စစ်ဘုရင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်ခြင်း(၂)
Vol. 12 Ch. 167
"အဲ့ဒါက ကံစမ်းရုံလေးပါ။ စိတ်ဝိဉာဉ် ပုံဆောင်ခဲ အချို့ ကုန်ကျတာထက် ဘာမှမပိုဘူး.."
ချွေအာက တိတ်ဆိတ်သွား၏။ သူမတို့၏ အိမ်ပြန်ခရီးသည် အလွန် အန္တရာယ်များလှသည်လား။
ရွှီယန်က မြင်းပေါ်တွင် စီးနင်းရင်းက ပျင်းရိစွာ ခံစားလာရသည်။ အစောင့်များနှင့် စကားလေးဘာလေး ပြောချင်၏။ သို့ပေမယ့် အားလုံးတို့မှာ ခတ်ထန်သည့် မျက်နှာများနှင့် ရှိနေပြီး ပေါ့ပါးသည့်ပုံ လုံးဝမရှိပေ။
အချိန်အားလုံးတွင် သတိမပြတ် ရှိနေပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်နေ၏။ စကားပြောရန်အတွက် မည်သည့် စိတ်ကူးမှ မရှိသည့်ပုံ ရှိသည်။
'သူမမှာ ဘယ်လိုမျိုး နောက်ခံရှိနေတာလဲ။ ဒီအစောင့်တွေကို ကြည့်ရတာ လုံးဝမခေဘူး..'
ရွှီယန်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။
သံတောင်မှ မိုင်၁၀၀အကွာရှိ ကျဉ်းမြောင်းသည့် လမ်းတစ်ခုအပေါ်တွင် အဖွဲ့က ခရီးသွားနေ၏။ လမ်းကျဥ်း၏ တစ်ဖက်တစ်ချက်တွင် သစ်ပင်များ ထူထဲစွာ ပေါက်နေပြီး မြင်းစီးထားသည့် အစောင့်များက ရထားလုံးကို ချက်ချင်းပင် တင်းကြပ်စွာ ကာကွယ်လိုက်ကြသည်။
လက်ထဲတွင် လက်နက်များကို ဆုပ်ကိုင်ထားပြီး ဖြစ်ပေါ်လာနိုင်သည့် မည်သည့် တိုက်ခိုက်မှုမျိုးအတွက် မဆို အဆင်သင့်ဖြစ်နေ၏။
မထင်မှတ်စွာပင် သူတို့သည် ထိုထူထဲသည့် သစ်တောလမ်းကို မည်သည့် တိုက်ခိုက်မှုမှ မကြုံရဘဲ ဖြတ်ကျော်နိုင်ခဲ့၏။ သို့ပေမယ့် ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားပြီး ပြောသည်။
"မိန်းကလေး... နင်က ဘယ်သူများလဲ။ သိုင်းသခင်တွေတောင် နင့်အတွက် လာကြတာလား.."
ရထားလုံးအတွင်းရှိ သုယွီယင်း၏ မျက်နှာက ပြောင်းလဲသွားသည်။
"ရှင်ဘာကို ဆိုလိုတာလဲ သခင်လေး.."
နောက်ထပ် သိုင်းသခင်များ လာရောက် တိုက်ခိုက်ပြန်ပြီလား။
"ရှေ့မှာ သိုင်းသခင်တစ်ယောက် ရှိတယ်.."
ရွှီယန်က ခေါင်းကိုမော့ကာ ရှေ့သို့ညွှန်ပြသည်။ လူအုပ်စုက ရုတ်တရက် ရပ်တန့်သွား၏။
ထူထဲသည့် တောအုပ်၏ အပြင်ဘက်တွင် ပုံရိပ်တစ်ခုက မြေပြင်ပေါ်မှ သုံးပေအကွာ၌ ရပ်တန့်နေပါသည်။ လေထဲတွင် သွေးနီရောင် ဆံပင်များက လွင့်လူးနေ၏။ သူ၏လက်ထဲတွင် သွေးနီရောင် ဓားရှည်တစ်ခုရှိပြီး ကြမ်းကြုတ်သည့် အလင်းတစ်ခု လက်နေပါသည်။
အဝေးမှကြည့်ပါက သွေးညှီနံ့တစ်ခုကို ရေးတေးတေး ခံစားနိုင်၏။ တစ်ဖက်လူဟာ မရေမတွက်နိုင်သည့် လူများကို သတ်ဖြတ်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်တွင် သွေးများစွာ စွန်းထင်းခဲ့သည့်ပုံပါ။
"အဟွတ်အဟွတ်..."
အနောက်ဘက်ရှိ ရထားလုံးအတွင်းမှ ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာပြီး လူလတ်ပိုင်း လူကြီးတစ်ဦး လျှောက်ထွက်လာခဲ့သည်။ သူသည် ဖြူရော်နေပြီး မပျောက်ကင်းသေးသည့် ဒဏ်ရာများ ရှိနေ၏။
"နတ်ဆိုးဂိုဏ်းက သိုင်းသခင်တစ်ယောက်လား.."
ယန်ခွမ်း၏ပုံစံက အလွန်လေးနက်သွားပြီး ပြောသည်။
"သခင်မလေး... ကျွန်တော်သူ့ကို ကြိုးစားပြီးတော့ တိုက်ထားပေးမယ်။ မြန်မြန်လေး ထွက်သွားပါ.."
သုယွီယင်းက ရထားလုံးအတွင်းမှ လျှောက်ထွက်လာခဲ့၏။ သူမ၏ တောက်ပသည့် မျက်လုံးများက ရွှီယန်ကို အာရုံစိုက်နေသည်။
"သခင်လေး... ရှင်ဒီရန်သူကို ရင်ဆိုင်နိုင်လား.."
ရွှီယန်က သူမ၏ ပုဝါနှင့် ကာထားသည့် မျက်နှာကိုကြည့်သည်။ ရှင်းရှင်းလင်းလင်း မြင်ရခြင်းမရှိပါ။ သို့ပေမယ့် သူမ၏မျက်လုံးများဟာ တောက်ပစွာ လင်းလက်နေ၏။
သူမတွင် ကောင်းမွန်သည့် ခန္ဓာကိုယ်အချိုးအစား ရှိပြီး သူရဲကောင်းဆန်သည့် အငွေ့အသက်တစ်ခုကို ထုတ်လွတ်နေပါသည်။
ချီဧကရာဇ်၏ မောင်းမဆောင်အတွင်းရှိ ကိုယ်လုပ်တော်များနှင့် မတူညီစွာ သာလွန်သည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေ၏။
"ရပါတယ်။ ဒါပေမယ့် နင်လည်း သိတာပဲ။ သူက သိုင်းသခင်တစ်ယောက်ဖြစ်ပြီး အရမ်းကို ခွန်အားကြီးတယ်။ ငါ့အတွက် ကိုင်တွယ်ဖို့ဆိုတာ လွယ်ကူမှာမဟုတ်ဘူး.."
ရွှီယန်က ရှေ့ရှိ နတ်ဆိုးဂိုဏ်း၏ သိုင်းသခင်ကိုကြည့်သည်။ သိသာစွာပင် လူကောင်းမဟုတ်ပေ။ သွေးညှီနံ့များကို ကြည့်ခြင်းအားဖြင့် သိုင်းသမား များစွာတို့ကို သတ်ဖြတ်ခဲ့မည် ဖြစ်ကြောင်းအား ပြောနိုင်၏။
ကြည့်ရတာ သတ်ဖြတ်ခြင်း သိုင်းပညာတစ်ခုကို ကျင့်ကြံထားသည့်ပုံ ရှိသည်။ နတ်ဆိုးဂိုဏ်းသည် သူနှင့်လည်း ရန်ငြိုးတစ်ခု ရှိ၏။
စွမ်းအားကြီးမားသည့် အမည်မသိ နတ်ဆိုးတစ်ယောက်နှင့် ရွှယ့်ဝူရှင်းက သူ၏ ဂျူနီယာညီလေးကို သတ်ဖြတ်လုနီးပါး ဖြစ်ခဲ့သည်။
ထို့ကြောင့် ထိုနတ်ဆိုးဂိုဏ်းသားများကို တွေ့ရှိပါက တတ်နိုင်ပါက သတ်ဖြတ်ရပေမည်။ သို့ရာတွင် ရွှီယန်အနေနှင့် စိတ်ဝိဉာဉ်ပုံဆောင်ခဲများ ရှာရဦးမည့် အရေးကို မေ့လျော့သွားခြင်း မရှိပါ။
ထိုစကားကို ကြားရပြီးနောက် သုယွီယင်း၏ မျက်လုံးများက လင်းလက်သွားပြီး သူမ၏ အသံက စိတ်လှုပ်ရှားမှုဖြင့် အနည်းငယ် တုန်ခါစွာ ထွက်ပေါ်လာခဲ့သည်။
"သူ့ကိုသတ်နိုင်ရင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀ပေးမယ်.."
"သိုင်းသခင်တစ်ယောက်က စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀ပဲ တန်တာလား.."
ရွှီယန်က အနည်းငယ် စိတ်ပျက်သွား၏။ သုယွီယင်း၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားသည်။ တစ်ဖက်လူ၏ အသံကို ကြည့်ရသည်မှာ သိုင်းသခင်ကို အလေးအနက်ထားခြင်း လုံးဝ မရှိသည့်ပုံ ရှိသည်။
"သခင်လေး... စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀က အရမ်းကို များပါတယ်။ ဘာပဲဖြစ်ဖြစ် ရှင်လည်း ကျွန်မတို့ကို ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ကတိပေးထားတယ်လေ။ နောက်ပြီး သူက သိုင်းသခင်တစ်ယောက်ဖြစ်တော့ သူ့ကိုယ်ပေါ်မှာလည်း စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေ ရှိလောက်မှာ.."
သုယွီယင်းက သတိပေး၏။
သိုင်းသခင်တစ်ယောက်ကို သတ်ဖြတ်လိုက်ပါက တစ်ဖက်လူ ပိုင်ဆိုင်သည့် အရာအားလုံးလည်း မိမိအပိုင် ဖြစ်မသွားပေဘူးလား။
ရွှီယန်၏ မျက်လုံးများက လင်းလက်သွားပြီး ပြောသည်။
"ဒါလည်း ဟုတ်တာပဲ... ငါသွားပြီးတော့ သူ့ကို ရှင်းလိုက်မယ်.."
သူက မြင်းကိုစီးကာ ရှေ့သို့တက်သွား၏။ ဂရုမစိုက်သည့်အသွင် ရှိနေပါသည်။
သုယွီယင်းနှင့် သူမ၏ လူစုက အနောက်မှ စိတ်ပူစွာ ကြည့်နေကြ၏။ ယန်ခွမ်းက ပိုမိုကာပင် လေးနက်လာခဲ့သည်။
"သခင်မလေး... ထွက်ပြေးဖို့ ပြင်ဆင်တာ ပိုပြီးတော့ကောင်းလိမ့်မယ်။ ပြီးရင် တစ်ဖက်ရန်သူကို ကျွန်တော်အကောင်းဆုံး ကြိုးစားပြီးတော့ တားထားပေးမယ်.."
ယန်ခွမ်းက နက်ရှိုင်းသည့်အသံဖြင့် ပြော၏။
သူ၏ အမြင်တွင် ရွှီယန်သည် ယခုမှ သိုင်းလောကသို့ အသစ်ရောက်လာသည့် လူငယ်လေးတစ်ယောက်သာ ဖြစ်သည်။ ကောင်းကင်၏ မည်မျှ မြင့်မားသည်ကို သိရှိခြင်း မရှိပေ။ လောက၏ မည်မျှနက်ရှိုင်းပုံကို သိရှိခြင်းမရှိပေ။
ထို့ကြောင့် သိုင်းသခင်တစ်ယောက်၏ မည်မျှ စွမ်းအားကြီးပုံကို သိရှိခြင်းလည်း မရှိလောက်ပါ။
"ဘာပဲဖြစ်ဖြစ် သူက လူငယ်တစ်ယောက်ဖြစ်ပြီး အားမာန်အပြည့် ရှိနေတယ်။ ထူးချွန်တဲ့ ပါရမီရှိရင်တောင် ဒါက ဒီလောက်ပါပဲ။ အရာအားလုံးကို မထိမဲ့မြင်ပြုပြီး သိုင်းသခင်တစ်ယောက်ကို ဘာမှမထူးခြားဘူးလို့ တွေးနေတာဖြစ်မယ်.."
ယန်ခွမ်းက သက်ပြင်းချသည်။ သူသာ ဒဏ်ရာမရရှိထားပါက ဒီလူငယ်ကို သေမင်းဆီသို့ လျှောက်သွားခြင်းအား ခွင့်ပြုမည် မဟုတ်ပါ။
သို့ပေမယ့် ယခုအချိန်၌ သူ့တွင် ဒဏ်ရာအပြင်းအထန် ရနေပါသည်။ သခင်မလေး၏ လုံခြုံရေးသာ နံပါတ်တစ်ဖြစ်၏။ ထိုလူငယ်၏ ကံတရားကိုတော့ သက်ပြင်းသာ ချမိပေတော့သည်။
ရွှီယန်က မြင်းကိုစီးရင်းမှ လေထဲတွင်ရပ်နေသည့် နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်ကို မျက်နှာချင်းဆိုင်သည်။
သူ၏ အငွေ့အသက်က လှိုင်းထန်လာပြီး မေး၏။
"ငါ့မှာ မင်းအတွက် မေးခွန်းတစ်ခုရှိတယ်.. ရွှယ့်ဝူရှင်းကို မင်းသိလား.."
"ဟမ်.."
နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်က ခေါင်းမော့ကြည့်သည်။ သူ၏မျက်လုံးများက သွေးနီရောင်ဖြစ်နေပြီး အေးစက်စွာ ပြော၏။
"ရွှယ့်ဝူရှင်း ဘယ်မှာလဲဆိုတာကို မင်းသိလား။ မြန်မြန်ပြော ကောင်လေး.."
"မင်းက ရွှယ့်ဝူရှင်းကို မြင်ချင်တာလား... အင်း ဒါဆိုရင်လည်း ငါမင်းကို သူနဲ့တွေ့ဖို့ ပို့ပေးလိုက်မယ်.."
ရွှီယန်က ပြုံးသည်။
"မင်းက နတ်ဆိုးဂိုဏ်းရဲ့ သိုင်းသခင်တစ်ယောက်ပဲ။ ရတနာတွေ့ရင် သတ်ဖြတ်လုယက်မှာမလား။ ဒါကြောင့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ တော်တော်များများလည်း ပိုင်ဆိုင်ထားလောက်တယ်.."
"သေချင်နေတာပဲ.."
နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်က ဒေါသတကြီး ဖြစ်သွား၏။ ဒီလူငယ်သည် သူကို သားကောင်အဖြစ် သတ်မှတ်ကာ လှောင်ပြောင်ရဲလေသည်။
သိုင်းသခင်တစ်ယောက်၏ ကြီးမြတ်မှုကို စော်ကားလို့ မရကြောင်းအား နားမလည်ပေးဘူးလား။
"ဘုန်း.."
သွေးနီရောင် ဓားအလင်းက ထွက်ပေါ်လာ၏။ ဒီအချိန်၌ သိုင်းသခင်တစ်ယောက်၏ ထည်ဝါမှုကို သံသယဝင်စရာ မကောင်းလောက်အောင် ပြသလိုက်ပါပြီ။
သုယွီယင်းတို့၏ ပုံစံများက ကြီးစွာ ပြောင်းလဲသွား၏။ ယန်ခွမ်း၏ မျက်နှာက အထူး မဲမှောင်နေသွားသည်။
'သူက အလယ်အလတ်အဆင့် သိုင်းသခင်တစ်ယောက်ပဲ..'
သူ၏ အကောင်းဆုံး အခြေအနေ၌ပင် ထိုကဲ့သို့သော တိုက်ခိုက်မှုကို ရင်ဆိုင်ရန် လွယ်ကူမည် မဟုတ်ပါ။
ဘာပဲဖြစ်ဖြစ် သူသည် အစောပိုင်းအဆင့် သိုင်းသခင်တစ်ယောက်သာ ဖြစ်၏။ ဒီလူငယ်က မည်သည်ကို ပြောလိုက်သည်လဲ မသိပေ။ သိုင်းသခင်တစ်ယောက်ကို အလွန်ဒေါသထွက်သွားစေခဲ့၏။
ရွှီယန်က လက်ကိုမြှောက်ကာ လက်ဝါးချက်ကို ရိုက်ထုတ်လိုက်သည်။ ကြောက်စရာကောင်းသည့် စွမ်းအားနှင့် ရွှေရောင်နဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြီး ဓားအလင်းကို တစ်ခါတည်း ဖျက်စီးလိုက်၏။
ဆွေးမြေ့နေသည့် သစ်ချောင်းတစ်ချောင်းကို ရိုက်ထုတ်လိုက်သည်နှင့် တူပါသည်။
နဂါးကြီးက အောက်သို့ ပြန်လည်ထိုးဆင်းကာ လှည့်လည်ပြီးနောက် အမြှီးဖြင့် ရိုက်လိုက်သည်။
ကျယ်လောင်သော အသံတစ်ခုနှင့်အတူ နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်၏ ဦးခေါင်းကို ထိမှန်ပြီး ချက်ချင်း ပေါက်ကွဲထွက်သွားစေ၏။
"ဘုန်း.."
နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်မှာ သေဆုံးခဲ့လေသည်။
ယန်ခွမ်း၏ မျက်လုံးများက ပြူးကျယ်နေပြီး သူ၏လက်များက အနည်းငယ် တုန်ခါသွား၏။
"သေသွားတာလား.."
နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်ဟာ ယခုကဲ့သို့ သေသွားခဲ့သည်လား။ ထို့အပြင် ဒီရွှေနဂါးကြီးဟာ မည်ကဲ့သို့သော သိုင်းပညာဖြစ်သနည်း။
အလွန်ကြီးစိုးကာ စွမ်းအားက အံ့ဩစရာ ကောင်းလှသည်။
"ဂလူ့.."
ဒီလူငယ်က သိုင်းသခင် တစ်ယောက်လား။
ဒီလောက်ငယ်ရွယ်တဲ့ သိုင်းသခင်တစ်ယောက်ဖြစ်ပြီး အခုမှ သိုင်းလောကကို စရောက်လာခဲ့တယ်...
သူ့အနေနှင့် ၎င်းကို အနည်းငယ် စိတ်ကူး၍ မရနိုင်အောင် ရှိနေပါသည်။
သုယွီယင်း၏ နှုတ်ခမ်းက အံ့ဩစွာဖြင့် ပွင့်ဟနေ၏။ သူမတွင် ခန့်မှန်းချက်အချို့ ရှိပေမယ့် ဤသည်မှာ ခန့်မှန်းမှုသာ ဖြစ်သည်။
အမှန်တကယ်ကို ငယ်ရွယ်သည့် သိုင်းသခင်တစ်ယောက် ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။ ပိုမိုကြောက်စရာကောင်းသည်ကား တစ်ဖက်လူ၏ ခွန်အားက ကြီးမားသည်ထက် ပိုမိုနေခြင်း ဖြစ်သည်။
ရွှေရောင်နဂါးကြီးက အလယ်အလတ်အဆင့် သိုင်းသခင်တစ်ယောက်ကို တစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့၏။
ဖြစ်နိုင်တာက သူသာ် အကြီးစားကျွမ်းကျင်မှု အဆင့်ရှိ သိုင်းသခင် တစ်ယောက်လေလား။ အချိန်တိုင်းတွင် ခံစားချက်မဲ့စွာ ရှိနေကြသည့် အစောင့်များမှာလည်း ယခုအချိန်၌ အားလုံး အံ့ဩစွာဖြင့် ဖြူရော်ကုန်ကြသည်။
"သခင်မလေး...ဒါက...ဒါက..."
ချွေအာက ဝမ်းသာသွား၏။ သူမသည် ရတနာတစ်ခုကို ကောက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ရွှီယန်က မြင်းပေါ်မှဆင်းကာ နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်၏ ခန္ဓာကိုယ်ကို ရှာဖွေပြီး အိတ်တစ်ခုကို ဆွဲယူလိုက်၏။
ဖွင့်ကြည့်ပြီးနောက် အတွင်းထဲတွင် စိတ်ဝိဉာဉ်ပုံဆောင်ခဲများနှင့် စိတ်ဝိဉာဉ်စာရွက် အနည်းငယ်ကို တွေ့လိုက်ရသည်။
သူက ဝမ်းသာသွားပြီး စိတ်ဝိဉာဉ်စာရွက်ကို ကြည့်လိုက်၏။ ပြီးနောက် ရုတ်တရက် ကျိန်ဆဲလေသည်။
'ဒါကိုများ မင်းကိုမင်း နတ်ဆိုးဂိုဏ်းက သိုင်းသခင်တစ်ယောက်လို့ ပြောလိုက်တာလား။ အရှက်မရှိဘူးလား။ ဒီလောက်နည်းတဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ရာဂဏာန်းအနည်းငယ်လေးနဲ့ မင်းက နတ်ဆိုးဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးနေတာပဲ။ သေသင့်တဲ့ကောင်..'
သူဟာ တစ်ဖက်လူဟာ သိုင်းသခင်တစ်ယောက် ဖြစ်ပြီး နတ်ဆိုးဂိုဏ်းမှလည်း ဖြစ်ရာ သတ်ဖြတ်ခြင်းကို မကြာခဏ ပြုလုပ်ပြီး ရတနာများကို လုယက်ထားမည်ဟု တွေးထားခဲ့၏။
ထို့ကြောင့် ချမ်းသာကြွယ်ဝမှုဟာ အလွန်များပြားမည်ဟု ထင်ထားခဲ့တာပါ။ မထင်မှတ်စွာပင် တစ်ခုလျှင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀တန်သည့် စိတ်ဝိဉာဉ်စာရွက် ၅ခုသာရှိနေ၏။
လက်ကို ဝှေ့ယမ်းကာ အစစ်အမှန်ချီက ထွက်ပေါ်လာပြီး အလောင်းကို ပြာအဖြစ် ကြိတ်ကာလွှင့်လိုက်သည်။
တစ်ဖက်လူကို လုံးဝသေသွားပြီ ဖြစ်ကြောင်းအား သေချာစေ၏။ ဆရာ၏ သင်ကြားထားမှုကို သူကောင်းကောင်း မှတ်သားထားပါသည်။
ဓားကို ကောက်ယူကာ ကြည့်လိုက်၏။ ငွေအချို့ဖြင့် ရောင်းစားလို့ ရလောက်ပါသည်။ မြင်းဆီသို့ ပြန်ပြီးနောက် သူကပြော၏။
"ငါနင့်ကိုကူပြီး လူသတ်ပေးပြီးပြီ။ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေ ဘယ်မှာလဲ.."
သုယွီယင်းဆီသို့ လက်ကိုဆန့်ကာ ပြော၏။
"ကျေးဇူးတင်ပါတယ် သခင်လေး.."
သုယွီယင်းက စိတ်လှုပ်ရှားနေ၏။ ယခုကဲ့သို့ သန်မာလှသည့် သိုင်းသခင်တစ်ယောက်၏ အကာအကွယ်ဖြင့် သူမ သေချာပေါက် လုံခြုံစွာ ပြန်နိုင်လောက်မှာပါ။
ချွေအာက စိတ်ဝိဉာဉ်စာရွက် တစ်ရွက်ကို ထုတ်ကာ သူ၏ လက်ထဲသို့ ထည့်ပေးသည်။ ရွှီယန်က တက်ကြွစွာဖြင့် အိတ်ထဲသို့ ထည့်လိုက်၏။
စိတ်ဝိဉာဉ်ပုံဆောင်ခဲ ရှာဖွေခြင်းမှာ အရမ်းကြီး ခက်ခဲခြင်း မရှိကြောင်းအား တွေ့လိုက်ရသည်။ ယန်ခွမ်းက လေးနက်စွာဖြင့် လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွတ်ပြီးပြောသည်။
"ကျွန်တော်က ယန်ခွမ်းပါ။ ဒီက လူငယ်က..."
ရွှီယန်က လက်ကိုဝှေ့ယမ်းကာ ပြော၏။
"ဘာမဟုတ်တဲ့ လူတွေပါ။ ဘာမဟုတ်တဲ့ လူလေးတစ်ယောက်ပါပဲ.."
ယန်ခွမ်း၏ ပါးစပ်က တွန့်ကွေးသွားပြီး သူဟာ ရထားလုံးဆီသို့သာ ပြန်ခဲ့၏။ သုယွီယင်းလည်း နောက်သို့လှည့်ကာ ရထားလုံးဆီသို့ ပြန်သည်။
ရွှီယန်က ရုတ်တရက် တစ်ခုခုကို မှတ်မိလိုက်ပြီး နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်၏ ဓားကို မြှောက်ကာပြောသည်။
"ဒီဓားကို လိုချင်လား။ စျေးပေးကြည့်လေ.."
"စိတ်ဝိဉာဉ်ပုံဆောင်ခဲ၁၀၀၀.."
သုယွီယင်းက ခေါင်းငြိမ့်၏။
ချွေအာက နောက်ထပ် စိတ်ဝိဉာဉ်စာရွက်တစ်ခုကို ရွှီယန်အား ပေးလိုက်သည်။ ရွှီယန်ဟာ ကောင်းကင်ထက်သို့ ရောက်နေပါပြီ။
သူသည် ဆက်လက် ဆင်းရဲခြင်း မရှိတော့ဘဲ စိတ်ဝိဉာဉ်ဆေးပင်တို့ကို ဝယ်ယူရန်အတွက် ပိုက်ဆံအချို့တို့ ရလာပြီးပြီ ဖြစ်၏။
လူအုပ်က ရှေ့သို့ ဆက်လက် ရွေ့လျားခဲ့ကြသည်။ ညအချိန်တွင် တောတောင်များအတွင်း၌ အနားယူလေသည်။ ညအလယ်သို့ ရောက်လာခဲ့၏။ လေခွင်းသံတစ်ခုနှင့်အတူ သိုင်းသခင်တစ်ယောက်၏ အရှိန်အဝါတို့ မြင့်တက်လာခဲ့၏။.. နောက်ထပ် နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်
တစ်ယောက် ဖြစ်နိုင်ပါသည်။
"သခင်လေး စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀.."
သုယွီယင်းက ပြက်သားစွာ ပြော၏။
"ပြဿနာမရှိဘူး.."
ရွှီယန်က စိတ်လှုပ်ရှားသွားသည်။ နောက်ထပ် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀ သူ၏လက်ထဲသို့ ရောက်လာပေတော့မည်။
သို့ပေမယ့် သူသည် ပဟေဠိဖြစ်စွာလည်း ခံစားရ၏။ အတွင်းဘက်နယ်မြေတွင် သိုင်းသခင်များမှာ ထိပ်တန်းအဆင့် တည်ရှိမှုများ မဟုတ်ပေဘူးလား။ အဘယ်ကြောင့် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာနေရသနည်း။
"ရှေ့လာခဲ့စမ်း..
"
"ဝေါင်း.."
ရွှေရောင်နဂါးကြီးက အော်သံနှင့်အတူ ကောင်းကင်သို့ မြင့်တက်သွားပြီး သူ၏အရှိန်အဝါက ကြောက်စရာကောင်းလှသည်။
"မကောင်းတော့ဘူး.."
ချဥ်းကပ်လာနေသည့် နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်က ကြောက်ရွံ့သွားပြီး ရုတ်တရက် အလန့်တကြားဖြင့် တိုက်ခိုက်မှုအား ပြု၏။
"ဘုန်း.."
ရွှီယန်က လက်ဝါးချက် တစ်ချက်နှင့်အတူ သိုင်းသခင်တစ်ယောက်အား သတ်ဖြတ်ခဲ့ပြန်လေသည်။ သူက ပြုံးကာ ခန္ဓာကိုယ်ကို သွားရောက်ရှာဖွေ၏။ သင်ကြားထားသည့်အတိုင်း အရိုးကိုကြိတ်ကာ လူကို ပြာလွှင့်ပေးလိုက်သည်။
အသက်ရှင်နိုင်မည့် မည်သည့် အခွင့်အရေးမှ ချန်မထားပေ။
"ဒီနတ်ဆိုးဂိုဏ်းက သိုင်းသခင်တွေက ဘာလို့ဒီလောက်တောင် ဆင်းရဲရတာလဲ.."
ရွှီယန်၏ ပုံစံက ကြောင်တောင်သွား၏။ နတ်ဆိုးဂိုဏ်းမှ အဖွဲ့ဝင်များ ဖြစ်သည့်အလျောက် သူတို့သည် မကြာခဏ သတ်ဖြတ်ခြင်းနှင့် လုယက်ခြင်းကို ပြုလုပ်ကြမှာပါ။
ထို့ကြောင့် ချမ်းသာသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် တစ်ယောက်ချင်းစီတိုင်းက ပိုမိုမွဲတေနေရသနည်း။