← Chapters

အပိုင်း(၁၈)

Vol. 1 Ch. 18

အပိုင်း(၁၈)

Vol. 1 Ch. 18

ဖျော့တော့တဲ့ အပြာရောင်အလင်းတစ်ခုက ကျွန်မပတ်လည်မှာ ဝဲပျံနေပြီး တောက်လျှောက်ပြောင်းလဲနေခဲ့တယ်။ နောက်တစ်ခဏမှာတော့ လေထဲမှာ လွင့်မျောနေတဲ့ ပုံရိပ်တစ်ခုကို ကျွန်မတွေ့လိုက်ရတယ်။

အဲ့ဒါက မင်းသမီးပဲ!

မဟုတ်ဘူး၊ ကျွန်မပြောသင့်တာက—သူမရဲ့ ဝိညာဉ်ပဲ!

သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ထားပြီး လည်ပင်းမှာ ကြောက်စရာကောင်းတဲ့ သွေးကွက်ကြီးတစ်ခု ရှိနေခဲ့တယ်။ သူမကို လူလို့တောင် မှတ်မိနိုင်ခြင်း မရှိလောက်အောင်ပဲ။

ကျွန်မ သူမကို စိုက်ကြည့်နေတာကို သတိထားမိတော့ သူမက ကျွန်မဆီကို သွားဖြဲပြပြီး လက်သည်းတွေနဲ့ ရမ်းကားစွာ ကုတ်ခြစ်ရင်း ပြေးလာခဲ့တယ်။

စုန့်ရွှီက သူ့လက်ကို ဖွဖွလေး ဝှေ့ယမ်းလိုက်တာနဲ့ မင်းသမီးက နာကျင်စွာ အော်ဟစ်ရင်း ကျွန်မနဲ့ သုံးပေအကွာကို လွင့်စင်သွားတယ်။

သူမက တွားသွားပြီး ထရပ်လိုက်ကာ ကျွန်မကို မကောင်းတဲ့မျက်လုံးနဲ့ စူးစိုက်ကြည့်ရင်း ပြောလိုက်တယ်။

"ယွင်နျန်း၊ နင် ငါ့ခန္ဓာကိုယ်ကို ယူလိုက်ရုံနဲ့ အားလုံးအဆင်ပြေသွားပြီလို့ မထင်လိုက်နဲ့။ငါက အခုထိ အငြိုးကြီးသရဲ မဟုတ်သေးဘူး! စုန့်ရွှီက ငါ့ကို သတ်ရင် သူကိုယ်တိုင် ဒဏ်ခံရလိမ့်မယ်! ငါ့ခမည်းတော်ကို အိပ်မက်ပေးပြီးပြီ၊ သူလည်း မကြာခင် ငါ့ကို လာတွေ့တော့မှာ။ အဲ့ဒီအခါကျရင် နင်ရော စုန့်ရွှီရော နှစ်ယောက်လုံး သေရမှာပဲ!"

ကျွန်မက မင်းသမီးကို လျစ်လျူရှုပြီး ခါးထောက်ကာ စုန့်ရွှီကို မေးလိုက်တယ်။

"စုန့်ရွှီ၊ ကျွန်မ သရဲဘဝတုန်းက ဘာလို့ အိပ်မက်မပေးနိုင်ခဲ့တာလဲ"

စုန့်ရွှီက ပခုံးတွန့်လိုက်တယ်။

"မင်းပေါ်မှာ ဝိညာဉ်ချုပ်အဆောင်ကို သုံးထားလို့လေ။ မင်း ဘာမှလုပ်လို့ မရဘူး။ သရဲနှင်အတားအဆီးတောင် မင်းကို မမှတ်မိဘူး"

"ဝိုး၊ ရှင်က တော်တော်လေးကို ဖြောင့်မတ်တဲ့ပုံစံ ပြောနေတာပဲနော်"

ကျွန်မ ရှေ့ကို ပြေးသွားပြီး စုန့်ရွှီရဲ့ မျက်နှာကို ဆွဲလိမ်လိုက်တယ်။ သူက ကျွန်မကို လုပ်ခွင့်ပြုထားပြီး မင်းသမီးကတော့ ဒေါသတကြီး လွင့်မျောနေခဲ့တယ်။

ရုတ်တရက် အစောင့်တစ်ယောက်က အလျင်အမြန် ပြေးဝင်လာပြီး ဧကရာဇ် ရောက်လာပြီဖြစ်ကြောင်း သတင်းပို့လာ၏။

မင်းသမီးက ဝမ်းသာအားရဖြစ်သွားတယ်

"ခမည်းတော် ရောက်လာပြီ။ နင်တို့အားလုံး ပြီးပြီ!"

ကျွန်မမျက်နှာကို တည်လိုက်ပြီး စုန့်ရွှီရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်တယ်။

"ခမည်းတော် လာတယ်ဆိုမှ‌တော့ သူ့ကို အတူတူ သွားကြိုရအောင်"

ဧကရာဇ်က ကျွန်မကို မြင်တော့ သူ့မျက်နှာပေါ်က ပူပန်မှုတွေ နည်းနည်း လျော့ပါးသွားခဲ့တယ်။

"ခမည်းတော် ဘာလို့ ရောက်လာတာလဲ"

ကျွန်မက သူ့ဆီကို ပြေးသွားလိုက်ပြီး သူ့လက်မောင်းကို ညင်သာစွာ ဆုပ်ကိုင်ရင်း ချိုသာစွာ ပြောလိုက်တယ်။

"မနေ့ညက ခမည်းတော် သမီးကို အိပ်မက်မက်တယ်‌လေ။အိပ်မက်ထဲမှာ စုန့်ရွှီက သမီးတော်ကို သတ်ချင်တယ်လို့ ပြောပြီး သမီးကို ကယ်ဖို့ ပြောတယ်။"

ကျွန်မ ပြုံးလိုက်တယ်။

"ခမည်းတော် သမီးကို စိတ်ပူလို့ ဒီလိုအိပ်မက် မက်တာဆိုတာ သမီးသိပါတယ်။ ဒါပေမဲ့ ကြည့်ပါဦး၊ သမီး ဒီမှာ ကောင်းကောင်းမွန်မွန် ရပ်နေတာပဲလေ။"

ကျွန်မက ဧကရာဇ်ဘေးနားမှာ ပျော်ပျော်ရွှင်ရွှင် လှည့်ပတ် ခုန်ပေါက်ပြလိုက်တယ်။

သူ့မျက်နှာအမူအရာက သိသိသာသာ ပျော့ပျောင်းသွား၏။

"ခမည်းတော် အတွေးလွန်တာ ဖြစ်လိမ့်မယ်"

သူ့မှာ သံသယတွေ ရှိနေသေးတယ်ဆိုတာ ခံစားမိတာနဲ့ ကျွန်မ သူ့ပခုံးပေါ်ကို ခေါင်းမှီလိုက်တယ်။

"ခမည်းတော်၊ သမီးက မကြာခင် လက်ထပ်တော့မှာဆိုတော့ ခမည်းတော် သမီးကို မခွဲချင်လို့ ဒီလိုအိပ်မက်မျိုးမက်တာ ဖြစ်ရမယ်။ သမီး မှတ်မိသေးတယ်၊ ငယ်ငယ်တုန်းက ခမည်းတော်က သမီးကို တုတ်ထိုးသကြားလုံး မစားခိုင်းဘူး။ ဒီနေ့တော့ ဘာလို့ သမီးကို စားခွင့်မပြုတာလဲ။ ဒီတစ်ခါလေးပါပဲနော်၊ တောင်းဆိုပါတယ်နော်"

ကျွန်မက ငယ်ဘဝအမှတ်တရတွေကို ပြန်ပြောပြတာကို ကြားရတော့ ဧကရာဇ်ရဲ့ သံသယတွေ အားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့တယ်။

သူက ကျွန်မနဖူးကို အသာလေး ပုတ်လိုက်တယ်။

"သမီးက ငယ်ငယ်လေးကတည်းက ဆိုးပြီး ဆင်းရဲသားတွေ အပြင်မှာစားတဲ့ အစားအစာတွေကို ကြိုက်တယ်။ ဒါပေမဲ့ သမီးကြိုက်ရင် တော်ဝင်မီးဖိုချောင်ကို ပြင်ဆင်ခိုင်းပြီး မင်းသမီးအိမ်တော်ကို ပို့ခိုင်းလိုက်မယ်။ ဘယ်လိုလဲ"

"ခမည်းတော်က အကောင်းဆုံးပဲ!"

ကျွန်မက သူ့လက်မောင်းကို ချွဲနွှဲတဲ့ပုံစံနဲ့ပွတ်သပ်လိုက်တော့ ဧကရာဇ်က ကျယ်လောင်စွာ ရယ်မောလိုက်တယ်။

ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစွာနဲ့ပဲ ကျွန်မ မင်းသမီးကို လျှာထုတ်ပြောင်ပြလိုက်တယ်။

ကျွန်မလည်း ငယ်ငယ်ကတည်းက မိဘတွေရဲ့ အလိုလိုက်ခံခဲ့ရတာပဲ၊ ဘယ်သူက အလိုလိုက်ခံပြီး ဆိုးနွဲ့ရမှန်း မသိဘဲ နေမှာလဲ?

ဧကရာဇ်က ကျွန်မရဲ့လှည့်စားမှုမှာ ကျဆုံးသွားတာ မြင်တော့ မင်းသမီးက ဒေါသထွက်ပြီး စူးစူးဝါးဝါး အော်ဟစ်ကာ လေထဲမှာ သူမပုံစံကို ဖော်ပြလိုက်တယ်။

ဧကရာဇ်က သူမကို မြင်တော့ တုန်လှုပ်သွားကာ ထပ်ခါတလဲလဲ အော်ဟစ်တော့သည်။

"စုန့်ရွှီ ! စုန့်ရွှီ! သရဲ! ငါ့အတွက် ဖယ်ရှားပေးစမ်း!"

မင်းသမီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ မီးလောင်ထားတာကြောင့် ဧကရာဇ်က သူမကို မှတ်မိနိုင်ခြင်း မရှိခဲ့ပေ။

မင်းသမီးက ဧကရာဇ်က သူမကို ဖယ်ရှားချင်တယ်ဆိုတာ သိရတော့ ပိုပြီး ဒေါသထွက်လာပြီး၊ ဒေါသအလျောက် ကျွန်မဆီကို ရူးသွပ်စွာ ပြေးဝင်လာတယ်။

ကျွန်မ ရှောင်ဖို့ ပြင်နေတုန်းမှာပဲ ရုတ်တရက် ဝတ်ရုံကြီးတစ်ခုက ကျွန်မကို ကာလိုက်တယ်။

အဲ့ဒါက ဧကရာဇ် ဖြစ်နေခဲ့တယ်။

သူက ကျွန်မရှေ့ကို အချိန်မီ နေရာယူလိုက်ပြီး မင်းသမီးရဲ့ သေစေနိုင်တဲ့ လက်သည်းနဲ့ တိုက်ခိုက်မှုကို တည့်တည့်ခံယူလိုက်တယ်။

ကြောက်မက်ဖွယ်ကောင်းတဲ့ အော်ဟစ်သံနဲ့အတူ ဧကရာဇ် ကြမ်းပြင်ပေါ်ကို လဲကျသွားခဲ့၏။ သူ့မျက်နှာက ပြာနှမ်းသွားပြီး အသက်ရှူရပ်တန့်သွားသည်။

မင်းသမီးက ခဏတာ ရပ်တန့်သွားခဲ့ပြီး အဲ့ဒီနောက် ဒေါသအပြည့်နဲ့ ကျွန်မဆီကို ထပ်ပြီး ပြေးဝင်လာတော့တယ်။

သူမ ကျွန်မကို ထိခါနီးမှာပဲ စုန့်ရွှီက မြန်ဆန်တဲ့ ခြေလှမ်းအနည်းငယ်နဲ့ ပြေးသွားပြီး အငြိုးကြီးတဲ့ မင်းသမီးရဲ့ ဝိညာဉ်ကို တစ်ချက်တည်းနဲ့ တိုက်ခိုက်လိုက်တာကြောင့် သူမ ပျောက်ကွယ်သွားတယ်။

သူမရဲ့ မျက်နှာဟာ နာကျင်မှုနဲ့ ရစ်ပတ်နေခဲ့ပြီး နောက်ဆုံးစကားတစ်ခွန်းတောင် မပြောနိုင်ဘဲ လေထဲကို လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

All Chapters