ပျက်ပြယ်ခြင်း
Vol. 019 Ch. 1825
ရီဖူရှင်းကား အလွန်အမင်းထိတ်လန့်နေသည်။ အနက်ရောင်လျှပ်စီးများသည် အရိပ်မုန်တိုင်းထဲတွင် တဖျတ်ဖျတ်လက်နေ၏။ ထိုအထဲတွင် ပါဝင်သောစွမ်းအားများမှာ ပြင်းထန်လွန်းသည်။
သူက အပြင်ဘက်နားမှ ရပ်နေသည့်တိုင် ပြင်းထန်သောလှိုင်းများကို ခံစားနေရ၏။ ကမ္ဘာသစ်ပင်သည်ပင် ပြင်းထန်စွာတုန်ခါကာ လှုပ်ယမ်းနေသည်။
ဧကရာဇ်အလင်းသည် မူလကကဲ့သို့ စူးရှစွာလင်းလက်နိုင်ခြင်းမရှိတော့။ အရိပ်ကမ္ဘာထဲတွင် သာမန်အလင်းကဲ့သို့သာ တည်ရှိနိုင်တော့သည်။
သို့သော်လည်း ထိုအလင်းမျှင်လေးက သူ့အား ဆက်လက်ထောက်ပံ့ထားခြင်းဖြစ်သည်။ ထိုမုန်တိုင်းထဲတွင် သူသည် ထိုအလင်းဖြင့် ဆက်လက်တည်ရှိနိုင်သည်။
မဟုတ်လျှင် ထိပ်သီးပုဂ္ဂိုလ်များသည်ပင် ထိုမုန်တိုင်းကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ သူတို့၏မဟာလမ်းစဉ်မှာ ပိတ်ဆို့ခံရကာ အသွေးအသားများနှင့်ဝိညာဉ်များ သေဆုံးသွားရပေမည်။
သူ၏ခန့်မှန်းမှုသာ မှန်ကန်မည်ဆိုပါက သည်ကျောက်တုံးသည် မဟာလမ်းစဉ်ပြိုပျက်ရာမှ အကြွင်းအကျန်ဖြစ်ကာ အရိပ်ဘုံ၏မူလရင်းဖြစ်ဖြစ်သည်။ နောက်ပိုင်းတွင် ကျောက်တုံးမှ အရိပ်ဘုံအဖြစ် မွေးထုတ်ပေးခဲ့သည်။
နေမင်းဘုံကား ဆန့်ကျင်ဘက်ဖြစ်သည်။ ဘုံနှစ်ခု၏ကွဲပြားခြားနားမှုက နေ့နှင့်ညဖြစ်၏။ နေမင်းနန်းတော်သည် ထိုနေရာတွင် တည်ရှိသည်။ နေနတ်ဘုရားတောင်ကုန်းသည်လည်း နေနတ်ဘုရား၏ဆက်ခံသူများအဖြစ် ယုံကြည်ကြသည်။ လက်ရှိတွင် သူတို့သည် နေမင်းဘုံကို ထိန်းချုပ်ကာ သူတို့က နေမင်းဘုံကိုသာ အလိုရှိသည်ဟု ပြောထားကြသည်။
ရီဖူရှင်းက တိဝူကို အမှတ်ရသည်။ သူ၏ဝင်ရိုးသည် ဆင့်ကဲပြောင်းလဲကာ ပိုမိုအားကောင်းလာခဲ့သည်။ သူက နေမင်းဘုံနှင့် တနည်းတဖုံဆက်စပ်နေရပေမည်။
သို့သော်လည်း နေနတ်ဘုရားတောင်ကုန်းသည် ကောင်းကင်ဒေသမှဖြစ်သည်။ သူတို့က နေမင်းဘုံ၏ရင်းမြစ်ကို ဖျက်ဆီးရဲမည် မဟုတ်ပေ။ သူတို့တွင် ထိုစွမ်းရည်ရှိဟန်လည်းမတူ။ မှော်နက်အဖွဲ့အစည်းကဲ့သို့ ထိပ်သီးအင်အားစုသည်သာ ထိုသို့လုပ်နိုင်သည်။
ရီဖူရှင်းကား နောက်တစ်ကြိမ် တွန့်ဆုတ်နေသည်။ အရိပ်မုန်တိုင်းများကို ဖြစ်ပေါ်စေသော ထိုနတ်ရတနာသည် သူ့ရှေ့တွင်ရှိနေသည်။ ဤကား မဟာလမ်းစဉ်၏မူလကျောက်တုံးဖြစ်သည်။ သူ့အနေဖြင့် ထိုအရာကို အမှန်တကယ် ယူဆောင်ရဲသလော။
ကမ္ဘာသစ်ပင်သည် ယန်ဓာတ်ကိုစုပ်ယူကာ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်စေနိုင်သည်။ ထို့ကြောင့် ယင်နှင့်ယန်ဓာတ်တို့သည် ကမ္ဘာသစ်ပင်အား ပိုမိုပြည့်စုံစေမည်ဟု ရီဖူရှင်းက ခံစားနေရသည်။
သူ့အနေဖြင့် အလောင်းအစားလုပ်ရဲသလော။
သူသာ ကြိုးစားကြည့်ပါက ရီဖူရှင်းကိုယ်တိုင်က ဝါးမျိုခံရမည့်အခြေအနေရှိသည်။ သူက အနည်းငယ်မျှဂရုမစိုက်မိပါက အသက်ရှင်မည် မဟုတ်ပေ။ ထို့ကြောင့် ရီဖူရှင်း တွန့်ဆုတ်၏။
သူ့ရှေ့မှ ထွက်သွားသောလူငယ်သည် အရိပ်စွမ်းအားကိုငှားယမ်းကာ သည်နေရာ၌ ကျင့်ကြံနိုင်သည်။ သို့တိုင်အောင် သူသည် မူလကျောက်တုံးကို ယူဆောင်သွားနိုင်ခြင်းမရှိပေ။
ဘုံကိုးခု၏တားမြစ်ပိတ်ပင်မှုနှင့် မူလဘုံ၏အပြောင်းအလဲများကိုတွေးမိလျှင် ရီဖူရှင်း၏မျက်လုံးများ၌ ဆုံးဖြတ်ချက်ပြတ်သားသော အငွေ့အသက်မျာဖြစ်ပေါ်လာသည်။ သူ့အနေဖြင့် နောက်တစ်ကြိမ် အခွင့်အရေးမရနိုင်တော့။
သူကား သည်နေရာသို့အထိပင် ရောက်လာခဲ့လေပြီ။
ထိုအချက်ကိုစဉ်းစားပြီးနောက်တွင် ရီဖူရှင်းက ရှေ့ကို ဆက်တိုးသွားလိုက်သည်။ တရှဲရှဲမြည်သံများနှင့်အတူ အကိုင်းအခက်များသည် ရှေ့ကိုဆက်တိုးသွား၏။ ကမ္ဘာသစ်ပင်သည် ဆက်လက်ကြီးထွားလာသည်။ ဤသို့ဖြင့် ကမ္ဘာသစ်ပင်သည် တစ်လောကလုံးကို ဖုံးအုပ်တော့မည့်အလား အတိုင်းအဆမဲ့ ကြီးမားလာ၏။
ကမ္ဘာသစ်ပင်မှ ထွက်ပေါ်လာသော အငွေ့အသက်များသည် ပတ်ဝန်းကျင်မှ ယန်ဓာတ်များဖြင့် ပေါင်းစပ်လာသည်။ ရီဖူရှင်း၏ခန္ဓာကိုယ်ကား မီးတောက်များဖြင့် လောင်ကျွမ်းဟန်ဖြစ်လာ၏။ သူ၏သွေးများသည် ပြင်းထန်စွာလည်ပတ်ကာ ယန်ဓာတ်၏တိုက်စားမှုကို ချေမှုန်းလိုဟန်ရသည်။ ရှေးဟောင်းသစ်ပင်မှ သစ်ရွက်များသည် မုန်တိုင်းထံသို့ ရိုက်ခတ်သွားကြသည်။
အရိပ်မုန်တိုင်းသည် ပြင်းထန်စွာရိုက်ခတ်သွားကာ ရှေးဟောင်းသစ်ပင်မှ သစ်ရွက်များကို ရင့်ရော်သွားစေသည်။ ရှေးဟောင်းသစ်ပင်မှ သစ်ရွက်များသည် အဆက်မပြတ် ပြောင်းလဲနေသည်။ သူတို့သည် အေးခဲရင့်ရော်ကာ သေဆုံးကြရသည်။ သို့သော်လည်း ကမ္ဘာသစ်ပင်မှ အသက်ဓာတ်ကား မယုံနိုင်ဖွယ်ကောင်းအောင် များပြားလှသည်။ ထိုအသက်ဓာတ်များသည် အဆုံးမဲ့ဟန်ရ၏။ အကြိမ်တိုင်း သစ်ရွက်များရင့်ခြောက်သေဆုံးသွားတိုင်း၊ ကမ္ဘာသစ်ပင်သည် ပြန်လည်၍ ရှင်သန်လာမြဲပင်။ ကမ္ဘာသစ်ပင်သည် ယန်ဓာတ်ကို သူ့ကိုယ်ပိုင်စွမ်းအားဖြင့်ပင် ပေါင်းစပ်နေ၏။
ရီဖူရှင်း၏ခန္ဓာကိုယ်သည် ချက်ချင်းပင် အဖြူရောင်သို့ ပြောင်းလဲသွားသည်။ ယန်ဓာတ်စွမ်းအားသည် ကမ္ဘာသစ်ပင်မှတစ်ဆင့် သူ့ခန္ဓာကိုယ်သို့ စီးဆင်းလာ၏။ ယန်ဓာတ်များသည် သူ့အသွေးအသား၊ ကလီစာနှင့် သူ့ဝိညာဉ်သို့အထိ စီးဆင်းသည်။
သူက မုန်တိုင်းကို တိုက်ရိုက်ရင်ဆိုင်ခြင်းမပြုသည့်တိုင် ယန်ဓာတ်သည် သူ့ခန္ဓာကိုယ်ကို ရောက်ရှိလာ၏။
အရာခပ်သိမ်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏သွေးကြောများ အေးခဲကာ သွေးများ လည်ပတ်ခြင်း ရပ်တန့်သွားသည်။ သူ့ကလီစာများလည်း အလုပ်မလုပ်ကြတော့။ သူကိုယ်တိုင် အသက်ရှုပ်ခြင်း ရပ်တန့်သွားသည်။ သူ့စိတ်ဝိညာဉ်သည် တုန်ယင်နေကာ အတွေးများလည်း ရပ်တန့်သွားဟန်ရသည်။
သူ့ခန္ဓာကိုယ်သည် လုံးဝအေးခဲသွားကာ သူသည် အသက်မဲ့သောအရာဝတ္ထုအဖြစ် ပြောင်းလဲသွားဟန်သည်။
သို့သော်လည်း ကမ္ဘာသစ်ပင်သည် သူနှင့်ဆက်စပ်နေသည်။ မှေးမှိန်သောအလင်းမျှင်တစ်ခုသည် သူ့ခန္ဓာကိုယ်အတွင်း ခေါင်းမာစွာ စီးဆင်းနေဆဲဖြစ်ကာ သူ့အား အသက်ဓာတ်များ အဆက်မပြတ် ပို့လွှတ်နေ၏။ သူ၏အသိစိတ်က လုံးဝ ပျောက်ဆုံးသွားခြင်းမရှိပေ။
သူကိုယ်တိုင်က လုံးဝငြိမ်သက်တိတ်ဆိတ်ခြင်းသို့ ရောက်ရှိသွားသည်။ အချိန်နှင့်လေဟာနယ်သည်လည်း ရပ်တန့်သွားသည်။ သူသည် ပြင်ပလောကနှင့် သူကိုယ်တိုင်၏တည်ရှိမှုကို ခံစားသိရှိနေသည်။
ထိုခံစားချက်ကား ထူးဆန်းလွန်းသည်။ အရာအားလုံးသည် လှုပ်ရှားခြင်း ရပ်တန့်သွားသည်။
ဤကား အရိပ်ဘုံအမြုတေ၏စွမ်းအားဖြစ်သည်။ ကမ္ဘာသစ်ပင်၏ကာကွယ်ပေးမှုကြောင့်သာမဟုတ်လျှင် ရီဖူရှင်းသည် အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။
ရီဖူရှင်းသည် အေးခဲနေသောအလုံးတစ်ခုထဲတွင် တိတ်ဆိတ်စွာ ငြိမ်သက်လဲလျောင်းနေသည်။ သို့သော်လည်း ကမ္ဘာသစ်ပင်ကား တဖြေးဖြေး အရိပ်မုန်တိုင်းကို ဖုံးအုပ်သွားပြီဖြစ်သည်။ ၄င်းက အရိပ်မုန်တိုင်းထဲကို ထွင်းဖောက်ကာ ထိုအရာနှင့် ပေါင်းစပ်သွားသည်။
အလုံးထဲတွင် အချိန်နှင့်လေဟာနယ်သည် ရပ်တန့်သွားပြီဖြစ်သည်။ ရီဖူရှင်းသည်လည်း တူညီစွာပင် ထိုရပ်တန့်သောအနေအထားသို့ ရောက်သွား၏။ သူက ထာဝရအိပ်စက်ခြင်းသို့ ရောက်သွားသည့်အလား...။ အသက်ဓာတ်၏အငွေ့အသက်များအားလုံး ပျောက်ကွယ်သွားသည်။ အကယ်၍သာ တစ်စုံတစ်ယောက်က ရီဖူရှင်းကိုတွေ့မြင်နိုင်လျှင် သူသည် အမှန်တကယ် သေဆုံးသွားပြီဟု မှတ်ယူသွားပေလိမ့်မည်။
လှုပ်ယမ်းနေသောရှေးဟောင်းသစ်ပင်သည်သာ ရီဖူရှင်း အသက်ရှင်နေကြောင်း တစ်ခုတည်းသော သက်သေဖြစ်သည်။
အပြင်ဘက်တွင် လူအများအပြားသည် မုန်တိုင်းထဲကို ဝင်ရောက်ရန် ကြိုးစားနေကြသည်။ သို့သော်လည်း အရိပ်မုန်တိုင်းများ ပြင်းထန်စွာ တိုက်ခိုက်နေခြင်းက လူတိုင်းကို ခွန်အားမဲ့စေသည်။ မည်သူမှ မဝင်ရောက်နိုင်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများသည်လည်း ရီဖူရှင်းကို နေရာတိုင်း၌ ရှာဖွေရန် ကြိုးစားနေကြသည်။
ရီဖူရှင်းသာ မဟုတ်ပေ၊ မြေအောက်ကို ဆင်းသွားသော တခြားသော တန်ခိုးရှင်များကိုလည်း ရှာမတွေ့ပေ။ သူတို့အားလုံးမှာ ယန်ဓာတ်၏ဖျက်ဆီးခြင်းကို ခံရဟန်တူသည်။
ရီဖူရှင်း သေဆုံးသွားပြီဖြစ်ကြောင်း အရှင်ထိုက်ရွှမ်သည် တဖြေးဖြေး လက်ခံလာရတော့သည်။
ထိုအရာက လက်ခံရန် ခက်ခဲ၏။
“မြေအောက်ကမ္ဘာက အရမ်းကြီးမားတယ်။ တခြားနေရာတွေ ရှာကြည့်ရအောင်” အင်ပါယာနန်က ပြောသည်။ သူ၏အသံက တည်ငြိမ်နေသည်။ သို့သော်လည်း သူကိုယ်တိုင်က ရီဖူရှင်း သေဆုံးသွားပြီဟု လက်ခံလာရသည်။
“အင်ပါယာနန်က တကယ့်အရှိတရားကို လက်မခံနိုင်ဘူးလား” ရှန်ကလန်ခေါင်းဆောင်က ပြောသည် “သူ သေပြီလေ။ ဘာလို့ သူ့ကို ရှာနေကြသေးတာလဲ။ အင်ပါယာနန်က ဘုံသုံးထောင်မှာ အစွမ်းအကြီးဆုံးဖြစ်ပြီးတော့ နန်ထျန်းနတ်ပြည်ထောင်ကို အုပ်ချုပ်တယ်။ ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ”
အင်ပါယာနန်က ရီဖူရှင်းကို အဘယ်ကြောင့် ကူညီလိုရသည်ကို သူနားမလည်ပေ။ အင်ပါယာနန်၏အဆင့်အတန်းနှင့်စွမ်းရည်အရ သူသည် မည်သည့်အရာကို စိတ်ဝင်စားစရာမလိုတော့။ မည်သည့်အင်အားကမှ သူ့ကို မတုန်လှုပ်စေနိုင်ပေ။
သို့မဟုတ် အင်ပါယာနန်က ရီဖူရှင်းအား သားမက်တော်လိုခြင်းလည်း ဖြစ်နိုင်သည်။
သို့သော်လည်း အင်ပါယာနန်သည် နန်လော့ရှန်းကို အလွန်ချစ်ကာ ဘုံသုံးထောင်တွင် မည်သူနှင့်မှ မထိုက်တန်ဟု သတ်မှတ်ထားသူဖြစ်သည်။
“ခင်ဗျား နားလည်မှာ မဟုတ်ဘူး”
အင်ပါယာနန်က ပြောသည်။
“ကျုပ်က နားလည်တယ်၊ နားမလည်ဘူးဆိုတာ အရေးမကြီးဘူး။ ရီဖူရှင်း ဒီမှာ သေသွားပြီ။ အနာဂတ်မှာ အင်ပါယာနန်က ကောင်းကင်အာဏာစက်ကျောင်းတော်ကိစ္စတွေမှာ ဝင်ပါတော့မှာ မဟုတ်ဘူး။ ဟုတ်တယ်မလား” ရှန်ကလန်ခေါင်းဆောင်က ပြောသည်။ မည်သို့ဆိုစေ အင်ပါယာနန်၏တည်ရှိမှုက ရှန်ကလန်အတွက် ကြီးမားသောအတားအဆီးဖြစ်စေသည်။
အင်ပါယာနန်က မဖြေပေ။ သူက အဝေးကို ကြည့်သည်။ ရုတ်တရက် သူက တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် တီးတိုးပြောသည် “ယန်ဓာတ်က အားနည်းလာနေတယ်”
ဟမ်...
အင်ပါယာနန်ပြောသည်ကိုကြားလျှင် တန်ခိုးရှင်များအားလုံးက အံ့အားသင့်သွားကြသည်။
အမှန်တကယ်ပင် ယန်ဓာတ်သည် အားနည်းလာနေ၏။ သူတို့အားလုံး ခံစားမိကြသည်။
သူတို့ရှေ့တွင် ပြင်းထန်သောအရိပ်မုန်တိုင်းသည် တဖြေးဖြေး အားနည်းလာနေ၏။ မုန်တိုင်းသည် တဖြေးဖြေးဖြင့် ငြိမ်သက်လာခဲ့လျှင် ယန်ဓာတ်သည်လည်း ပျက်ပြယ်လာ၏။
ဘာဖြစ်နေသနည်း။
အရိပ်မုန်တိုင်းသည် များစွာအားနည်းသွားသည်တွင် တစ်ယောက်က ရှေ့ကိုတက်သွားကာ ပြောသည် “အထဲကိုဝင်ကြည့်ရအောင်”
တစ်ယောက်ပြီးတစ်ယောက် ထိပ်သီးပုဂ္ဂိုလ်များသည် မုန်တိုင်းအတွင်းသို့ ဝင်ရောက်သွားကြသည်။ ယခင်လို ပြင်းထန်သောတိုက်စားမှုကို မခံရရာ ထိပ်သီးတန်ခိုးရှင်များအတွက် သိပ်ပြဿနာမဟုတ်တော့ပေ။
တခြားလူများက ထိုမြင်ကွင်းကိုတွေ့လျှင် သူတို့လည်း လိုက်ပါသွားကြတော့သည်။
ပင်မအမြုတေတွင် တစ်စုံတစ်ခု အပြောင်းအလဲဖြစ်နေပုံရ၏။
မင်းသမီးဒွန်ဟောင်သည်လည်း ရှေ့ကိုတက်သွားသည်။ သူမ၏မျက်လုံးများထဲတွင် ထူးဆန်းသောအရိပ်များ ဖြတ်ပြေးသွားသည်။
ဟူး... ဟူး...
လူရိပ်များသည် အလွန်မြန်ဆန်၏။ မကြာခင် သူတို့သည် မြေအောက်ပင်မနေရာသို့ ရောက်လာသည်။ ထိုနေရာတွင်လည်း မုန်တိုင်းသည် အားနည်းလာနေ၏။ ပြင်းထန်သောအရိပ်စီးကြောင်းများရှိသေးသော်လည်း သူတို့မှာ အရပ်မျက်နှာမျိုးစုံသို့ ပျံ့လွင့်ပျောက်ကွယ်နေကြ၏။
အားလုံး၏အကြည့်က အတွင်းသို့ ရောက်သွားည်။ အရိပ်ဘုံ၏ရတနာသည် ထိုနေရာတွင်ရှိသည်ဟု အားလုံးက ယုံကြည်ကြ၏။ ထိုအရာသည် ကောင်းကင်လမ်းစဉ်ပြိုလဲရာ၌ ကျန်ရှိသော ကောင်းကင်ရတနာဖြစ်သည်။ ယခု ယန်ဓာတ်အား ပျက်ပြယ်သွားရာ ထိုရတနာသည်လည်း ရှိတော့မည့်ဟန်မပေါ်တော့။
“ဒါက...” တစ်စုံတစ်ယောက်က အဝေးကို လှမ်းကြည့်သည်။ သူ၏စိတ်က တုန်လှုပ်သွား၏။
ဟူး...
ထိုလူက မြန်ဆန်စွာ ရွေ့လျားသွားသည်။ ထိုနေရာတွင် အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ဦး လဲလျောင်းနေ၏။ သူ့ထံတွင် အသက်ဓာတ်အငွေ့အသက်မျှပင် မရှိတော့ဘဲ ထာဝရအိပ်စက်သွားသည့်ဟန်ရနေသည်။
ထိုသူကား ရီဖူရှင်းဖြစ်သည်။
“ဖူရှင်း...” အရှင်ထိုက်ရွှမ်၊အင်ပါယာနန်နှင့် တခြားလူများအားလုံး ရှေ့ကိုတက်သွားကြသည်။ သူတို့အာလုံး၏အမူအရာများ ပျက်ယွင်းနေကြ၏။ သူတို့က ရီဖူရှင်းကို ပြန်တွေ့သော်လည်း သူကား အသက်မရှုတော့။ သူ၏အသက်ဓာတ်ကိုလည်း သူတို့မခံစားမိတော့။
နောက်ဆုံးတွင် သူ အမှန်တကယ် ဆုံးပါးသွားပြီလား။
“ဒီမှာ ဘာလို့ သူတစ်ယောက်တည်း ရှိနေတာလဲ” တခြားလူများက ထူးဆန်းသောအခြေအနေကို မှတ်ချက်ချကြသည်။ နတ်ရတနာလည်း မရှိတော့သလို အရိပ်မုန်တိုင်းလည်း ပျက်ပြယ်သွားပြီဖြစ်သည်။
သည်နေရာတွင် ဘာဖြစ်ခဲ့သနည်း။
***