← Chapters

အပိုင်း(၁၄)

Vol. 1 Ch. 14

အပိုင်း(၁၄)

Vol. 1 Ch. 14

စုန့်ရွှီနဲ့မင်းသမီးအတွက် မင်္ဂလာပွဲနေ့ကို နောက်သုံးရက်ကြာရင် ပြုလုပ်မယ်ဟု သတ်မှတ်ထားသည်။

ဒီသုံးရက်အတွင်း မင်းသမီးအိမ်တော်ဟာ ဧကရာဇ်ကနေ မင်္ဂလာပွဲပြင်ဆင်ရန် စေလွှတ်လိုက်တဲ့ လူတွေဖြင့် စည်ကားနေသည်။

မင်းသမီးရဲ့ကျန်းမာရေးက တိုးတက်လာပေမယ့် သူမက မကြာခဏ ပင်ပန်းနွမ်းနယ်နေတတ်၏။

ဒါပေမဲ့ မင်းသမီးတစ်ပါးဖြစ်တာနဲ့အညီ အရာရာတိုင်းကို သူမရဲ့အစေခံတွေကပဲ ဆောင်ရွက်ပေးတာကြောင့် သူမလုပ်ရမှာက အနားယူပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်ဖို့ပဲ အာရုံစိုက်ဖို့ လိုအပ်တာပဲ ဖြစ်သည်။

မင်းသမီးအိပ်ပျော်နေတဲ့အချိန်တွင် စုန့်ရွှီက သူမဘေးမှာထိုင်၍ ပုံပြင်စာအုပ်ဖတ်သည်။

ဒါပေမဲ့ ကျွန်မ ဇာတ်လမ်းကို အာရုံမစိုက်နိုင်ဘူး။

ကျွန်မမိဘတွေ ဘယ်လိုအခြေအနေရှိလဲဆိုတာ ကျွန်မ မသိရသေးဘူး။

ဒီနှစ်ရက်အတွင်း ကျွန်မက နာကျည်းချက်တွေကို စုဆောင်းပြီး ကျွန်မကိုယ်ကျွန်မ အငြိုးကြီးသရဲအဖြစ်ပြောင်းလဲဖို့ အကြိမ်များစွာ ကြိုးစားခဲ့ပေမယ့် ဘာဖြစ်မှန်းမသိဘဲ အဲ့ဒါက အလျင်အမြန် ပျောက်ကွယ်သွားပြီး စုဆောင်းလို့မရနိုင်ခဲ့ဘူး။

ကြည့်ရတာတော့ ကျွန်မက အသုံးမကျပြီးတော့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့မပြောနဲ့ ကိုယ့်မိဘတွေကိုတောင် မကာကွယ်နိုင်ဘူးပဲ။

ကျွန်မက မင်းသမီးကိုလက်စားချေဖို့တောင် အစွမ်းရှိတဲ့သရဲတစ်ကောင် မဖြစ်လာနိုင်ဘူး။

ကျွန်မကတော့ တစ်နေကုန် သက်ပြင်းချရင်း ကုန်ဆုံးနေရပေမဲ့ စုန့်ရွှီကတော့ သက်သောင့်သက်သာ ရှိလှတယ်။

သူက ပုံပြင်စာအုပ်ကို နှစ်မျက်နှာပဲဖတ်ပြီး စိတ်ဝင်စားမှုပျောက်သွားတာနဲ့ မင်းသမီးရဲ့ခြံဝင်းထဲကနေ တစ်ချိန်လုံး ထွက်ပြီး စံအိမ်ပတ်ပတ်လည် လျှောက်သွားတတ်တယ်။

ကျွန်မက မင်းသမီးနဲ့ နှစ်ယောက်တည်း မနေချင်တာကြောင့် စုန့်ရွှီရဲ့ခေါင်းပေါ်မှာ ဝဲပျံရင်း စွန်တစ်ကောင်လို သူ့နောက်ကို လိုက်သွားနေခဲ့တယ်။

ဒီလျှောက်လည်မှုတွေအတွင်း ကျွန်မမျက်စိကို တကယ်ဖွင့်ပေးခဲ့တဲ့ အရာတွေကို တွေ့ခဲ့ရတယ်။

ကျွန်မက တောသူမလေးတစ်ယောက်ပါ၊ ဒါပေမဲ့ စုန့်ရွှီနဲ့ ကျွန်မ လက်ထပ်တုန်းက မင်္ဂလာပွဲရဲ့ ကြီးကျယ်ခမ်းနားမှုက မြို့တော်က အထက်တန်းလွှာသမီးပျိုတွေရဲ့ပွဲတွေနဲ့ ယှဉ်နိုင်ခဲ့တယ်။

အဲ့ဒီတုန်းက ကျွန်မ အရမ်းပျော်ခဲ့တယ် – ချောမောတဲ့ယောက်ျားတစ်ယောက်ကို အလကားရလိုက်ရုံမကဘဲ သူက ပိုက်ဆံလည်း သုံးဖို့ဆန္ဒရှိနေတာကိုး။

ဒါပေမဲ့ မင်းသမီးအိမ်တော်ရဲ့ မင်္ဂလာပွဲပြင်ဆင်မှုတွေကို မြင်လိုက်ရတော့မှ ကျွန်မ တကယ့်ကို ခမ်းနားကြီးကျယ်တယ်ဆိုတာ ဘာလဲဆိုတာ နောက်ဆုံးတော့ နားလည်ခဲ့တယ်။

ဒီအချိန်မှာ မင်းသမီးအိမ်တော်က ဘဏ္ဍာတိုက်ကြီးလို ဖြစ်နေပြီး၊ အမိုးစွန်းအောက်မှာ ချိတ်ဆွဲထားတဲ့ အနီရောင်ဖဲကြိုးတွေတောင် ရွှေချည်တွေနဲ့ ထိုးထားတယ်။

ကျွန်မ အဲ့ဒါတွေကနေ အကြည့်မခွာနိုင်ခဲ့ဘူး။

အကယ်၍ ဒီရတနာတွေအားလုံးကို ထမင်းတောင်မစားနိုင်တဲ့ ရွာသားတွေကြား ခွဲဝေပေးမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

ကျွန်မ ပေါလောမျောပါရင်း ရုတ်တရက် ခိုးကြောင်ခိုးဝှက် ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရတယ်။

အဲဒီလူက မီးခိုးရောင်ဝတ်ရုံရှည်ကို ဝတ်ထားပြီး လက်ထဲမှာ ရှည်လျားတဲ့ ပစ္စည်းတစ်ခုကို ကိုင်ဆောင်ထားကာ မင်းသမီးရဲ့ ခြံဝင်းဘက်ကို နံရံဘေးကနေ တိုးတိုးတိတ်တိတ် သွားနေခဲ့၏။

အိမ်တော်ထဲမှာ လူတွေပြည့်နေပြီး စုန့်ရွှီက သူ့ကို သတိမထားမိခဲ့ပေ။

ဒါပေမဲ့ ကျွန်မက အပေါ်စီးကနေဆိုတော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

သူ့လက်ထဲက ပစ္စည်းက အဆောင်အစီအရင်တွေ ထွင်းထားတဲ့ သစ်သားဓားတစ်ချောင်း ဖြစ်‌နေသည်။

ကျွန်မ ကျောချမ်းသွားပြီး ဧကရာဇ်က မှော်ဆရာအကြောင်း ပြောခဲ့တာတွေကို သတိရလိုက်မိတယ်။

ဒီလူက မင်းသမီးအတွက် သရဲနှင်တဲ့အတားအစည်း စီရင်ပေးခဲ့တဲ့ မှော်ဆရာများလား?

ဒါ မကောင်းတော့ဘူး!

ဒီမှော်ဆရာက စွမ်းအားကြီးပုံရတယ်။ ပြီးတော့အိမ်တော်ထဲက သရဲအနှောင့်အယှက်တွေက တကယ်ပဲ စုန့်ရွှီကြောင့်ဆိုရင် သူ သေချာပေါက် အဖော်ခံရမှာပဲ။

ကျွန်မမှာ စဉ်းစားချိန်မရတော့ဘဲ သူ့နောက်ကို အမြန်လိုက်သွားလိုက်တယ်။

မင်းသမီးရဲ့ ခြံဝင်းက ပုံမှန်အားဖြင့် ဘယ်သူမှ မနှောင့်ယှက်တာကြောင့် မှော်ဆရာက သူမအခန်းထဲကို အလွယ်တကူ ဝင်ရောက်နိုင်ခဲ့သည်။

သူက မင်းသမီးရဲ့ ကုတင်နား ချဉ်းကပ်သွားပြီး သစ်သားဓားကို မြှောက်ကာ မျက်လုံးမှိတ်ပြီး မန္တန်တွေ ရွတ်ဆိုတော့၏။

မကြာခင်မှာပဲ မင်းသမီးကို အပြာရောင်အလင်းတစ်ခုက ဝန်းရံသွားသည်။

အဲ့ဒါက စုန့်ရွှီ ထိုညက သူမ ဘေးပတ်ပတ်လည်မှာ ထားခဲ့တဲ့ သရဲနှင်အတားအစည်း အတိုင်းပဲ ဖြစ်သည်။

မှော်ဆရာက သူ့မျက်လုံးတွေဖွင့်ပြီး မင်းသမီးကို ကြည့်ကာ သူ့မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွား၏။

သူက ပြေးဝင်သွားပြီး မင်းသမီးကို လှုပ်နှိုးလိုက်သည်။

မင်းသမီးက အိပ်ချင်မူးတူးနဲ့ သူ့ကိုမြင်တော့ မျက်မှောင်ကြုတ်လိုက်၏။

""ရှင်က ဒီမှာ ဘာလုပ်နေတာလဲ။ စုန့်ရွှီ ဘယ်မှာလဲ"

မှော်ဆရာက ချက်ချင်းဆိုသလို မင်းသမီးရှေ့မှာ ဒူးထောက်လိုက်သည်။

"အရှင်မင်းသမီး၊ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်အရ ကျွန်တော်မျိုး ဒီအိမ်တော်ထဲကို သရဲအနှောင့်အယှက်တွေကို စုံစမ်းဖို့ ဝင်လာတာပါ။ အရှင်မင်းသမီး၊ စုန့်ရွှီနဲ့ ဆက်ပြီး မပေါင်းသင်းပါနဲ့တော့။ သူအရှင်မင်းသမီးအတွက် ပြုလုပ်ပေးထားတဲ့ အကာအကွယ်က တကယ်တော့..."

"တော်ပြီ!"

မင်းသမီးက စိတ်မရှည်စွာနဲ့ ဖြတ်ပြောလိုက်၏။

"ရှင့်ရဲ့ပညာက ညံ့ဖျင်းတယ်။ ရှင်လုပ်ထားတဲ့ အကာအကွယ်ကလည်း မအောင်မြင်လို့ ငါ သရဲတွေလက်ထဲမှာ သေလုနီးပါး ဖြစ်ခဲ့ရတယ်။ ရှင့်ကို အပြစ်မပေးဘဲ လျှော့ပေါ့ပေးတာကိုတောင် ကျေးဇူးတင်ရမယ့်အစား အခု စုန့်ရွှီကို စွပ်စွဲရဲသေးတယ်ပေါ့လေ။ သူသာမရှိရင် ငါဘယ်လိုသေမှန်းတောင် သိမှာမဟုတ်ဘူး!"

မှော်ဆရာက စိုးရိမ်လာ၏။

"အရှင်မင်းသမီး! ကျွန်တော်မျိုး အခုပဲ အိမ်တော်ကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပြီးပါပြီ။ စုန့်ရွှီကတော့ သူ..."

သူ စကားမဆုံးခင်မှာပဲ ပြတင်းပေါက်ကနေ အနက်ရောင်မြူခိုးတစ်ခု ရုတ်တရက် လွင့်မျောဝင်လာပြီး လျှပ်စီးလို မြန်ဆန်စွာဖြင့် မှော်ဆရာရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားသည်။

မှော်ဆရာက ဖိအားပေးခံရသလိုမျိုး ရုတ်တရက် ရပ်တန့်သွား၏။

နောက်တစ်ခဏမှာတော့ သူက ပူးဝင်ခံရသလိုမျိုး ဖြစ်သွားပြီး သစ်သားဓားကို ဝှေ့ယမ်းကာ မင်းသမီးဆီကို တဟုန်ထိုး ပြေးဝင်သွားတော့သည်။

မင်းသမီးက အိပ်ရာထောင့်ကို တွားသွားရင်း အော်ဟစ်လိုက်၏။

မှော်ဆရာက အိပ်ရာပေါ် ခုန်တက်ပြီး ပါးစပ်ကနေ ထူးဆန်းတဲ့ အသံတွေ ထွက်လာသည်။

"ငါ နင့်ကို သတ်မယ်! ငါ နင့်ကို သတ်မယ်!"

သစ်သားဓားက မင်းသမီးရဲ့ ရင်ဘတ်ကို ထိုးသွင်းတော့မယ့်အချိန်မှာပဲ စုန့်ရွှီက ရုတ်တရက် ပြေးဝင်လာသည်။

သူက လက်ချိပ်စည်းပုံစံတစ်ခုပြုလုပ်ပြီး မှော်ဆရာကို သူ့လက်ဖဝါးနဲ့ အားအပြည့် ရိုက်လိုက်သည်။ မှော်ဆရာရဲ့ ပါးစပ်ကနေ သွေးနက်တွေ အန်ထွက်လာပြီး အိပ်ရာပေါ်ကနေ အသက်မဲ့စွာ လဲကျသွားသည်။

အနက်ရောင်မြူခိုးက မှော်ဆရာရဲ့ ခန္ဓာကိုယ်ထဲကနေ လျှောထွက်ပြီး ပြတင်းပေါက်ကနေ လွတ်မြောက်သွား၏။

စုန့်ရွှီက လိုက်မဖမ်းခဲ့ပေ။

အဲ့ဒီအစား သူက မင်းသမီးကို အမြန်စစ်ဆေးကြည့်လိုက်သည်။ မင်းသမီးရဲ့မျက်နှာတွင် မှော်ဆရာအန်ထုတ်လိုက်တဲ့ သွေးတွေနဲ့ ပြည့်နေ၏။

"အရှင်မင်းသမီး၊ အဆင်ပြေရဲ့လား"

မင်းသမီးက တုန်ရီနေပြီး ကြမ်းပြင်ပေါ်က မှော်ဆရာရဲ့ အလောင်းကို မျက်လုံးပြူးပြီး ကြည့်နေသည်။

"သူ... သူ ကျွန်မကို သတ်ချင်တာ... တစ်ယောက်ယောက်က ကျွန်မကို သတ်ချင်နေတာ..."

စုန့်ရွှီက မင်းသမီးရဲ့လက်ကို ကိုင်ကာ ပြောလိုက်၏။

"အရှင်မင်းသမီး၊ အခု အဆင်ပြေသွားပါပြီ။ သူသေသွားပါပြီ"

မင်းသမီးက ငိုရှိုက်နေတဲ့ ပန်းလေးတစ်ပွင့်လို စုန့်ရွှီရဲ့ ရင်ခွင်ထဲကို တိုးဝင်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေသည်။

All Chapters