို ဖြတ်သန်းစီးဆင်းသွားသည်။
တချိန်တည်းတွင် မှော်နက်အဖွဲ့မှ နဝမအဆင့်နတ်ဝင်ရိုးပိုင်ရှင်တစ်ဦးသည်လည်း ရှိနေသည်။ သူက အနီးပတ်လည်ကိုကြည့်ကာ မျက်မှောင်ကြုတ်၏။
ဘာဖြစ်နေသနည်း။
ပတ်ဝန်းကျင်မှ အရိပ်စီးကြောင်းများမှာ ပုံမှန်မဟုတ်ဘဲ ပြင်းထန်စွာ လှုပ်ရှားနေကြသည်။ ထိုအခိုက်တွင် ပင်မအရိပ်စွမ်းအားမှ ဖြစ်ပေါ်လာသောစီးကြောင်းတစ်ခုသည် သူ့ထံသို့ ဝါးမျိုလာ၏။ သူ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ မဟာလမ်းစဉ်၏လမ်းကြောင်းက ပြောင်းလဲသွားပြီး ထိုပြင်းထန်သောစီးကြောင်းအား ရင်ဆိုင်သည်။
ထိုအရိပ်မုန်တိုင်းက သည်အတိုင်းပင် သူ့အား ဖုံးအုပ်သွားကာ အရာအားလုံးသည် ရပ်တန့်သွားသည်ဟု သူခံစားရသည်။ သူ၏စိတ်ဝိညာဉ်နှင့် အသွေးအသားများအားလုံးမှာ အေးခဲသွားကာ နဝမအဆင့်ရန်ဟောင်တစ်ပါးသည် အမှန်တကယ်ပင် ထိုအရိပ်လှိုင်း၏တိုက်စားမှုအောက်၌ ဆွေးမြေ့သွားသောသစ်သားတစ်စအလား လေထဲပြိုကွဲပျောက်ပျက်သွားတော့သည်။
ထိုအခိုက်တွင် မှော်နက်အဖွဲ့မှ တခြားသောစွမ်းအားကြီးပုဂ္ဂိုလ်များလည်း ရှိကြသေးသည်။ အပေါ်မှ ထိုလူများက မုန်တိုင်း၏စွမ်းအားကိုခံစားမိသည်တွင် အဝေးသို့ မြန်ဆန်စွာ နောက်ဆုတ်သွားကြ၏။
သည်နေရာတွင် ဘာဖြစ်နေသနည်း။
ရုတ်တရက် အရိပ်စွမ်းအားသည် စတင်ရွေ့လျားလာသည်။
အရိပ်စွမ်းအားက ပြင်းထန်စွာ လှုပ်ရှားရွေ့လျားသည်တွင် ပင်မအမြုတေထံသို့ သွားရောက်ကြသော အဆင့်မြင့်ရန်ဟောင်များထဲ၌ အချိန်မှီ ထွက်ပြေးလွတ်မြောက်ခြင်းမရှိသူများမှာ ချက်ချင်း သေဆုံးသွားကြရသည်။ အရိပ်စွမ်းအားအောက်တွင် သူတို့အားလုံးမှာ ဖုံမှုန့်များဖြစ်သွားသည်။
ရီဖူရှင်းသည်လည်း ထွက်ပြေးခဲ့သော်လည်း သူ့အတွက် အလွန်နောက်ကျသွားခဲ့သည်။ အရိပ်မုန်တိုင်းသည် အရာအားလုံးကို ဝါးမျိုလာ၏။ သူ၏အမူအရာက ကြီးစွာပြောင်းလဲသွားကာ အာကာသစွမ်းအားဖြင့် သူ့ကိုယ်သူ ရစ်ပတ်လိုက်၏။ သို့သော်လည်း အရိပ်စွမ်းအားသည် အလွန်ကြီးမားကာ တစ်ဘက်တွင် ရီဖူရှင်း၏ရတနာခန်းမသည် ထိုစွမ်းအားကို တုန်ယှဉ်နိုင်စွမ်းမရှိပေ။ အရိပ်စွမ်းအားအောက်တွင် အရာအားလုံးသည် ဖုံမှု့န်များအဖြစ် ပြောင်းလဲလွင့်စင်သွားကြရသည်။
ဒဏ္ဌာရီအရ အပြင်းထန်ဆုံးသော ယင်နှင့်ယန်ဓာတ်တို့အောက်တွင် မည်သည့်အရာမှ အံတုနိုင်စွမ်းမရှိပေ။ အစွမ်းအထက်ဆုံးရတနာများသည်ပင် အရည်ပျော် သို့မဟုတ် အမှုန့်များဖြစ်သွားနိုင်သည်။
တစ်စုံတစ်ယောက်က ထိုစွမ်းအားအလယ်တွင် ကျင့်ကြံနိုင်သည်ကို လက်ခံရန် ခက်ခဲ၏။ သူသည် အရိပ်စွမ်းအားဖြင့် သဘာဝအလျောက် လိုက်လျောညီထွေရှိနေသည်များလား။
ရီဖူရှင်းက ထိုကိစ္စကို တွေးတောရန် အချိန်မရှိပေ။ သူရှိနေသောလေထုသည် အရိပ်စွမ်းအားအောက်တွင် မြန်ဆန်စွာ နစ်မြုတ်လာခဲ့သည်။
ထိုအချိန်တွင် အနက်ရောင်ဝတ်လူသည် အပေါ်ကို တဖြေးဖြေးတက်လာသည်။ သူ့ကို ကြောက်မက်ဖွယ်အရိပ်မုန်တိုင်းက ရစ်ပတ်ထား၏။
ထိုအချိန်တွင် မြေပြင်ပေါ်တွင်လည်း ကြီးမားသော တုန်ခါမှုများဖြစ်နေကာ အရိပ်စွမ်းအားများသည် နေရာအနှံ့မှ စိမ့်ထွက်လာ၏။ ယိုယွဲ့နန်းတော်နေရာတွင်လည်း အရိပ်စွမ်းအားများ ပေါက်ကွဲထွက်လာကာ ကောင်းကင်သို့အထိ လျှံတက်လာကြသည်။
တိုက်ခိုက်နေသူများမှာလည်း ရပ်တန့်လိုက်ကြသည်။ မြေပြင်၊ရေပြင်မှ အပြောင်းအလဲများအားလုံးကို သူတို့ခံစားမိကြ၏။ သူတို့အားလုံး၏အာရုံက အရိပ်စွမ်းအားများထံသို့ ရောက်နေသည်။
နတ်ရတနာထံတွင် အပြောင်းအလဲတစ်ခုခုရှိနေသည်လား။
ထိုအခိုက်တွင် သူတို့သည် မြေပြင်ကိုဖုံးအုပ်လာသော ကြောက်မက်ဖွယ်စွမ်းအားများကို ခံစားမိကြ၏။
အရိပ်စွမ်းအားများ ကြောက်မက်ဖွယ်ကောင်းအောင်ဖြစ်ပေါ်လာကာ အနက်ရောင်လူရိပ်တစ်ခု ပေါ်လာ၏။
ထိုလူအားမြင်လျှင် ရှစ်ရှဲနှင့်တခြားလူများက အံ့အားသင့်သွားသည်။ ရှစ်ရှဲက သူ့အား စိုက်ကြည့်ကာ ပြောသည် “အဲဒါ မင်းလား”
သူက ထိုလူအား မှတ်မိပေသည်။
သူကား ပြင်ပလောက၌ တစ်ခါတစ်ရံမှ ထွက်ပေါ်လာတတ်သော်လည်း အလွန်နာမည်ကျော်ကြားသူဖြစ်သည်။ သူ့အား လူအများက သိပ်မမှတ်မိကြသော်လည်း သူ့ကို မကြားဖူးသူ မရှိပေ။
စင်္ကြဝဠာတစ်ခွင်တွင် အစွမ်းအထက်ဆုံးသော မဟာအင်ပါယာခုနစ်ပါးရှိသည်။ သူတို့သည် လောကကြီး၏စွမ်းအားအကြီးဆုံးအင်အားစုများကို ထိန်းချုပ်ကြ၏။ ထိုအထဲတွင် တဖြေးဖြေးအင်အားနည်းသွားကာ အင်အားစုခုနစ်ခုအကြားထဲ၌ အားအနည်းဆုံးဖြစ်သွားသော အင်အားစုတစ်ခုရှိသည်။
ထိုအင်အားစုကို ကောင်းကင်ဘုံဟု ခေါ်၏။
ကောင်းကင်ဘုံ၏အရှင်သခင်ကို ကောင်းကင်ဘုံအင်ပါယာဟု ခေါ်တွင်သည်။
အရှင်ဒွန်ဟောင်မတိုင်မှီ၌ ကောင်းကင်ဘုံအင်ပါယာသည် အထွန်းတောက်ဆုံးဟု သတ်မှတ်နိုင်သည်။
သို့သော်လည်း ကောင်းကင်ဘုံအင်ပါယာ ကျဆုံးသွား၏။
သူ၏ကျဆုံးခြင်းက ကောင်းကင်ဘုံကို ပြိုလဲသွားစေကာ ဖြေးဖြေး အင်အားဆုတ်ယုတ်သွားတော့သည်။
လက်ရှိ ကောင်းကင်ဘုံ၏အရှင်သခင်သည် အင်ပါယာတစ်ပါးဖြစ်သော်လည်း ကောင်းကင်ဘုံအင်ပါယာဟူသော ဘွဲ့နာမကို မသုံးစွဲပေ။
သူတို့ရှေ့၌ ပေါ်လာသူသည် လက်ရှိကောင်းကင်ဘုံ၏ဆက်ခံသူဖြစ်သည်။ သူ၏ပါရမီမှာ ထူးခြားကောင်းမွန်ပြီး အနာဂတ်တွင် ယခင်ကောင်းကင်ဘုံ၏အင်ပါယာ၏လမ်းစဉ်ကို ဆက်ခံမည့်သူဟု သိထားကြသည်။
မင်းသမီးဒွန်ဟောင်က သူ့အားကြည့်လိုက်သည်။ သူမသည်လည်း ထိုလူအား သိပေသည်။
ထိုလူက သည်နေရာသို့ ရောက်လာမည်ဟု သူမ မထင်ထားပေ။
ဆိုလိုသည်က ဆက်ကြောင်းပွင့်သွားသောအခါ သူသည် အရိပ်ဘုံသို့ တိုက်ရိုက်ဆင်းသက်လာပြီး ပင်မအမြုတေ၌ ကျင့်ကြံနေခဲ့သည်။
အရိပ်ဘုံမှ အပြောင်းအလဲများမှာ သူနှင့်တိုက်ရိုက်သက်ဆိုင်ဟန်ရသည်။ မှော်နက်အဖွဲ့ရောက်လာကာ ဝင်္ကပါအစီအရင်ပြုလုပ်ခဲ့ရာ ထိုအဖြစ်က သူ၏ကျင့်ကြံမှုကို နှောင့်ယှက်ခဲ့၏။
သို့သော်လည်း မင်းသမီးဒွန်ဟောင်သည် တစ်ဘက်လူထုတ်ပြသောစွမ်းအားကို အံ့အားသင့်ရသည်။ ကောင်းကင်ဘုံ၏ဆက်ခံသူသည် အမှန်တကယ်ပင် အရိပ်ဘုံပင်မအမြုတေအတွင်း၌ ကျင့်ကြံနိုင်စွမ်းရှိနေသည်လား။
သူနှင့်ပတ်သက်၍ သိပ်မသိသော်လည်း သူကား ကြီးမြတ်ကာ အန္တရာယ်များဟန်ရသည်။ သူ၏အဖေက သူသည် ထိပ်သီးပုဂ္ဂိုလ်ဖြစ်လာမည်ဟု ပြောဖူးသည်။
ရှစ်ရှဲက ထိုမြင်ကွင်းကို ကြည့်ကာ ရှေ့ကိုတက်လျှက် နတ်ဓားဖြင့် လှမ်းခုတ်လိုက်သည်။ ရုတ်တရက် ဓားသည် လေထုကို တွန့်လိမ်စေလျှက် တစ်ဘက်လူထံသို့ ဦးတည်သွားသည်။
ဝုန်း...
ထိုလူထံမှ အရိပ်စွမ်းအားများသည် ပတ်ဝန်းကျင်ကို အေးခဲသွားစေဟန်ရကာ အာကာသဓားသည်ပင် သူ့အား သက်ရောက်စေဟန်မတူပေ။
ထိုလူက ခေါင်းမော့ကာ ကျဆင်းလာသောဓားကို ကြည့်သည်။ အရိပ်စီးကြောင်းတစ်ခုသည် ဓားစွမ်းအားကို သွားရောက်ထိတွေ့ကာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွား၏။
ရှစ်ရှဲက သူ့အား စိုက်ကြည့်သည်။ သို့သော်လည်း ထိုလူက အနည်းငယ်မျှ တိုက်ခိုက်လိုဟန်မတူ။ သူက ရှစ်ရှဲကို တစ်ချက်ကြည့်ကာ အရိပ်စွမ်းအားများ ရစ်ပတ်လျှက် အဝေးကို ထွက်သွားတော့သည်။
“သူ သွားပါစေ” ရှစ်ရှဲဘေးမှ တစ်ယောက်က ပြောသည်။ သူ၏စကားကိုကြားလျှင် ရှစ်ရှဲကလည်း လက်လျော့လိုက်၏။
ထိုလူထွက်သွားလျှင် အရိပ်မုန်တိုင်းမှာလည်း တဖြေးဖြေးကျဲပါးသွားတော့သည်။
“အောက်ကိုဆင်းသွားတဲ့သူတွေ အပေါ်ကို မတက်လာတော့ဘူး။ ဒီတစ်ခါ မှော်နက်အဖွဲ့က ကြီးကြီးမားမားဆုံးရှုံးတာပဲ” တစ်ယောက်က ရှစ်ရှဲကို ပြောသည်။
“ဖူရှင်း...” ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များ သတိဝင်လာကြသည်။ ရီဖူရှင်း ပြန်မရောက်သေးသည်ကို သူတို့ သတိထားမိကြ၏။
မင်းသမီးဒွန်ဟောင်က မျက်မှောင်ကြုတ်သွားသည်။ သူမက မြေအောက်ကိုလှမ်းကြည့်၏။ သူက မြေအောက်မှာ ရှိနေသေးသည်လား။
***