အပိုင်း(၁၅)
Vol. 1 Ch. 15
နှစ်နာရီကြာပြီးနောက်မှာတော့ မင်းသမီးက နောက်ဆုံးတော့ စိတ်ငြိမ်သွားသည်။
စုန့်ရွှီက မင်းသမီးကို အငြိုးကြီးသရဲဟာ သရဲမဝင်အောင် ကာကွယ်ထားတဲ့ အတားအဆီးကို ဝင်ရောက်နိုင်ခြင်းမရှိပေမဲ့ လူ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်တယ်လို့ ပြောပြသည်။
မကောင်းတဲ့ရည်ရွယ်ချက်ရှိသူတွေသာ အဲ့လိုသရဲမျိုး ပူးကပ်ဖို့ ပိုပြီးဖြစ်နိုင်ခြေရှိတယ်လို့ သူရှင်းပြခဲ့၏။
မှော်ဆရာက အဲ့ဒီလို မကောင်းတဲ့ရည်ရွယ်ချက်ရှိသူ တစ်ယောက်ပင်။
မင်းသမီးက စုန့်ရွှီက သူမကို နှစ်ခါကယ်တင်ခဲ့တာကြောင့် သူ့ကို အပြည့်အဝ ယုံကြည်သည်။ အဲ့ဒီနောက်ပိုင်းတွင် စုန့်ရွှီ တစ်ဦးတည်းကသာ သူမရဲ့အခန်းထဲကို ဝင်ခွင့်ရှိတယ်လို့ အမိန့်တောင် ထုတ်ပြန်ခဲ့၏။
ညနေစောင်းအချိန်မှာတော့ ဧကရာဇ်ရဲ့ အမိန့်တော် ရောက်ရှိလာသည်။
မှော်ဆရာနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်ကြောင့် မင်းသမီး ထိတ်လန့်သွားခဲ့ရတာကြောင့် မင်္ဂလာပွဲကို နောက်တစ်ကြိမ် ရွှေ့ဆိုင်းမယ်လို့ အမိန့်ထုတ်ပြန်ခဲ့သည်။
မင်းသမီးက စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေတာကြောင့် မငြင်းခဲ့ပေ။
ညစာစားပြီးနောက်မှာတော့ စုန့်ရွှီက မင်းသမီးအတွက် ဆေးပြင်ဆင်ဖို့ ခြံဝင်းထဲကို သွားခဲ့ပြီး ကျွန်မလည်း သူ့နောက်ကို လိုက်သွားခဲ့တယ်။
အရင်တုန်းကဆို သူဆေးပြင်ဆင်တိုင်း ကျွန်မက ခေါင်မိုးပေါ်တက်ပြီး တိမ်တွေကို ထိုင်ကြည့်နေတတ်တယ်။
ကျွန်မရဲ့ ရန်သူအတွက် သူ အလုပ်များပြီး လှုပ်ရှားနေတာကို မမြင်ချင်ခဲ့ဘူး။
ဒါပေမဲ့ မှော်ဆရာနဲ့ပတ်သက်တဲ့ ကိစ္စက တကယ်ကို ထူးဆန်းတယ်။ စုန့်ရွှီနဲ့ တစ်ခုခု ပတ်သက်နေတယ်လို့ ကျွန်မ သံသယဝင်မိတယ်။
ဒါပေမဲ့ သူတကယ်ပဲ မင်းသမီးကို သတ်ချင်ခဲ့တာဆိုရင် အရေးကြီးတဲ့အချိန်မှာ သူက ဘာလို့ ပြေးဝင်ပြီး သူမကို ကယ်ခဲ့တာလဲ?
အဲ့ဒါကို နားမလည်နိုင်တာကြောင့် ကျွန်မက သူ့ဘေးမှာပဲနေပြီး သူ ထူးဆန်းတာတွေလုပ်လားဆိုတာ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
အဲ့ဒီအချိန်မှာ စုန့်ရွှီက တော်ဝင်ဆေးဌာနက ပို့လိုက်တဲ့ ဆေးပင်တွေကို ဆေးအိုးထဲကို သေချာထည့်နေတယ်။
ဆေးပင်တွေအားလုံး ထည့်ပြီးတဲ့နောက် သူက ရုတ်တရက် သူ့အင်္ကျီလက်ကို ခါလိုက်ပြီး တချွင်ချွင်မြည်သံနဲ့အတူ ဆေးလုံးအနက်တစ်လုံးက ဆေးအိုးထဲကို ကျသွားတယ်။
ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ။ အဲ့ဒါက တော်ဝင်ဆေးဌာနက လာတာမဟုတ်ဘူးလေ။
ကျွန်မ အနီးကပ်သွားကြည့်မလို့ လွင့်မျောဖို့ ပြင်နေတုန်းမှာပဲ အစောင့်တစ်ယောက်က အရေးတကြီး ကိစ္စရှိကြောင်း အစီရင်ခံဖို့ အလျင်အမြန် ပြေးဝင်လာခဲ့တယ်။
စုန့်ရွှီက မော့မကြည့်ဘဲ တည်ငြိမ်စွာနဲ့ ပြောလိုက်၏။
"အရှင်မင်းသမီးက ငါကလွဲလို့ ဘယ်သူမှ အခန်းထဲ ဝင်ခွင့်မရှိဘူးလို့ အမိန့်ထုတ်ထားတယ်။ ဘာကိစ္စဖြစ်ဖြစ် ငါ့ကို ပြောလို့ရတယ်"
အစောင့်က ထစ်အစွာဖြင့်
"အရှင်မင်းသမီးက ယွင်နျန်းရဲ့ မိဘတွေကို သတ်ပစ်ဖို့ ကျွန်တော့်ကို အမိန့်ပေးခဲ့ပေမဲ့ ကျွန်တော်က... ကျွန်တော်က..."
"မင်း ဘာဖြစ်လဲ"
စုန့်ရွှီက သူ့ကို အေးစက်စက်မျက်လုံးတွေနဲ့ မော့ကြည့်လိုက်သည်။
ရုတ်တရက် အစောင့်က ဒူးထောက်ပြီးတော့ သူ့နဖူးနဲ့ မြေပြင်ကို အပြင်းအထန် ဆောင့်တော့သည်။
"ကျွန်တော် ယွင်နျန်းရဲ့အိမ်ကို ရောက်တော့ အိမ်အလွတ်ပဲ ကျန်တော့တယ်။ ကျွန်တော် ရက်အတော်ကြာ ရှာခဲ့ပေမဲ့ သူ(မ)ရဲ့မိဘတွေကို ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး။ အရှင်မင်းသမီးရဲ့ အမိန့်ကို မပြီးမြောက်တဲ့အတွက် သေဒဏ်ထိုက်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကြင်ယာတော်က ကျေးဇူးပြုပြီး ကျွန်တော့်အတွက် မေတ္တာရပ်ခံပေးပါဦး။ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးဖို့ အရှင်မင်းသမီးကို ပြောပေးပါ!"
ဒီစကားကိုကြားတော့ ကျွန်မ ဝမ်းသာလွန်းလို့ မပြောပြတတ်အောင်ပါပဲ — ကျွန်မမိဘတွေ မသေကြဘူး။
ဒါပေမဲ့ သူတို့က ဘာလို့ရုတ်တရက် ပြောင်းရွှေ့သွားကြတာလဲ?
စုန့်ရွှီကတော့ အံ့သြပုံမရပေ။သူက ခဏတာ တိတ်ဆိတ်နေပြီးတဲ့နောက် ပြောလိုက်၏။
"အရှင်မင်းသမီး နေမကောင်းဘူး၊ ဒီကိစ္စကို သူ(မ)သိစရာမလိုဘူး။ မင်းသွားလို့ရပြီ"
အစောင့်က မြေကြီးပေါ် ကို ခေါင်းအကြိမ်ကြိမ် ဆောင့်လိုက်ပြီး
"ကျေးဇူးတင်ပါတယ်၊ ကြင်ယာတော် ကျွန်တော့်အသက်ကို ကယ်ပေးလို့! ကျေးဇူးတင်ပါတယ်!"
စုန့်ရွှီက သူ့ကို လျစ်လျူရှုပြီး မင်းသမီးအတွက် ဆေးဆက်ပြင်နေခဲ့တယ်။
ကျွန်မက သူ့မျက်နှာကို စိုက်ကြည့်ရင်း သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတယ်။
"အဲ့ဒါရှင်လား" ကျွန်မ သူ့ကို မေးလိုက်တယ်။
"ကျွန်မမိဘတွေကို ပြောင်းရွှေ့ဖို့ ရှင် စီစဉ်ပေးခဲ့တာလား"
စုန့်ရွှီက ဘာမှပြန်မဖြေပေ။
သူက ဆေးမီးဖိုကို ဂရုတစိုက် မီးမှုတ်နေသည်။
ဒါပေမဲ့ ကျွန်မ အဖြေကို သိပြီးသားပါ။
အဲ့ဒီနေ့က စုန့်အိမ်တော်ရှေ့မှာ သူအစေခံတွေကို လျှို့ဝှက်ညွှန်ကြားခဲ့တာက ဒီကိစ္စနဲ့ပတ်သက်တာပဲ ဖြစ်ရမယ်။
"ကျေးဇူးတင်ပါတယ်"
သူက လက်ရှိမှာ မင်းသမီးကို ဂရုစိုက်နေပေမဲ့ ကျွန်မ သူ့ကို စိတ်ရင်းအမှန်နဲ့ ကျေးဇူးတင်လိုက်တယ်။
စုန့်ရွှီ က သူ့အလုပ်ကို ဆက်လုပ်နေပေမဲ့ သူ့နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် မြင့်တက်လာပြီး သဲ့သဲ့လေး ပြုံးနေခဲ့သည်။