အသံဖြင့် သတ်ဖြတ်ခြင်းအတတ်၊ စိတ်ပျက်သွားသည့် ပုံရိပ်ယောင်တစ်ထောင် နတ်ဆိုးသိုင်းသခင်
Vol. 12 Ch. 170
ရွှီယန်က ပုံရိပ်ယောင်တစ်ထောင် နတ်ဆိုးသံစဉ်အား နီးကပ်စွာ နားထောင်နေ၏။ ထိုအထဲရှိ စွမ်းအားကို နားလည်သဘောပေါက်အောင် ကြိုးစားသည်။
ပုလွေမှ ထွက်ပေါ်လာသည့် ရှင်းလင်းသော အသံများက လူတစ်ယောက်၏ စိတ်နှင့် ခန္ဓာကိုယ်အတွင်းသို့ တစ်ခါတည်း ချိုးဖျက်ဝင်ရောက်သွားသည့်နှယ် ရှိသည်။
နှလုံးခုန်မှုနှင့် ပုလွေသံတို့ အတူတူ ပေါင်းစပ်သွားသည့်ပုံ ရှိ၏။
ပုလွေရပ်တန့်သွားပါက နှလုံးခုန်မှုလည်း ရပ်တန့်သွားမည်ဟု ခံစားချက်တစ်ခုအား ရနေ၏။
ထိုပုလွေသံကို ကြားရသည့် လူများသည် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုမရှိစွာ သူတို့၏ မျက်လုံးထဲတွင် ပုံရိပ်ယောင်များအား မြင်လာတတ်ကြသည်။
သံစဉ်မှာလည်း လူတစ်ယောက်၏ နှလုံးသားထဲရှိ သက်ဆိုင်ရာ အတွေးများကို ချဲ့ထွင်နိုင်ပုံပေါ်ပြီး ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲနိုင်၏။
'ဒီလိုအသံနဲ့ သတ်ဖြတ်ခြင်းအတတ်က ထူးတော့ထူးကဲတယ်။ ခုခံဖို့လည်း ခက်ခဲတယ်။ အားနည်းတဲ့လူတွေဆိုရင် ကြားတာနဲ့ နစ်မွန်းသွားပြီး ကိုယ့်ကိုယ်ကို ရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး..'
ရွှီယန်သည် သူ့အနေနှင့် နားလည်မှုအချို့ ရလာသည်ဟု ခံစားရ၏။
'ပုံရိပ်ယောင်တစ်ထောင် နတ်ဆိုးသံစဉ်... ဒါက ဒီလိုကို... တော်တော်လေး နက်ရှိုင်းတယ်။ ဒါပေမယ့် အားနည်းလွန်းနေတယ်။ သိုင်းပညာကိုယ်တိုင်က အားနည်းတာလား။ ဒါမှမဟုတ် အသုံးပြုနေတဲ့ လူကပဲ လုံလုံလောက်လောက် မသန်မာတာလား မသိဘူး..'
ရွှီယန်က အံ့သြသွား၏။ သူသည် အသံဖြင့် သတ်ဖြတ်ခြင်း အတတ်အား ကိုယ့်ကိုယ်ကို နားလည်မှု ရလာခဲ့သည်။
ဤသည်မှာ အံ့သြစရာကောင်းလောက်အောင် တိုက်ခိုက်နိုင်ပြီး ရန်သူကို တစ်ခါတည်း သတ်နိုင်စွမ်းရှိသော စွမ်းအားကြီးမားသည့် အတတ် ဖြစ်သည်။
သို့ရာတွင် ပုံရိပ်တစ်ထောင် နတ်ဆိုးသံစဥ်က သူ စိတ်ကူးထားသည်လောက် သန်မာခြင်း မရှိပါ။ သူ့အနေနှင့် သတိထားကာ ခုခံနေရန်ပင် မလိုပေ။
နတ်ဆိုးသံစဉ်က သူ၏နားထဲသို့ ဝင်ရောက်ပြီးနောက် သာမန်သံစဉ်တစ်ခုသို့ပင် ရှိနေပြီး သူ၏စိတ်ကို နှောင့်ယှက်နိုင်ခြင်း လုံးဝ မရှိပေ။
သူ၏ဘေးရှိ သုယွီယင်းဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။ ရွှီယန်က ချက်ချင်းပင် ဝမ်းသာသွားသည်။
နောက်ထပ် အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင် ၃ခုတို့ လက်ထဲသို့ ရောက်လာပေတော့မည်။
သူကသုယွီယင်းကို ကြည့်သည်။ သူမ၏ အချိုးကျသည့် မျက်နှာလေးက နီရဲနေပြီး မျက်လုံးများက ရီဝေလာခဲ့၏။ သူမလည်း ပုံရိပ်ယောင်အတွင်းသို့ နစ်မျောသွားတော့မည့်ပုံ ရှိသည်။ သို့ပေမယ့် အားတင်းထားဆဲ ရှိ၏။
'သူမက မဆိုဘူး... အဆင့်သုံးအဆင့် ခွန်အားလေးနဲ့ ဒီအချိန်အထိ ထိန်းထားနိုင်သေးတယ်..'
ရွှီယန်က အနည်းငယ် အံ့သြသွားသည်။ အစောင့်များမှာ အားလုံးယိမ်းထိုးကာ ပတ်ဝန်းကျင်တွင် ကနေသူများပင်ရှိ၏။ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်တော့မည် အသွင်သဏ္ဍာန်များလည်း ရှိသည်။
လှည်းထဲရှိ အစေခံ ချွေအာမှာ ညင်သာသည့် ဆူညံသံများကို ထုတ်လွှတ်နေပြီး ကြည့်ရတာ ပုံရိပ်ယောင်တစ်ခုခုအတွင်း၌ လမ်းပျောက်နေသည့်ပုံ ရှိသည်။
ယန်ခွမ်းအတွက် လှည်းမောင်းပေးသည့် မြင်းမောင်းသမားမှာ ပထမအဆင့် သိုင်းသမားတစ်ယောက် ဖြစ်၏။
ယခုအချိန်၌ သူ၏အငွေ့အသက်က တည်ငြိမ်မှုမရှိဘဲ မျက်လုံးများက နီရဲလာခဲ့သည်။ လေးလံစွာ အသက်ရှူရင်းက လည်ချောင်းမှ လှိုင်ခေါင်းသံများ ထွက်လာ၏။
သူသည် ပုံရိပ်ယောင်တစ်ထောင် သံစဉ်အတွင်းတွင် ပိတ်မိနေခဲ့ပါပြီ။
လှည်းထဲရှိ ယန်ခွမ်းမှာတော့ သူက ကျင့်ကြံမှုကို ထုတ်လွှတ်ပြီး ပုံရိပ်ယောင်တစ်ထောင် နတ်ဆိုးသံစဉ်ကို ခုခံနေပါသည်။ သို့ပေမယ့် သူလည်း ကောင်းမွန်စွာ ခံစားရခြင်း မရှိပေ။ အခြေအနေက သုယွီယင်းထက် အနည်းငယ်သာ ပိုမိုကောင်းမွန်၏။
ဤသည်ကို ကြည့်ခြင်းအားဖြင့် သုယွီယင်းမှာ တော်တော်လေး ထူးချွန်လှကြောင်းကို တွေ့မြင်နိုင်သည်။
"ကောင်းပြီ.. သဘောတူတယ်.."
ရွှီယန်က စိတ်အားထက်သန်စွာ သဘောတူ၏။ လက်ဝါးကို အနည်းငယ် ဝှေ့ယမ်းလိုက်ပြီးနောက် ကျယ်ပြောသည့် အားတစ်ခုက ထွက်ပေါ်လာပြီး သုယွီယင်းကို လွှမ်းခြုံသွားသည်။
ပုံရိပ်ယောင်တစ်ထောင် နတ်ဆိုးသံစဥ်က ထိုကြီးမားလှသည့် စွမ်းအားကို ချိုးဖျက်ရန် လုံးဝ ကျရှုံးသွား၏။
ဤသည်မှာ နဂါးနိုင်လက်ဝါးသိုင်း၏ စစ်မှန်သည့် အဓိပ္ပါယ် ဖြစ်သည်။ သုယွီယင်းက သတိပြန်လည်လာပြီးနောက် တိတ်တဆိတ် စိတ်သက်သာရာ ရသွား၏။
သူမ၏ ပုဝါကို ပြန်ဝတ်ကာ နက်ရှိုင်းစွာ အံ့ဩသွားသည်။ ဘေးရှိလူငယ်ကို မည်မျှ သန်မာလိုက်သနည်းဟု အံ့ဩနေမိ၏။
ယခုအချိန်၌ သူမကို လွှမ်းခြုံနေသည့် ကြီးစိုးလှသည့် အားတစ်ခုကို ခံစားနေရသည်။ ပုံရိပ်ယောင်တစ်ထောင် နတ်ဆိုးသံစဉ်က သူမ၏ နားထဲတွင် သာမန်သံစဉ်တစ်ခုအဖြစ် ပြောင်းလဲလာခဲ့၏။
အစောင့်များနှင့် လှည်းအတွင်းရှိ ယန်ခွမ်းတို့၏ ကောင်းမွန်ခြင်းမရှိသည့် အခြေအနေကို တွေ့ရပြီးနောက် အကူအညီမဲ့စွာဖြင့် ပြောသည်။
"သခင်လေး... ပုံရိပ်ယောင်တစ်ထောင် နတ်ဆိုးသံစဉ်ကို ချိုးဖျက်ဖို့အတွက် အဆင့်၇စိတ်ဝိဉာဉ် ဆေးပင်တစ်ပင် ပေးပါမယ်.."
သို့ပေမယ့် ရွှီယန်က ရိုးရှင်းစွာ ခေါင်းကိုရမ်းသည်။
"မရဘူး... ငါနားထောင်လို့ မပြီးသေးဘူး.."
သုယွီယင်း နားမလည်နိုင်ပေ။ တစ်ဖက်လူသည် ပုံရိပ်ယောင်တစ်ထောင် နတ်ဆိုးသံစဉ်အား သီချင်းတစ်ပုဒ်အဖြစ် အမှန်တကယ် နားထောင်နေသည်လား။
သူမက အသက်ကို နက်ရှိုင်းစွာရှူပြီး ပြောသည်။
"ဒါဆိုရင် ကျေးဇူးပြုပြီး သူတို့ကို ဒီအခြေအနေက နေရုန်းထွက်နိုင်အောင် ကူညီပေးပါ.."
"ကိစ္စမရှိဘူး.."
ရွှီယန်က လှိုက်လှိုက်လှဲလှဲပင် သဘောတူ၏။
"ဘဇ်.."
နဂါး၏ ထည်ဝါသည့် လက်ဝါးအားက ကျယ်ပြန့်လာပြီး လူတိုင်းကို လွှမ်းခြုံသွားသည်။ ချက်ချင်းပင် အစောင့်အားလုံးတို့ သတိ ပြန်လည်လာကြ၏။
သို့ပေမယ့် သူတို့သည် လေးလံစွာ မောဟိုက်နေကြပြီး လုံးဝပင်ပန်းနေသည့်ပုံ ရှိကြသည်။ ကြီးမားသည့် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ရပုံ ပေါ်၏။
ယန်ခွမ်း၏ အရိုးများထဲမှာ အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။ သိုင်းသခင်တစ်ယောက်ဖြစ်သည့် သူပင်လျှင် ပုံရိပ်တစ်ထောင် နတ်ဆိုးသံစဉ်အား အားကုန်သုံးကာ ခုခံနေရ၏။
သို့ပေမယ့် ရွှီယန်၏ မျက်လုံးထဲတွင် ဤသည်မှာ အလွယ်တကူ ခုခံလို့ရသည့် အတတ်တစ်ခု လေးလား။
'သူက စစ်ဘုရင်တစ်ယောက်များလား..'
ထိုအတွေးက ယန်ခွမ်း၏ စိတ်ထဲ၌ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ခေါင်းကိုရမ်းကာ ငြင်းဆန်၏။
'မဟုတ်ဘူး... သေချာပေါက် မဖြစ်နိုင်ဘူး... သူက ဝါရင့်သိုင်းသခင်တစ်ယောက်.. သို့မဟုတ် အထွတ်အထိပ် သိုင်းသခင်တစ်ယောက် ဖြစ်လိမ့်မယ်..'
ထိုယူဆချက်ကပင် သူ့ကို ပြောစရာစကား မဲ့လောက်အောင် အံ့ဩမိစေပြီး ဖြစ်၏။
ရွှီယန်သည် မည်မျှ အသက်ကြီးသေးလို့နည်း။ သိုင်းသခင်တစ်ယောက် ဖြစ်နေပြီး အထွတ်အထိပ် သိုင်းသခင်တစ်ယောက်ပင် ဖြစ်နိုင်ပါသည်။
သူ့ကိုယ်သူ တစ်ဖက်လူနှင့် နှိုင်းယှဉ်ပါက အမှိုက်တစ်ခုဟု ခံစားရ၏။ လူများအကြားတွင် အဘယ်ကြောင့် ယခုမျှအထိ ကြီးမားသည့် ခြားနားချက်တို့ ရှိနေရသနည်း။
အခြားလူများကို ကယ်တင်ပြီးနောက် ရွှီယန်က ကိုယ့်ကိုယ်ကို ပုံရိပ်ယောင်တစ်ထောင် နတ်ဆိုးသံစဉ်အား နားထောင်ခြင်း၌ နှစ်မြှုပ်ထား၏။
သူ့အနေနှင့် အသံဖြင့် သတ်ဖြတ်ခြင်း အတတ်တစ်ခုကို နားလည်နိုင်မည်ဟု ခံစားရသည်။ ထိုအခါ သူ၏ခွန်အားက အနည်းငယ် တိုးတက်လာမှာ ဖြစ်၏။
'ဆရာပြောတာ မှန်တယ်... ငါအနှစ်သာရကို သင်ယူပြီး ကိုယ်ပိုင်ဖြစ်အောင်လို့ လုပ်ရမယ်။ ဒီပုံရိပ်ယောင်တစ်ထောင် နတ်ဆိုးသံစဥ်က သင်ယူနိုင်တဲ့ အရာတစ်ခုပဲ..'
ရွှီယန်က မြင်းပေါ်တွင် ထိုင်ရင်းမှ သံစဉ်ကို တိတ်တဆိတ် နားထောင်နေ၏။ ရုတ်တရက် ပုလွေသံက အရှိန်မြင့်လာခဲ့သည်။
ပြင်းထန်လာနေသည့် ဓားများ၊ ဒုန်းဆိုင်းလာသည့် မြင်းစီးစစ်သည်များ ကဲ့သို့ ရှိ၏။ သံစဉ်အတွင်းတွင် လူသတ်ငွေ့တို့ ပါလာခဲ့ပြီး မမြင်နိုင်သည့် ဓားများက ပြေးဝင်သတ်ဖြတ်လာသည့်နှယ် ရှိသည်။ ထိုအသံလှိုင်းများက ပြင်းထန်ကာ ကြောက်ဖို့ကောင်းလှ၏။
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားသည်။ ထိုအချိန်၌ ပုံရိပ်ယောင်တစ်ထောင် နတ်ဆိုးသံစဉ် အားလုံးတို့ သူ့ဆီသို့ ဦးတည်လာခဲ့၏။
"ဘုန်း.."
အသံများ ထွက်ပေါ်လာပြီး လက်နက်များ ထိရိုက်သကဲ့သို့... လှိုင်းများ လိမ့်ဆင်းလာသကဲ့သို့.. သူ့ဆီသို့ ဆက်တိုက်ရောက်ရှိလာခဲ့သည်။
ရွှီယန်က လက်ဝါးကို အနည်းငယ်မြှောက်ကာ နဂါးနိုင်လက်ဝါး၏ အားဖြင့် အသံလှိုင်းကို ရင်ဆိုင်၏။ သံစဉ် အတွင်းထဲရှိ အနှစ်သာရနှင့် သတ်ဖြတ်ခြင်း အတတ်ကို ဆက်လက်လေ့လာသည်။
နားထောင်ရင်းက နည်းပညာက ပိုမိုပိုမိုကာ ရှင်းလင်းလာခဲ့၏။ သူ၏ စိတ်ထဲတွင် နားလည်မှုအချို့ ရရှိလာသည့်ပုံ ရှိ၏။
'ငါ့ရဲ့ နဂါးနိုင်လက်ဝါးသိုင်းက နဂါးတွေရဲ့ ကြီးစိုးခြင်းကို နားလည်သဘောပေါက်ထားပေမယ့် နဂါးအသံမှာတော့ လစ်ဟင်းနေသေးတယ်။ နဂါးတစ်ကောင်ရဲ့ ထည်ဝါမှုနဲ့ အမျက်ဒေါသကို ငါဘယ်လိုမျိုး ထုတ်ဖော်သင့်သလဲ..'
'နဂါးရဲ့ ဟိန်းသံက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို လှုပ်ခါစေတယ်။ ဒါကမှ အမျက်ဒေါသရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ပဲ..'
ထိုအချိန်၌ ရွှီယန်သည် ဉာဏ်လင်းတစ်ခု ရလာခဲ့သည်။ သူ၏ လက်ဝါးပေါ်တွင် ရွှေရောင်နဂါးကြီးက ထွက်ပေါ်လာ၏။
၎င်း၏ မျက်လုံးများက လင်းလက်နေပြီး နဂါး၏ ထည်ဝါသည့် အငွေ့အသက်တို့ လှိုင်းထလာခဲ့သည်။ ချက်ချင်းပင် ရွှေရောင်နဂါးကြီးက ပါးစပ်ကိုဟကာ ဟိန်းလိုက်၏။
"ဝေါင်း.."
နဂါးအော်သံနှင့်အတူ ကြီးမားလှသည့် အားတစ်ခုက ကောင်းကင်နဲ့ ကမ္ဘာမြေအကြားတွင် ထွက်ပေါ်လာခဲ့၏။
သက်ရှိအားလုံးတို့ကို ဝပ်ဆင်းသွားစေသည်။
'မဟုတ်ဘူး... မဟုတ်သေးဘူး... သိပ်ပြီးတော့ မမှန်သေးဘူး... ဒါက နဂါးဟိန်းသံရဲ့ ကြီးမြတ်မှုကို မသယ်ဆောင်ထားဘူး။ ရန်သူကို သတ်ဖြတ်ဖို့ စွမ်းအားတွေ မပါဝင်ဘူး။ ဒါက ပိုပြီးတော့ ကျယ်လောင်တဲ့ ပုံမှန်ဟိန်းသံ တစ်ခုပဲ ဖြစ်တယ်...'
လည်း ပြောင်းလဲမှုအချို့ ယူဆောင်လာနိုင်ရန် မျှော်လင့်၏။