အပိုင်း(၁၂)
Vol. 1 Ch. 12
တစ်နေ့လုံး ထမင်းစားတာနဲ့ဆေးသောက်တာကလွဲလို့ မင်းသမီးက နက်နက်ရှိုင်းရှိုင်း အိပ်ပျော်နေခဲ့သည်။
သူမကို ကျေးဇူးတင်ရမယ်။ကျွန်မ တစ်နေ့လုံး ပုံပြင်စာအုပ်တွေ ဖတ်ခဲ့ရတယ်။
နောက်တစ်နေ့မနက်စောစောတွင် မင်းသမီးအိမ်တော်သို့ တော်ဝင်အမိန့်တော်တစ်ခု ရောက်ရှိလာ၏။
ဧကရာဇ်ဟာ မင်းသမီးရဲ့ကျန်းမာရေးကို စိတ်ပူတာကြောင့် မင်္ဂလာပွဲကို ရွှေ့ဆိုင်းဖို့ဆုံးဖြတ်လိုက်တဲ့အကြောင်း ပြောထားတာ ဖြစ်သည်။
သူက စုန့်ရွှီဟာ အရင်ဆုံး စုန့်အိမ်တော်ကို ပြန်သွားရမှာဖြစ်ပြီး မင်းသမီး ပြန်လည်သက်သာလာတဲ့အချိန်မှသာ ပြန်လာရမယ်လို့လည်း အမိန့်ပေးထားသည်။
ဒါကိုကြားတော့ မင်းသမီးက သွေးရူးသွေးတန်းဖြစ်သွားပြီး သူမ ဧကရာဇ်ကို တွေ့ချင်တယ်လို့ အော်ဟစ်နေကာ စုန့်ရွှီက နေကိုနေရမယ်ဆိုပြီး ငြင်းဆန်နေသည်။
စုန့်ရွှီက သူမဘေးနားမှာနေပြီးတော့ သူမကို စိတ်ရှည်လက်ရှည် ချော့မော့နေကာ သူမအဖေရဲ့စကားကို နားထောင်သင့်ကြောင်း ပြောနေလေ၏။
မင်းသမီးက ပိုပြီးတော့တောင် ဒေါသထွက်လာပြီး ပြောလိုက်တယ်။
"ရှင်က ဘာသိလို့လဲ?အဖေက ကျွန်မကို အချစ်ဆုံးပဲ! သူ သဘောတူမှာ သေချာတယ်!"
စုန့်ရွှီက သက်ပြင်းချပြီးတော့ ဆေးတစ်ပန်းကန်ယူလာကာ ပြောလိုက်၏။
"အရှင်မင်းသမီး ဆေးကအေးတော့မယ်။မင်္ဂလာဆောင်အတွက် စိတ်မပူခင် ဆေးအရင်သောက်လိုက်ပါဦး"
မထင်မှတ်ထားစွာနဲ့ မင်းသမီးက ဆေးပန်းကန်လုံးကို ဆွဲယူပြီး စုန့်ရွှီဆီပစ်ပေါက်လိုက်သည်။
စုန့်ရွှီမှာ ရှောင်ဖို့အချိန် မရှိလိုက်ပေ။ပန်းကန်လုံးက သူ့မျက်နှာကို တိုက်ရိုက်မှန်သွား၏။
အစိမ်းပုပ်ရောင်ဆေးရည်တွေက သူ့မျက်နှာကနေ ဖြည်းဖြည်းချင်း စီးကျလာပြီး သူ့ရဲ့ချောမောတဲ့ပါးပြင်ထက်တွင် အနီရောင်သွေးစီးကြောင်းတစ်ခု ပေါ်လာသည်။
အဲ့ဒါ ကျွန်မ အကြိုက်ဆုံးမျက်နှာလေ!
ကျွန်မ ဒေါသထွက်သွားပြီး မင်းသမီးကို လက်ညှိုးထိုးကာ အော်လိုက်တယ်။
"ဟဲ့! နင် ဘာဖြစ်နေတာလဲ?သူက ဒါကို နင့်အကျိုးအတွက် လုပ်ပေးနေတာလေ! နင်က ဘာလို့ သူ့ကို ပစ်ပေါက်တာလဲ!"
ဒါပေမဲ့ မင်းသမီးက ကျွန်မပြောတာကို မကြားနိုင်ဘူး။
သူမမျက်နှာထက်မှာ အပြစ်ရှိစိတ်တစ်စုံတစ်ရာမရှိဘဲ စုန့်ရွှီကို ဒေါသတကြီး စိုက်ကြည့်နေသည်။
အဲ့ဒီအခိုက်အတန့်မှာပဲ ကျွန်မ ရုတ်တရက် သဘောပေါက်သွားတယ်။မင်းသမီးက စုန့်ရွှီကို အစစ်အမှန် ချစ်တာ မဟုတ်ဘူး။
သူမက သူ့ကို ဆွဲဆောင်မှုရှိတယ်လို့ ခံစားရပြီး သူနဲ့ကစားချင်ယုံပဲ။ဒါပေမဲ့ လူအများရှေ့မှာ အငြင်းခံလိုက်ရတာက သူမရဲ့မာနကို ထိခိုက်စေခဲ့တယ်။
မာန-အထက်တန်းလွှာတွေရဲ့ အရာအားလုံးထက် ပိုပြီး တန်ဖိုးထားတဲ့အရာပေါ့။
၎င်းက အတိအကျကိုပဲ စုန့်ရွှီရဲ့ ငြင်းပယ်ခဲ့မှုကြောင့် သူမက အခု ဘယ်လိုပဲဖြစ်နေပါစေ စုန့်ရွှီကို ရအောင်ယူဖို့ ဆုံးဖြတ်ထားတာ ဖြစ်တယ်။
ကျွန်မ စုန့်ရွှီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စတင်စိုးရိမ်လာပြီ။
ဒီလိုဇနီးသည်မျိုးနဲ့ဆိုရင် သူ့ဘဝက သေချာပေါက် ဆိုးရွားမှာပဲ။
ဒါပေမဲ့ စုန့်ရွှီက သည်းခံနေပြီးတော့ သူ့မျက်နှာကိုသုတ်ကာ ပြောလိုက်သည်။
"အရှင်မင်းသမီးကို စိတ်ဆိုးစေတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ကျွန်တော် နောက်ထပ်တစ်ပန်းကန် သွားပြီး ပြင်ဆင်လိုက်ဦးမယ်"
ကျွန်မ မတတ်နိုင်ဘဲ လှောင်ပြောင်စွာ ရယ်မောလိုက်တယ်။
ဒီလူက သဘောထားလွယ်တဲ့သူပဲလေ-ကျွန်မက ဘာလို့ သူ့အတွက် စိတ်ပူပေးမိတာလဲ?
ဒါပေမဲ့ မင်းသမီးရဲ့နောက်ထပ်စကားလုံးတွေက ကျွန်မမျက်နှာက အပြုံးတွေကို ချက်ချင်းဖယ်ရှားပစ်လိုက်တယ်။
"ကျွန်မ သိပြီ! ဒါရဲ့နောက်ကွယ်က အဲ့ဒီယွင်နျန်းပဲ ဖြစ်ရမယ်! ကျွန်မ သူ(မ)ကို သတ်လိုက်ကတည်းက ဒီအိမ်တော်က တစ္ဆေခြောက်နေတာ! ကျွန်မ လူလွှတ်ပြီးတော့ ယွင်နျန်းရဲ့မိဘတွေကို ရှာခိုင်းပြီး သူတို့အားလုံးကို သတ်ပစ်ရမယ်!"
ကျွန်မ ထိတ်လန့်တကြား ခုန်လိုက်တယ်။
"နင့်အိမ်တော် ခြောက်လှန့်ခံရတာက နင့်အပြစ်တွေကြောင့်လေ!အဲ့ဒါ ငါနဲ့ဘာဆိုင်လို့လဲ?နင်က ငါ့မိဘတွေကိုသတ်ဖို့ ခြိမ်းခြောက်ရဲတာလား!"
မင်းသမီးက ကျွန်မပြောတာကို မကြားနိုင်ဘူး။
သူမက အမှန်ပဲ စစ်သည်တွေကို ဆင့်ခေါ်ပြီးတော့ သူတို့ကို ကျွန်မမိဘတွေကို သတ်ပစ်ဖို့ အမိန့်ပေးလိုက်တယ်။
ကျွန်မ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး စုန့်ရွှီရဲ့အင်္ကျီလက်ကို ဆွဲလိုက်တယ်။
"စုန့်ရွှီ! ကျေးဇူးပြုပြီး သူ(မ)ကို အသိဝင်အောင် ပြောပေးပါဦး!"
သူ ကျွန်မပြောတာကို မကြားနိုင်ဘူးဆိုတာ ကျွန်မ သိတယ်။ဒါပေမဲ့ သူ မနေ့က ကျွန်မမိဘတွေကို ကာကွယ်ပေးခဲ့တယ်လေ။သေချာပေါက်ကို သူ ဒီနေ့ သူတို့ကို ထပ်ပြီး ကူညီပေးမှာပါ။
ကျွန်မ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။
ဒါပေမဲ့ မယုံနိုင်စရာကောင်းအောင်ပဲ စုန့်ရွှီရဲ့မျက်နှာပေါ်မှာ ဘယ်လိုစိတ်ခံစားချက်မျိုးမှ ရှိမနေဘူး။
အေးစက်စက်အမူအရာဖြင့် သူက ပြောလိုက်တယ်။
"အဲ့ဒါက အရှင်မင်းသမီးကို စိတ်ကျေနပ်စေသရွေ့ မင်းသမီး ဆန္ဒရှိတယ်ဆိုရင် အဲ့ဒီတောသူတောင်သားတွေကို သတ်ပစ်လိုက်ပါ"
ကျွန်မ အဲ့ဒီနေရာမှာပဲ အေးခဲသွားတယ်။
အဲ့ဒီတော့ မနေ့တုန်းက သူ ကျွန်မမိဘတွေအတွက် ပြောပေးခဲ့တာက စိတ်ရင်းအမှန် မဟုတ်ဘူးပေါ့လေ။
ပြီးတော့ သူ ကျွန်မကို ဒုက္ခခံခဲ့ရပြီလို့ပြောပြီး ကျွန်မကို မင်းသမီးရဲ့အလှကို ပေးမယ်လို့ပြောတာကလည်း စိတ်ရင်းအမှန် မဟုတ်ဘူး။
စုန့်ရွှီ၊ကျွန်မ အငြိုးကြီးသရဲဖြစ်လာပြီး ရှင်နဲ့မင်းသမီး ...ရှင်တို့နှစ်ယောက်လုံးကို သတ်ပစ်မယ်!
ဒီအတွေး ကျွန်မစိတ်ထဲဖြစ်ပေါ်လာတာနဲ့ ကျွန်မခန္ဓာကိုယ်တစ်ခုလုံး စတင်ပူလောင်လာတယ်။
ဒါက ကျွန်မ အငြိုးကြီးသရဲဖြစ်တော့မယ့် သင်္ကေတဆိုတာ ကျွန်မ သိတယ်။
အဲ့ဒါ ကိစ္စမရှိဘူး....ကျွန်မ ပြန်ပြီးမဝင်စားနိုင်ရင်တောင် အဲ့ဒါ ကိစ္စမရှိဘူး။
ကျွန်မရဲ့ဘဝက တိုတောင်းပေမယ့် ကျွန်မမိဘတွေရဲ့သမီးဖြစ်ခွင့်ရတာက ကျွန်မဘဝရဲ့ကံအကောင်းဆုံးအချိန်တွေပဲ။
ကျွန်မ မင်းသမီးကို တိုက်ခိုက်တော့မယ့်အချိန်မှာပဲ စုန့်ရွှီက ရုတ်တရက် သူ့လက်ကိုမြှောက်ပြီးတော့ ကျွန်မမျက်စိရှေ့မှာ အသာလေးဝှေ့ယမ်းလိုက်တယ်။
ချက်ချင်းပဲ ကျွန်မ မေ့မြောသွားတယ်။