အဝတ်ဖြူသရဲမ ထွက်ပေါ်လာခြင်း
Vol. 16 Ch. 219
လင်းကွမ်၏ မိဘတွေက အရင်ကတည်းက သူတို့တွေ ကြောက်ရွှံနေခြင်း ရှိမရှိကို ဂရုမစိုက်တော့ပေ။ သူတို့အဖိုး ဂူအတွင်း၌ ဘယ်သူက စကားပြောနေသည်ကိုလည်း မစူးစမ်းတော့ပေ။ ဂူထဲမှလူက သူတို့အား အိမ်ပြန်ရန် ပြောနေသည်ဟူသော အချက်ကိုသာ သိရှိခဲ့ကြသည်။
ကျန်းရီကလည်း သူတို့အား အိမ်ပြန်ရန် ပြောနေခဲ့သည်။ သူတို့ပြန်ရောက်ပါက ဆယ်စုနှစ်တစ်ခုကြာ သေဆုံးနေခဲ့သော သူတို့၏သားသည် သူတို့ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့သော နေရာ၌ ဧကန်မုချ ရှိနေမည်လော?။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ မည်သူမျှ လင်းမိသားစုရဲ့ အိမ်၌ တစ်စုံတစ်ဦး ရှိနေမည်ကို သံသယမရှိကြပေ။ သို့သော် ထိုသူမှာ လင်းကွမ်လား ဒါမှမဟုတ် ထိုအမျိုးသမီးလား ဆိုသည်ကိုမူ မည်သူမျှ အတည်မပြုနိုင်ခဲ့ကြပေ။
လင်းကွမ်၏ မိဘများသည် အိမ်သို့ အမြန်ဆုံး ပြန်လာခဲ့ကြသည်။ အိမ်တံခါးနား ရောက်တဲ့အခါ တံခါး ပိတ်နေသည်ကို တွေ့ရှိခဲ့ကြသည်။ ထွက်ခွာစဉ်က တံခါးကို ဖွင့်ထားခဲ့ကြောင်း သူတို့ ရှင်းရှင်းလင်းလင်းကို မှတ်မိနေသည်။ မူလက လင်းကွမ်၏ ဖခင်က တံခါးပိတ်ရန် ရည်ရွယ်ခဲ့သော်လည်း မိခင်က မပိတ်ရန် တားမြစ်ခဲ့သည်။ ရှောင်ကွမ် အမှန်တကယ် ပြန်လာပါက တံခါးဖွင့့်လို့ မရနိုင်တော့မည်ကို စိုးသောကြောင့် ဖြစ်သည်။
ဒါတွေက အသက်ရှင်ကျန်နေသူတို့ရဲ့ အတွေးမျှသာ ဖြစ်သော်လည်း တံခါးမှာ အမှန်ပင် ပိတ်နေခဲ့သည်။ တံခါးကို ဖွင့်လိုက်သောအခါ သံတံခါး ဖြစ်သောကြောင့် အသံကျယ်လောင်စွာ မြည်ခဲ့သည်။
တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ခြံဝင်းအတွင်းရှိ ခုံပေါ်တွင် ပုံရိပ်တစ်ခု ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ၏လက်တွင် သစ်သားသေနတ် တစ်လက်ကိုင်ထားပြီး ခေါင်းငုံ့ကာ ကစားနေဟန်ရှိသည်။
ထိုပုံရိပ်ကိုမြင်သောအခါ လင်းရှန်နှင့် ဇနီးသည် ငေးမောနေခဲ့ကြသည်။ ထိုပုံရိပ်ကို မျက်ဝါးထင်ထင် ကြည့်နေစဉ် လည်ချောင်းတွင် တစ်ခုခုညှစ်ထားသကဲ့သို့ ခံစားနေရသည်။
နောက်ဆုံးတွင် လင်းရှန်၏ဇနီးက ပါးစပ်ဖွင့်ဟခဲ့သော်လည်း ပထမဆုံး အကြိမ် အသံထွက်မလာခဲ့ပေ။ နောက်တစ်ကြိမ် မှသာ အသံ ထွက်လာခဲ့သည်-
"ရှောင်ကွမ် …ငါ့သားလေး?"
ထိုပုံရိပ်သည် ခေါင်းမော့လိုက်ပြီး သစ်သားသေနတ်ကိုတော့ ဆက်လက် ကိုင်ထားသည်။ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေသော်လည်း အပြုံးတစ်ပွင့်နှင့် ပြောလိုက်သည်မှာ- "အမေ၊ ကျွန်တော် ပြန်လာပြီ"
"အဖေ၊ ဒီသေနတ်လေးကို ဆက်ပြီး သိမ်းထားတာလား"
ဤသို့ နှုတ်ဆက်စကား နှစ်ခွန်း ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ငိုသံများ ထွက်ပေါ်လာခဲ့သည်။ လင်းရှန်နှင့်ဇနီးသည် တဒင်္ဂအတွင်း ငိုကြွေးခဲ့ကြသည်။
လင်းကွမ်သည် ထိုနေရာ၌ ထိုင်နေဆဲ ဖြစ်သော်လည်း ဖခင်ရဲ့ ဖုန်းထဲရှိ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ကျန်းရီကို သတိထားမိခဲ့သည်။ သို့ရာတွင် ကျန်းရီက သူ့ဘက်သို့ ခေါင်းညိတ်ပြကာ မိဘများကို ဂရုစိုက်ရန်သာ အမူအရာဖြင့် ညွှန်ပြခဲ့သည်။
"အဖေ၊ အမေ၊ ဆယ်နှစ်တာကာလအတွင်း ကျွန်တော် မရှိခဲ့ဘူး။ အခု ကျွန်တော်ကို မြင်ရတော့ ဘာလို့ ဒီလောက် ဝမ်းနည်းနေရတာလဲ။ ဒီလောက်တောင် အချိန်တွေကြာခဲ့တာကို အဖေတို့က အသက်တွေ ကြီးလာပေမယ့် ဘာလို့ ကလေးတစ်ယောက် ထပ်မွေးပြီး မပြုစု မပျိုးထောင်ကြတာလဲ။ အခုတော့ အဖေတို့ နှစ်ယောက် အဆင်ပြေနေသေးပေမယ့် နှစ်အနည်းငယ် ကြာတဲ့အခါ လှုပ်ရှားသွားလာရ ခက်လာရင် သားနေရာမှာ ဘယ်သူတွေက အဖေတို့ကို ကူညီမှာလဲ"
လူတစ်ယောက်ရဲ့ စရိုက်ကို သူရဲ့ စကားပြောပုံဆိုပုံဖြင့် သိရှိနိုင်သည်။ လူတစ်ယောက်ရဲ ကိုယ်ကျင့်သိက္ခာကို သူ၏မိဘများအား ဆက်ဆံပုံဖြင့် သိရှိနိုင်သည်။
လင်းကွမ် စကားပြောသောအခါ မျက်နှာပေါ်တွင် အပြုံးရှိနေသော်လည်း သူ့မျက်လုံးထဲ၌ ပေါ်လွင်နေသော ဝမ်းနည်းမှုကို မဖုံးကွယ်နိုင်ပေ။
"ကွမ်... သားအဆင်ပြေရဲ့လား?" ရိုးသားပြီး စကားနည်းသော လင်းရှန်သည် အချိန်အတော်ကြာ ဒွိဟဖြစ်နေပြီးမှ ဤကဲ့သို့ အဓိပ္ပာယ်မရှိသော မေးခွန်းကို မေးခဲ့လိုက်သည်။
လင်းကွမ်သည် ပြုံးကာ လက်ကို ဆန့်လိုက်ပြီး ဖခင်ကို ပွေ့ဖက်ခဲ့သည်။ လူသားကဲ့သို့ သူ မခံစားရသော်လည်း ဤသို့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။
"သရဲဖြစ်နေတော့ သိပ်မကောင်းဘူးပေါ့၊ ဒါပေမယ့် အခုတော့ ကျေနပ်ပါပြီ။ ဒီအချိန်မတိုင်ခင်က သား အဖေတို့ကို ပြန်မြင်ရလိမ့်မယ်လို့ တစ်ခါမှ မျှော်လင့်ခဲ့ဖူးတာမှ မဟုတ်တာ"
"အဖေ့ရဲ့ တာဝန်မကျေခဲ့ဘူး။ အဖေက သားကို ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်"
"အဓိပ္ပာယ်မရှိတာ၊ သားက အဲဒီတုန်းက အသက် ၂၀ အစောပိုင်းကို ရောက်နေပြီလေ၊ အဖေ့ရဲ့ ကာကွယ်မှု မလိုတော့ဘူး။ တကယ်တမ်းတော့ သားမှာပဲ တာဝန်ရှိတာ။ သား ချန်ရစ်ခဲ့တဲ့ စကားတွေက ဆယ်နှစ်တာကာလအတွင်း အဖေတို့ကို စိတ်ချမ်းသာမှု မရစေခဲ့ဘူးဆိုတာ သိပါတယ်"
"မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ သားကို ပြန်မြင်ရတာနဲ့တင် ကျေနပ်ပါပြီ... တကယ်ပါ ဝူး..ဝူး.."
အသက် ၅ဝ-၆ဝ အရွယ်ရှိ လင်းရှန်သည် မြေကြီးပေါ်တွင် ထိုင်ကာ အသံ ကျယ်လောင်စွာနဲ့ ငိုကြွေးနေခဲ့သည်။
ဘယ်သူမျှ ဒီမြင်ကွင်းကို ရယ်စရာ သို့မဟုတ် ထူးဆန်းသည်ဟု မထင်ကြပေ။ အဲ့ဒီအစား တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲရှိ လူများစွာတို့သည် လျှို့ဝှက်စွာ မျက်ရည်များကို သုတ်နေကြသည်။
"လင်းကွမ်" ကျန်းရီက အဲ့ဒီအချိန်တွင် ခေါ်လိုက်သည်။
လင်းကွမ်၏ မျက်နှာအမူအရာသည် ပိုမိုလေးနက်လာကာ - "ပြောပါ!"
"မင်းဒီဆယ်နှစ်အတွင်း ဘယ်မှာ ရှိနေခဲ့တာလဲ? ဘာလို့ မင်းအိမ်ကို ပြန်မလာရတာလဲ? ငရဲကိုရော ဘာလို့ မသွားခဲ့တာလဲ?"
လင်းကွမ်သည် အသက်ပြင်းပြင်း ရှူလိုက်ကာ - "ကျွန်တော် ဘယ်မှာ ရှိနေခဲ့တယ်ဆိုတာ မသိဘူး။
ဒီဆယ်နှစ်အတွင်း ကျွန်တော် အလင်းရောင် တစ်စက်မှ မမြင်ဖူးဘူး။
ကျွန်တော်က အမှောင်ထဲမှာပဲ တစ်ချိန်လုံး လျှောက်သွားနေခဲ့တာ၊ အဆုံးသတ်မရှိဘူး။
ကျွန်တော်သာ သရဲမဟုတ်ခဲ့ရင် အဲ့ဒီ အမှောင်ထဲမှာ စိတ်ထိခိုက်ပြီး ရူးသွားလိမ့်မယ်။
ဒါပေမယ့် သရဲဖြစ်နေရင်တောင်မှ နှစ်အတော်ကြာအောင် ကျွန်တော် ရူးနေခဲ့သေးတယ်။
စိတ်မကောင်းစရာက လူ့ဘဝတုန်းက ဘယ်လိုသေရမယ်ဆိုတာကို သိနေပေမယ့် သရဲဖြစ်ပြီးတဲ့ နောက်ပိုင်းမှာတော့ ပြာဖြစ်ပြီးတော့ ဘယ်လိုလုပ်ရင် ပျောက်ကွယ်သွားမလဲဆိုတာကို မသိခဲ့ဘူး။
"အမှောင်ထဲမှာ မရဏလမ်းကို သွားလို့ မရနိုင်ခဲ့တာလား?"
"ပထမခုနှစ်ရက်မှာ ငရဲလမ်းကို သွားခဲ့တယ်၊ ဒါပေမယ့် လျှောက်ရင်းနဲ့ အမှောင်ထဲကို ကျဆင်းသွားတယ်။
လူ့ဘဝတုန်းက သင်ယူခဲ့တဲ့ နည်းလမ်း အားလုံးနီးပါးနဲ့ ငါဘယ်လောက် လျှောက်ခဲ့လဲဆိုတာကို တွက်ချက် ကြည့်ခဲ့တယ်၊ ပြီးတော့ ငါ့ရဲ့ လှမ်းနှုန်းအပေါ် အခြေခံပြီး ပြန်လာဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမယ့် အဲဒီမှာသုံးတဲ့ တွက်ချက်နည်းတိုင်းက အသုံးမဝင်ဘူးဆိုတာ နားလည်လာတယ်။"
ကျန်းရီက ဒီစကားတွေကို ကြားတဲ့အခါ ခဏလောက် ကြောင်အသွားပြီး မေးလိုက်သည်- "မင်းက အတွက်အချက် တော်တယ်လား?"
"တိတိကျကျပြောရရင် ကျွန်တော်က သင်္ချာ၊ ရူပဗေဒနဲ့ ဓာတုဗေဒတွေမှာ တော်တော် ကောင်းတယ်။ ဒါပေမယ့် လူသားနဲ့ သရဲက တစ်မျိုးစီပဲ။ လူသားတွေ သရဲဖြစ်သွားရင် သူတို့ရဲ့ စွမ်းရည်တွေက အသုံးမဝင်တော့ဘူး။
လင်းကွမ်သည် စကားပြောနေရင်း သူ့ကိုယ်သူလှောင်ပြောင်လိုက်ပြီး ကျန်းရီကလည်း မနေနိုင်ဘဲ ပြုံးလိုက်မိသည်- "အဲ့ဒီနေရာကနေ မထွက်နိုင်တာက ပုံမှန်ပါပဲ။ ကံကောင်းတာက ငါဒီနည်းလမ်းသုံးခဲ့တာ။ မဟုတ်ရင် သာမန်နည်းလမ်းတွေနဲ့ မင်းကိုပြန်ခေါ်ဖို့က မဖြစ်နိုင်ဘူး။ မင်း အဲဒီကို ရောက်နေတယ်ဆိုတော့ အဲ့ဒီအမျိုးသမီးက မင်းနောက်ကို ထပ်မလိုက်ဘူးလို့ ထင်ရတယ်"
မူလက လင်းကွမ်က ဘယ်နေရာလဲ မေးဖို့ ရည်ရွယ်ခဲ့သော်လည်း အဲ့ဒီ အမျိုးသမီးအကြောင်း ကြားသောအခါ လင်းကွမ်၏ မျက်နှာတွင် ကြောက်ရွံ့တဲ့ အမူအရာတွေ ပေါ်လာကာ - "သူမက သိပ်ကို ကြောက်စရာကောင်းတယ်။
ကျွန်တော်မသေခင်က အမျိုးမျိုးသော စိတ်အာရုံ ချောက်ခြားမှုတွေနဲ့ သူမ ပြုစားတာကို ခံစားခဲ့ရတယ်။
သေပြီးမှပဲ ကျွန်တော်ကိုယ်တိုင် သေတ္တာထဲမှာ ကိုယ့်ကိုကိုယ် ပိတ်မိခဲ့တယ် ဆိုတာကို သိလိုက်ရတယ်။
ကျွန်တော်ဝိဉာဉ်က ခန္ဓာကိုယ်ကနေ ထွက်သွားတဲ့အခါ သစ်သားသေတ္တာကို ဖွင့်လိုက်တယ်။
အပေါက်သေးသေးလေးကနေ မျက်နှာ တစ်ချပ်ကို မြင်လိုက်ရတယ်။
မျက်နှာမှာ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် ဘာမှမရှိဘူး။
သူမ ကျွန်တော့်ကို မြင်တာနဲ့ ထွက်လာခဲ့တယ်။
အဲ့ဒီနောက် သူမလှည့်ပြီးထွက်သွားတယ်။
ကျွန်တော် သွားတဲ့နေရာတိုင်းမှာ သူမက ကျွန်တော့်ကို အကွာအဝေး တစ်ခုကနေ ကြည့်နေတာကို အမြဲတမ်းတွေ့ရတယ်။
သူမဘာလို့ ကျွန်တော့်ကို အမြဲလိုက်နေရတာလဲ၊ ဘာလို့ သူမမျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရတာလဲဆိုတာ ကျွန်တော်မသိဘူး"
ကျန်းရီသည် မျက်နှာမဲ့သူကို ကြုံတွေ့ရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ပထမ မျက်နှာမဲ့သူသည် သူ၏မျက်နှာကို တိုက်ရိုက် ဆွဲဖြတ်ခဲ့သောကြောင့် သေဆုံးပြီးနောက် မျက်နှာအစိတ်အပိုင်းများ ပျောက်ဆုံးသွားခဲ့သည်။
သို့ရာတွင် လင်းကွမ် ကြုံတွေ့ရသည်မှာ အနည်းငယ် ကွဲပြားနေသည်။
"သူမမျက်နှာမှာ နှာခေါင်း၊ မျက်လုံး၊ ပါးစပ်စတဲ့ အစိတ်အပိုင်းတွေ လုံးဝ မရှိဘူးလား?"
"မရှိဘူး၊ ပြောင်နေတဲ့မျက်နှာပဲ၊ ဘာမှမမြင်ရဘူး"
"လူတစ်ဦးက ဒီလိုသေဆုံးရတဲ့ အကြောင်းရင်းက နှစ်ခုရှိနိုင်သည်။ တစ်ခုက အသက်ရှင်နေစဉ်ကတည်းက သူမရဲ့ မျက်နှာ အစိတ်အပိုင်းအားလုံးကို ဖြတ်တောက်ခြင်း ခံခဲ့ရလို့ ဒါမှမဟုတ် သူမရဲ့ ဘဝတစ်လျှောက်လုံး လူများစွာရဲ့ ကျိန်ဆဲတာကို ခံခဲ့ရလို့ ဖြစ်တယ်။ ငါတို့တွေ မကြာခဏ ကျိန်ဆဲကြတဲ့ အရှက်မရှိတဲ့ လူတွေလိုပေါ့"
"ဒါပေမယ့် သူမက ဘယ်အမျိုးအစား ထဲကလဲဆိုတာတော့ မသိသေးဘူး..."
ကျန်းရီစကားပြောနေစဉ် သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်- "ဟမ်? သူမ ရောက်လာတာ မြန်လှချည်လား!"