အပိုင်း(၉)
Vol. 1 Ch. 9
ကျွန်မ မျက်လုံးတွေ ပြူးသွားတယ်။
"ရှင် မြင်နိုင်တာလား....."
ကျွန်မ စကားပြောလို့ မပြီးသေးခင်မှာပဲ ရုတ်တရက် နားစည်တွေကွဲထွက်သွားစေနိုင်တဲ့ စူးရှတဲ့အော်သံတစ်ခုက ကျွန်မကို ကြားဖြတ်သွားတယ်။
ဘေးကခြံဝင်းက မင်းသမီးနေတာ ဖြစ်တယ်။
စုန့်ရွှီရဲ့အမူအရာ ပြောင်းလဲသွားပြီး သူက အသံလာတဲ့နေရာကို အမြန်ပြေးသွားသည်။
လမ်းတစ်လျှောက်မှာ သူက ကျွန်မရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားတယ်။
ကျွန်မက အဲ့ဒီနေရာမှာပဲ ခဏလောက် ကြောင်နေပြီးတော့ အဲ့ဒီနောက် သူ့နောက်ကို လိုက်သွားတယ်။
ကျွန်မ ခြံဝင်းထဲကိုဝင်သွားတော့ ကျွန်မရှေ့ကမြင်ကွင်းက ကျွန်မကို ကြက်သေ,သေသွားစေတယ်။
မင်းသမီးက ခြံဝင်းအလယ်မှာ ငုတ်တုပ်ထိုင်နေပြီး သူမရဲ့ ညအိပ်ဝတ်စုံကိုပဲ ဝတ်ဆင်ထားသည်။သူမရဲ့ဆံပင်တွေက ရှုပ်ပွနေပြီး သူမက တစ်ကိုယ်လုံး တုန်ယင်နေသည်။ထူထပ်တဲ့လူအုပ်ကြီးက သူမကို ဝန်းရံထားပြီး တစ်လှမ်းပြီးတစ်လှမ်း အနားကပ်ကာ ပိတ်ဆို့ထားကြသည်။
သူတို့ထဲက အများစုက စုတ်ပြဲနေတဲ့အဝတ်အစားတွေ ဝတ်ဆင်ထားကြပြီး ဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေတယ်။တချို့က သူတို့ရဲ့ ခြေလက်တွေတောင် ပျောက်ဆုံးနေကြတယ်။တစ်ယောက်ကဆိုရင် လက်တစ်ဖက်က လေထဲမှာ တန်းလန်းကြီး ကျနေပြီးတော့ ဟိုရမ်းဒီရမ်း ဖြစ်နေတယ်။
ခဏလေးနေဦး......သူတို့က လူတွေမဟုတ်ဘူး!
သူတို့က သရဲတွေဟ!!!
ကျွန်မ သေသွားတဲ့အချိန်ကတည်းက ဘာလို့ သရဲတစ်ကောင်မှ မမြင်ရတာလည်းဆိုပြီး သိချင်နေခဲ့ပေမယ့် ရုတ်တရက်ကြီး သရဲတွေအဲ့လောက်အများကြီး ကျွန်မရှေ့မှာ ပေါ်လာတယ်။
ဒီသရဲတွေက မင်းသမီးကို သူတို့ရဲ့သွားတွေဖြဲပြနေပြီး သူတို့က အဲ့ဒီနေရာမှာ သူမရဲ့အသက်ကို ယူဆောင်တော့မယ့်အတိုင်းပင်။
မင်းသမီးကလည်းပဲ သူတို့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။သူမက ကြောက်လန့်စွာ ကိုယ်ကိုကျုံ့ထားပြီး သူမရဲ့ခေါင်းကို လက်တွေနဲ့ဖုံးအုပ်ထားသည်။
ဒါပေမဲ့ စုန့်ရွှီကတော့ အပြည့်အဝ တည်ငြိမ်နေသည်။
သူ မင်းသမီးဆီကို လျှောက်သွားတဲ့အချိန်မှာပဲ သရဲတွေက ရပ်တန့်သွားကာ ရှေ့ဆက်မတိုးတော့ပေ။
စုန့်ရွှီက ငုတ်တုပ်ထိုင်ပြီးတော့ မင်းသမီးကို ထဖို့ကူညီပေးလိုက်တယ်။
"အရှင်မင်းသမီး ဘာဖြစ်လို့လဲ?"
မင်းသမီးက တုန်လှုပ်နေတယ်။
"သရဲတွေ! အဲ့ဒီမှာ သရဲတွေ ရှိနေတယ်! ရှင် သူတို့ကို မမြင်ဘူးလား!"
စုန့်ရွှီက ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်နှာက ပဟေဠိဖြစ်နေတယ်။သူက ခေါင်းရမ်းလိုက်ပြီးတော့
"အရှင်မင်းသမီး ဒီခြံဝင်းထဲမှာ မင်းသမီးနဲ့ ကျွန်တော်ပဲ ရှိတာပါ"
အခု စိတ်ရှုပ်ထွေးသွားရတဲ့လူက ကျွန်မ ဖြစ်သွားပြီ။
စောနလေးတင် သူ ကျွန်မကို ထူးဆန်းတဲ့အရာတွေပြောနေလို့ သူ ကျွန်မကို မြင်နိုင်တယ်လို့ ထင်လိုက်တာလေ။
သူသာ ကျွန်မကို မြင်နိုင်ရင် ခြံဝင်းထဲက သရဲတွေကိုလည်း မြင်နိုင်ရမှာပေါ့။
ဧကန္တ သူက ကျွန်မကိုရော သရဲတွေကိုရော လုံးဝမမြင်နိုင်တာလား?
သူက သူ့ကိုယ်သူ စကားပြောနေခဲ့ပြီးတော့ သူကြည့်တဲ့နေရာက ကျွန်မရှိတဲ့ဘက် ဖြစ်နေခဲ့တာလား?
ဒါပေမဲ့ အဲ့ဒါဆိုရင် သရဲတွေက ဘာလို့ သူ့ဆီကနေ အဝေးဆုတ်သွားကြတာလဲ?
ကျွန်မ အံ့ဩသွားပေမယ့် မင်းသမီးရဲ့အသံက ကျွန်မအတွက် မေးပေးလိုက်တယ်။
"သရဲတွေက ရှင့်ကို ဘာလို့ ရှောင်နေကြတာလဲ"
"သူတို့က ကျွန်တော့်ကို ရှောင်နေတာလား?"
စုန့်ရွှီက မျက်မှောင်ကြုတ်ပြီးတော့ ခဏလောက် စဉ်းစားနေခဲ့တယ်။အဲ့ဒီနောက် သူက ရုတ်တရက် သဘောပေါက်သွားပြီး သူ့ခါးကနေ အနီရောင်အိတ်တစ်ခု ထုတ်ယူလာတယ်။
"ဒီအိတ်ကြောင့်များ ဖြစ်နေမလား"
"အဲ့ဒါ ဘာလဲ" မင်းသမီးက မေးလိုက်တယ်။
စုန့်ရွှီက ပြန်ဖြေလိုက်တယ်။
"ကျွန်တော် ရှေ့တန်းရောက်နေတဲ့အချိန်တုန်းက ညလယ်ခေါင်မှာ မကြာခဏ အိပ်မက်ဆိုးတွေမက်လေ့ရှိတယ်။အနောက်တိုင်းဒေသကမှော်ဆရာတစ်ယောက်က စစ်ပွဲကြောင့် သေဆုံးမှုအရှိန်အဝါက ပြင်းထန်တယ်။ပြီးတော့ ကျဆုံးသွားတဲ့စစ်သည်တွေရဲ့ ဝိညာဉ်တွေက ကျွန်တော့်ကို အိပ်မက်ဆိုးတွေ ဖြစ်စေတယ်။ကျွန်တော့်ကို ကူညီဖို့ သူ့ကို ငွေအများကြီးပေးခဲ့ပြီး သူက ကျွန်တော့်ကို ဒီအိတ်လေးပေးခဲ့တယ်။ ဒါက သရဲခြောက်လှန့်တာကနေ ကာကွယ်ပေးလိမ့်မယ်တဲ့"
ကျွန်မ အံ့ဩသွားတယ်။
စုန့်ရွှီက ရှေ့တန်းမှာ အိပ်မက်ဆိုးတွေ ကြုံနေခဲ့ရပေမယ့် သူက အဲ့ဒီအကြောင်းကို အိမ်ကိုပို့တဲ့စာတွေထဲမှ တစ်ခါမှ မပြောပြခဲ့ဘူး။ဒီနှစ်တွေမှာ သူက အရမ်းဆိုးဆိုးဝါးဝါး နေနေခဲ့တာလား?
မင်းသမီးက သူ့လက်ထဲက အိတ်ကို ရုတ်တရက် ဆွဲယူလိုက်တဲ့အချိန် ကျွန်မ သနားစိတ်ဝင်မိသွားတယ်။
"ဒီအိတ်က အသုံးဝင်တယ်ဆိုရင် ကျွန်မကို ငှားထား"
"အရှင်မင်းသမီးက အဲ့ဒါကို လိုချင်တယ်ဆိုရင် ယူလို့ရပါတယ်။ကျွန်တော့်မှာရှိသမျှအရာအားလုံး အရှင်မင်းသမီးအတွက်ပါပဲ"
စုန့်ရွှီက ကျေကျေနပ်နပ်ပြုံးပြီး ပြန်ပြောလိုက်သည်။
ဘုရားရေ! ယောကျာ်းတစ်ယောက်ကို သနားတာက တကယ့်ကို ကံဆိုးစေတာပဲ။
"ဒါပေမဲ့ မင်းသမီးအိမ်တော်က အရမ်းကောင်းမွန်တဲ့ဖုန်းရွှေနေရာမှာ တည်ဆောက်ထားတာလေ။ဘာလို့ ဒီနေရာမှာ သရဲတွေရှိနေတာလဲ?"
စုန့်ရွှီက မေးလိုက်၏။
မင်းသမီးက နှာခေါင်းရှုံ့လိုက်ပြီးတော့
"သူတို့က ဒီအတိုင်းစက်ဆုပ်စရာကောင်းတဲ့ သာမန်လူတွေပဲ။သေသွားတာတောင် သူတို့က မငြိမ်းချမ်းနိုင်ဘူး! မနက်ဖြန်ကျရင် ကျွန်မ ပယောဂဆရာကို ခေါ်ပြီးတော့ သူတို့အားလုံးကို မောင်းထုတ်ပစ်မယ်!"
စုန့်ရွှီက သက်ပြင်းချလိုက်တယ်။
"ညတာက ရှည်လျားပြီးတော့ ဒီအိတ်လေးက မနက်ခင်းအထိမခံနိုင်မှာ စိုးရိမ်မိတယ်"
မင်းသမီးက ထိတ်လန့်တုန်လှုပ်သွား၏။
"အဲ့ဒါဆိုရင် ကျွန်မတို့ ဘာလုပ်သင့်လဲ"
"ကျွန်တော် ရှေ့တန်းမှာတုန်းက အနောက်တိုင်းမှော်ဆရာဆီကနေ သရဲနှင်တဲ့နည်းလမ်းတချို့ သင်ခဲ့ရတယ်။ကျွန်တော် တစ်ခါလောက် လုပ်ကြည့်လိုက်မယ်။ကျွန်တော်က အရှင်မင်းသမီးရဲ့ ဝန်ထုပ်ဝန်ပိုးကို ဖြေလျော့ပေးနိုင်တာမျိုး ဖြစ်နိုင်ပါတယ်"
စုန့်ရွှီက ပြောလိုက်၏။
ကောင်းတယ်......ကောင်းတယ် အဲ့ဒီတော့ စုန့်ရွှီက ရှေ့တန်းမှာတိုက်ခိုက်နေရင်း ပညာအသစ်တွေ သင်လာတာပေါ့လေ။
မင်းသမီးရဲ့ခွင့်ပြုချက်ဖြင့် စုန့်ရွှီက သူမကို သူမအခန်းထဲ ပြန်ခေါ်သွားပြီး စက္ကူနဲ့စုတ်တံကိုယူကာ ခြံဝင်းထဲမှာ ထိုင်ပြီး အဆောင်များရေးဆွဲနေသည်။
သိချင်စိတ်ပြင်းပြစွာနဲ့ ကျွန်မ ငုံ့ကြည့်လိုက်တယ်။စာရွက်ပေါ်က မျဉ်းကြောင်းတွေက အကွေ့အကောက်တွေနဲ့ရှုပ်ထွေးနေပြီးတော့ အရည်အချင်းအစစ်အမှန်ဆိုတဲ့ ထင်မြင်ချက်ကို ပေးစွမ်းတယ်။
သူတကယ်ပဲ ဘာလုပ်နေတယ်ဆိုတာကို သူ သိရဲ့လား?
သူက ကျွန်မကိုပါ မောင်းထုတ်တော့မှာလား?
ကျွန်မလက်ကို သူ့ရှေ့မှာ ဝှေ့ရမ်းလိုက်တယ်။
"ဟေး ရှင် ကျွန်မကိုသတ်ဖို့ မကြိုးစားနဲ့နော်!"
စုန့်ရွှီက ကျွန်မကို လျစ်လျှူရှုထားပြီးတော့ သူ့ရဲ့အဆောင်ရေးဆွဲခြင်းမှာပဲ အပြည့်အဝ အာရုံစိုက်ထားတယ်။
သိပ်မကြာခင်မှာပဲ သူက အဆောင်စာရွက်ကို ကိုင်မြှောက်ပြီး ခပ်တိုးတိုး ရွတ်ဆိုလိုက်၏။
ပြတင်းပေါက်နားမှာပုန်းနေတဲ့ မင်းသမီးက အိတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အထဲကနေ စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
"ချိုးဖျက်စေ!"
သူ့ရဲ့အော်သံဖြင့် အပြာရောင်အလင်းတန်းတစ်ခုက မင်းသမီးဆီကို ပျံဝဲသွားပြီး သူမကို ရစ်ပတ်လိုက်တာကို ကျွန်မ မြင်လိုက်ရတယ်။
သရဲတွေက အချင်းချင်း ကြည့်လိုက်ကြပေမယ့် မတုံ့ပြန်ကြပေ။
အဲ့ဒါဘာလဲ?သရဲတစ်ကောင်မှ နှင်ထုတ်မခံရဘူး။သူက မကျွမ်းကျင်သေးတဲ့သူဖြစ်နေတာပဲ။
ကျွန်မက သူ သရဲတွေနှင်ထုတ်တာ ကျရှုံးတယ်လို့ တွေးနေတဲ့အချိန်မှာပဲ မင်းသမီးက ရုတ်တရက် ပျော်လွန်းတာကြောင့် ငိုကြွေးလိုက်တယ်။
"သူတို့အားလုံး ထွက်သွားပြီ! သူတို့ မရှိကြတော့ဘူး! အံ့ဩစရာကောင်းတယ်!"
စုန့်ရွှီက မင်းသမီးဘက်ကိုလှည့်၍ ပြုံးပြလိုက်သည်။
"ကျွန်တော် သရဲတွေအားလုံးကို နှင်ထုတ်ပြီးပါပြီ။အရှင်မင်းသမီး အခု စိတ်အေးလက်အေး အနားယူလို့ရပါပြီ"
"ကောင်းတယ်...ကောင်းတယ်။ဒီနေ့ည ကျွန်မ တံခါးအပြင်ဘက်မှာနေ,နေ။အကယ်၍ သရဲတွေ ရှင့်ဆီထပ်ပြီးရောက်လာရင် ရှင် သူတို့ကို မောင်းထုတ်ပစ်ရမယ်!"
မင်းသမီးက အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့ပါ"
စုန့်ရွှီက ခေါင်းညိတ်လိုက်ပြီး တံခါးနားမှာ လိုက်နာစွာ ထိုင်နေသည်။
သူတို့နှစ်ယောက်နားမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း သူတို့ပြောတာတွေကို နားထောင်ပြီး ကျွန်မ ကြောင်အသွားတယ်။
သရဲတွေအားလုံး ခြံဝင်းထဲမှာ ရပ်နေကြတုန်းလေ။သူတို့ကို နှင်ထုတ်လိုက်ပြီဆိုတာက ဘာအဓိပ္ပာယ်လဲ?