← Chapters

ပုံရိပ်ယောင်နတ်ဆိုးသံစဉ်(၂)

Vol. 12 Ch. 169

ပုံရိပ်ယောင်နတ်ဆိုးသံစဉ်(၂)

Vol. 12 Ch. 169

"ယန်ခွမ်းလား.."

နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်၏ အသံက စူးရှစွာ ထွက်ပေါ်လာ၏။ နားစူးစွာ ခံစားရစေသည်။

"ဟုတ်ပါတယ်.."

ယန်ခွမ်းက လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြန်ကြားသည်။

"တတိယတန်းစား သိုင်းသခင်တစ်ယောက်က ငါနဲ့စကားပြောဖို့ ဘာအဆင့်မှမရှိဘူး.."

"မင်း.."

ယန်ခွမ်း၏ မျက်နှာက ဒေါသဖြင့် ရှက်ရွံ့သွား၏။

"လူငယ်... ငါ့အတွက် သူ့ကို ရိုက်သတ်ပေး။ အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင် တစ်ပင်ကို ငါကိုယ်တိုင်ထပ်ပေးမယ်.."

ယန်ခွမ်းက ဒေါသထွက်စွာဖြင့် ပြော၏။

ထိုစကားကို ကြားရပြီးနောက် ရွှီယန်၏  စိတ်အခြေအနေက ချက်ချင်းပင် တက်ကြွသွားပြီး ဖြေ၏။

"ကောင်းပြီ... အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင် တစ်ပင်နော်.."

"မောက်မာ လိုက်တဲ့ကောင်.."

နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်က သူ၏ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ အလွန် ဒေါသထွက်သွား၏။

လျှင်မြန်သော လှုပ်ရှားမှုနှင့် ကြမ်းကြုတ်သည့် အငွေ့အသက်က ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသည့် တစ္ဆေလက်သည်းကြီး တစ်ခုအဖြစ် စုစည်းလာခဲ့သည်။ ရွှီယန်ဆီသို့ ပြေးဝင်လာ၏။

နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်ကို ရင်ဆိုင်ရချိန်၌ ရွှီယန်က မည်သည့်သက်ညှာမှုကိုမှ ပြမနေပါ။ တစ်ဖက်လူ၏ သေစေနိုင်သည့် တိုက်ခိုက်မှုအားလုံးတို့သည် ကြီးစိုးလှသည့် နဂါးလက်ဝါးဖြင့် ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။

ဒီသိုင်းသခင်က ပြီးခဲ့တုန်းက နှစ်ယောက်ထက် ပိုမိုသန်မာနေလျှင်တောင် ချွင်းချက် မဟုတ်ပေ။ ရွှီယန်၏ ပြင်းထန်သော လက်ဝါးချက်ကို ခံနိုင်ရည်မရှိဆဲ ဖြစ်၏။

"ဘုန်း.."

ရွှေနဂါးကြီးက ဟိန်းလိုက်ပြီးနောက် အရာအားလုံးကို ဖျက်ဆီးသွားသည်။ လက်သည်းကို ချေမွသွားကာ တစ်ဖက်ရန်သူ၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် မနှိုင်းယှဉ်သာသည့် ခွန်အားနှင့် ဆကိလက် ပြေးဝင်သွားခဲ့၏။

"ဘုန်း.."

နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်သည် နေရာမှာတင် သေဆုံးသွားခဲ့သည်။ တစ်ဖက်လူတွင် သယ်ဆောင်ထားသည့် စိတ်ဝိဉာဉ်စာရွက်များ ပျက်စီးသွားမှာကို  ကြောက်ရွံ့၍သာ မဟုတ်ပါက ထိုလက်ဝါးချက်က  ရန်သူကို တစ်စစီ ဖြစ်သွားစေမှာပါ။

"ခင်ဗျားအတွက် သတ်ပေးပြီးပြီ။ အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင် တစ်ပင် အကြွေးတင်နေတာကို မှတ်ထားနော်.."

ရွှီယန်က ပျော်ရွှင်စွာဖြင့် အလောင်းကို သွားရောက်ရှာဖွေ၏။

"ချီး... ဒီနတ်ဆိုးဂိုဏ်းက သိုင်းသခင်တွေ ဘာလို့ဒီလောက်တောင် အကုန် ဆင်းရဲမွဲတေနေကြတာလဲ.."

ရွှီယန်က ကျိန်ဆဲပြီးနောက် သူ၏ အစစ်အမှန်ချီက မြင့်တက်လာခဲ့သည်။ အလောင်းက ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားပြီး လုံးဝ သေဆုံးသွားခဲ့၏။

ယန်ခွမ်းက ကြည့်နေရင်းမှ သူ၏ဦးရေပြားများ ယားယံစွာ ခံစားလိုက်ရသည်။ ဒီလူငယ်သည် အမှန်တကယ်ကို ကြောက်ဖို့ကောင်းလှ၏။ သိုင်းသခင်တစ်ယောက်ကို လက်ဝါးတစ်ချက်သာ သုံးလေသည်။ သူသည် စစ်ဘုရင် တစ်ယောက်လေလား။

ရွှေရောင်နဂါးကြီးမှာရော မည်ကဲ့သို့သော ကြောက်စရာကောင်းသည့် သိုင်းပညာမျိုး ဖြစ်သနည်း။ ၎င်းသည် အလွန် ထူးကဲစွာ စွမ်းအားကြီးမားလှသည်။

ထို့အပြင် ရန်သူတစ်ယောက်ကို သတ်ဖြတ်ပြီးတိုင်းတွင် ပြာများအဖြစ် ချေမွပစ်ခဲ့၏။ အေးအေးလူလူဖြင့် လုပ်ဆောင်နေသည့် တစ်ဖက်လူ၏ အသွင်အပြင်ကို ကြည့်ရသည်မှာ မကြာခဏ ထိုကဲ့သို့ လုပ်လေ့ရှိပုံပါ။

"သေပြီမလား... ငါ့ကို အထင်သေးတဲ့ကောင် သေသင့်တယ်.."

သို့ရာတွင် ယန်ခွမ်းအနေနှင့် စိတ်ထဲတွင် ကျေနပ်စွာ ခံစားလိုက်ရသည်။ သူ့ကို တတိယတန်းစား သိုင်းသခင်တစ်ယောက် ဟူ၍ အထင်သေးနေလေသည်။ ယခုအချိန်၌ မည်သူပင် ဖြစ်စေကာမူ လက်ဝါးတစ်ချက်နှင့် ရိုက်သတ်ခံလိုက်ရသည် မဟုတ်ပါလား။

ရွှီယန်က အလွန်ကျေနပ်သွား၏။ သူသည် အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင် ၂ပင်အား ရရှိခဲ့လေပြီ။

'အတွင်းဘက်နယ်မြေက တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ ပိုက်ဆံရှာဖို့လည်း မခက်ခဲဘူး။ နောက်ထပ် သိုင်းသခင်တွေ အနည်းငယ်လောက် ထွက်လာလိုက်ရင် လိုအပ်တဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေ အားလုံးကို ဝယ်ဖို့ လုံလောက်လောက်ပြီ..'

ရွှီယန်က ပျော်ရွှင်စွာ စဉ်းစားသည်။

ကျန်ရှိသည့် ခရီးစဉ်အတွင်းတွင် ချောင်းမြောင်းတိုက်ခိုက်မှုများ ပိုမိုတိုးပွားလာခဲ့၏။ အများစုမှာ တတိယအဆင့်နှင့် အထက်ရှိ သိုင်းသမားများ ဖြစ်ကြသည်။ ပထမအဆင့် သိုင်းသမား ၆‌ယောက်၏ တိုက်ခိုက်မှုပင် တစ်ကြိမ် ဖြစ်ပွားခဲ့၏။

သုယွီယင်း၏ အစောင့်များက ခုခံနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ရွှီယန်က ရှေ့သို့တက်ကာ လက်ဝါးတစ်ချက်နှင့် ထိုလူအားလုံးတို့ကို ရိုက်ထုတ်ခဲ့ရ၏။

နောက်ထပ် သိုင်းသခင်တစ်ယောက် တိုက်ခိုက်လာခဲ့ပြန်သည်။ ဒီတစ်ကြိမ်၌ နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်တစ်ယောက် မဟုတ်ပေ။ လန်းဖင်ဒေသရှိ ဂုဏ်သရေရှိ သိုင်းသခင်တစ်ယောက် ဖြစ်၏။

ယန်ခွမ်းက ရှေ့သို့တက်ကာ သူ၏ နာမည်ကို ပြောပြန်လေသည်။ တစ်ဖက်လူက ယန်ခွမ်းကို တတိယတန်းစား သိုင်းသခင်တစ်ယောက် ဖြစ်သည့်အတွက် တစ်ခါတည်း လှောင်ပြောင်၏။

အကျိုးဆက်အနေနှင့် ယန်ခွမ်းသည် ရွှီယန်ကို အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်တစ်ပင် အကြွေး ထပ်တင်သွားလေသည်။

လမ်းတလျှောက်တွင် တိုက်ခိုက်လာသူများ ပိုမိုပိုမိုကာ တိုးပွားလာနေ၏။ အဆိပ် အသုံးပြုမှုများ၊ ထောင်ချောက်များကဲ့သို့ အရာများပင် ပါဝင်လာခဲ့သည်။ လူအုပ်စု၏ ခရီးသွားမှုက များစွာ ပိုမိုနှေးကွေးသွား၏။

ရွှီယန်ကးလည်း သတိမပြတ်ရှိနေပြီး အမြဲတမ်း စောင့်ကြပ်နေရသည်။

တစ်နေ့တွင် မြင်းခွာသံများ ပဲ့တင်ကာ ထွက်လာမှုကို ကြားလိုက်ရ၏။ ကြီးမားလှသည့် စစ်တပ်တစ်ခု ချီတက်လာသည့်ပုံ ရှိသည်။ သူတို့ဆီသို့ အနက်ရောင်ဝတ်စုံနှင့် လူများ အုပ်လိုက် ပြေးဝင်လာခဲ့၏။

"လန်းဖင်ဒေသရဲ့ အစောင့်တွေ.."

ယန်ခွမ်းက အံကိုကြိတ်သည်။ တိုက်ခိုက်လာသူများ အားလုံးသည် ဝတ်စုံနက်များကို ဝတ်ဆင်ထားပေမယ့် မျက်စိစူးရှသူတစ်ယောက် အနေနှင့် ထိုလူများအား လန်းဖင်မြို့မှ အစောင့်များ ဖြစ်သည်ဟု ပြောနိုင်ပါသည်။

"ဘုန်း.."

စစ်တပ်၏ အထက်မှ ပုံရိပ်တစ်ခု မြင့်တက်လာခဲ့၏။ ထိုသူက ယန်ခွမ်းဆီသို့ တည့်မတ်စွာ ရွေ့လျားလာခဲ့သည်။

ရှင်းလင်းစွာပင် သူ၏ ပစ်မှတ်မှာ သိုင်းသခင်ယန်ခွမ်းဖြစ်၏။

"သခင်လေး.. စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅၀၀၀.. ကျွန်မတို့ကို ဒီအတားအဆီးကနေ ချိုးဖျက်နိုင်အောင် လုပ်ပေးပါ.."

သုယွီယင်းက ညို့မှိုင်းသည့် မျက်နှာဖြင့် ပြော၏။

"ကိစ္စမရှိဘူး.."

ရွှီယန်၏ စစ်တပ်ကြီးတစ်ခုကို ရင်ဆိုင်ဖူးသည့် အတွေ့အကြုံနှင့် အတွင်းဘက်နယ်မြေရှိ စစ်တပ်သည် ပိုမို သန်မာလျှင်တောင် သူ၏ခွန်အားမှာလည်း မူလအတိုင်း ရပ်တန့်နေတာ မဟုတ်ပေ။

အစစ်အမှန်ချီက စတင်လှည့်လည်လာပြီး  ကျယ်လောင်သော ဟိန်းသံတစ်ခုနှင့်အတူ ရွှေရောင်နဂါးကြီး၁၈ကောင်တို့ ပေါက်ကွဲထွက်လာခဲ့၏။ ချီတက်လာနေသည့် စစ်တပ်ကို ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်ပြီး ရန်သူများကို ထိတ်လန့်စွာဖြင့် စနစ်ကျမှုတို့ ပျက်ပြားသွားစေသည်။

သုယွီယင်းနှင့် သူမ၏ လူများက ရွှီယန်၏နောက်မှ နီးကပ်စွာလိုက်၏။ တိုက်ခိုက်လာသည့် ရန်သူ သိုင်းသခင်တစ်ယောက်ပင် ရွှီယန်၏ လက်ဝါးချက်လေးတစ်ချက်ကို ခံလိုက်ရပြီး လေထဲ၌ လွင့်စင်ထွက်သွား၏။

စစ်တပ်တစ်ခုလုံးက ပြိုလဲကုန်ပြီး ယန်ခွမ်းနှင့် အခြားသူများကို ရှင်းမပြနိုင်သည့် အံ့သြမှုတစ်ခုအား ခံစားရစေသည်။

နဂါးကြီး၁၈ကောင်၏ အရပ်မျက်နှာ အားလုံးတို့ဆီသို့ ထွက်ခွာသွားသည့် မြင်ကွင်းက သူတို့၏ စိတ်ထဲတွင် နက်ရှိုင်းစွာ ပုံရိပ်ထင်နေ၏။

"ဒါက ဘယ်လို သိုင်းပညာမျိုးလဲ။ ဒီလောက်စွမ်းအားကြီးတဲ့ သိုင်းပညာကို အတွင်းဘက်နယ်မြေမှာ တစ်ခါမှ မကြားဖူးခဲ့ဘူး.."

ယန်ခွမ်းက ထိတ်လန့်သွားသည်။ သူသည သိုင်းသခင်တစ်ယောက် ဖြစ်၏။ သို့ပေမယ့် ယခုကဲ့သို့ စွမ်းအားကြီးမားသည့် သိုင်းပညာကို ဘယ်တုန်းကမှ ကြားဖူးခဲ့ခြင်းမရှိပေ။

အတွင်းဘက်နယ်မြေတွင် ဘယ်အချိန်က ယခုကဲ့သို့ သိုင်းပညာ ပေါ်ပေါက်လာရသနည်း။

ဝန်းရံမှုကို ဖြတ်ကျော်ပြီးနောက် လူစုသည် ရှေ့သို့ဆက်လက် ချီတက်ခဲ့ကြသည်။ မြေပြင်ပေါ်တွင် လဲကျနေသည့် လန်းဖင်အစောင့် အားလုံးတို့မှာ အချိန်အတော်ကြာအောင် ပြန်ထနိုင်ခြင်း မရှိဘဲ ဖြစ်နေကြ၏။

ရွှီယန်နှင့် လူစုတို့ ထွက်ခွာသွားမှသာလျှင် ယိုင်နဲ့သည့် ခြေလှမ်းများဖြင့် လှုပ်ရှားလာနိုင်ကြသည်။ အားလုံးတို့မှာ ဖြူရော်နေကြ၏။

အလွန်ကြောက်ဖို့ ကောင်းလှပါသည်။ နဂါးကြီး၁၈ကောင်၏ ကြောက်စရာကောင်းသည့် ဝင်ရောက်လာမှုက မြို့စောင့်စစ်သည် အားလုံးတို့ကို  ထိတ်လန့်ကြောက်ရွံ့စွာ ခံစားရစေ၏။

ဒဏ္ဍာရီဆန်သည့် စစ်ဘုရင်များပင်လျှင် ယခုမျှအထိ စွမ်းအားကြီးနိုင်မည်လားဟု သံသယဝင်မိ၏။

လန်းဖင်စီရင်စု၏ ပိုင်နက်မှ ထွက်ခွာပြီးနောက် ရက်ပေါင်းများစွာ ကြာသည့်တိုင်အောင် မည်သည့်တိုက်ခိုက်မှုကိုမှ ကြုံတွေ့ရခြင်း မရှိပေ။

နောက်ဆုံးတွင် သုယွီယင်းလည်း စိတ်သက်သာရာ ရသွား၏။ သူမတို့တွင် ချောမွေ့သည့် ခရီးလမ်းသာ ကျန်တော့မည်ဟု တွေးမိလေသည်။

သို့ရာတွင် လမ်းကြောင်း၌ တစ်ခုတည်းသော လက်ဖက်ရည် တဲတစ်ခု ပေါ်လာခဲ့၏။ ရုတ်တရက် သူမတို့ဆီသို့ ပုလွေတေးသွားတစ်ခု ပျံ့လွင့်လာခဲ့သည်။

တေးသွားက နားထောင်ရတာ အလွန် သာယာနာပျော်ဖွယ် ကောင်းကာ လူတစ်ယောက်ကို ၎င်းနှင့်အတူ လိုက်လံကခုန် ချင်မိစေ၏။

သုယွီယင်း၏ အစောင့်များ၏ မျက်နှာက အချိန်တိုင်း လေးနက်နေပြီး တည်ကြည်စွာ ရှိနေပါသည်။ သို့ပေမယ့် ဒီအချိန်၌ သူတို့၏ ဦးခေါင်းများက စတင်လှုပ်လာခဲ့၏။

ပုလွေသံအပေါ်တွင် ယစ်မူးလာပြီး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်အောင် ဖြစ်လာခဲ့သည်။

ချွေအာက ရထားလုံး၏ ပြတင်းပေါက်ကို ဖွင့်ကာ သူမ၏ မျက်လုံးများက ကြောင်တောင်နေပါသည်။

"မကောင်းတော့ဘူး.."

ယန်ခွမ်းက ရုတ်တရက် ဒေါသတကြီး အော်လိုက်၏။ သူ၏ သိုင်းပညာ အတွင်းအားချီက ပျံ့လွင့်သွားပြီး သိုင်းသခင်တစ်ယောက်၏ အငွေ့အသက်က ပေါက်ကွဲထွက်လာခဲ့သည်။ ချက်ချင်းပင် အစောင့်များနှင့် ချွေအာကို သတိဝင်လာစေခဲ့၏။

"ဒါက ပုံရိပ်တစ်ထောင် ညှို့ယူခြင်း ပုလွေပဲ။ မင်းတို့ရဲ့ အာရုံခံမှုကို မြန်မြန်လေးပိတ်ပြီး နားတွေကို ဆို့ထားကြ.."

ချွေအာက ဖြူရော်သွား၏။ အစောင့်များလည်း ချက်ချင်းပင် သူတို့၏ အဝတ်များကို ဆွဲဖြဲကာ အလုံးလုံးပြီး နားများအတွင်းသို့ ထည့်လိုက်သည်။

သိုင်းသခင်တစ်ယောက် ဖြစ်သည့် ယန်ခွမ်းပင်လျှင်  လေးနက်လာခဲ့၏။ သူလည်းပဲ အဝတ်တစ်ခုကို စုတ်ဖြဲကာ နားတွင်ဆို့လိုက်သည်။

"လူငယ်... မင်းရဲ့နားတွေကို မြန်မြန်လေးပိတ်ထား။ ဒါက နတ်ဆိုးဂိုဏ်းရဲ့ အထွတ်အထိပ် သိုင်းသခင်တစ်ယောက် အသုံးပြုတဲ့ ပုံရိပ်တစ်ထောင် ညှို့ယူခြင်းအသံပဲ.."

ရွှီယန်၏ မြင်းပေါ်တွင် မလှုပ်မရှားဘဲ ထိုင်နေဆဲရှိပုံကို တွေ့ရပြီးနောက် ယန်ခွမ်းက စိုးရိမ်စွာ သတိပေး၏။

"စိတ်မပူပါနဲ့။ ဒီသံစဉ်ကို ကြည့်ရတာ နားထောင်ရတာ တော်တော်လေးကောင်းတယ်.."

သို့ရာတွင် ရွှီယန်မှာ ပဟေဠိဖြစ်သွား၏။ ပုလွေသံက ချိုမြပေမယ့် အတွင်းထဲတွင် စွမ်းအားတစ်ခု ပါရှိနေ၏။ ၎င်းသည် လေညှင်းကဲ့သို့ ညင်သာလှပြီး တိတ်ဆိတ်စွာဖြင့် နားထဲသို့ ဖောက်ထွင်းဝင်ကာ သူ့ကိုညှို့ယူနေသကဲ့သို့ ရှိသည်။

'အတွင်းဘက်ဒေသရဲ့ သိုင်းပညာတွေမှာ ရန်သူကို အသံနဲ့ သတ်ဖြတ်နိုင်တဲ့ အတတ်မျိုးလည်း ရှိတာပဲ..'

'ဆရာပြောတာ မှန်တယ်။ အတွင်းဘက်နယ်မြေမှာ အတုအယောင် သိုင်းပညာကို ကျင့်ကြံတယ်ဆိုပြီး လုံးဝအသုံးမဝင်ဘူးလို့ တွေးလို့မရဘူး။ ဒီမှော်ဆန်တဲ့ အသံက တကယ့်ကို ထူးခြားချက်တွေ ရှိတယ်..'

'ငါကစစ်မှန်တဲ့ သိုင်းပညာကို ကျင့်ကြံလို့ ငါ့အပေါ် သက်ရောက်နိုင်ခြင်း မရှိပေမယ့်လို့ပေါ့... ငါလည်း  အသံနဲ့ ရန်သူကို သတ်ဖြတ်တဲ့ နည်းလမ်းတစ်ခုကို  တတ်မြောက်လာရင် ဘယ်လိုဖြစ်မလဲ..'

ရွှီယန်က စိတ်ဝင်စားသွားသည်။

ယန်ခွမ်း၏ ပုံစံက  ချက်ချင်း ပြောင်းလဲနေ၏။

"ညီငယ်လေး... မင်းရဲ့နားတွေကို မြန်မြန်လေးပိတ်ထား.."

သူက ရွှီယန်ကို မကောင်းဆိုးဝါး အသံ၏ ညှို့ယူခြင်းအား ခံလိုက်ရပြီဟု မှားယွင်းစွာ ထင်သွားမိ၏။ အတွင်းအားချီကို အမြန်လှည့်လည်ကာ သတိပေးသည်။

ရွှီယန်က ခေါင်းလှည့်ကြည့်ကာ ပြော၏။

"ခင်ဗျားက သိုင်းသခင်တစ်ယောက်ပဲ။ ဒါပေမယ့် စိတ်အာရုံစိုက်နိုင်မှုက အရမ်းကို ညံ့ဖျင်းလွန်းတယ်။ ဒီအသံလေးနဲ့တောင် ဒီလောက်ကြောက်နေရလား.."

ယန်ခွမ်း၏ မျက်နှာက မဲမှောင်သွားသည်။

"ကျေးဇူးပြုပြီး ဒီညှို့ယူခြင်းအသံကို ဖျက်ဆီးပေးပါလား.."

ယန်ခွမ်းက အသက်ကို နက်ရှိုင်းစွာရှူ၏။

သူသည် ယခုအချိန်၌ ပုံရိပ်ယောင်တစ်ထောင် ညှို့ယူခြင်း အသံကို  တောင့်ခံနိုင်ရုံသာ ရှိပါတော့သည်။ မကြာခင်တွင် မျက်လုံးများထဲ၌ ရေတေးသည့် ပုံရိပ်ယောင်များ စတင်ပေါ်လာခဲ့၏။

"မလုပ်သေးဘူး။ နားထောင်ရတာ မဝသေးဘူး။ ဒါက အန္တရာယ်လည်း မရှိပါဘူး.."

ရွှီယန်က ပြတ်သားစွာ ငြင်းဆန်၏။

ထိုပုံကို တွေ့ရပြီးနောက် ယန်ခွမ်းက အကူအညီမဲ့သွားပြီး ရထားလုံးအတွင်းသို့သာ ပြန်ဝင်ရသည်။ သူ၏စိတ်ကို အာရုံစိုက်ကာ ပုံရိပ်ယောင်တစ်ထောင် နတ်ဆိုးအသံကို ဆန့်ကျင်၏။

ဒီအချိန်၌ သုယွီယင်း၏ အစောင့်များလည်း  မျက်နှာများ နီရဲနေကြပါပြီ။ ယိုင်နဲ့စွာဖြင့် ရှေ့သို့ဆက်လက် သွားရင်းမှ လက်ဖက်ရည်တဲဆီသို့ ဦးတည်နေ၏။

ရထားလုံးအတွင်းတွင် ချွေအာ၏ မျက်နှာက နီရဲနေပြီး သူမ၏ မြင်ကွင်းတွင် မည်ကဲ့သို့သော ပုံရိပ်ယောင်များ ပေါ်လာလဲ မသိပေ။ တိုးညှင်းသည့် ရေရွတ်သံတို့ ထွက်ပေါ်လာ၏။

"သခင်လေး...သခင်လေးမလုပ်ပါနဲ့..."

သုယွီယင်းက သူမ၏ လက်များကို အတူတူစုထားပြီး အသက်ရှူမှုက လေးလံလာခဲ့သည်။ ရင်ဘတ်က ပြင်းထန်စွာ ရှူရှိုက်နေ၏။ သူမလည်း ကြီးစွာသော ခက်ခဲမှုနှင့် တောင့်ခံနေရသည်။

အဆုံးသတ်တွင် ပုဝါကို ချွတ်လိုက်ကာ လှပသည့် မျက်နှာက ပေါ်လာ၏။ နူးညံ့သည့် ပါးနှစ်ဖက်က နီရဲနေပြီး ဖြစ်သည်။ ရထား လုံးက ရပ်တန့်သွားပြီး လူအုပ်လည်း လက်ဖက်ရည်တဲ၏ ရှေ့တွင် ရပ်တန့်သွားကြ၏။

ရွှီယန်က တဲအတွင်းရှိ ဝတ်စုံဖြူနဲ့လူကို စိတ်ဝင်စားစွာ ကြည့်သည်။ ခဏတာအတွင်း တစ်ဖက်လူကို ယောက်ျားလား မိန်းမလားဟူ၍ ပြောနိုင်ခြင်း မရှိပေ။

တစ်ဖက်လူ၏ မျက်နှာက သွယ်လျကာ မိတ်ကပ်များကို လိမ်းကြံထား၏။ နီဆွေးသော နှုတ်ခမ်းများက ပုလွေကို ကပ်ထားကာ မျက်လုံးများကို အနည်းငယ် မှိတ်ထားသည်။ သံစဥ်ကို တီးခတ်နေ၏။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်တို့က လိုက်ဖက်ညီစွာ စီးထွက်လာပြီး ပုလွေကို အားဖြည့်တင်းကာ အရပ်မျက်နှာအားလုံးတို့ဆီသို့ ပဲ့တင်ထပ် ဖြန့်ကျက်သွားသည်။

အနီးကပ် ကြည့်ချိန်၌ ညှို့ယူဖမ်းစားသည့် စွမ်းအားကို ပိုမိုကြီးမားစွာ ခံစားလာရ၏။ ရွှီယန်က တိတ်ဆိတ်စွာ စူးစမ်းနေပါသည်။ စိတ်အားထက်သန်စွာဖြင့် ခံစားကြည့်ရင်းမှ အတွေးနက်သွား၏။

သုယွီယင်းက လှည်းအတွင်းမှ ထွက်လာခဲ့ပြီးဖြစ်သည်။

သူမက နှုတ်ခမ်းကို ကိုက်ကာ ရွှီယန်၏ မြင်းရှေ့သို့လျှောက်သွား၏။

"သခင်လေး... စိတ်ဝိဉာဉ်ဆေးပင် ၃ခုနဲ့ လဲလှယ်ပါမယ်။ ကျေးဇူးပြုပြီး ဒီအခြေအနေကနေ လွတ်ကင်းအောင် လုပ်ပေးပါ.."

ယခုအချိန်၌ သုယွီယင်း နားလည်လာခဲ့သည်။ သူမတွင် လုံလောက်သည့် စိတ်ဝိဉာဉ်ဆေးပင်များသာ ရှိပါက မဖြေရှင်းနိုင်သည့် ပြဿနာ မရှိပေ။

All Chapters