တတိယ စွမ်းအား ပုံစံ (အပိုင်းတစ်)
Vol. 61 Ch. 946
ဖေး စကားကို ကြားပြီးနောက် ဒက်စလာ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီ သွားသည်။
ဖေး ၏ စကားများက သူ့နှလုံးသားထဲမှ ဖုံးကွယ်ထားသော အနက်ရှိုင်းဆုံးဆန္ဒကို သိသိသာသာ လှုပ်နှိုးလိုက်ခြင်းဖြစ်သည်။
တောတွင်းဥပဒေများဖြင့် စိုးမိုးထားသောကြမ်းတမ်းလှသည့် ဤကမ္ဘာတွင် လူတိုင်းသည် စွမ်းအားကြီးမားလိုပြီးကံကြမ္မာကို ပြောင်းလဲလိုကြသည်။
အထူးသဖြင့် ရက်စက်ကြမ်းကြုတ်သော ပင်လယ်မျိုးနွယ်စုက သူ့ချစ်ခင်ရသူများအား သတ်ဖြတ်ပုံကို မျက်မြင်တွေ့ခဲ့သည့် ဒက်စလာမှာ အစွမ်းထက်သန်မာလိုသော သူ့ဆန္ဒသည် ဤတစ်ကြိမ်တွင် အပြင်းထန်ဆုံး ဖြစ်ပေလိမ့်မည်။
ယနေ့ ဖေး၏ ဆက်ဆံမှုများက ဤမျက်မမြင်ကောင်လေး၏ စိတ်ထဲတွင် တုန်လှုပ်ချောက်ချားပြီး ဖျောက်ဖျက်၍မရသော စွဲလမ်းမှုကို ချန်ထားခဲ့ကာ ဖေးကို ဘုရားလို ကိုးကွယ်လုနီးပါး ဖြစ်စေခဲ့သည်။
ဒက်စလာ တွေးမိသည်။
“သူ့လို အစွမ်းထက်တဲ့ အရှင်က ငါ့ရဲ့ ကျင့်ကြံဖို့ မတတ်နိုင်တော့တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မလား”
ဖေး၏ လက်မှ သူ့ခန္ဓာကိုယ်ထဲသို့ နွေးထွေးသော စွမ်းအားများ စိမ့်ဝင်လာသည်ကို အာရုံခံပြီးနောက် ဒက်စလာ၏ မျှော်လင့်ချက် တိုးလာခဲ့သည်။
မကြာခင်မှာပင် ထိုနွေးထွေးသည့် စွမ်းအားများကသူ့ခန္ဓာကိုယ်အနှံ့ ရွေ့လျားလာသောကြောင့် ကောင်ကလေး အံ့သြဝမ်းသာဖြစ်သွားသည်။ ၎င်းသည် သူ့လက်မှ စတင်ကာ ပခုံး၊ ရင်ဘတ်၊ ခါး၊ နောက်ကျော၊ ပေါင်နှင့် အောက်ခြေထောက်များဆီသို့ ရောက်ရှိလာသည်။
၎င်းသည် သူ့ခန္ဓာကိုယ်ကို အကြိမ်ပေါင်းများစွာ ဖြတ်သန်းသွားခဲ့ပြီး သူ၏ အားနည်းသော ခန္ဓာကိုယ် အတွင်းပိုင်းကို အလွန်နွေးထွေးစေသည်။
ဤခံစားချက်သည် ဒက်စလာကို ပို၍ပင်မျှော်လင့်ချက်ဖြစ်စေသည်။
ဦးလေး ဘာလော့တီ သည် ယခင်က ဤနည်းလမ်းကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ပြီး ဒက်စလာ၏ ခန္ဓာကိုယ်အတွင်း တင်းကျပ်စွာ ကျုံ့နေသော စွမ်းအင်လမ်းကြောင်းများကို ဖွှင့်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း နွေးထွေးသော စွမ်းအင်များသည် သူ့ပခုံးဆီသို့သာ ရောက်သွားနိုင်ပြီး နောက်ထပ် မတိုးတက်နိုင်တော့ပေ။
ထို့အပြင် ဒက်စလာအတွက် ထိုအတွေ့အကြုံများသည်လည်း နာကျင်စေပါသည်။ တစ်စုံတစ်ယောက်သည် သူ့ခန္ဓာကိုယ်ကို ဆေးထိုးအပ်များဖြင့် အညှာတာ ကင်းစွာ ထိုးထွင်းကာ သူ့ခန္ဓာကိုယ်ကို ခွဲထုတ်ရန် ကြိုးစားနေသလို ခံစားရသည်။
သို့သော် ယခု အချိန်သည် အလွန်ခြားနားပါသည်။ သူ့အနေနှင့် နာကျင်မှုကို စိုးစဉ်းမျှ မခံစားရပါ။
အချိန်အတော်ကြာ အလုံပိတ်ထားသော တံခါးက ပွင့်လာတော့မလို နွေးထွေးသောခံစားမှုသည် သူ့ခန္ဓာကိုယ်တစ်လျှောက် လည်ပတ်နေကာ ဒက်စလာ တစ်ခါမှမတွေ့ကြုံဖူးသော စွမ်းအင်ကို ခံစားလိုက်ရသည်။
ပိန်ပြီး အားနည်းသည့် ခန္ဓာကိုယ်က ပိုသန်မာလာသလိုလိုပင်။
ခဏအကြာတွင် ဖေးက ဒက်စလာ ၏လက်ကောက်ဝတ်မှ သူ၏လက်ချောင်းကို ရွှေ့လိုက်သည်။
ကောင်လေးက သူ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ စွမ်းအင်တွေကို ကောင်းကောင်းခံစားနိုင်ပေမယ့် မြန်မြန်ပျောက်ကွယ်သွားသည်ဟုလည်း ပြောနိုင်ပါသည်။
“ငါ မလုပ်နိုင်ဘူး..”
ဖေး ခေါင်းယမ်းလိုက်သည်။
ဒီရက်စက်ကြမ်းကြုတ်တဲ့ အဖြစ်မှန်ကို ဒက်စလာကို မပြောပြချင်ပေမယ့်လည်း ဒီကောင်လေးအပေါ် ရိုးသားဖို့ ဆုံးဖြတ်လိုက်သည်။
“မင်းရဲ့ခန္ဓာကိုယ်အတွင်းက စွမ်းအင်လမ်းကြောင်းတွေက သာမန်လူတွေနဲ့ယှဉ်ရင် ပိုသေးငယ်ပြီး ကျိုးကြေ လွယ်တယ် နောက်ပြီး မင်း ဒီတစ်နှစ်တာလုံး မကျင့်ကြံထားတာကြောင့် ပိုလို့တောင် ညှိုးနွမ်းနေသေးတယ် လမ်းကြောင်းတွေ တက်ကြွမှုနဲ့ ပျော့ပျောင်းမှုကို ဆုံးရှုံးနေပြီ မင်းရဲ့ စွမ်းအင်လမ်းကြောင်းတွေကို ငါ အတင်းဖွင့်ထားပေမဲ့ ငါ့ရဲ့စွမ်းအင်တွေက မင်းခန္ဓာကိုယ်ထဲက ထွက်သွားတဲ့အခါမှာမင်း အသုံးချနိုင်တော့မှာမဟုတ်ဘူး “
ဒက်စလာ ချက်ချင်း အေးခဲသွားပြီး ဖော်မပြနိုင်သော ဝမ်းနည်းမှုတစ်ခုက သူ့ဝိညာဉ်သို့ လွှမ်းခြုံသွားသည်။
“ မဖြစ်နိုင်သေးဘူးလား ငါ့ရှေ့က တန်ခိုးကြီးတဲ့ သခင်တောင်မှ မလုပ်နိုင်ဘူး ကြည့်ရတာ... ငါ့ကံကြမ္မာပဲ ထင်ပါရဲ့ “ဒက်စလာသည် ပြင်းထန်စွာ တုန်လှုပ်သွားလျက် ဝမ်းနည်းစွာ တွေးလိုက်မိသည်။
သို့သော် ဖေး၏ ခန့်မှန်းချက်ထက်ပင် တိုတောင်းစွာ ဒက်စလာသည် အချိန်တိုတိုအတွင်း သူ၏ တည်ငြိမ်မှုကို လျင်မြန်စွာ ပြန်လည် ရရှိခဲ့သည်။
သူသည် အသည်းအသန် ခံစားချက်မပြတော့ဘဲ ငြိမ်သက်အေးချမ်းသော အရိပ်အယောင် ဖြစ်တည်လာသည်။
ထို့အပြင် သူ့မျက်နှာပေါ်ရှိ အပြုံးက အတု လုပ်ယူခြင်းမျိုးလည်း မဟုတ်ပေ။
ဖေးသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဤသည်မှာ ဤကောင်လေးအတွက် သူမျှော်လင့်ထားသည့် ပုံစံ ဖြစ်သည်။
ဤကလေးသည် နာကျင်မှုဝေဒနာများကို ဆယ့်လေး နှစ်ကြာ မရပ်မနား ခံနိုင်ရည် ရှိပြီးနောက်၊ ပညာရှိနယ်ပယ်နှင့် နီးလာပေသည်။
ဖေးက ခဏရပ်ပြီးနောက်
“မင်းဟာ စစ်သည်တော်စွမ်းအားနဲ့ မှော်စွမ်းအားကို မကျင့်ကြံနိုင်ပေမယ့် မင်း
သွားနိုင်တဲ့ နောက်ထပ်လမ်းတစ်ခု ရှိကောင်း ရှိနိုင်မယ်”
“နောက်ထပ်လမ်း လား အစွမ်းထက်ဖို့နောက်ထပ်လမ်းလားဗျ “
ဒက်စလာ မှင်သက် အေးခဲသွားပြန်သည်။