‘လ’ ၏ပြောင်းလဲခြင်း
Vol. 019 Ch. 1826
အရှင်ထိုက်ရွှမ်၊ အင်ပါယာနန်နှင့် တခြားလူများအားလုံးက ရီဖူရှင်းထံသို့ ရောက်လာခဲ့သည်။ ရီဖူရှင်းသည်ကား လုံးဝရပ်တန့်နေသောအခြေအနေတွင်ရှိနေသည်။ အသက်ရှုခြင်း၊သွေးလည်ပတ်ခြင်း အရာခပ်သိမ်း ရပ်တန့်နေသည်။ သူသည် အမှန်တကယ် သေဆုံးသွားသည့်အလား...။
“ဟမ်...”
ထိုအခိုက်တွင် အရှင်ထိုက်ရွှမ်သည် ရီဖူရှင်း၏ခန္ဓာကိုယ်တွင်စီးဆင်းနေသော အရိပ်စီးကြောင်းများကို ခံစားမိသည်။ ထိုအရာက သဘာဝအလျောက်ဖြစ်ပေါ်နေသည့်အလား...။ အင်ပါယာနန်ကလည်း ထိုအရာကို သတိထားမိကာ ပြောသည် “သူကို ပြန်ခေါ်သွားကြမယ်”
သည်နေရာတွင် တစ်စုံတစ်ခုဖြစ်ပျက်သွားကြောင်း သူတို့ သိလိုက်သည်။ သည်နေရာတွင် ရီဖူရှင်းမှလွဲ၍ မည်သူမှ အသက်ရှင်မကျန်ရစ်ခဲ့။ အရိပ်မုန်တိုင်းသည် ပျက်ပြယ်သွားရာ တစ်စုံတစ်ခုဖြစ်သွားသည်မှာ သေချာသည်။
ရီဖူရှင်းထံတွင် လှုပ်ရှားမှုအရိပ်အယောင်တစ်ခုမှ မတွေ့ရသော်လည်း ထိုအရာက သူသေဆုံးသွားသည်ဟု မဆိုလို။ သူအသက်ရှင်နေသေးသည်လည်း ဖြစ်နိုင်သည်။ အနည်းဆုံး ထိုအရိပ်စီးကြောင်းများက...။
“အင်း...” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်ကာ ရီဖူရှင်းနှင့်အတူ ထွက်သွားသည်။
အဝေးမှ လူအများအပြားသည် ရီဖူရှင်းကို အကဲခတ်နေကြ၏။ သူတို့အားလုံးက ရီဖူရှင်းထံတွင် အသက်ဓာတ်များ ကင်းမဲ့နေသည်ကို သတိထားမိကြသည်။ သူတို့က အလောင်းကို ပြန်သယ်သွားကြတော့မည်လား။
ရီဖူရှင်းက အသက်ရှင်နေသေးသည်များလား။
သည်နေရာတွင် ဖြစ်ပျက်သွားသမျှက ရီဖူရှင်းနှင့် သက်ဆိုင်နေသည်များလား။
သို့သော်လည်း ရီဖူရှင်းသည် မူလဘုံတွင် သူ၏မျိုးဆက်၌ အထူးချွန်ဆုံးသောပါရမီရှင်ဖြစ်သော်လည်း ဤသို့သော ပြင်းထန်သောအပြောင်းအလဲမျိုးနှင့်သက်ဆိုင်ရန်ကား ခက်ခဲသည်။
သည်နေရာသည် ထိပ်သီးပုဂ္ဂိုလ်များပင် လာရောက်ရန် မဖြစ်နိုင်သောနေရာမှန်း သူတို့အာလုံး သိကြ၏။ ရီဖူရှင်းက မည်သို့နည်းဖြင့် ထိုအပြောင်းအလဲများကို ဖြစ်စေမည်နည်း။
သူ့အလောင်း မပျက်မစီးဘဲ ကျန်နေသေးသည်ကပင် အလွန်ကံကောင်းလှပြီ။
အရှင်ထိုက်ရွှမ်ကား မြန်သည်။ သူတို့က မင်းသမီးဒွန်ဟောင်အနီးမှ ဖြတ်သွားကာ သူမကို ပြောသည် “အရှင့်သမီး... ကျုပ်က သူ့ကို ကယ်လို့ရဦးမလား ခေါ်သွားပြီးတော့ စစ်ဆေးကြည့်ရမယ်”
မင်းသမီးဒွန်ဟောင်က အသက်မဲ့နေဟန်ရသောရီဖူရှင်းကိုကြည့်ကာ ညင်သာစွာပြောသည် “သွားတော့... ရှင် ဒီမှာရှိနေစရာမလိုဘူး”
“ကျေးဇူးပါ မင်းသမီး...” အရှင်ထိုက်ရွှမ်က ပြောသည်။ ထို့နောက် သူက ကောင်းကင်ထက်ကိုတိုက်ရိုက်တက်ကာ အဝေးသို့ခေါ်ဆောင်သွားတော့သည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှလူများသည်လည်း ထိုနေရာမှစတင်ထွက်ခွာကြသည်။ မင်းသမီးဒွန်ဟောင်ရှိနေမှတော့ ရှန်ကလန်နှင့်ရွှေရောင်နတ်ပြည်ထောင်တို့သည်လည်း အရှင်ထိုက်ရွှမ်ကို မတားဆီးရဲကြတော့ပေ။
ထို့အပြင် ရီဖူရှင်း သေဆုံးသွားပြီဟု သူတို့တွေးထင်ကြသည်။ သူ့အနေဖြင့် အရိပ်ဘုံ၏ပင်မအမြုတေနေရာတွင် အသက်ရှင်ကျန်ရန် မဖြစ်နိုင်ပေ။
မှော်နက်အဖွဲ့အစည်းသည်ကား အရိပ်မုန်တိုင်းထဲတွင် ထိပ်သီးတန်ခိုးရှင်အများအပြား ကျဆုံးကာ သူတို့ကို ဆုံးရှုံးမှုကြီးမားစေခဲ့သည်။
ရှစ်ရှဲနှင့် မကောင်းဆိုးဝါးဘုံမှ တန်ခိုးရှင်များသည်လည်း ထိုနေရာသို့ရောက်လာကာ တဖြေးဖြေးပျက်ပြယ်လာနေသော အရိပ်မုန်တိုင်းအားကြည့်သည်။
သည်နေရာတွင် ဘာဖြစ်သွားသည်ကို သူတို့စိတ်ဝင်စားကြ၏။
သည်ဖြစ်ရပ်များက ထိုလူနှင့်သက်ဆိုင်သလော။
အရာအားလုံးသည် ထိုလူထွက်သွားပြီးနောက် ငြိမ်သက်သွားခဲ့သည်။
သူသည် ကောင်းကင်ဘုံ၏ဆက်ခံသူအဖြစ် သတ်မှတ်ခံရ၏။ သူက ထိုမျှ ကြောက်မက်ဖွယ်ကောင်းသလော။
“အရှင့်သမီး… ကြည့်ရတာ အရိပ်ဘုံက နာမည်ပြောင်းရတော့မယ်ထင်တယ်။ အခု အရိပ်ဘုံကို တခြားလူက ဝါးမျိုသွားတယ်။ မင်းသမီးက ဘာမှ မလုပ်တော့ဘူးလား” ရှစ်ရှဲက မေးသည်။
သည်ဖြစ်ရပ်များက ရီဖူရှင်းနှင့်ပတ်သက်မည်ဟု သူမထင်ပေ။ အရာအားလုံးမှာ ထိုလူနှင့်သာသက်ဆိုင်မည်ဟု သူက တွေးထင်၏။
မင်းသမီးဒွန်ဟောင်က သူ့စကားကို မကြားဟန်ပြုကာ တခြားတစ်ခုကို တွေးတောနေဟန်ရသည်။
အမှန်တကယ်လည်း အရိပ်ဘုံသည် သူ၏ပင်မအမြုတေရတနာမရှိတော့သည့်နောက် ယခင်လို ထူးခြားသောအာနိသန်များရှိတော့မည် မဟုတ်တော့ပေ။
“မူလဘုံက ကောင်းကင်ဒေသရဲ့လက်အောက်နယ်မြေတစ်ခုပဲ။ မကောင်းဆိုးဝါးဘုံက ကျူးကျော်မယ်ဆိုရင် စစ်မြေပြင်မှာ တွေ့ကြတာပေါ့” မင်းသမီးက အေးစက်စွာ ပြောသည်။
“စစ်မြေပြင်မှာလား” ရှစ်ရှဲ၏မျက်လုံးများ အေးစက်သွားသည်။
“ကျုပ်တို့က အခုစစ်မြေပြင်မှာ မဟုတ်ဘူးလား” သူက ရှေ့ကို တက်လာသည်။ မင်းသမီးအနီးမှ လေဟာနယ်သည် ရုတ်တရက် တွန့်လိမ်လာ၏။
အရိပ်သဏ္ဌာန်များသည် မင်းသမီးတွင် ရုတ်တရက်ပေါ်လာသည်။ မှော်နက်အဖွဲ့သည် အရိပ်မုန်တိုင်းထဲ၌ များစွာသေဆုံးသွားခဲ့ကာ သူတို့၏အင်အားများစွာ ဆုတ်ယုတ်ခဲ့ရရာ ကောင်းကင်ဒေသမှ အင်အားစုသည် မကောင်းဆိုးဝါးဘုံကိုလည်း သက်တောင့်သက်သာ ခုခံနိုင်ပြီဖြစ်သည်။
“ကျုပ်တို့က ဒွန်ဟောင်မင်းသမီးကို ပူးပေါင်းပြီး ဖမ်းဆီးမယ်။ ဒါဆို ကောင်းကင်ဒေသက မူလဘုံကနေ ဆုတ်ခွာသွားရမှာပဲ။ ခင်ဗျားတို့စိတ်ဝင်စားလား” ရှစ်ရှဲက မှော်နက်အဖွဲ့မှလူများကို အဆိုပြုသည်။
မှော်နက်အဖွဲ့မှတန်ခိုးရှင်များတွန့်ဆုတ်နေကြ၏။ သူတို့၏အကြည့်က လူတစ်ယောက်ထံသို့ ရောက်သွား၏။ မြေအောက်အရှင်သည် လှံအင်ပါယာ၏ခေါ်ဆောင်သွားခြင်းကိုခံရရာ လက်တလော သူတို့တွင် ခေါင်းဆောင်မရှိပေ။ မြေအောက်အရှင်၏သားတော်သည် မှန်ကန်သောဆက်ခံသူဖြစ်သော်လည်း ရှစ်ရှဲနှင့်မင်းသမီးဒွန်ဟောင်တို့ဖြင့်ယှဉ်ပါက သူကား လိုအပ်နေသေးသည်။
သူက တစ်ဘက်အင်အားစုနှစ်ခုကိုကြည့်ကာ ပြောသည် “နောက်ဆုတ်မယ်...”
မှော်နက်အဖွဲ့မှ တန်ခိုးရှင်များ ခေါင်းညိတ်ကြသည်။ သူတို့ကား ကြီးမားစွာဆုံးရှုံးထားရာ လတ်တလောတွင် တိုက်ခိုက်ရန် မသင့်တော်ပေ။ သူတို့က လျှို့ဝှက်နယ်မြေဘုံသို့ ဆုတ်ခွာခြင်းက ပိုမိုသင့်တော်ပေသည်။
ထို့အပြင် မကောင်းဆိုးဝါးအင်ပါယာသည် မည်သို့သောသူဖြစ်သနည်း။ သူ့တပည့် ရှစ်ရှဲသည်လည်း သေချာပေါက် မကောင်းဆိုးဝါးအင်ပါယာ၏အမူအကျင့်များကို ဆက်ခံသူဖြစ်သည်။ သူနှင့်ပူးပေါင်းခြင်းက သူတို့အတွက် အသာစားရရန် ဖြစ်နိုင်ချေနည်း၏။
သူတို့က အရာအားလုံးကို သတိထားပြုမူသင့်ပေသည်။
မှော်နက်အဖွဲ့မှတန်ခိုးရှင်များဆုတ်ခွာသည်ကိုမြင်လျှင် ရှစ်ရှဲက နှာခေါင်းရှုံ့သည် “မင်းတို့က အရိပ်ဘုံကို ကျူးကျော်ပြီးတော့ အခုမှ အမြီးကုပ်ပြီး ထွက်ပြေးကြတော့မလို့လား”
မှော်နက်အဖွဲ့မှလူများက မည်သည့်စကားမှ မဆိုကြပေ။ အရိပ်ဘုံသည် သူ၏ပင်မအမြုတေဆုံးရှုံးသွားပြီဖြစ်ရာ သူတို့အတွက် တန်ဖိုးမရှိတော့။ သူတို့က မြေအောက်အရှင် မရောက်လာမှီ လျှို့ဝှက်နယ်မြေဘုံသို့ ဆုတ်ခွာခြင်းက ပိုမို၍ ဘေးကင်းပေသည်။
မှော်နက်အဖွဲ့ဆုတ်ခွာသွားလျှင် မကောင်းဆိုးဝါးဘုံသည်လည်း အသာစီးမရတော့ပေ။ ရှစ်ရှဲက အခြေအနေကို သုံ့သပြီးနောက်တွင် မင်းသမီးကိုပြောသည် “ကျုပ်က မင်းသမီးနဲ့ နောက်တော့မှ လက်ရည်စမ်းတော့မယ်...”
ထို့နောက်တွင် သူသည်လည်း နောက်လှည့်ထွက်ခွာတော့သည်။
အကယ်၍ သူသည်သာ ဆက်လက်တိုက်ခိုက်ပါက သေချာပေါက် ရှုံးပေလိမ့်မည်။ မည်သို့ဆိုစေ မူလဘုံသည် ကောင်းကင်ဒေသအပိုင်ဖြစ်သည်။ သူ့အနေဖြင့် ထိုဘုန်းကြီးများကိုလည်း ထည့်တွက်ရပေဦးမည်။
သူတို့က ထိုနေရာမှ ထွက်ခွာလာသော်လည်း အရိပ်ဘုံမှ တခြားနေရာများသို့သွားကာ လျှို့ဝှက်ချက်များ တွေ့လိုတွေ့ငြား သွားရှာကြသည်။ သို့သော်လည်း သူတို့ မည်သည့်အရာမှ ရှာမတွေ့ပေ။
ကောင်းကင်ဒေသမှတန်ခိုးရှင်များသည်လည်း ထိုနည်းတူ လိုက်ရှာကြ၏။ သို့သော် မည်သို့မှ မထူးခြားပေ။ အရိပ်မုန်တိုင်းသည် အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိကာ မည်သည့်ရတနာမှ မချန်ထားရစ်ပေ။ အရိပ်ဘုံ၏နယ်မြေသည်ပင် ယခင်လို ထူးခြားသောအငွေ့အသက်များ မကျန်ရှိတော့။
အဆုံးတွင် ကောင်းကင်ဒေသမှတန်ခိုးရှင်များသည်လည်း ထွက်ခွာသွားကြတော့သည်။
…
ကောင်းကင်အာဏာစက်ဘုံ၊ ကောင်းကင်အာဏာစက်ကျောင်းတော်၌ ရီဖူရှင်းသည် ငြိမ်သက်စွာ အိပ်မောကျနေ၏။ သူအိပ်စက်နေရာနန်းတော်အပြင်ဘက်တွင်ကား လူအများအပြား စိုးရိမ်ပူပန်စွာ စောင့်နေကြသည်။ သူတို့အားလုံးမှာ ကျောင်းတော်၏ပင်မပုဂ္ဂိုလ်များဖြစ်ကြသည်။
“အခုပြန်သွားပြီးတော့ ကျင့်ကြံကြ...” အရှင်ထိုက်ရွှမ်က အားလုံးကို ပြန်သွားခိုင်းသည်။ သောကျောက်၊ ရှောင်မုယွီနှင့် တခြားလူများကမူ ကျန်ရစ်သည်။
“တစ်ခုခုသိရရင် ငါ မင်းတို့ကို အသိပေးမယ်...” အရှင်ထိုက်ရွှမ်က ပြောသည်။ ကျူးကော့မင်းယွီကလည်း ပြောသည် “သွားကြမယ်...”
တခြားလူများအားလုံး ခေါင်းညိတ်ကာ ထွက်ခွာသွားကြတော့သည်။ ထိပ်သီးပုဂ္ဂိုလ်လက်တစ်ဆုပ်စာမျှသာကျန်တော့သည်။ ဟွာဂျီယူ ကျန်ရစ်၏။
ရှားရှင်းယွန်သည် ရီဖူရှင်းနှင့် သိပ်မဝေးသောနေရာတွင်ရပ်ကာ ကြည့်နေသည်။ ရီဖူရှင်းဘေးမှ ဟွာဂျီယူကိုမြင်သောအခါ သူမလည်း ထွက်ခွာသွားတော့သည်။
နန်းတော်သည် ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ ရှန်လော့ရွှီက အရှင်ထိုက်ရွှမ်ကို ပြောသည် “အသက်ဓာတ်ကို မတွေ့ရတော့ဘူး။ ဒါပေမဲ့ အရိပ်စွမ်းအားက သူ့အသွေးအသားနဲ့ သွေးကြောတွေမှာ ပေါင်းစပ်နေတယ်”
“အင်း...” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်သည် “စွမ်းအားက ထိပ်သီးတန်ခိုးရှင်တွေကိုတောင် ဖျက်ဆီးနိင်တာပဲ။ သူ့ခန္ဓာကိုယ်မှာ အရိပ်စွမ်းအားတွေ စီးဆင်းနေတာ အကြောင်းရှိမှာပဲ။ ဒါကလည်း အသက်ဓာတ်တစ်မျိုးလို့ ကျုပ်ယုံတယ်”
“ကျွန်မတို့ စောင့်ရုံပဲ တတ်နိုင်တယ်” ရှန်လော့ရွှီက အခြေအနေကိုကြည့်ကာ ပြောသည်။
“ကျွန်မ သူ့ကို စောင့်ကြည့်နေမယ်” ဟွာဂျီယူက ရှန်လော့ရွှီနှင့် အရှင်ထိုက်ရွှမ်ကို ပြောသည်။
“ကောင်းပြီ...” ရှန်လော့ရွှီက ခေါင်းညိတ်ကာ အရှင်ထိုက်ရွှမ်နှင့် ထွက်ခွာသွားတော့သည်။ ယခု ဟွာဂျီယူတစ်ဦးတည်းသာ ရီဖူရှင်းဘေးတွင် ကျန်ရစ်တော့သည်။
ဟွာဂျီယူသည် ရီဖူရှင်းဘေးတွင် အသာထိုင်ကာ သူ၏ရင်ဘတ်ပေါ်တွင် ခေါင်းချသည်။ သူမ မသိလိုက်မှီတွင်ပင် ပါးပြင်ထက်တွင် မျက်ရည်စီးကြောင်းနှစ်ခုပေါ်လာ၏။
ထိုအချိန်တွင် ရီဖူရှင်း၏သက်စောင့်နန်းတော်ထဲတွင် ကမ္ဘာသစ်ပင်သည် စည်းချက်မှန်စွာ လှုပ်ယမ်းနေသည်။ ကောင်းကင်တွင် လသည် ကြောက်မက်ဖွယ် အရိပ်စွမ်းအားများကို ထုတ်လွှတ်နေသည်။ လသည် ရတနာကျောက်တုံးမှသည် ဆင့်ကဲပြောင်းလဲကာ အရိပ်စွမ်းအားများကို ကြောက်မက်ဖွယ်ရာထုတ်လွှတ်နေသော လအဖြစ် ပြောင်းလဲနေတော့သည်။
***