တစ်ဝက်တစ်ပြက် စစ်ဘုရင်အဆင့်နှင့် ပြင်းထန်သည့်တိုက်ပွဲ၊ နဂါးဟိန်းခြင်း တောင်နှင့်မြစ်(၂)
Vol. 12 Ch. 176
သိုင်းသခင်အဆင့်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်နိုင်သည့် လူတစ်ယောက်အနေနှင့် ခွန်အားအရာတွင် တစ်ဝက်တစ်ပြက် စစ်ဘုရင်အဆင့်နှင့် အများကြီး ခြားနားနေခြင်း မရှိလျှင်တောင် ကျိုးကြောင်းဆီလျော်မှု ရှိပါသည်။
"အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင် ၅ပင်.."
သုယွီယင်းက ပျော်ရွှင်စွာဖြင့် သူမ၏ သွယ်လျသည့် လက်ချောင်းလေးများကို ထောင်ပြသည်။ ကမ်းလှမ်းချက်အား ပေး၏။
"ကောင်းပြီ...ကိစ္စမရှိဘူး.."
ရွှီယန်က ပါးစပ်နှင့်နားတို့ ချိတ်လုမတတ် ပြုံး၏။
နောက်ထပ် အဆင့်၇ စိတ်စိတ်ဝိဉာဉ်ဆေးပင် ၅ပင်တို့ ရရှိပေတော့မည်။ ဆေးပင်များကို ရှာဖွေရန်မှာ သူထင်ထားသလောက် ခက်ခဲခြင်း မရှိပါ။
"ကောင်းပြီ... မိန်းကလေးသုကလွဲပြီး မင်းတို့အားလုံး ဒီနေရာမှာ သေရမယ်.."
ယင်ဟုန်က ဒေါသတကြီး ဖြစ်သွား၏။
သူ၏ ရှေ့တွင် သူ့ကို ရင်ဆိုင်ရန်အတွက် အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင် ၅ခုနှင့် လဲလှယ်နေသည်လား။ သူယင်ဟုန်ကို အနိုင်ယူရန်မှာ ထိုမျှအထိ စျေးပေါလှသည်လား။ ဤသည်က လွန်လွန်းသွားပါပြီ။
သူ၏ နောက်ရှိ လွှမ်းမိုးမှု ကြီးမားသည့်လူက သုယွီယင်းကို ပြီးပြည့်စုံသည့် အခြေအနေနှင့် လိုချင်၍သာ မဟုတ်ပါက သူ့အနေနှင့် သူမကိုပင် ချမ်းသာပေးမည် မဟုတ်ပေ။
"မင်းက ဘယ်သူ့ကို လာခြောက်နေတာလဲ.."
ရွှီယန်က ဂရုစိုက်ခြင်းမရှိဘဲ ပြန်လည်ချေပ၏။ တစ်ဖက်ရန်သူသာ စစ်ဘုရင်တစ်ယောက် မဟုတ်ပါက သူ့အနေနှင့် ကြောက်စရာ မရှိပေ။ စစ်ဘုရင်တစ်ယောက် ပေါ်လာလျှင်တောင် အနိုင်မယူနိုင်ပါက ထွက်ပြေးလို့ရ၏။
သုယွီယင်းနှင့် အခြားလူများက လျှင်မြန်စွာ ဆုတ်ခွာသွားကြသည်။ တိုက်ပွဲ၏ လှိုင်းအားများဖြင့် သက်ရောက်ခြင်း ခံရမည်အား စိုးရိမ်သွား၏။
"ဘုန်း.."
ယင်ဟုန်က စတင်တိုက်ခိုက်သည်။ သူ၏ ခေါက်ယပ်တောင်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ကြောက်စရာကောင်းသည့် စွမ်းအားက လေပွေတစ်ခုနှယ် လွင့်ပျံလာခဲ့သည်။ ၎င်း၏ ကြမ်းကြုတ်မှုက လူတိုင်းကို အံ့ဩသွားစေ၏။
ရွှီယန်က ဓားကို ထုတ်၏။ လေထုက ဓားဆန္ဒဖြင့် လှိုင်းထလာခဲ့သည်။ မိုးခြိမ်းသကဲ့သို့ ဆူညံမှုများ၏ အလယ်တွင် ဝင်ရောက်လာသည့် လှိုင်းကို ဓားဖြင့် ပိုင်းဖြတ်၏။ တောင်နှင့်မြစ်တို့ ပြိုလဲကာ သက်ရှိအားလုံးတို့ သေဆုံးကုန်ကြသည်။
ယင်ဟုန်၏ ပုံက ကြီးစွာ ပြောင်းလဲသွား၏။ ဤသည်မှာ မည်ကဲ့သို့သော ဓားသိုင်း ဖြစ်သနည်း။ အဘယ်ကြောင့် ယခုကဲ့သို့ လောကပျက်စီးခြင်း မြင်ကွင်းတို့ ပေါ်လာကာ သူ၏ဆံပင်တို့ ထောင်သွားသည်အထိ ကြောက်ရွံ့သွားအောင် ဖြစ်စေခဲ့သနည်း။
"ငါဒီကောင့်ကို အထင်သေးလို့ မရဘူး.."
ထိုအခိုက်အတန့်တွင် သူ၏ မူလက အထင်သေးစွာရှိနေသည့် အသွင်အပြင်က ချက်ချင်းပင် လေးနက်လာခဲ့သည်။ ခေါက်ယပ်တောင်ကို ဝှေ့ယမ်းက ကောင်းကင်ပေါ်မှ ကြီးမားသည့် လှိုင်းတစ်ခုနှယ် အားက သက်ဆင်းလာခဲ့၏။
မြေပြင်တွင် ကြီးမားသည့် အက်ကွဲကြောင်းကြီးတစ်ခုကို ချက်ချင်း ပေါက်ကွဲထွက်သွားစေပြီး ယပ်တောင်၏ လေပွေက များပြားလှသည့် မြေဆိုင်မြေသားများကို လွင့်စင်သွားစေသည်။
ကြောက်စရာကောင်းသည့် စွမ်းအားက မရေမတွက်နိုင်သည့် လှိုင်းများနှယ် ရှိနေပြီး တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက်ဖြစ်သည့် ယင်ဟုန်က ခွန်အားအားလုံးတို့ကို အသုံးပြုကာ ရွှီယန်ဆီသို့ ဆက်တိုက်ဦးတည်တိုက်ခိုက်သည်။
"သူက သန်မာလွန်းတယ်.."
ရွှီယန်တစ်ယောက် ဖိအားကို ခံစားလာရ၏။ သူ၏ ဓားဆန္ဒက မြင့်တက်လာပြီး ဓားချီက မရေမတွက်နိုင်သည့် မြစ်ရေနှယ် စီးဆင်းလာခဲ့သည်။ အဆုံးမသတ်နိုင်အောင် လှိုင်းထလာ၏။
တစ်ချိန်တည်းတွင် ဘယ်ဘက်လက်ဝါးကို ရိုက်ထုတ်ကာ ရွှေရောင် နဂါးကြီးတစ်ကောင် ပျံသန်းထွက်လာပြီး ဒေါသတကြီးဖြင့် လှိုင်းများကို တိုက်ခတ်၏။
"ဒီတိုက်ပွဲမှာ ဘယ်သူနိုင်မလဲ.."
မလှမ်းမကမ်းမှ သုယွီယင်းက စိုးရိမ်စွာ ကြည့်သည်။
တိုက်ပွဲ၏ အရှိန်အဟုန်ကို ကြည့်ရသည်မှာ ယင်ဟုန်တွင် အသာစီးရနေ၏။ သူ၏ လှိုင်းကဲ့သို့ စွမ်းအားက အလွန်ပြင်းထန်လှသည်။ လေထဲတွင် မြေစိုင်မြေသားများ လွင့်စင်နေပြီး မြေပြင်၌ ချိုင့်များစွာ ပေါ်လာခဲ့သည်။
"အကြီးအကဲယန်ရော ဘယ်လိုထင်လဲ.."
စိုးရိမ်စွာဖြင့် သုယွီယင်းက မေး၏။
"အဲ့ဒါက ပြောဖို့ ခက်လွန်းတယ်.."
ယန်ခွမ်း၏ အကြည့်က လေးနက်နေ၏။ သူက အကူအညီမဲ့စွာ စဉ်းစားသည်။
"ငါလည်း သေချာပေါက် မပြောနိုင်ဘူး။ တိုက်ပွဲက အရမ်းပြင်းထန်လွန်းပြီး ရှင်းရှင်းလင်းလင်းတောင် မြင်ရတာ မဟုတ်ဘူး.."
သုယွီယင်းက အသက်ကို နက်ရှိုင်းစွာရှူပြီး သူမ၏ အစောင့်တစ်ယောက်ကို အမိန့်ပေးလိုက်သည်။
"နင်အခု ချက်ချင်းပဲ မြန်မြန်လေးပြန်ပြီး အကူအညီ သွားခေါ်ခဲ့.."
"ဟုတ်ကဲ့ပါ သခင်မလေး.."
အစောင့်က ချက်ချင်းပင် မြန်နှုန်းအပြည့်ဖြင့် ပြေးထွက်သွား၏။
မြင်းစီးမည့်အစား ခြေထောက်နှင့်ပြေးရန် ရွေးချယ်ခဲ့လေသည်။ သူ၏ ခွန်အားနှင့် မည်သည့် မြင်းထပ်မဆို ပိုမိုမြန်ဆန်စွာ ပြေးလွှားနိုင်၏။
'အကူအညီရောက်တဲ့အထိ တောင့်ခံနိုင်ဖို့ပဲ မျှော်လင့်တယ်..'
သုယွီယင်း၏ မျက်နှာပေါ်၌ စိုးရိမ်မှုတို့ အထင်းသားပေါ်နေ၏။
"သခင်မလေး... ကျွန်တော်တို့ မိသားစုရဲ့ စစ်ဘုရင်လည်း ဒီကိုထိုးဖောက်လာနိုင်မယ် မထင်ဘူး.."
ယန်ခွမ်းက သက်ပြင်းချသည်။
သုယွီယင်းက တိတ်ဆိတ်သွား၏။ သူမလည်းပဲ ဤသည်ကို သိပါသည်။ သို့ပေမယ့် သိုင်းသခင်တစ်ယောက် လာရောက် ကူညီနိုင်လျှင်တောင် အခြေအနေကို ပြောင်းလဲနိုင်လောက်၏။
ရွှီယန်လည်း စိတ်ရှိလက်ရှိ အထိန်းအချုပ်ကင်းမဲ့သွားသည်။ လက်တစ်ဖက်က နဂါးနိုင်လက်ဝါးသိုင်း၏ စွမ်းအားဖြင့် တိုက်ခိုက်ပြီး အခြားတစ်ဖက်က ဓားဆန္ဒကို ညှာတာမှုကင်းမဲ့စွာ ထုတ်လွှတ်နေပါသည်။
သို့ရာတွင် လှိုင်းကဲ့သို့ အားကို မဖျက်ဆီးနိုင်ဘဲ ရှိနေ၏။
'မူလအဆင့်ကို စတင်ချိုးဖျက်ပြီးစဉ် ကတည်းကပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို မကြုံခဲ့ရဘူး။ သိုင်းသမားတစ်ယောက်အနေနဲ့ သိုင်းပညာရဲ့ အနှစ်သာရကို တိုက်ခိုက်မှုကနေ ရှာဖွေဖို့က မရှိမဖြစ်လိုအပ်တယ်..'
ရွှီယန်၏ စိတ်အခြေအနေက ရှင်းလင်းနေ၏။ သူ၏ မျက်လုံးများက ခိုင်မာမှု ရှိပါသည်။ အနည်းငယ် အရေးနိမ့်ပေမယ့် ဤသည်က သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခြင်း လုံးဝမရှိပါ။
'တောင်နှင့်မြစ် ဓားဆန္ဒ... အဲ့ဒါရဲ့ ခြောက်ခြားဖွယ်ကောင်းမှုက လုံလောက်တယ်။ ဒါပေမယ့် အသက်ဓာတ်တွေ ကင်းမဲ့နေတယ်။ ဒါက တောင်နဲ့မြစ်ကို ကိုယ်စားပြုကတည်းက ဘာလို့ အသက်ဓာတ် ကင်းမဲ့နေမှာလဲ။ အသက်ဓာတ်ကင်းမဲ့တဲ့ တောင်နဲ့မြစ်ဆိုတာ ကျက်တီးမြေတစ်ခုနဲ့ပဲ တူလိမ့်မယ်..'
ရွှီယန်က တိတ်ဆိတ်စွာဖြင့် စဉ်းစားသည်။ တိုက်ပွဲက ပိုမိုပြင်းထန်လာခဲ့၏။ ယင်ဟုန်က ဒီတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ချင်သည့်ပုံ ရှိသည်။
သူသည် မထင်မှတ်ထားသည့် အခြေအနေများ ပေါ်ပေါက်လာမှုကို ရှောင်ရှားလို၏။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ သုမိသားစု၏ ပိုင်နက်ဖြစ်သည်။ သုမိသားစုမှ စစ်ဘုရင်တစ်ယောက်သာ လွှတ်နိုင်ပါက သူသေဆုံးရမှာဖြစ်၏။
"သေလိုက်တော့.."
ယင်ဟုန်က အော်လိုက်ပြီးနောက် ခေါက်ယပ်တောင်က လုံးဝ ပွင့်လာခဲ့သည်။ ကျယ်လောင်သည့် လှိုင်းများနှင့်အတူ အေးစက်သည့် အလင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းလှပြီး မျက်စိတစ်မှိတ်အတွင်းတွင် ရွှီယန်၏ လည်ချောင်းဆီသို့ ရောက်ရှိလာခဲ့သည်။
သို့ရာတွင် ရွှီယန်၏ ပုံရိပ်က လျှပ်တပြက် ပျောက်ကွယ်သွားပြီ ချက်ချင်းပင် အခြားနေရာ၌ ပြန်ပေါ်လာခဲ့၏။
ဓားအလင်းတစ်ခုက ယင်ဟုန်ဆီသို့ တည့်မတ်စွာ ပြေးဝင်သွားသည်။ အမြန်နှုန်းက ယင်ဟုန်မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေပါသည်။
"ရွှက်.."
သူ၏ပုခုံးရှိ အဝတ်တို့ ဓားချက်ဖြင့် ပျက်စီးသွားခဲ့၏။
ယင်ဟုန်၏ ပုံစံက အနည်းငယ် ပြောင်းလဲသွားသည်။
သူ၏ နှလုံးသားထဲ၌ အံ့သြမှုတို့ ပြည့်နက်နေ၏။
'ဒါက ဘယ်လို လှုပ်ရှားမှု အတတ်မျိုးလဲ။ အရမ်းကို ဖမ်းရခက်ပြီး ထူးဆန်းတယ်..'
"ရှု.."
ရွှီယန်က ပျောက်ကွယ်သွား ပြန်၏။ သူ၏ ပုံရိပ်က ခြားနားသည့် လားရာ၌ ပြန်ပေါ်လာခဲ့သည်။
ယင်ဟုန်၏ မျက်နှာက မဲမှောင်သွားသည်။ သူ၏ခေါက်ယပ်တောင်က လက်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ နေရာမှ အပေါ်သို့ ခုန်လိုက်ကာ အောက်သို့ ရိုက်ချလိုက်သည်။
လေထဲတွင် ကြောက်စရာကောင်းသည့် လှိုင်းတစ်ခု ထလာ၏။ ထို့နောက် ပေါက်ကွဲမှု ဖြစ်ပေါ်ကာ သူ၏ ပတ်ဝန်းကျင်တွင် မြေစိုင်မြေသားများ ပြန့်ကျဲသွားသည်။
လိမ့်ဆင်းနေသည့် မြေစိုင်မြေသားများက လှိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအားလုံးတို့ ဆီသို့ တိုက်ခတ်၏။
ရွှီယန်က လက်ဝါးချက်ကို ရိုက်ထုတ်လိုက်သည်။ ရွှေရောင်နဂါးကြီး ၁၈ကောင်တို့ ထွက်ပေါ်လာကြ၏။
တောင်နှင့်မြစ် ဓားဆန္ဒကလည်း မာန်ဖီကာ ယင်ဟုန်၏ စွမ်းအားကြီးမားလှသည့် လှိုင်းများကို ရင်ဆိုင်သည်။
"အုန်း.."
ထိုကဲ့သို့သော ကြောက်စရာစွမ်းအားသည် ကြီးမားသည့် တောင်ကြီးတစ်ခု သက်ဆင်းလာသည့်နှယ် ရှိနေပြီး ပတ်ဝန်းကျင်ရှိ မြေစိုင်မြေသား လှိုင်းများက ရွှေရောင်နဂါးကြီးများကိုပင်လျှင် နွံထဲသို့ ကျွံသွားသည့်နှယ် ဖြစ်သွားစေသည်။
ရွှီယန်၏ ပုံရိပ်က လက်သွားပြီး သူက နောက်သို့ဆုတ်သွား၏။
"မင်းဘယ်ကို သွားချင်တာလဲ.."
ထိုအချိန်၌ ယင်ဟုန်ဆီမှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူ၏ လက်ဝါးချက်များအကြား၌ အဆုံးမသတ်နိုင်သည့် အားလှိုင်းတို့ ဆက်လက်ထွက်ပေါ်လာ၏။
မြေကြီးများက အဆက်မပြတ် လိမ့်ဆင်းနေပြီး လှိုင်းများအဖြစ် ပြောင်းလဲကာ ကြောက်စရာကောင်းသည့် နဂါးကြီး ၁၈ကောင်တို့ကို အတွင်းထဲတွင် ပိတ်လှောင်ထားလိုက်သည်။
"သခင်လေး.."
မလှမ်းမကမ်းမှ သုယွီယင်းက ကြီးစွာ စိုးရိမ်သွား၏။ ထိုအချိန်၌ ရွှီယန်၏ အရေးနိမ့်နေသည်ကို သူမအနေနှင့် ရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည်။ အချိန်မရွေး အန္တရာယ်ကြုံရနိုင်၏။
ရွှီယန်က အနည်းငယ်မျှ စိတ်လှုပ်ရှားသွားခြင်း မရှိပါ။ သူ၏ဓားများက တစ်ချက်ပြီးတစ်ချက် ထွက်ခွာနေ၏။
တောင်နှင့်မြစ် ဓားဆန္ဒက ဆက်တိုက် တိုက်ခိုက်နေကာ ပတ်ဝန်းကျင်ရှိ လေထုကို သတ်ဖြတ်လိုမှုတို့ဖြင့် ပြည့်နက်လာခဲ့သည်။
နဂါးကြီး ၁၈ကောင်တို့ ပျက်စီးသွားလျှင်တောင် သူ၏ ပုံစံက ပြောင်းလဲသွားခြင်း မရှိပေ။ ရုတ်တရက် လေထဲတွင် တစ်စပြင်ကဲ့သို့ တိတ်ဆိတ်သည့် ခံစားချက်တစ်ခု ထွက်ပေါ်လာ၏။ တိုက်ပွဲပြင်က ခြောက်ခြားဖွယ် တိတ်ဆိတ်မှု၌ နစ်မွန်းသွားသည့်ပုံ ရှိသည်။ မြေပြင်ပေါ်ရှိ မြက်ပင်များ အားလုံးလည်း ဒီအချိန်၌ အသက်ဓာတ်အားလုံး ဆုံးရှုံးသွားပုံ ပေါ်၏။
ယင်ဟုန်၏ မျက်ခုံးများက တွန့်ကွေးသွားပြီး သူ၏ နှလုံးကလည်း အကြောက်တရားတို့ ပြည့်နက်လာခဲ့သည်။
"ဒါကဘယ်လို ဓားသိုင်းမျိုးလဲ။ ဘာလို့ ဒီလောက်တောင် ထူးဆန်းရတာလဲ.."
"သေလိုက်တော့.."
ယင်ဟုန်၏ အရှိန်အဝါတို့ ပေါက်ကွဲထွက်လာခဲ့သည်။
မြေစိုင်မြေသား လှိုင်းများက ချက်ချင်းပင် ဖြတ်သန်းသွားပြီး ရွှီယန်ကို တစ်ခါတည်း မြေမြှုပ်ပစ်ရန် စီရင်ထားပုံ ရှိ၏။
"အချိန်ကျပြီ.."
ရွှီယန်၏ မျက်လုံးများက လက်သွား၏။ ပြိုလဲနေသည့် တောင်နှင့်မြစ်များ အတွင်းတွင် ရှင်သန်မှုတစ်ခု ပေါက်ဖွားလာခဲ့သည်။ ထိုတောင်နှင့်မြစ်များအကြား၌ နဂါးအော်သံတစ်ခု ထွက်ပေါ်လာ၏။
"ဝေါင်း.."
ထိုနဂါးဟိန်းသံတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးမြတ်မှုတို့ ပါဝင်နေသည့်ပုံ ရှိသည်။ ချက်ချင်းပင် ကောင်းကင်က အရောင်ပြောင်းကာ တောင်နှင့်မြစ်တို့ ထွက်ပေါ်လာပြီး ရွှေရောင်နဂါးကြီး တစ်ကောင် လှည့်လည်နေပါသည်။
ရွှီယန်က သူ၏ ဓားချက်ကို ထုတ်လိုက်သည်။ တောင်နှင့်မြစ်က လောကကြီးကို ဖုံးလွှမ်းသွားသကဲ့သို့ ရှိ၏။
ရွှေရောင်နဂါးကြီးက ဟိန်းကာ မိုးကြိုးကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သည်။ ဓားဆန္ဒက အရာအားလုံးကို ဖျက်ဆီးပြီး နဂါးဟိန်းသံက ဝိဉာဉ်ကို တုန်ခါစေ၏။
ချက်ချင်းပင် မြေလှိုင်းများပြိုလဲကာ မရေမတွက်နိုင်သော ပျံသန်းနေသည့် မြေကြီးများမှာ တောင်နှင့်မြစ်၏ အစိတ်အပိုင်းများ ဖြစ်လာသည့်နှယ် ရှိ၏။
ရွှေရောင်နဂါးကြီးက ပျံသန်းနေပြီး နဂါးဟိန်းသံနှင့် အတူ လေနှင့်တိမ်တို့ လှိုင်းထလာခဲ့သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားတို့ ထွက်ပေါ်လာသည့်နှယ် ရှိ၏။
"အုန်း.."
ဓားတစ်ချက်က လှိုင်းများကို ချိုးဖျက်ကာ ဓားတစ်ချက်က တောင်နှင့်မြစ်တို့ကို သယ်ဆောင်ထားသည်။
ယင်ဟုန်မှာ သူ၏စိတ်ထဲ၌ နဂါးဟိန်းသံကိုသာ ပဲ့တင်ထပ်စွာ ကြားနေရ၏။ စိတ်ဝိဉာဉ်ကို တုန်ခါစေကာ အသက်ရှူမှုပင် ခဏတာ အေးခဲသွားခဲ့သည်။
ပိုမိုကြောက်ဖို့ကောင်းသည်မှာ သူ့အနေနှင့် အဆုံးမသတ်နိုင်သည့် တောင်နှင့်မြစ်များနှင့် ဟိန်းနေသည့် နဂါးတစ်ကောင်ကို စစ်မှန်စွာ တွေ့မြင်လာရသည့်နှယ် ရှိ၏။
နဂါးဟိန်းသံက သူ့ကို ထိုအတွင်းသို့ ဆွဲသွင်းလိုက်သည့်ပုံ ရှိသည်။ တောင်နှင့်မြစ်များ၏ အဆုံးမသတ်နိုင်သည့် အသက်ဓာတ်ကို ခံစားရ၏။ တောင်နှင့်မြစ်များ၏ ကြီးမြတ်ထည်ဝါမှုကို ခံစားရ၏။ ပြီးနောက် ကောင်းကင်ပေါ်၌ ပျံသန်းနေသည့် ရွှေရောင်နဂါးကြီးကို တွေ့ရ၏။
မြစ်နှင့်တောင်က အလွန်လှပပြီး မက်မောဖွယ် ကောင်းလှသည်။ သို့ရာတွင် ကြောက်စရာကောင်းသည့် လူသတ်ငွေ့တစ်ခုလည်း ရှိနေ၏။
"မကောင်းတော့ဘူး.."
ဘာပဲဖြစ်ဖြစ် သူသည် မရေမတွက်နိုင်သည့် တိုက်ပွဲများကို တိုက်ခိုက်ခဲ့ပြီး သေစေနိုင်သည့် အန္တရာယ်များမှ ရုန်းထွက်နိုင်ခဲ့သည့် စစ်ဘုရင်တစ်ယောက် ဖြစ်သည်။
ထိုအချိန်၌ ယင်ဟုန်က ဒေါသတကြီး အော်လိုက်၏။ သူ၏လျှာကို ပြင်းထန်စွာ ကိုက်လိုက်ပြီးနောက် သွေးတို့ထွက်လာခဲ့သည်။
အရှိန်အဝါတို့ ပေါက်ကွဲထွက်ကာ ကြောက်စရာကောင်းသည့် အားတစ်ခု သူ၏ ခန္ဓာကိုယ်ပေါ်၌ လွှမ်းခြုံလာ၏။ ခေါက်ယပ်တောင်ကို ဖွင့်လိုက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ယပ်တောင်ဖြင့် ကာလိုက်သည်။ တစ်ချိန်တည်းတွင် သူ၏ပုံရိပ်က အမြန် နောက်ဆုတ်သွား၏။
လှိုင်းအား၏ စွမ်းအားတို့ ထွက်ပေါ်လာပြီး တောင်နှင့်မြစ်တို့ကို ဖျက်ဆီးပစ်တော့မည့်နှယ် ရှိသည်။ သူနှင့် ထိုထည်ဝါသည့် တောင်နှင့်မြစ်တို့ကို ခွဲခြားလိုနေ၏။
"ဘုန်း.."
သူ၏ ရင်ဘတ်သို့ ပြင်းထန်သည့် အားတစ်ခု ရောက်ရှိလာ၏။ အတွင်းပိုင်း ကိုယ်အင်္ဂါများကို လှုပ်ခါစေကာ သွေးအန်လုမတတ် ဖြစ်သွားစေခဲ့သည်။
"ယား.."
သူ၏လည်ချောင်းကို အဖိုးတန် ခေါက်ယပ်တောင်ဖြင့် ကာကွယ်ထားလျှင်တောင် စူးရှသည့် နာကျင်မှုတစ်ခုကို ခံစားရဆဲ ဖြစ်၏။ မမြင်နိုင်သည့် အားတစ်ခုက ယပ်တောင်ကို ဖြတ်ကျော်ပြီး သူ၏လည်ချောင်းကို ဝင်ရောက်လာသည့်ပုံ ရှိသည်။ သူသည် ဓားစိုက်လုမတတ် ဖြစ်သွားခဲ့၏။
ယင်ဟုန်က နောက်သို့ အပူတပြင်း ဆုတ်နေပြီး သူ၏နှလုံးသားထဲ၌ အဆုံးမသတ်နိုင်သည့် အကြောက်တရားတို့ ပြည့်နှက်နေပါသည်။
ရွှီယန်ကို ကြည့်ရင်းက စိတ်ဝိဉာဉ်က တုန်ခါလာခဲ့၏။ သူသည် ရန်သူ၏ လက်ထဲတွင် ဘဝဆုံးလုမတတ် ဖြစ်သွားခဲ့၏။
ထိုဓားသိုင်းက ကြောက်စရာ ကောင်းလွန်းလှသည်။ အထူးသဖြင့် အော်သံဖြစ်သည်။ သူ၏ စိတ်ဝိဉာဉ်ကို လှုပ်ခါစေပြီး သူ့ကို တောင်နှင့်မြစ်အတွင်းသို့ ဆွဲခေါ်သွားသည့်ပုံ ပေါ်၏။
လျှင်မြန်စွာ တုန့်ပြန်ပြီး ရုန်းထွက်ခြင်း မပြုပါက ယခုအချိန်၌ အလောင်းတစ်ခု ဖြစ်နေပြီး ပါပြီ။
"ဒါက ဘယ်လိုဓားသိုင်းမျိုးလဲ... လူတစ်ယောက်ကို ပုံရိပ်ယောင်ထဲကို ဆွဲသွင်းနိုင်တာလား.."
ယင်ဟုန်၏ မျက်နှာက မရေရာမှုတို့ဖြင့် ပြည့်နက်နေ၏။ ထိုအချိန်၌ ရွှီယန်၏ နှလုံးသားက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နက်နေပါသည်။
'နောက်ဆုံးတော့ ဓားလမ်းစဉ်ကို ငါနားလည်လာခဲ့ပြီ။ ဒါက ဓားရဲ့လမ်းစဉ်ပဲ။ ဓားသိုင်းလေးပဲ မဟုတ်ဘူး။ ဓားဆန္ဒအပေါ်မှာ အခြေတည်ထားတဲ့ သတ်ဖြတ်ခြင်း ပညာတစ်ခုပဲ..'
'လက်စသတ်တော့ အခုအချိန်မှပဲ ငါဓားလမ်းစဉ်ကို စစ်မှန်စွာ နားလည်လာခဲ့တာကို..'
'အဲ့ဒါကို နဂါးဟိန်းခြင်း တောင်နှင့်မြစ် ဓားလို့ခေါ်ရအောင်..'
နဂါးဟိန်းခြင်း တောင်နှင့်မြစ်ဟာ ဓားသိုင်းများ၏ အတိုင်းအတာမှ ကျော်လွန်ကာ စစ်မှန်သည့် ဓားလမ်းစဉ် ပညာရပ်တစ်ခု ဖြစ်လာခဲ့၏။
ဓားဆန္ဒအပေါ် အခြေတည်ထားသည့် သတ်ဖြတ်ခြင်း ပညာတစ်ခု ဖြစ်သည်။