နဂါးဟိန်းသံ၏ အစစ်အမှန် အဓိပ္ပာယ်၊ အကြွင်းမဲ့ လေးရပ် သိုင်းသခင်များ(၃)
Vol. 12 Ch. 174
ကြမ်းတမ်းသည့် ခရီးအား ဆယ်ရက်ကျော်ကြာ ခရီးသွားအပြီးတွင် သုယွီယင်းက သူမ၏ မျက်နှာပုဝါကို ဖယ်လိုက်သည်။
ယခုအချိန်၌ သူမ၏ မျက်နှာသည် ရဲရဲနီနေပြီး အသက်ရှူရကြပ်သည့် လက္ခဏာရပ်တို့ ရေးတေးတေး ပြသလာ၏။ ခရီး၏ မြန်ဆန်မှုကို တောင့်မခံနိုင်သည့်အလား ရှိနေပါသည်။
ရွှီယန်၏ မျက်ခုံးများက အနည်းငယ် ကြုတ်သွားသည်။ အဆင့်သုံးသိုင်းသမားတစ်ယောက် ဖြစ်သည့် သုယွီယင်းအနေနှင့် အဘယ်ကြောင့် ယခုကဲ့သို့ အနည်းငယ် လှုပ်ရမ်းမှုလေးကို တောင့်ခံနိုင်ခြင်း မရှိရသနည်းဟု ပဟေဋိဖြစ်နေ၏။
လုပ်ကြံတိုက်ခိုက်ခြင်း ခံရမည်အား သိလျှက်နှင့် အဘယ်ကြောင့် မြင်းရထားများနှင့် ယခုမျှ နှေးကွေးစွာ ခရီးနှင်ရန် သူတို့ ရွေးချယ်ခဲ့ကြကြောင်းကို ရွှီယန် စတင်နားလည်လာခဲ့သည်။
အကြောင်းမှာ သုယွီယင်းတွင် ကျန်းမာရေးပြဿနာအချို့ ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်သာ ယခုကဲ့သို့ အပြင်အဆင်မျိုးကို လိုအပ်ခြင်း ဖြစ်၏။
“မတောင့်နိုင်တော့ရင် ငါတို့တွေ ဖြည်းဖြည်း သွားကြည့်လို့ ရတယ်”
ရွှီယန်က ပြော၏။
ပန်းတိုင်အရပ်ဆီသို့ ရောက်ရှိတာ တစ်ရက်ပိုကြာလေလေ သူ့အနေနှင့် စိတ်ဝိညာဉ်ပုံဆောင်ခဲ တစ်ရာကို ပိုမိုရရှိနိုင်လေ ဖြစ်သည်။ ဒီအခွင့်အရေးကို ဆုံးရှုံးရပါက နောက်တစ်ကြိမ်တွင် စိတ်ဝိညာဉ် ပုံဆောင်ခဲများကို အလွယ်တကူ ရှာဖွေနိုင်ရန်မှာ လွယ်ကူခြင်းရှိမည် မဟုတ်တော့ပါ။
“ရပါတယ်”
သုယွီယင်းက အကြိမ်အနည်းငယ် အသက်ကို နက်ရှိုင်းစွာ ရှူပြီးနောက် ဖြေ၏။
“လော့ယွင်စံအိမ်ရဲ့ သခင်က စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက်ပဲ။ သူသာ လာသတ်ရင် ရှင်သူ့ကို ရင်ဆိုင်နိုင်မှာလား”
သူမက မေးသည်။
ရွှီယန်၏ အရိုးများက အေးစိမ့်စွာ ခံစားလိုက်ရသည်။ စစ်ဘုရင် တစ်ယောက် လေလား။
သူသည် မနေနိုင်ပဲ ဝတ်စုံနက်နှင့် လူကို ပြန်လည်တွေးတောမိလိုက်သည်။ ပထမဆုံး ရင်ဆိုင်ဖူးခဲ့သည့် စစ်ဘုရင် ဖြစ်၏။ ထိုအချိန်၌ သူ၏ ခွန်အားမှာ သေချာပေါက် ယခုအဆင့်သို့ မရောက်သေးပေ။ သို့ပေမယ့် စစ်ဘုရင်တစ်ယောက်၏ အရှိန်အဝါအောက်တွင် သူ့အနေနှင့် ခုခံနိုင်စွမ်း မရှိသေးပါ။
‘ငါ့ရဲ့ လက်ရှိခွန်အားနဲ့ တောင်နဲ့မြစ် ဓါးဆန္ဒရဲ့ ဒုတိယအဆင့်ကို နားလည်သဘောပေါက် ထားရင်တောင် အဲ့ဒါကို ပြည့်ပြည့်စုံစုံ အသုံးချနိုင်ဖို့ ခွန်အားအဆင့်က နိမ့်ပါးနေသေးတယ်'
‘နဂါးနိုင်လက်ဝါးသိုင်းရဲ့ နဂါးလက်ဝါး အစစ်အမှန် အဓိပ္ပာယ်နဲ့ နဂါးဟိန်းသံ အစစ်အမှန် အဓိပ္ပာယ်ကို ဖမ်းဆုပ်နိုင်ထားပြီး စွမ်းအားက ကြီးကြီးမားမား မြင့်တက်လာရင်တောင်’
‘အဲ့လိုဆိုရင်တောင်.. တောင်နဲ့မြစ် ဓါးဆန္ဒနဲ့ နဂါးနိုင်လက်ဝါးသိုင်းကို အားကုန် အသုံးပြုပြီးလည်း စစ်ဘုရင်အဆင့် တစ်ယောက်ကို ရင်ဆိုင်ဖို့က မလုံလောက်ဘူး’
ရွှီယန်က သူ၏ ကိုယ်ပိုင်ခွန်အားကို သုံးသပ်သည်။ ဝမ်းနည်းစရာ ကောင်းလောက်အောင် သူ့ကိုယ်သူ စစ်ဘုရင်တစ်ယောက်၏ ပြိုင်ဘက် မဟုတ်ကြောင်းအား တွေ့လိုက်ရ၏။
အလွန် သာမန်ဆန်သည့် စစ်ဘုရင်တစ်ယောက် ဖြစ်လျှင်တောင် သူ့အနေနှင့် အနိုင်ယူနိုင်ခြင်း မရှိပေ။ သူကျင့်ကြံထားသည်မှာ စစ်မှန်သည့် သိုင်းစနစ်ဖြစ်လျှင်တောင် ဖြစ်၏။ ဘာပဲဖြစ်ဖြစ် ခွန်အားအဆင့်က ခြားနားလွန်းလှသည်။
'ဆရာဆိုရင် စစ်ဘုရင်တစ်ယောက်ကို လက်ဝါးတစ်ချက်နဲ့ အမှုန့်ဖြစ်သွားစေခဲ့တယ်။ ငါက တကယ့်ကို ဝေးကွာလွန်သေးတယ်’
ဆရာ၏ မိမိထက် အဆင့်ပိုမို မြင့်မားသည့် ရန်သူများကို မည်ကဲ့သို့ အနိုင်ယူသည်အား သရုပ်ပြခဲ့ပုံကို ပြန်တွေးမိတိုင်းတွင် သူသည် မနေနိုင်ပဲ ဩချစွာ ခံစားရသည်။ အလွန် စွမ်းအားကြီးမားလှ၏။
လက်ဝါးတစ်ချက်တည်းနှင့် စွမ်းအားကြီးမားသည့် စစ်ဘုရင်တစ်ယောက်ကို ချက်ချင်း သုတ်သင်ပစ်ခဲ့သည်။
‘ငါ.. မူလအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ရောက်ပြီးရင်တောင် စစ်ဘုရင်တစ်ယောက်ကို လက်ဝါးတစ်ချက်တည်းနဲ့တော့ မဖျက်ဆီးနိုင်လောက်ဘူး’
ရွှီယန်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ သူသာ မူလအဆင့်၏ အဆင့်မြင့်ဆုံးသို့ ရောက်ရှိပြီးပါက စစ်ဘုရင်များကို ကြောက်စရာ မလိုတော့ပေ။
‘လက်တစ်ချောင်းရဲ့ အစစ်အမှန်ချီကို ဆယ်ပိုင်းပိုင်းနိုင် လာခဲ့ရင် အစစ်အမှန် ချီရဲ့ ဆန်းကြယ်နက်နဲမှုတွေကို နားလည်လာပြီး တစ်ရာရာခိုင်နှုန်း အပြည့်အဝ ထိန်းချုပ်နိုင်မှာ။ ပြီးရင် မူလအဆင့်ရဲ့ အမြင့်ဆုံးကို ရောက်ပြီးရင် စစ်ဘုရင်အဆင့်ကို ချိုးဖျက်ပြီးခါစ သိုင်းသမားတစ်ယောက်ကို အားကုန်ရိုက်ချက် တစ်ချက်နဲ့ သတ်ဖြတ်နိုင်လောက်တယ်’
ရွှီယန်၏ တိတ်ဆိတ်သွားပုံကို တွေ့ရပြီးနောက် သုယွီယင်းလည်း တစ်ဖက်လူကို စစ်ဘုရင်အဆင့်သို့ မရောက်ရှိသေးကြောင်းအား နားလည်လိုက်သည်။ သိုင်းသခင်တစ်ယောက်သာ ဖြစ်မှာပါ။ သူ၏ ခွန်အားက အလွန် ကြောက်စရာကောင်းနေခြင်းသာ ရှိ၏။
'ဒီမကောင်းဆိုးရွားဆန်တဲ့ ပါရမီနဲ့ လူက ဘယ်နေရာကနေ ရောက်လာတာလဲ’
သုယွီယင်းက စဉ်းစားသည်။ နက်ရှိုင်းစွာ အံ့ဩမိ၏။
အဖွဲ့က လျှင်မြန်စွာ ဆက်လက်ရွေ့လျားနေ၏။ အတွင်းဘက်နယ်မြေရှိ မြင်းများ၏ သက်လုံကောင်းမှုကိုသာ ချီးကျူးရပေလိမ့်မည်။ သူတို့သည် ရှည်လျားလှသည့် ခရီးစဉ်ကို သေဆုံးခြင်းမရှိပဲ တောင့်ခံနိုင်ကြ၏။
နောက်ဆုံးတွင် စစ်ဆေးဂိတ်တစ်ခုကို ဖြတ်ကျော်ပြီး ကျယ်ပြောသည့် အဓိကလမ်းမတစ်ခုပေါ်သို့ ရောက်ရှိသွား၏။ သုယွီယင်းလည်း ထိုအချိန်မှ စိတ်သက်သာရာ ရသွားခဲ့သည်။ အဖွဲ့၏ ရွေ့လျားမှုက နှေးကွေးသွား၏။
ယန်ခွမ်းလည်း လေပူများကို မှုတ်ထုတ်သည်။ သူတို့သည် နောက်ဆုံးတွင် ပြန်လာနိုင်ခဲ့ပါပြီ။
“သခင်လေး.. ဒီကနေ မိုင်၂၀၀လောက် အကွာမှာရှိတဲ့ မြို့ထဲမှာ လုံလောက်တဲ့ အဆင့်ခုနစ် စိတ်ဝိညာဉ်ဆေးပင်တွေ ရှိလောက်တယ်။ အဲ့ကျရင် ကျွန်မ ဝယ်ပေးပါမယ်။ ဒီခရီးစဉ်မှာ လိုက်ပါ ကာကွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ”
သုယွီယင်းက အကြိမ်ပေါင်းများစွာ အသက်ကို ရှူသွင်းရှူထုတ်လုပ်ပြီး တည်ငြိမ်လာပြီးနောက် ပြော၏။
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားသည်။ သူတို့၏ ခရီးစဉ်က ပြီးဆုံးတော့မည်လား။
“ကောင်းပါပြီ”
သူက သဘောတူစွာ ခေါင်းညှိတ်သည်။
“မိန်းကလေးသုကို စောင့်ရှောက်သူတစ်ယောက် ရှာနိုင်ခဲ့မယ်လို့ ဘယ်သူထင်မှာလဲ။ ဒါပေမယ့် နင့်ကို ငါနဲ့ခဏလောက် လိုက်ခဲ့ဖို့ အကြံပေးတယ်”
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာ၏။ ခရမ်းရောင်ဝတ်စုံဝတ် လူတစ်ဦး ကောင်းကင်မှ သက်ဆင်းလာခဲ့သည်။ သူ၏ မျက်နှာက တင့်တယ်ကာ ခေါက်ယပ်တောာင်တစ်ခုကို ကိုင်ဆောင်ထားပြီး အလွန် သပ်ရပ်၏။
ထည်ဝါသည့် အငွေ့အသက်တစ်ခုက သူ့ကို ဝန်းရံထားပြီး ကောင်းကင်၏ ကြီးမြတ်မှုတို့ သူနှင့်အတူ သက်ဆင်းလာသည့်နှယ် ရှိသည်။