အပိုင်း(၁၃)
Vol. 1 Ch. 13
ကျွန်မ ပြန်သတိရလာတဲ့အချိန်မှာ အချိန်ဘယ်လောက် ကုန်ဆုံးသွားပြီလဲဆိုတာ ကျွန်မ မသိဘူး။
စုန့်ရွှီက မင်းသမီးအိမ်တော်ရဲ့ဧည့်ခန်းမရှေ့မှာ ထိုင်နေပြီး ကျွန်မက သူ့ဘေးနားက ကြမ်းပြင်ပေါ်မှာ လဲနေတယ်။
ကျွန်မ ဖြည်းဖြည်းချင်း ထထိုင်လိုက်ပြီး ကျွန်မရဲ့စိတ်တွေ ရှုပ်ထွေးနေတယ်။
ဘာတွေဖြစ်နေတာလဲ?
မင်းသမီးက ကျွန်မရဲ့မိဘတွေကို သတ်မယ်လို့ပြောပြီးတော့ စုန့်ရွှီက ကျွန်မကို မကူညီခဲ့ဘူးဆိုတာ ကျွန်မ မှတ်မိတယ်။
ဒေါသတကြီးနဲ့ ကျွန်မ အငြိုးကြီးသရဲအဖြစ်ပြောင်းလဲပြီး သူတို့နှစ်ယောက်လုံးကို သတ်ပစ်ဖို့ စီစဉ်ထားခဲ့တယ်။
ဒါပေမဲ့ ကျွန်မ အငြိုးကြီးသရဲဖြစ်လာတော့မယ့်အချိန်မှာပဲ ရုတ်တရက် မေ့လဲသွားတယ်။
သရဲတွေက သတိလစ်နိုင်လို့လား?
ကျွန်မရဲ့ခေါင်းကို ထိဖို့ကြိုးစားပေမယ့် လက်ချောင်းတွေက ထိုးဖောက်ဖြတ်သန်းသွားတယ်။
ကျွန်မက ဝိညာဉ်အပိုင်းအစတစ်ခုပဲလေ။ကျွန်မရဲ့ခန္ဓာကိုယ်က ဆက်လက်မတည်ရှိတော့ဘူး။အဲ့တော့ ကျွန်မမှာ ဘယ်လိုလုပ် ခေါင်းရှိနိုင်ပါ့မလဲ?
ရုတ်တရက် အပြင်ဘက်တံခါးကနေ ရောက်လာတဲ့ ခြေသံတွေ ကြားလိုက်ရတယ်။
မင်းသမီးက ခက်ထန်တဲ့မျက်နှာအမူအရာရှိတဲ့ လူလတ်ပိုင်းအရွယ် ယောကျာ်းကြီးတစ်ယောက်ကို လက်မောင်းချင်းချိတ်ပြီး အထဲဝင်လာသည်။
အဲ့ဒီလူရဲ့မျက်နှာကို ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခင်မှာပဲ စုန့်ရွှီက ကြမ်းပြင်ပေါ်ကို ချောချောမွေ့မွေ့ ဒူးထောက်ချလိုက်တယ်။
"ဒီနိမ့်ကျတဲ့အစေခံက အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်"
အဲ့ဒီတော့ ဒါက ကျွန်မ ဇာတ်လမ်းတွေထဲမှာပဲ ကြားဖူးတဲ့ ဧကရာဇ်ပေါ့လေ။
သူက ဘာလို့ မင်းသမီးအိမ်တော်ကို ရောက်လာတာလဲ?ကျွန်မ အချိန်ဘယ်လောက်ကြာကြာ သတိလစ်သွားခဲ့တာလဲ?
ကျွန်မမိဘတွေ..........သူတို့တွေ အသတ်ခံလိုက်ရပြီလား?
ဒီမေးခွန်းတွေ ကျွန်မစိတ်ထဲမှာရှိနေပြီး ကျွန်မက အခုတော့ ဒီအတိုင်းဆက်နေပြီး ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။
ဧကရာဇ်က ခန်းမရဲ့ပင်မထိုင်ခုံမှာ ထိုင်လိုက်ပြီး မင်းသမီးက သူ့ဘေးနားတွင် ထိုင်နေသည်။
"ခမည်းတော်.....သမီးတော်ရဲ့ကျန်းမာရေးက အရမ်းကောင်းနေပြီ။သမီးတော်ကို ကတိပေးထားတဲ့ မင်္ဂလာပွဲချီးမြှင့်ပေးတော့လေ"
မင်းသမီးက ဧကရာဇ်ရဲ့လက်မောင်းကို ဖက်တွယ်ထားရင်း သနားစရာကောင်းတဲ့ပုံစံနဲ့ မျက်ရည်တွေရစ်ဝဲနေတဲ့အကြည့်ဖြင့်ကြည့်လိုက်သည်။
ဧကရာဇ်ရဲ့မျက်နှာက မည်းနက်သွား၏။
"သမီးက တကယ်ပဲ သူ့ကို သမီးရဲ့ကြင်ယာတော်အဖြစ်ယူဖို့ စိတ်ပိုင်းဖြတ်ထားတာလား?"
မင်းသမီးရဲ့မျက်နှာပေါ် မျက်ရည်များ စီးကျလာသည်။
"ခမည်းတော် သမီး စုန့်ရွှီကိုတကယ်ချစ်တာ။ကြည့်လေ မင်းသမီးအိမ်တော်က ခြောက်လှန့်မှုတွေကို စုန့်ရွှီကပဲ မောင်းထုတ်ပေးခဲ့တာ။ပြီးတော့ သမီးကြောက်လန့်နေတဲ့အချိန်တုန်းက သူကပဲ သမီးကို ဂရုစိုက်ပေးခဲ့တာ"
"သူလုပ်ခဲ့တာကို ခမည်းတော်လက်အောက်က မှော်ဆရာတွေလည်းကောင်းကောင်း လုပ်နိုင်တယ်"
ဧကရာဇ်က ပြန်ပြောလိုက်၏။
မှော်ဆရာတွေလား? အဲ့ဒီတော့ ဧကရာဇ်မှာ သူ အလိုရှိသလိုအသုံးပြုနိုင်တဲ့ မှော်ဆရာတွေ ရှိတယ်ပေါ့လေ။
အဲ့ဒါအဓိပ္ပာယ်ရှိတယ်။မင်းသမီးအပေါ်မှာ သရဲနှင်တဲ့အတားအဆီးတစ်ခုရှိနေပြီး အဲ့ဒါက သဘာဝအတိုင်းပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
ဧကရာဇ်မှာ မှော်ဆရာတွေရှိနေမှတော့ သူက ဘာလို့ တစ်ယောက်လောက်လွှတ်ပြီးတော့ မင်းသမီးအိမ်တော်ထဲက သရဲတွေကို မသုတ်သင်ခိုင်းရတာလဲ?
ကျွန်မ အဖြေရှာမတွေ့ခင်အထိ ဒီမေးခွန်းက ကျွန်မစိတ်ထဲမှာ ကပ်တွယ်နေတယ်။
မင်းသမီးက လူတွေအများကြီးကို သတ်ခဲ့တာကြောင့် သူမအိမ်ထဲမှာ သရဲတွေဆက်တိုက်ပေါ်လာတာ သာမန်ပဲ။သူတို့အားလုံးကို ရှင်းထုတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
အဲ့ဒီအစား သူမအပေါ်မှာ သရဲနှင်အတားအဆီး ထားလိုက်တာက အလွယ်ကူဆုံးနဲ့ ပျက်သွားမှာမဟုတ်တဲ့ ဖြေရှင်းနည်းဖြစ်၏။
ဒါပေမဲ့ ဧကရာဇ်အတွက် အလုပ်လုပ်ပေးတဲ့သူတစ်ယောက်အနေနဲ့ အဲ့ဒီမှော်ဆရာက မယုံနိုင်လောက်အောင် အစွမ်းထက်မှာပဲ။
အကယ်၍ အဲ့လိုသာဆိုရင် မင်းသမီးရဲ့အတားအဆီးက ဘာလို့ကျိုးပျက်သွားတာလဲ?
ကျွန်မ မတတ်နိုင်ဘဲ စုန့်ရွှီကို စိုက်ကြည့်လိုက်တယ်။
အဲ့ဒါ သူများဖြစ်နေမလား?
ဧကရာဇ်နဲ့မင်းသမီးက ထွက်ပေါက်မရှိတဲ့အခြေအနေမှာ ဖြစ်နေကြပြီး စုန့်ရွှီက သူ့အမူအရာကို ချုပ်တည်းထားကာ တိတ်ဆိတ်နေသည်။
အဆုံးမှာတော့ ဧကရာဇ်က မင်းသမီးရဲ့တောင်းဆိုမှုကို မငြင်းဆန်နိုင်ခဲ့ပြီး မင်္ဂလာပွဲချီးမြှင့်တဲ့ အမိန့်တော်တစ်ခု ချန်ထားခဲ့ကာ ထွက်သွားသည်။
စုန့်ရွှီက သူ့ရဲ့ကျေးဇူးတင်မှုကို ဖော်ပြဖို့ မင်းသမီးနဲ့အတူ ဒူးထောက်နေပြီး သူ့အမူအရာက တည်ငြိမ်ကာ ခန့်မှန်းမရပေ။
ရုတ်တရက် သူ ကျွန်မကို လက်ထပ်ခွင့်လာတောင်းခဲ့တဲ့အချိန်တုန်းက သူ အပြင်ဘက်မှာ ဒူးထောက်နေခဲ့တဲ့ပုံစံကို ကျွန်မ သတိရသွားတယ်။
အဲ့ဒီအချိန်တုန်းက သူက ဘာမှမစားမသောက်ဘဲ တစ်ညလုံး ဒူးထောက်နေခဲ့တယ်။
ကျွန်မမိဘတွေ နောက်ဆုံးသဘောတူခဲ့တဲ့အချိန်မှာ သူက ပျော်ရွှင်စွာခုန်ပေါက်လိုက်ပေမဲ့ အချိန်တော်ကြာ ဆာလောင်နေခဲ့တာကြောင့် ခေါင်းမူးပြီး ရုတ်တရက် ရွှံ့ထဲကို မှောက်ရက်လဲကျသွားခဲ့တယ်။
သူ့ရဲ့ဖရိုဖရဲအခြေအနေကိုကြည့်ပြီး ကျွန်မ လုံးဝမပျော်ရွှင်ခဲ့ဘူး။
စုန့်ရွှီ ရှင်က လဲကျသွားခဲ့တာတောင်မှ ကြည့်ကောင်းနေတုန်းပဲ။
ဒီလိုလှပတဲ့လူမျိုးက အဲ့ဒီနေ့ကစပြီးတော့ ကျွန်မအပိုင်ဖြစ်ခဲ့တယ်။
ဒါပေမဲ့ ဒီပိုင်ဆိုင်မှုက တိုတောင်းလွန်းလှတယ်။
မင်းသမီးက တော်ဝင်အမိန့်တော်ကို လက်ခံ၍ စုန့်ရွှီကို ဝမ်းသာအားရ ကြည့်လိုက်သည်။
စုန့်ရွှီက ပြုံးလိုက်ပေမယ့် သူ မပျော်ဘူးဆိုတာ ကျွန်မ ပြောနိုင်တယ်။သူ့အမူအရာထဲမှာ စိုးရိမ်မှုအရိပ်အယောင်တောင် ရှိနေတယ်။
စုန့်ရွီက အမြဲတမ်း သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိတဲ့ ယောကျာ်းတစ်ယောက် ဖြစ်တယ်။ကျွန်မတို့ လက်ထပ်ပြီးကတည်းက ကျွန်မ သူ့ရဲ့စိုးရိမ်ပူပန်နေတဲ့မျက်နှာကို နှစ်ခါပဲ မြင်ဖူးတယ်။
ပထမဆုံးအကြိမ်က သူ စစ်တပ်ထဲမှာ စစ်မှုထမ်းရတော့မယ်ဆိုတာ သိရတဲ့အချိန်မှာဖြစ်တယ်။ဒုတိယအကြိမ်ကတော့ သူ့တာဝန်တွေပြီးတဲ့နောက် နန်းတော်ကနေ ပြန်လာတဲ့အချိန်မှာ ဖြစ်တယ်။