ရွှီယန် "ငါက ရှဲ့လင်ဖုန်းပဲ"
Vol. 12 Ch. 177
ရွှီယန်က သူ၏ ဓားကိုကိုင်ကာ ဂုဏ်ယူစွာ ရပ်နေ၏။ မလှမ်းမကမ်းရှိ အနည်းငယ် ပုံပျက်ပန်းပျက် ဖြစ်နေသည့် ယင်ဟုန်ကို ကြည့်သည်။
နှလုံးသားထဲတွင် သက်ပြင်းချမိ၏။ တစ်ဖက်လူသည် တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက် ပီသလှပါသည်။ သူ၏ တိုက်ခိုက်မှုကို ဖြတ်ကျော်နိုင်ကာ ဓားတစ်ချက်နှင့် ကိုယ့်ကိုယ်ကို ထက်ပိုင်းဖြတ်ခံရခြင်းအား ကာကွယ်ခဲ့၏။
"တစ်ဝက်တစ်ပြက် စစ်ဘုရင်ကလည်း ဒီလောက်ပါပဲ.." ရွှီယန်က တည်ငြိမ်စွာဖြင့် အသာပြောသည်။
မလှမ်းမကမ်းတွင် သုယွီယင်းက စိတ်သက်သာရာ ရသွားသည်။ သူမတို့သည် အနိုင်ရရှိမှု မရသေးပေမယ့် ယင်ဟုန်ကို တားဆီးနိုင်ခဲ့ပါပြီ။
ယင်ဟုန်၏ မျက်နှာမှာ မဲမှောင်သည်ထက်ပင် ကျော်လွန်နေပြီး ဖြစ်၏။ လက်တစ်ဖက်ကို နောက်သို့ပစ်ထားကာ အနည်းငယ် တုန်ရီနေပါသည်။ ခုနက သူသည် အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။ ထိုဓားချက်က မယုံကြည်နိုင်စရာ ကောင်းလောက်အောင် စွမ်းအားကြီးမားလှ၏။
"ကောင်လေး မင်းက ဘယ်သူလဲ... မင်းသေသေချာချာ စဉ်းစားပါ... ဒီကိစ္စမှာ ဝင်ပါတဲ့ အကျိုးဆက်ကို မင်းခံနိုင်မှာ သေချာရဲ့လား.."
ယင်ဟုန်က ညှို့မှိုင်းစွာဖြင့် ပြော၏။ ဆက်လက်တိုက်ခိုက်ပါက အနိုင်ရရှိနိုင်မည် မဟုတ်ကြောင်းကို သူသိပါသည်။
တကယ်တော့ ခြေတစ်လှမ်း မှားယွင်းသည်နှင့် သူ၏ အသက်အန္တရာယ်ကိုပင် ထိပါးလာနိုင်ချေရှိ၏။
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားသည်။
"ဘာလဲ.. ခင်ဗျားက ကျွန်တော့်ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား.."
ယင်ဟုန်က နှာခေါင်းရှုံ့သည်။ လျှောက်လာနေသည့် သုယွီယင်းတို့ကို ကြည့်ကာ အေးစက်စွာပြော၏။
"သုမိသားစုရဲ့ ကိစ္စက မင်းထင်ထားတာထက် ပိုပြီးနက်ရှိုင်းတယ်။ စစ်ဘုရင်တစ်ယောက်တောင် အလောတလျင် ဝင်မပါရဲဘူး.."
"မင်း ငါ့ကိုတားပြီး မိန်းကလေးသုကို ခေါ်သွားတာက ငါ့နောက်မှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ကို ထိပါးတာနဲ့ အတူတူပဲ။ အကျိုးဆက်ကို မင်းသေသေချာချာ စဉ်းစားတာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် မင်းကိုလာပြီး စာရင်းရှင်းမယ့်လူတွေ ရှိလာလိမ့်မယ်.."
သုယွီယင်းက အနည်းငယ် မျက်မှောင်ကျုံ့သွားပြီး ပြောသည်။
"သခင်လေး စိတ်မပူပါနဲ့။ ဒီကိစ္စကို ရှင့်အတွက် သုမိသားစုက ဂရုစိုက်ပေးပါမယ်.."
ယင်ဟုန်က နှာခေါင်းရှုံ့သည်။
"ကောင်လေး... မင်းကိုမင်း သုမိသားစုရဲ့ လှေပေါ်ကို ချည်နှောင်ခံချင်လို့လား... မိန်းမလှကို သူရဲကောင်း အဖြစ် ဝင်ကယ်ချင်တာက လွယ်ကူမနေဘူး။ ငါ့နောက်က လူက သုမိသားစုတောင် ကိုင်တွယ်နိုင်တာ မဟုတ်ဘူး.."
သုယွီယင်းက မျက်မှောင်ကျုံ့သွားသည်။ တစ်ဝက်တစ်ပြတ် စစ်ဘုရင်တစ်ယောက်ဖြစ်သည့် ယင်ဟုန်သည် သူ၏ နောက်မှလူကို စွမ်းအားကြီးပုဂ္ဂိုလ်ဟု ဆက်တိုက်ပြောဆိုနေ၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုလူမှာ အမှန်တကယ်ကို ထူးကဲနေကြောင်းအား ပြသနေပါသည်။
သူမအနေနှင့် သံသယတို့ကို ခံစားလာရ၏။ ယင်ဟုန်၏ နောက်ကွယ်ရှိ ကြံစည်သူနှင့် ပြီးခဲ့တုန်းက သူမကို တိုက်ခိုက်ခဲ့သည့် လူများမှာ တူညီသည့်လူများ မဟုတ်ပေဘူးလား။
ရွှီယန်က မျက်မှောင် ကျုံ့သွားသည်။ ကိုယ့်ကိုယ်ကို စဉ်းစား၏။
'ငါက စိတ်ဝိဉာဉ်ပုံဆောင်ခဲနဲ့ စိတ်ဝိဉာဉ်ဆေးပင် အချို့ကို ရှာရုံပဲ။ ဒီလောက် သာယာနေတာကို... ဒီလူရဲ့ နောက်ကွယ်က လူက သေချာပေါက် ရိုးရှင်းမှာ မဟုတ်ဘူး။ သူသာငါ့ကို ပြဿနာရှာချင်ရင် ဘယ်နေရာကိုသွားသွား သတိထားနေရမှာ..'
'စစ်ဘုရင်တစ်ယောက်တောင် လာပြီးတော့ တိုက်ခိုက်လောက်တယ်..'
သူသည် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို လိုချင်ပြီး စိတ်ဝိဉာဉ်ဆေးပင်များကိုလည်း ရှာလိုပါသည်။ လမ်းတလျှောက် သုယွီယင်းကို စောင့်ရှောက်ကာ ဒီနေရာသို့ ရောက်ရှိနေပြီး ဖြစ်၏။ ပြင်းထန်သည့် တိုက်ပွဲအပြီးမှ အဘယ်ကြောင့် ယခုကဲ့သို့ နောက်ဆုတ်ရမည်နည်း။
ထို့အပြင် သူ့အနေနှင့် နောက်ဆုတ်ခဲ့လျှင်တောင် တစ်ဖက်လူက သူ့ကို အလွယ်တကူ အလွတ်ပေးမည်မဟုတ်ပေ။
"သခင်လေး စိတ်မပူပါနဲ့... ရှင်ကျွန်မရဲ့ သုမိသားစုမှာ ရက်အနည်းငယ်လောက် နေလို့ရပါတယ်။ ဒီကိစ္စတွေ တည်ငြိမ်သွားရင် အခု အဖြစ်အပျက်ကြောင့် ရှင့်ကိုဘယ်သူမှ ပြဿနာ လာမရှာရအောင် ကျွန်မတာဝန်ယူပါတယ်.."
သုယွီယင်းက လေးနက်စွာ ပြောသည်။
သို့ရာတွင် ရွှီယန်က ဤသည်ကို အများကြီး ဂရုစိုက်ခြင်းမရှိပါ။ သူက သုမိသားစု၏ နေရာတွင် နေရမည်လား။ အတွင်းဘက်နယ်မြေသို့ လာခဲ့ခြင်းမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခု၏ လက်အောက်၌ ခိုလှုံရန်မဟုတ်ပေ။
ယင်ဟုန်က ဆက်လက် ခြိမ်းခြောက်၏။
"ကောင်လေး... ဒီကိစ္စက မင်းထင်ထားတာထက် အများကြီး ပိုတယ်။ မင်းက တကယ့်ကို သန်မာပါတယ်။ ဒါပေမယ့် ငါမင်းကို နောက်ဆုတ်ဖို့ အကြံပေးလိုက်မယ်။ အခုချိန်မှာ ထွက်သွားရင် ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးက ငါတို့နှစ်ယောက်အကြား ရန်ငြိုးတစ်ခုလေးပဲ.."
"ဒါပေမယ့် ဆက်ဝင်ပါရင်တော့ ငါ့နောက်ကလူရဲ့ ရန်သူဖြစ်လာလိမ့်မယ်။ အကျိုးဆက်တွေကို သေသေချာချာ စဉ်းစားဖို့လိုအပ်တယ်.."
ရွှီယန်က အေးစက်စွာ နှာခေါင်းရှုံ့သည်။
"ငါ့ကို ခြိမ်းခြောက်နေတာလား။ မင်းက ထိုက်တန်လို့လား။ မင်းကို ထောက်ပံ့နေတဲ့လူတွေ... အဲ့ဒီ့လူတွေကရော ထိုက်တန်လို့လား.."
တစ်ဝက်တစ်ပြက် စစ်ဘုရင်မှာ အတုယောင် စစ်ဘုရင်တစ်ဦး ဖြစ်၏။ တစ်ဖက်လူသည် စစ်ဘုရင်အဆင့်သို့ တစ်ခါတည်း ချိုးဖျက်နိုင်ခြင်း မရှိသူ ဖြစ်သည်။
သေချာပေါက် အမှိုက်တစ်ခု ဖြစ်၏။
ထိုလူက သူ့ကိုခြိမ်းခြောက်ရဲနေလေသည်။ မည်သည့်နေရာမှ သတ္တိတို့ ရလာခဲ့သနည်း။
ထို့အပြင် စွမ်းအားကြီး ပုဂ္ဂိုလ်ဟူသည့် လူမှာ ဘယ်ကောင် ဖြစ်သနည်း။
နောက်ထပ်စကားကို မဆိုတော့ဘဲ ရွှီယန်က သူ၏ဓားချက်ကို ထုတ်လိုက်သည်။ တောင်နှင့်မြစ်၏ ပုံရိပ်တို့ ထွက်ပေါ်လာပြီး နဂါးဟိန်းသံက ပဲ့တင်ထက်လာခဲ့၏။ ဤသည်မှာ ဒီအတော်အတွင်းတွင် သူနားလည်သဘောပေါက်ခဲ့သည့် နဂါးဟိန်းခြင်း တောင်နှင့်မြစ် ဓားလမ်းစဉ်ဖြစ်သည်။
ယခုကဲ့သို့ ဓားသိုင်းကျင့်ကြံရန်အတွက် ကောင်းမွန်သည့် ပြိုင်ဘက်တစ်ဦး ရှိနေစဉ်တွင် ရွှီယန်က အလွတ်ပေးမည် မဟုတ်ပါ။
ယင်ဟုန်၏ မျက်နှာက အရောင်တို့ ကင်းမဲ့သွားသည်။ သူဟာ ဒီဓားချက်၏ မည်မျှကြောက်စရာကောင်းပုံကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ပြီး ဖြစ်၏။
ခေါက်ယပ်တောင်က လက်ထဲတွင် ဝှေ့ယမ်းလာပြီး လှိုင်းအလွှာများ ထွက်ပေါ်ကာ အံ့သြစရာကောင်းသည့် စွမ်းအားတို့ တစ်ရစ်ပြီးတစ်ရစ် ပျံ့နှံ့သွားသည်။
တစ်ချိန်တည်းတွင် သူသည် ကြောက်စရာကောင်းလှသည့် နဂါးဟိန်းသံ၏ လွှမ်းမိုးမှုကို သတိထားကာ စောင့်ကြည့်နေ၏။
သို့ပေမယ့် နဂါးဟိန်းသံပေါ်လာသည့် အချိန်၌ ကိုယ့်ကိုယ်ကို တောင်နှင့်မြစ် လောကတစ်ခု အတွင်းသို့ ဆွဲသွင်းခံရလိုက်သကဲ့သို့ ခံစားရဆဲ ရှိသည်။ နောက်တစ်စက္ကန့်တွင် တောင်နှင့်မြစ်အတွင်း၌ မြေမြှုပ်ခံရတော့မည့်ပုံ ရဇိ၏။
"အား.."
ယင်ဟုန်က ဒေါသတကြီး အော်လိုက်သည်။
သူ၏ စွမ်းအားအပြည့်ကို ဆက်တိုက်ထုတ်လွှတ်နေ၏။ အံ့သြဖွယ်လှိုင်းများက လိမ့်ဆင်းနေပြီး ကိုယ့်ကိုယ်ကို တောင်နှင့်မြစ် လောကအတွင်းမှ ရုန်းထွက်နိုင်ခဲ့ပြီးနောက် နောက်သို့ လျှင်မြန်စွာ ဆုတ်သွားသည်။
"ရွှက်.."
ဓားချက်က သူ၏ရင်ဘက်မှ အဝတ်များကို လှီးဖြတ်သွား၏။ သူက ဒေါသထွက်သွားသည်။
"ငါ့ကို ခြိမ်းခြောက်ရဲတာလား။ တဝက်မီးဖုတ်ကောင်.. မင်းဘယ်က သတ္တိတွေ ရလာတာလဲ.."
ရွှီယန်က ဓားချက်ကို တစ်ချက်ပြီးတစ်ချက် ခုတ်၏။ နဂါးဟိန်းသံများက ဆက်တိုက် ထွက်ပေါ်နေပါသည်။
တောင်နှင့်မြစ်၏ ပုံရိပ်တို့ကလည်း အဆက်မပြတ် ပေါ်လာနေ၏။
ယင်ဟုန်က ဆက်တိုက် ခုခံနေရကာ အလွန် တစ်ဖက်သတ် ဆန်လှပါသည်။ သူ၏ ခရမ်းရောင်ဝတ်စုံသည် အဝတ်စုတ်တစ်ခုအဖြစ်သို့ ပြောင်းလဲနေပြီး ဖြစ်၏။ သူ၏ ပုခုံးပေါ်တွင်လည်း သေးငယ်သည့် သွေးရောင် ဓားရာများ ပေါ်လာခဲ့သည်။
သို့ပေမယ့် သူသည် တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက် ဖြစ်နေသေး၏။ ဆိုးဝါးသည့် အခြေအနေသို့ ရောက်ရှိနေလျှင်တောင် မည်သည့် သေစေနိုင်သည့် ဒဏ်ရာကိုမှ ရရှိခြင်း မရှိပါ။
'ငါဒီတိုင်း ဆက်သွားလို့ မရဘူး... ဒီကောင်ရဲ့ ဓားသိုင်းက အရမ်းကိုထူးခြားတယ်။ တိုက်ခိုက်ရင်းက ပိုပိုပြီး စွမ်းအားကြီးလာ ပုံပဲ။ တစ်ချက်သတိလစ်တာနဲ့ သူလက်ထဲမှာ ကျဆုံးသွားနိုင်တယ်..'
ယင်ဟုန်သည် နှလုံးသားထဲ၌ အေးစက်မှုကို ခံစားလိုက်ရသည်။ ရှောင်ပြေးရန်အတွက် စဉ်းစားမိ၏။
သုယွီယင်းတို့လည်း တုန်ခါနေပါသည်။ ဤသည်မှာ မည်ကဲ့သို့သော ဓားသိုင်းဖြစ်သနည်း။ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် သန်မာလှသည်။
လောကကြီး၏ နက်ရှိုင်းသည့် လျှို့ဝှက်ဆန်းကြယ်မှုအချို့ ပါဝင်နေသည့်ပုံ ရှိ၏။ ယင်ဟုန်ကို အလွန်ဆိုးရွားစုတ်ပြတ်သည့် အခြေအနေသို့ ဖိအားပေးခဲ့၏။
ဤသည်မှာ တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက် ဖြစ်သည်။ သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက်ထက် ခွန်အားတို့ ကြောက်စရာကောင်းလောက်အောင် များစွာ သာလွန်၏။
ထို့အပြင် ယင်ဟုန်မှာ တစ်ဝက်တစ်ပြက် စစ်ဘုရင်များအကြားတွင် ထူးချွန်သူတစ်ယောက် ဖြစ်သည်။ စစ်ဘုရင်ပြီးပါက ပြိုင်ဘက်ကင်းသည့် တည်ရှိမှု တစ်ခုဟု လူသိများ၏။
ထိုအချိန်၌ တစ်ဖက်လူသည် သူ၏ တင့်တယ်သပ်ရပ်သည့် အသွင်အပြင်ကို ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ပါ။ ဆံပင်များက ဖွာလန်ကြဲကာ ခရမ်းရောင်ဝတ်စုံမှာ ခန္ဓာကိုယ်၌ တွဲခိုနေသည့် လက်နှီးစုတ်တစ်ခုနှယ် ရှိနေ၏။
အလှီးခံထားရသည့် သွေးကြောင်းများကိုလည်း ရေးတေးတေး တွေ့မြင်နိုင်ပါသည်။
ဒဏ်ရာများက မနက်ပေမယ့် အပေါ်ယံ ထိခိုက်မှုများသာ ဖြစ်လျှင်တောင် ယင်ဟုန်၏ အခြေအနေမှာ မည်မျှ အန္တရာယ်များလှကြောင်းကို လုံလောက်စွာ ပြသနေပါသည်။ တုံ့ပြန်မှုသာ အနည်းငယ်လောက် နှေးကွေးသွားပါက နေရာမှာတင် သေဆုံးရမှာဖြစ်၏။
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားပြီး ယင်ဟုန်ကို အံ့ဩစွာကြည့်သည်။
'ဒီကောင်က သန်မာသားပဲ။ ငါသူ့ကို မသတ်နိုင်ဘူး..' တိုက်ပွဲအပြီးတွင် ရွှီယန်လည်းပဲ သူ၏ခွန်အားမှာ အတွင်းဘက်နယ်မြေ၌ မည်သည့်အဆင့် ဖြစ်ကြောင်းကို နားလည်လာခဲ့သည်။
သူသည် တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက်ထက် ပိုမို သန်မာ၏။ သို့ပေမယ့် စစ်ဘုရင်တစ်ယောက်ထပ် အားနည်းပါသည်။
သို့ရာတွင် ယင်ဟုန်ကဲ့သို့ စွမ်းအားကြီးမားသည့် တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ရန်မှာ လွယ်ကူခြင်း မရှိပါ။