အပိုင်း(၈)
Vol. 1 Ch. 8
ညဦးပိုင်းတွင် စုန့်ရွှီက မင်းသမီးအိမ်တော်၏ ဧည့်သည်ခန်းတွင် နေထိုင်သည်။
ကျွန်မက နဂိုတုန်းက သူတို့တွေ ဒီနေ့ည တစ်ခန်းတည်းအတူတူနေမယ်လို့ ထင်ထားတာကြောင့် ခေါင်မိုးပေါ်ကို အထူးတလည် တက်ပုန်းနေခဲ့တာ ဖြစ်တယ်။
ကြည့်ရတာတော့ မင်းသမီးက စည်းကမ်းအားလုံးကို လုံးဝဂရုမစိုက်တာ မဟုတ်ဘူးပဲ။
စုန့်ရွှီရဲ့အခန်းထဲက မီးအလင်းရောင်ဟာ လင်းနေဆဲဖြစ်တယ်။ကျွန်မက ခေါင်မိုးပေါ်ကနေ ခုန်ဆင်းပြီးတော့ သူ ဘာတွေလုပ်နေလဲဆိုတာ စပ်စုပြီး ကြည့်ချင်မိတယ်။
ကျွန်မ ပြတင်းပေါက်ကို ရောက်သွားတဲ့အချိန်မှာပဲ စုန့်ရွှီက သူ့မျက်လုံးတွေကို မော့ပြီးတော့ ကျွန်မရှိတဲ့ဘက်ကို ကြည့်လာတယ်။
ထိတ်လန့်သွားပြီး ကျွန်မ နေရာမှာပဲ အေးခဲသွားတယ်။
သူက ကျွန်မရဲ့မျက်နှာကို အချိန်အကြာကြီးဆိုမှ အကြာကြီး စိုက်ကြည့်နေတယ်။
အဲ့ဒီနောက် သူက မတ်တပ်ရပ်ပြီးတော့ ပြတင်းပေါက်ဆီ ဖြည်းဖြည်းချင်း လျှောက်လာကာ ရေရွတ်လိုက်သည်။
"ဒီနေ့ညရဲ့လက တကယ့်ကို ပြည့်နေတာပဲ"
အဲ့တော့ သူက လကိုကြည့်နေတာပဲ။
သူ ရှေ့တန်းကို ထွက်မသွားခင်တုန်းက ကျွန်မတို့တွေ ညတိုင်းအတူတူ လမင်းကြီးကို ကြည့်ရှုကြမယ်လို့ တစ်ယောက်နဲ့တစ်ယောက် ကတိပေးခဲ့ကြတယ်။
ကျွန်မတို့တွေ မိုင်ပေါင်းများစွာ ဝေးကွာနေခဲ့ရင်တောင် ကျွန်မတို့က တူညီတဲ့လကို ကြည့်နေခဲ့ကြတာ ဖြစ်တယ်။
ဒါကို စဉ်းစားမိတော့ ကျွန်မနှလုံးသားထဲမှာ ပျော်ရွှင်မှုတွေ ပြည့်နှက်လာတယ်။
သတိရတဲ့ခါးသက်ခြင်းက လမင်းကြောင့် နူးညံ့သွားရတယ်။
အဲ့ဒီနေ့တွေတုန်းက ကျွန်မက ကျွန်မတို့ ပြန်လည်ဆုံစည်းပြီးတော့ လမင်းကို အတူတူဘေးချင်းကပ် ကြည့်ရှုနိုင်မယ့်နေ့ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့တယ်။ကျွန်မ လုံးဝ မစိတ်ကူးခဲ့မိတာကတော့ နောက်တစ်ကြိမ် ကျွန်မတို့တွေ လမင်းကို အတူတူကြည့်တဲ့အခါ ၎င်းက ကြီးမားတဲ့ဝေးကွာမှုတွေ မဟုတ်ဘဲနဲ့ အဲ့ဒီအစား ဘဝရဲ့ သေခြင်းနဲ့ရှင်ခြင်းကြားက နယ်နမိတ်ကို ဖြတ်ကျော်နေရတယ်ဆိုတာပဲ။
"ယွင်အာ ကိုယ့်ကိုပြောပါဦး။မင်းသမီးက လှရဲ့လား?"
စုန့်ရွှီက ရုတ်တရက် အသံထွက်ပြီး ပြောလာ၏။
ကျွန်မ အံ့အားသင့်သွားတယ်။
ကျွန်မက ဒေါသတကြီး ခြေဆောင့်လိုက်ပြီးတော့
"ရှင်က ဘာလို့ သူ(မ)ကို ထုတ်ပြောလာတာလဲ?ရှင် သူ(မ)ကို အရမ်းကြိုက်နေတာလား? သူ(မ)က ကျွန်မကို သတ်ခဲ့တာတောင်မှ ရှင်က သူ(မ)ကို ကြိုက်နေသေးတယ်ပေါ့လေ!"
စုန့်ရွှီက ကျွန်မရဲ့မေးခွန်းကို မဖြေဘူး။ဒါပေါ့ သူမှ မကြားနိုင်တာ။
ကျွန်မက ကျွန်မရဲ့ဒေါသကို ပုံချစရာလူမရှိဘဲ ကိုယ့်ဘာသာကိုယ်ဘဲ စိတ်တိုနေရတယ်။
"ယွင်အာ မင်း မင်းသမီးရဲ့ပုံစံကို ကြိုက်လား"
သူက ထပ်ပြီးတော့ မေးလာတယ်။
ကျွန်မ မျက်စောင်းထိုးလိုက်တယ်။
အရူး...သူ(မ)က ကျွန်မကို သတ်ခဲ့တာလေ။သူ(မ) ဘယ်လောက်ပဲလှနေပါစေ ကျွန်မ သူ(မ)ကို မကြိုက်နိုင်ပါဘူး။
ဒါပေမဲ့ မင်းသမီးက တကယ့်ကို အသက်ရှုမှားအောင် လှလွန်းတယ်ဆိုတာကို ကျွန်မ ဝန်ခံရမယ်။
အကယ်၍ ကျွန်မမှာသာ သူမလိုရုပ်ရည်မျိုးရှိခဲ့ရင် အခုလောက်ဆိုရင် စုန့်ရွှီ နည်းနည်းလောက်တော့ စိတ်ထဲနာကျင်နေမလား?
ကျွန်မ သက်ပြင်းချလိုက်တယ်။
"ဘယ်သူက သူ(မ)ရဲ့ပုံစံကို မကြိုက်လို့လဲ?ဒါပေမဲ့ သူ(မ)ရဲ့နှလုံးသားက ရက်စက်ယုတ်မာလွန်းတယ်။ရှင် သတိထားသင့်တယ်နော်။အကယ်၍ တစ်နေ့မှာ သူ(မ)က ရှင့်ကို ငြီးငွေ့သွားတာ ဒါမှမဟုတ် အခြားတစ်ယောက်ကို သဘောကျသွားတာဆိုရင် သူ(မ)က ရှင့်ကိုလည်း သတ်နိုင်တယ်"
ကျွန်မက ဒါကိုပြောပြီးတော့ တကယ်ကြီး စတင်စိုးရိမ်လာတယ်။အကယ်၍ တစ်နေ့မှာ မင်းသမီးက စုန့်ရွှီကို သတ်ဖို့ဆုံးဖြတ်ချက်ချခဲ့ရင် ဘယ်လိုလုပ်မလဲ?သူ ဘာလုပ်မှာလဲ?
ကျွန်မ သူနဲ့ပတ်သက်ပြီး စိုးရိမ်နေတဲ့အချိန်မှာပဲ သူက ရုတ်တရက် ရယ်မောလိုက်တယ်။
ဧကန္တ သူက မင်းသမီးရဲ့အလှထဲမှာ အရမ်းနစ်မြောသွားပြီးတော့ အဲ့ဒါက သူ့ကိုပျော်ရွှင်စေတာလား?"
"ထားလိုက်တော့ ကျွန်မ ရှင်နဲ့ပြီးပြီ!"
ကျွန်မက အော်လိုက်ပြီးတော့ ဒေါသတကြီနဲ့ ခေါင်မိုးပေါ်ကို ပြန်သွားဖို့ ပြင်လိုက်တယ်။
ဒါပေမဲ့ ရုတ်တရက် စုန့်ရွှီက ပြတင်းပေါက်အပြင်ကို ခုန်ထွက်လာပြီး ကျွန်မဆီ လျှောက်လာတယ်။
ကျွန်မ အရမ်းကြောက်သွားပြီးတော့ အဲ့ဒီနေရာမှာပဲ အမြစ်တွယ်ပြီး ရပ်နေမိတယ်။
အဲ့ဒါက တိုက်ဆိုင်မှုလား ဒါမှမဟုတ် သူ ကျွန်မကို မြင်နိုင်တာလား?
စုန့်ရွှီက သူ့လက်ကိုဆန့်ထုတ်ပြီးတော့ လေထဲကို ဝှေ့ရမ်းလိုက်သည်။
ကျွန်မခေါင်းရှိတဲ့နေရာမှာပဲ။
ကျွန်မ အရမ်းထိတ်လန့်ပြီး ထိတ်လန့်တုန်လှုပ်ကာ အေးခဲသွားခဲ့တယ်။
လူကြောင့် ကြောက်လန့်သွားတဲ့ သရဲဖြစ်နေပြီ။အခြားလူတွေသာ ဒီအကြောင်းကိုသိသွားရင် ဘယ်လောက်ရှက်စရာကောင်းလဲ?
စုန့်ရွှီရဲ့မျက်လုံးတွေက အောက်ခြေမသိရတဲ့ အေးစက်နေတဲ့ ရေအိုင်လို နက်မှောင်ပြီး သူက လှောင်ပြောင်ပြုံးလိုက်တယ်။
သူက အနားတိုးလာပြီးတော့ ကျွန်မတစ်ယောက်တည်းသာ ကြားနိုင်တဲ့အသံနဲ့ တိုးတိုးလေး ပြောလိုက်တယ်။
"ယွင်အာ ကိုယ် မင်းကို သူ(မ)ရဲ့အလှကို ပေးရင်ရော ဘယ်လိုလဲ?မင်း အဲ့ဒါကို ကြိုက်ရဲ့လား?"