အပိုင်း(၅)
Vol. 1 Ch. 5
ကျွန်မ စုန့်ရွှီနဲ့ပထမဆုံးတွေ့တဲ့အချိန်တုန်းက ကျွန်မက သာမန်တောသူမလေးတစ်ဦးပဲ။စုန့်မိသားစုက မြို့တော်မှာ အရာရှိငယ်မိသားစုတစ်ခုဖြစ်တယ်။သူတို့က အထူးမချမ်းသာပေမယ့်လည်း ယေဘုယျအားဖြင့် ကျွန်မလို ကျေးလက်ကမိန်းကလေးကို သင့်တော်တဲ့လက်တွဲဖော််အဖြစ် စဉ်းစားမှာမဟုတ်ဘူး။
ယေဘုယျအားဖြင့် ဟုတ်တာပေါ့။
ကျွန်မက တောင်ကုန်းတွေပေါ်မှာ လမ်းလျှောက်နေတုန်း စုန့်ရွှီကို တွေ့ခဲ့တာဖြစ်တယ်။
သူက စူးစမ်းလေ့လာဖို့ ထွက်လာတာဖြစ်ပြီး ကျွန်မကတော့ ကျွန်မအမေအတွက် ဆေးဖက်ဝင်အပင်တွေ စုဆောင်းပေးဖို့ ထွက်လာခဲ့တာ ဖြစ်တယ်။
သူက ခြေချော်ကာ ကျောက်စွန်းတစ်ခုကနေ ပြုတ်ကျသွားပြီး သူ့ခြေထောက်ကို ဒဏ်ရာရသွားစေခဲ့ကာ ကျွန်မ ဖြတ်သွားတဲ့အချိန် သူ့ကိုမြင်ပြီး ကယ်ခဲ့တာ ဖြစ်တယ်။
ကျွန်မက သူ့ဒဏ်ရာကို ဆေးလိမ်းပေးလိုက်ပြီးတော့ သူဗိုက်ဆာနေတာကိုတွေ့ရတော့ နှမ်းပြားတစ်ချပ်ပေးလိုက်တယ်။အဲ့ဒီနှမ်းပြားချပ်ဟာ ထိုနေ့တစ်နေ့လုံးအတွက် ကျွန်မရဲ့ရိက္ခာပဲ။
ကျွန်မက တစ်နေ့လုံး ဘာမှမစားခဲ့ရပေမယ့် ခေါင်းမာမာနဲ့ ဗိုက်မဆာဘူးလို့ ငြင်းပယ်ခဲ့တယ်။
အဲ့ဒါက သူချောလို့ဆိုတာ ကျွန်မ ဝန်ခံပါတယ်။
နောက်ကျတော့ ကျွန်မက သူ့ကို တောင်အောက်ဆင်းဖို့ တွဲခေါ်သွားပြီး ဆေးခန်းမှာ ထားခဲ့လိုက်တယ်။
အဲ့ဒါဟာ ခဏတာတွေ့ဆုံမှုလို့ပဲ ကျွန်မ ထင်ခဲ့လိုက်တာ။ကျွန်မ အံ့ဩသွားရတာကတော့ သိပ်မကြာခင်မှာပဲ သူက ကျွန်မကို လက်ထပ်ခွင့်တောင်းဖို့ ရောက်လာခဲ့တယ်။
ကျွန်မရဲ့မိဘတွေက ကျွန်မတို့ဟာ မလိုက်ဖက်ဘူးလို့ ခံစားရတာကြောင့် သဘောမတူရဲကြပေ။
အဲ့ဒါကြောင့် သူက အပြင်ဘက်မှာ ခန်းဝင်ပစ္စည်းတွေနဲ့ ဒူးထောက်နေခဲ့ပြီး ထိုနေရာမှာ တစ်နေကုန်တစ်ညလုံးနေခဲ့တယ်။
ကျွန်မရဲ့မိဘတွေက သူ တကယ်ကြီး သူ့ကိုယ်သူထိခိုက်အောင်လုပ်မှာ ကြောက်ရွံ့တာကြောင့် ကျွန်မကို စိုးရိမ်တကြီး လာမေးခဲ့ကြတယ်။
သူတို့က ကျွန်မ သူ့ကိုလက်ထပ်ဖို့ ဆန္ဒရှိမရှိ မေးကြတယ်။
ကျွန်မက ရှက်ရှက်နဲ့ခေါင်းညိတ်ခဲ့ပြီး ကျွန်မရဲ့စိတ်ထဲမှာ သူ့ရဲ့ချောမောတဲ့မျက်နှာကို စဉ်းစားမိနေတဲ့ အတွေးတွေနဲ့ပဲ ပြည့်နှက်နေခဲ့တယ်။
ရွေးချယ်စရာမရှိတော့ဘဲ ကျွန်မရဲ့မိဘတွေက လက်ထပ်ပွဲကို သဘောတူခဲ့ကြတယ်။
အစပိုင်းမှာတော့ ကျွန်မတို့ဟာ နက်နက်ရှိုင်းရှိုင်း ချစ်ကြပြီးတော့ ခွဲလို့မရနိုင်ဘူး။
ဒါပေမဲ့ ကျွန်မတို့ရဲ့ပျော်ရွှင်မှုက ကြာရှည်မခံခဲ့ပေ။လအနည်းငယ်ကြာပြီးတဲ့နောက် နယ်စပ်မှာ စစ်ပွဲဖြစ်ပွားပြီးတော့ သူက စစ်မှုထမ်းဖို့ သွားခဲ့ရတယ်။
အဲ့ဒီထွက်ခွာမှုဟာ အချိန်သုံးနှစ်ကြာမြင့်ခဲ့၏။
သုံးနှစ်ကြာပြီးတဲ့နောက် တိုင်းပြည်ရဲ့စစ်သည်တွေက အောင်ပွဲနဲ့ပြန်လာခဲ့ပြီး လူတွေက လမ်းတွေမှာ စုဝေးပြီး သူတို့ကို ကြိုဆိုကြသည်။
စုန့်ရွှီဟာ ယုံကြည်မှုနှင့်အားမာန်အပြည့်ဖြင့် အလယ်ကနေ စီးနင်းလိုက်ပါလာသည်။
ကျွန်မက လူအုပ်ထဲမှာ မတ်တပ်ရပ်နေပြီးတော့ ရင်းနှီးပေမယ့်စိမ်းသက်နေတဲ့ သူ့ရဲ့မျက်နှာကိုကြည့်ပြီး သူ ကျွန်မကို မေ့သွားမှာကို စိုးရိမ်နေခဲ့တယ်။ဒါပေမဲ့ သူက ကျွန်မကို ချက်ချင်းတွေ့သွားတယ်။
သူက မြင်းပေါ်ကနေ ခုန်ဆင်းပြီးတော့ ကျွန်မဆီပြေးလာကာ ကျွန်မကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်တယ်။
သူက စစ်ပွဲမှာ ဂုဏ်ထူးတွေအောင်နိုင်ခဲ့ပြီး ဧကရာဇ်က သေချာပေါက် သူ့ကို ဆုချီးမြှင့်မှာဖြစ်တဲ့အကြောင်း ကျွန်မကို ပြောပြတယ်။
သူက အိမ်အသစ်တစ်လုံးဆောက်ပြီးတော့ ကျွန်မရဲ့မိဘတွေကို မြို့ခေါ်မယ်လို့ ပြောခဲ့တယ်။
သူက ကျွန်မကို ပိုပြီးကောင်းမွန်တဲ့ဘဝတစ်ခုပေးမယ်လို့ ကတိပေးခဲ့တယ်။
သူက ကျွန်မတို့အတူတူ အသက်ကြီးသွားချင်တယ်လို့ ပြောခဲ့တယ်။
ကျွန်မတို့ ခဏလောက် နီးနီးကပ်ကပ် နေပြီးတဲ့နောက် သူက သူ့ရဲ့တာဝန်တွေအတွက် သူ့အဖွဲ့နဲ့ နန်းတော်ဆီပြန်သွားတာကို ကြည့်နေခဲ့လိုက်တယ်။
အဲ့ဒီညမှာ သူပြန်လာတဲ့အချိန်ကျရင် ကျွန်မတို့တွေ သေချာပြန်ပေါင်းစည်းနိုင်ပြီလို့ ထင်ခဲ့မိတယ်။
ဒါပေမဲ့ မင်းသမီးက သူ့ကို သဘောကျသွားပြီးတော့ လူမြင်ကွင်းမှာ ဧကရာဇ်ကို သူတို့ကို မင်္ဂလာပွဲချီးမြှင့်ပေးဖို့ တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းက ကျွန်မကို စောင့်မျှော်နေလိမ့်မယ်လို့ လုံးဝမထင်မှတ်ထားခဲ့ဘူး။
သူက ကျွန်မကို စိတ်ချနေဖို့ပြောပြီးတော့ ဧကရာဇ်က သဘောမတူခဲ့ဘဲ သူက မင်းသမီးကို ကိုယ်တိုင်ငြင်းပယ်ခဲ့ကြောင်း ပြောပြခဲ့တယ်။
ဒါပေမဲ့ သူ့ရဲ့အမူအရာကနေ စိတ်မသက်မသာဖြစ်မှုကို ကျွန်မ သတိထားမိတယ်။
တစ်ညလုံး သူက ကျွန်မကို မလွှတ်တမ်းပွေ့ဖက်ထားပြီးတော့ ကျွန်မက သူ့ဘေးနားမှာ အမြဲတမ်းရှိနေဖို့လိုအပ်ကြောင်း ထပ်ခါတလဲလဲ ပြောနေခဲ့တယ်။
ကျွန်မက သူ ကျွန်မကို အရမ်းလွမ်းနေတာလို့ပဲ ထင်ပြီးတော့ ပြုံးပြီး သဘောတူခဲ့တယ်။မနက် အရုဏ်တက်အချိန်မှသာ သူက နောက်ဆုံးတော့ အိပ်ပျော်သွားခဲ့တယ်။
ကျွန်မက သူ့ကို စောင်ခြုံပေးပြီးတော့ တိတ်တဆိတ် ထွက်လာလိုက်တယ်။
စစ်မြေပြင်မှာ ဘဝရဲ့ခက်ခဲကြမ်းတမ်းမှုတွေက သူ့ကို စိတ်မငြိမ်မသက်ဖြစ်စေပြီး အိပ်ရေးမဝဖြစ်စေခဲ့တဲ့ပုံပဲ။
ကျွန်မက သူ့အတွက် စိတ်ငြိမ်ဆေးအချို့ ဝယ်ပေးချင်ခဲ့တယ်။
ဒါပေမဲ့ ကျွန်မ အပြင်ထွက်ပြီး သိပ်မကြာခင်မှာပဲ လမ်းထဲမှာ မင်းသမီးဆီကနေ အသတ်ခံလိုက်ရတယ်။