အပိုင်း(၂)
Vol. 1 Ch. 2
ရထားလုံးက မြို့ပြင်က တောင်ဘက်ကို မောင်းနှင်သွားပြီး ဝါးတောတစ်တောရှေ့တွင် ရပ်တန့်သွားသည်။
စုန့်ရွှီက ကျွန်မရဲ့ခေါင်းကိုကိုင်ပြီးတော့ သူတစ်ယောက်တည်း ရထားလုံးထဲကနေ ထွက်သွားပြီး မင်းသမီးက လိုက်ကာစကိုမကာ သူ့ကို မြန်မြန်လုပ်ဖို့ နှိုးဆော်နေတယ်။
ကျွန်မက စုန့်ရွှီနောက်ကနေ လိုက်သွားပြီး မင်းသမီးကို ပြန်ကြည့်ကာ သူမကို လျှာထုတ်ပြောင်လိုက်တယ်။
မကောင်းတဲ့မိန်းမ....ပြန်ပြီး ဝင်စားလို့မရမှာကို ကြောက်ရွံ့တာကြောင့်သာ မဟုတ်ရင် ငါ သေချာပေါက် အငြိုးကြီးတဲ့သရဲဖြစ်လာပြီးတော့ နင့်ကို သေအောင်ခြောက်လှန့်ပစ်တယ်။
စုန့်ရွှီက ဝါးတောထဲကို နက်နက်ရှိုင်းရှိုင်း လျှောက်သွားပြီး သူ့အင်္ကျီစကိုဖြတ်ကာ အဲ့ဒါကို ကျွန်မရဲ့ခေါင်းပေါ်မှာ ညင်သာစွာ ထားလိုက်တယ်။
အနည်းဆုံးတော့ သူ့မှာ အသိတရားနည်းနည်း ရှိသေးတာပဲ:သူက ကျွန်မရဲ့ခေါင်းကို ဒီအတိုင်း မြေကြီးပေါ် ပစ်မချခဲ့ဘူး။
ကျွန်မက သူ့ဘေးနားမှာလွင့်မျောနေပြီးတော့ မြေကြီးပေါ်က ကျွန်မခေါင်းကို ကြည့်လိုက်တယ်။
ကျွန်မရဲ့ဆံပင်က ရှုပ်ပွနေပြီး ကျွန်မရဲ့မျက်နှာက သွေးတွေနဲ့ပေကျံနေကာ လုံးဝကို အကျည်းတန်နေတယ်။
ကျွန်မ သက်ပြင်းချလိုက်ပြီးတော့ သူက ကျွန်မရဲ့ခေါင်းကို သန့်ရှင်းရေးလုပ်ပေးဖို့တောင် စိတ်မဝင်စားတာကြောင့် မကျေမနပ် ညီးညူလိုက်တယ်။
ဒါပေမဲ့ သူက ကျွန်မကို မကြားနိုင်ဘူး။
သူက မြေကြီးကိုရှင်းပြီးတော့ တွင်းတူးရန်ကိုသာ အာရုံစိုက်နေခဲ့တယ်။
ဓားမရှိ၊တူရွင်းမရှိ.....သူ့လက်ဗလာနဲ့ပဲ။
လျင်မြန်စွာနဲ့ပဲ သေးငယ်တဲ့တွင်းက နက်ရှိုင်းလာပြီး သူ့လက်တွေက သွေးတွေနဲ့ဖုံးလွှမ်းလာခဲ့တယ်။ကျွန်မက စိုးရိမ်တကြီးနဲ့ ဓားပေါ်ကို အကြိမ်များစွာ တက်နင်းလိုက်တယ်။
"ဟေးး ရှင့်မှာဓားရှိတယ်လေ။ရှင် သိရဲ့လား"
သူက ကျွန်မပြောတာကို မကြားနိုင်သေးဘူး။
သူ့လက်တွေနဲ့သာ ဆက်ပြီးတူးနေခဲ့တယ်။
မကြာခင်မှာပဲ တွင်းက အဆင်သင့်ဖြစ်သွားပြီ။
စုန့်ရွှီက ကျွန်မရဲ့ခေါင်းကို ကောက်ယူပြီး ကျွန်မရဲ့ရှုပ်ထွေးနေတဲ့ဆံပင်တွေကို သေချာဂရုတစိုက်နဲ့ ဖြည်ပေးတယ်။
ကောင်းပြီ သူက အပြည့်အဝနှလုံးသားမဲ့တာ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။
သူက ဆံပင်ဖြီးပေးနေရင်း ရုတ်တရက် သူ့ဘာသာသူ ပြောလိုက်တယ်။
"ယွင်အာ ကိုယ့်ကိုပြောပါဦး။သူ(မ) မင်းကို ဘယ်လိုသတ်ခဲ့တာလဲ?"
ကျွန်မ နှာခေါင်းရှုံ့လိုက်တယ်။
ရှင့်မှာသတ္တိရှိတယ်ဆိုရင် မင်းသမီးကို သွားမေးလေ။ကျွန်မခေါင်းကိုမေးတော့ ဘာရမှာလဲ?ကျွန်မခေါင်းက စကားတောင် ပြောနိုင်တာ မဟုတ်ဘူး။
ကျွန်မက သူ့ဘေးနားမှာ ငုတ်တုပ်ထိုင်ချလိုက်ပြီး ဒေါသတကြီး ပြောလိုက်တယ်။
"ဘယ်လို ဖြစ်ရမှာလဲ? သူ(မ)က ကျွန်မဆံပင်တွေကို ဆောင့်ဆွဲတယ်။ကျွန်မကို ပါးတွေရိုက်တယ် ပြီးတော့ သူ(မ)လူတွေကို အမိန့်ပေးပြီး ကျွန်မခေါင်းကိုဖြတ်ခိုင်းလိုက်တာပဲ။ပြီးတော့နော် အဲ့ဒါနဲ့ မတော်သေးဘူး သူ(မ)က ကျွန်မရဲ့ခန္ဓာကိုယ်ကို မီးရှို့ပစ်ခဲ့သေးတယ်!"
စုန့်ရွှီက တုံ့ပြန်ခြင်းမရှိဘဲ ကျွန်မရဲ့ဆံပင်ဖြီးပေးတာကိုသာ အာရုံစိုက်နေခဲ့တယ်။
အရမ်းစိတ်တိုစရာကောင်းတာပဲ။ဘာပဲဖြစ်ဖြစ် ရှင်လည်း ကျွန်မပြောတာကို ကြားနိုင်တာမှ မဟုတ်တာ။ဘာလို့ မေးနေသေးတာလဲ
သိပ်မကြာခင်မှာပဲ သူက ကျွန်မနဖူးပေါ်က ဆံပင်ကို ပြင်လို့ပြီးသွားခဲ့ပြီး အနည်းငယ်ယောင်ယမ်းနေတဲ့ ကျွန်မရဲ့မျက်နှာဟာ ပေါ်လွင်လာတယ်။
သူက ကျွန်မရဲ့ပါးပြင်တွေကို ပွတ်သပ်လိုက်ပြီး အဲ့ဒီနောက် ကျွန်မရဲ့ သွေးရောင်ကင်းမဲ့နေတဲ့နှုတ်ခမ်းတွေကို နမ်းလိုက်တယ်။
"ယွင်အာ မင်း ခံစားခဲ့ရပြီ"
ကျွန်မ သူ့ကို နောက်တစ်ကြိမ်ထပ်ပြီး ကန်လိုက်တယ်။
လူယုတ်မာ!ရှင်က လူသတ်သမားကို လက်ထပ်တော့မှာလေ...ဒီလိုချစ်ပြတဲ့အပြုအမူက ဘာလဲ?
ဒါပေမဲ့ စုန့်ရွှီက ကျွန်မဒေါသကို သတိမထားမိပေ။
သူက သူအမြဲတမ်းဝတ်လေ့ရှိတဲ့ ကျောက်စိမ်းပြားကို ချွတ်ပြီးတော့ အဲ့ဒါကို ကျွန်မနဖူးပေါ်မှာ ထားထားလိုက်တယ်။
အဲ့ဒီနောက် သူက ကျွန်မရဲ့ခေါင်းကို အထည်နဲ့ရစ်ပတ်ပြီး သူ တူးထားတဲ့ တွင်းထဲကို ဂရုတစိုက် ထည့်လိုက်တယ်။
သူက ကျွန်မရဲ့ခေါင်းကို အဝါရောင်မြေကြီး လက်တစ်ဆုပ်ပြီးတစ်ဆုပ် မြှုပ်နှံခဲ့တယ်။
ပြီးဆုံးသွားတာနဲ့ စုန့်ရွှီက နောက်ပြန်လှည့်ကြည့်ခြင်းမရှိဘဲ ဝါးတောထဲကနေ ထွက်သွားတယ်။
သူ့ရဲ့ မဟာကံကောင်းမှုကြီးကို ထွေးပွေ့ဖို့အတွက်လေ။
ကျွန်မက သူ အဝေးကို ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတာကို ကြည့်ပြီး ကျွန်မစိတ်ထဲမှာ သူ့ကို တိတ်တဆိတ် နှုတ်ဆက်လိုက်တယ်။