← Chapters

ရည်ရွယ်ချက်နဲ့ ကူညီပေးခဲ့ခြင်း

Vol. 27 Ch. 401

ရည်ရွယ်ချက်နဲ့ ကူညီပေးခဲ့ခြင်း

Vol. 27 Ch. 401

"သူက ရည်ရွယ်ချက်တစ်ခုနဲ့ မင်းကို ကူညီခဲ့ရင်တောင် မင်းက သူ့ကို ကျေးဇူးတင်နေဦးမှာလား?"

စူးချင်းက မျက်ခုံးပင့်ကာ ပြန်မေးလိုက်ပြီး ချူကျင်းဖုန်း၏ ယောကျာ်းမဆန်သည့်အလှကြောင့် ဆွဲဆောင်ခံနေရသော သူမ၏ဝမ်းကွဲကို ကြည့်လိုက်သည်။ သူမကလည်း လူ့လောကဓံ၏အထုအထောင်းကို မခံစားခဲ့ရဖူးသောကြောင့် ကျိရှောင်ယင်နှင့် ဆင်တူလှပြီး လူတိုင်းကို သူမတို့ကဲ့သို့ လူကောင်းဖြစ်ပြီး အပြစ်ကင်းစင်သည်ဟု အလျင်အမြန် သတ်မှတ်လေ့ရှိကြသည်။

"သူ့မှာ ရည်ရွယ်ချက်ရှိတာလား? ဘယ်လိုရည်ရွယ်ချက်မျိုးလဲ?"

လွမ်ဟုန်က သူမ၏ဝမ်းကွဲအစ်မကို စိတ်ရှုပ်ထွေးစွာ ကြည့်နေရင်း ပြန်မေးလိုက်သည်။

ဒါက အရမ်းသတိထားလွန်းနေတာ မဟုတ်ဘူးလား? သခင်လေးချူက ရုပ်ရည်ချောမောတဲ့အပြင် ချမ်းသာကြွယ်ဝတယ်လေ။ သူက သူမတို့ ဆီကနေ ဘာကို လိုချင်မှာတဲ့လဲ? အဲ့တော့ သူ့မှာ ဘာရည်ရွယ်ချက်ရှိနိုင်မှာလဲ?

"ရှင်းရှင်းပြောရရင်၊ မင်း နောက်ဆိုရင် သူ့နဲ့ အဆက်အသွယ်လုပ်တာကို လျော့ချသင့်တယ်"

စူးချင်းက သူမ၏ဝမ်းကွဲကို ထပ်မရှင်းပြချင်တော့သောကြောင့် ထိုစကားတစ်ခွန်းကိုသာ ချန်ခဲ့ပြီး စားသောက်ဆိုင်မှ ပြန်ထွက်သွားခဲ့သည်။ လွမ်ဟုန်တစ်ယောက် နောက်မှ ပြေးလိုက်သော်လည်း သူမ တံခါးဆီသို့အရောက်တွင် သူမ၏ဝမ်းကွဲအစ်မက မြင်းပေါ်သို့ ခုန်တက်ကာ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။ သူမက သူမ၏ဝမ်းကွဲအစ်မကို အော်ခေါ်လိုက်လည်း သူမ၏ဝမ်းကွဲအစ်မက မကြားတော့သောကြောင့် ဝမ်းကွဲအစ်မဖြစ်သူ၏ကျောပြင်ကိုသာ ငေးကြည့်နေမိတော့သည်။

ဝမ်းကွဲအစ်မက အမြဲတမ်း သံသယတွေ များလွန်းပြီး ဘယ်သူ့ကိုမှ လူကောင်းတစ်ယောက်အနေနဲ့ အလွယ်တကူ မယုံကြည်နိုင်ဘူး။

သူမတို့ မော့ချန်တွင် ရှိနေစဉ် သခင်လေးချိုးက အရက်ချက်စက်ရုံတွင် သူမကို နှစ်ရက်လောက် လာကူညီပေးခဲ့သော်လည်း သူမ၏ဝမ်းကွဲအစ်မက သူ့ထံတွင် ရည်ရွယ်ချက်ကောင်းမရှိဟု ပြောခဲ့‌သေးသည်။

လွမ်ဟုန်က သူမ၏ဝမ်းကွဲက တခြားသူများကို မယုံကြည်နိုင် ဖြစ်နေသည်ဟု တွေးတောလိုက်တော့သည်။

သခင်လေးချိူးက နူးညံ့သိမ်မွေ့ပြီး သခင်လေးကျိ‌ရဲ့သူငယ်ချင်းလေ။ သခင်လေးကျိက သူ့ရဲ့ငွေတွေကိုတောင် သခင်‌လေးချိုးကို ထိန်းသိမ်းခိုင်းထားသေးတယ်။ ဒီအချက်ကို ကြည့်ရင် သခင်လေးချိုးက အရမ်းယုံကြည်စိတ်ချရတယ်လို့ သက်သေပြနေတာ မဟုတ်ဘူးလား?

ထိုအကြောင်းကို တွေးလိုက်မိချိန်တွင် လွမ်ဟုန်က သူမ၏ဝမ်းကွဲက အစိုးရိမ်လွန်ကဲပြီး သတိပိုနေသည်ဟု ထင်ကာ သခင်လေးချူကို မှားယွင်းစွာ စွပ်စွဲနေသည်ဟု ယူဆလိုက်သည်။

သခင်လေးချူက သူမအား ပြုံးပြနေသည်ကို ပြန်စဉ်းစားရင်း လွမ်ဟုန်၏မျက်နှာက နီရဲလာပြီး သူမ ပို၍ အရှက်သည်းလာမိသည်။ သူမ တွေးလေးလေ ရှက်လာလေလေ ဖြစ်လာသောကြောင့် လွမ်ဟုန်က သူမ၏ရင်ဘတ်ကို သူမလက်ဖြင့် ပွတ်သပ်လိုက်ရင်း အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။ အလုပ်သမားများက သူမအား တိတ်တဆိတ် ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် လွမ်ဟုန်က သူမ၏စိတ်ကူးယဥ် အတွေးများကို ဖယ်ထုတ်လိုက်ပြီး ရှက်စိတ်ကြောင့် သူမ၏မျက်နှာတစ်ခုလုံး မည်းမှောင်သွားပြန်သည်။ ထို့နောက် သူမက အလုပ်သမားများကို ရှက်ဒေါသဖြင့် လှမ်းအော်သည်။

"အလုပ်ကို မြန်မြန်လုပ်ကြလေ။ ဆောက်လုပ်ရေးတွေ နှောင်းနှေးသွားရင် ကျွန် ရှင်တို့ကို ပိုက်ဆံဖြတ်မှာနော်"

လွမ်ဟုန်က လက်သမားဆရာများ၏ပြုပြင်မွမ်းမံမှုကို စောင့်ကြည့်နေချိန်တွင် တစ်ဖက်မှ စူးချင်းကတော့ သူမ၏မြင်းကို စီးကာ စူးအိမ်တော်သို့ ပြန်ရောက်လာပြီ ဖြစ်သည်။ သူမ မြင်းပေါ်မှ ခုန်ချလိုက်သည်နှင့် ရှောင်ချီက သူမ ပြန်လာသည်ကို ကြိုသိထားပုံကို သူမကို ကြိုဆိုရန် တံခါးဖွင့်ထားပြီး ဖြစ်သည်။ အချိန်အတော်ကြာ မတွေ့ရသည့် သခင်ဖြစ်သူကို မြင်လိုက်ရသောကြောင့် ရှောင်ချီ၏ မျက်လုံးပြူးပြူး ဝိုင်းဝိုင်းလေးများတွင် ဝမ်းနည်းမျက်ရည်များ ဝဲတတ်လာခဲ့သည်။

"သခင်၊ သခင်က ရှောင်ချီကို မေ့သွားပြီလို့ ရှောင်ချီ ထင်နေတာ"

ရှောင်ချီက သူမ နစ်နာခံစားနေရဟန်ဖြင့် ပြောလိုက်ပြီး ထိုစကားကို ပြောပြီးသည့်နှင့်တပြိုင်နက် သူမ၏ခြေထောက်တိုတိုလေးများဖြင့် စူးချင်းဆီသို့ ပြေးသွားကာ သခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်သည်။

စူးချင်းက သူမ၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည့် ဝဖောင်းနေသည့် အကောင်ငယ်လေးကို ကြည့်လိုက်ရင်း "မင်း ငါ့ကို သတိရနေတာလား? ဒါဆို မင်း ဘာလို့ ပိုကြီးထွားလာရတာလဲ?"

ရှောင်ချီက သူ့သခင်၏ အသံကို ကြားသွားပြီး စူးချင်းကို မော့ကြည့်လိုက်ကာ "ဒါက ‌ရှောင်ချီ သခင့်ကို အရမ်းလွမ်းနေလို့ မထိန်းနိုင်ဘဲ အစားတွေ အများကြီး စားမိသွားတာ"

"အရှုပ်ထုတ်လေး"

စူးချင်းက ရှောင်ချီ၏နဖူးကို ပုတ်လိုက်သည်။

ရှောင်ချီက ဒီလိုတွေတောင် ပြောတက်နေပြီပေါ့။ အငယ်ကောင်လေးက ပိုလိမ္မာပါးနပ်လာပြီ။

"ရှောင်ချီ.... မင်း ဘယ်မှာလဲ?"

ရှောင်ချန်၏ နူးညံ့သော ကလေးဆန်ဆန်အသံလေးက ခြံဝင်းထဲမှ ထွက်ပေါ်လာပြီး ရှောင်ချီက သခင်ဖြစ်သူ၏ရင်ခွင်ထဲသို့ ထပ်တိုးဝင်ကာ အလျင်အမြန် ပုန်းနေလိုက်ပြီးမှ တိုးတိုးလေး ‌ရေရွတ်နေခဲ့သည်။

"မမြင်ဘူး... ရှောင်ချီ နင့်ကို မမြင်ဘူး"

ရှောင်ချီက ရှောင်ချန်အား အလွန်ကြောက်နေပုံရသောကြောင့် စူးချင်းက သူမကို ရွှင်မြူးစွာ စိုက်ကြည့်လိုက်သည်။

ရှောင်ချီက သူမကလွဲရင် ဘာကိုများ ကြောက်ခဲ့ဖူးလို့လဲ? ပြီးတော့ သူမရဲ့မောင်လေးက အရမ်းချစ်စရာကောင်းတယ်လေ။ ရှောင်ချီက ဘာလို့ ရှောင်ချန့်ကို ကြောက်နေရတာလဲ?

"အစ်မ"

ရှောင်ချန် တံခါး အနည်းငယ် ဖွင့်ထားသည်ကို မြင်သွားပြီး အတွင်းမှ ခေါင်းလေး ထုတ်လာခဲ့သည်။ သူ့အစ်မက ရှောင်ချီအား ပွေ့ချီထားသည်ကို မြင်လိုက်ရချိန်တွင် သူ့၏မျက်လုံးလေးများက ပို တောက်ပလာသည်။ ထို့နောက် သူက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အစ်မဖြစ်သူကို အော်ခေါ်ကာ တံခါးခုံကို ကျော်ပြီး စူးချင်းဆီသို့ ပြေးသွားလိုက်သည်။

စူးချင်း သူမ၏မောင်လေးကို မတွေ့ရသည်မှာ ရက်အနည်းငယ်ကြာနေပြီ ဖြစ်သောကြောင့် ယခု သူ အရပ်ရှည်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ ပန်းသီးမျက်နှာလေးက ပိုဝိုင်းစက်လာပြီး သူ့မျက်လုံးလေးများက နှင်းရည်များပေါ်မှ စပျစ်သီးလေးများကဲ့သို့ ရွှန်းစိုနေကာ တောက်ပလွန်းနေသည်။ သို့ရာတွင် သူက အနည်းငယ် ပိုတုံးအပုံ ပေါက်နေပြီး ထိုအမူအရာလေးက သူ့ကို ပို၍ ချစ်စရာကောင်းလာစေသည်။

"မင်း ရှောင်ချီကို အနိုင်ကျင့်နေခဲ့တာလား?"

စူးချင်းက သူမ မောင်လေး၏ခေါင်းလေးကို လှမ်းကိုင်လိုက်ပြီး မျက်နှာထားတင်းတင်းဖြင့် မေးလိုက်သည်။ ရှောင်ချန်က သူ၏ပွင့်ချပ်နှင့်တူသော နှုတ်ခမ်းကို စူလိုက်ပြီး ဝမ်းနည်းသွားသော မျက်လုံးလေးများဖြင့် သူ့အစ်မကို ပြန်ကြည့်လာခဲ့သည်။

"ရှောင်ချီက ရှောင်ချန်နဲ့တောင် မကစားပေးတော့ဘူး"

ရှောင်ချီကလည်း ကူကယ်ရာမဲ့နေသော အမူအရာဖြင့် သခင်ငယ်လေးကို လှမ်းကြည့်နေလေသည်။

သူမက သူနဲ့ မကစားပေးဘူးလို့ ပြောနေတာလား? သူက အရမ်း စိတ်အားထက်သန်လွန်းပြီး သူမကို ခဏတောင် အနားယူခွင့် မပေးဘူးလေ။

ပုံမှန်အားဖြင့် ရှောင်ချီက နေ့တိုင်း တစ်ရေးတစ်မော အိပ်လေ့ရှိသည်။ သူမက သူမကိုယ်သူမ ထက်မြက်တောက်ပပြီး ကျန်းမာနေစေရန်နှင့် သူမ၏ဝိညာဉ်စွမ်းအင်ကို ဖြည့်တင်းနိုင်ရန် နေ့ခင်းတိုင်း တစ်ရေးတစ်မော အိပ်လေ့ရှိသည်။ သို့သော် ကျင့်ရှီလျိုမြောင်သို့ ရောက်လာကတည်းက ရှောင်ချန်က သူမကို တစ်ရေးတစ်မော အိပ်ခွင့်မပေးတော့ပေ။ ထို့ကြောင့် ရှောင်ချီက ရှောင်ချန့်ကို အလွန်ကြောက်လန့်နေပြီး နေရာတိုင်းတွင် ပုန်းအောင်းနေခဲ့သော်လည်း သူ့၏နတ်ဆိုးလက်သည်းများကြားမှ လွတ်အောင် မပုန်းနိုင်ဖြစ်နေခဲ့သည်။

“ရှောင်ချီကို အနိုင်မကျင့်ရဘူးနော်"

စူးချင်းက ရှောင်ချီ၏ မျှော်လင့်ချက်မဲ့နေသော မျက်လုံးများကို မြင်လိုက်ရပြီး ရှောင်ချီ မလိမ်ကြောင်း သိနေသာကြောင့် သူမ၏မောင်လေးကို တင်းတင်းကျပ်ကျပ် သင်ကြားပေးလိုက်သည်။

"ရှောင်ချန်က ရှောင်ချီကို အနိုင်ကျင့်တာ မဟုတ်ပါဘူး။ ရှောင်ချန်က ရှောင်ချီနဲ့ ကစားချင်လို့ပါ"

ယခုအခါ ရှောင်ချန်က စကားလုံးများကို ပီပီသသ ရှင်းရှင်းလင်းလင်း ပြောနိုင်နေပြီ ဖြစ်ကာ သူ့၏ ဘာသာစကား စွမ်းရည်ကလည်း ပိုအားကောင်းလာခဲ့သည်။ ထို့ကြောင့် သူက အစ်မဖြစ်သူကို လေးလေးနက်နက် ပြန်ရှင်းပြနေခဲ့သည်။

"ရှောင်ချီက နေ့လည်ခင်းတိုင်း တစ်ရေးအိပ်ရတယ်။ မင်း ရှောင်ချီကို အိပ်ခွင့်ပေးခဲ့လို့လား?"

စူးချင်းက ရှောင်ချီ၏အတွင်းစိတ်မှ အတွေးများကို ကြားနေရပြီး ယခုရက်ပိုင်းအတွင်း ရှောင်ချီ ခံစားခဲ့ရသည့် ညှဉ်းပန်းနှိပ်စက်မှုကို တွေးမိသွားကာ ရှောင်ချီအတွက် စိတ်မကောင်းဖြစ်သွားမိသည်။၊ ထို့အတွက် သူမက ရှောင်ချီအား အိပ်ခွင့်ပေးရန် သူမ၏မောင်လေးကို သတိပေးလိုက်သည်။

"... ရှောင်ချန်က ရှောင်ချီနဲ့ ကစားချင်တယ်"

ရှောင်ချန်က အစ်မဖြစ်သူ၏ ဆိုဆုံးမမှုကို နားထောင်နေရင်း အပြစ်ရှိသလို ခံစားလာရကာ သူ့၏လက်ဖောင်းဖောင်းတုတ်တုတ်လေးများကို လိမ်ယှက်နေလေသည်။ သူမ မောင်ငယ်လေး၏ ထိုကဲ့သို့ သနားစဖွယ် အမူအရာကို မြင်လိုက်ရချိန်တွင် စူးချင်း၏ နှလုံးသားက နာကျင်သွားပြန်ပြီး သူမ၏လေသံကို လျော့ကာ နူးညံ့သောအသံဖြင့် ရှောင်ချန်ကို ပြန်ချော့လိုက်သည်။

"ရှောင်ချန်လည်း တစ်ရေးတစ်မော အိပ်ဖို့ လိုတယ်လေ၊ အဲ့ဒါမှ ရှောင်ချန် အရပ်ပိုမြင့်လာမှာပါ့"

"ဟုတ်ကဲ့ပါ၊ နောက်ဆိုရင် ရှောင်ချန် ရှောင်ချီနဲ့အတူ အိပ်ပါ့မယ်"

ရှောင်ချန်က သူ အရပ်ပိုရှည်ချင်သောကြောင့် အစ်မဖြစ်သူကို ခေါင်းညိတ်ပြချင်သော်လည်း ရှောင်ချီနှင့်အတူ အိပ်ချင်နေသေးသည်။

ရှောင်ချီက သူမ၏သခင်ကို သနားစဖွယ် လှမ်းကြည့်လိုက်ပြန်သည်။

“သခင်၊ ကယ်ပါဦး၊ ရှောင်ချီက သခင့်ဆီကိုပဲ ပြန်လာ​ချင်တာ"

သူမ နေ့ရောညပါ သခင်ငယ်လေးရဲ့ခေါင်းအုံးကို မဖြစ်ချင်တော့ဘူး။ ရှောင်ချီက သခင့်ကို ဂရုစိုက်ပေးဖို့ ပြန်သွားချင်နေပြီ။

"လောလောဆယ်တော့ မင်း ဒီမှာ နေပြီး သူတို့ကို ကာကွယ်ပေးရဦးမယ်"

စူးချင်းက ရှောင်ချီ၏တောင်းဆိုမှုကို သဘောမတူနိုင်သေးပေ။ ယခု သူမက အမြဲလိုလို လှည့်ပတ်ပြေးလွှားနေရပြီး သူမ၏မိဘများနှင့် ရှောင်ချန်တို့ကို အိမ်တွင် ထားခဲ့ရသည်။ သူတို့အနားတွင် ရှောင်ချီ ရှိမနေပါက သူမ သူတို့အတွက် စိုးရိမ်နေရမည် ဖြစ်သည်။

"ဒါဆိုလည်း... ရပါတယ်!"

ရှောင်ချီ၏အသံက အားနည်းနေပြီး သူမ မပျော်မရွှင် ဖြစ်နေပုံလေးဖြင့် ခေါင်းငုံ့ထားခဲ့သည်။

"မင်း ရှောင်ချန်အတွက် အိမ်မွေးတိရစ္ဆာန်အသစ်တစ်ကောင်လောက် ရှာပေးလိုက်လေ။ အဲ့လိုဆိုရင် ရှောင်ချန်က အဲ့အကောင်လေးကို စိတ်ဝင်စားသွားပြီး မင်းကို လာရှာဖို့ အချိန်ရှိမှာ မဟုတ်တော့ဘူး”

စူးချင်းက ရှောင်ချီ၏ သနားစရာစဖွယ် မျက်ဝန်းလေးကို မကြည့်ရက်တော့ဘဲ အကြံတစ်ခု ပေးလိုက်သည်။ ရှောင်ချီ၏ မျက်လုံးလေးများက ချက်ချင်း တောက်ပလာပြီး "သခင်က အရမ်းတော်တယ်။ ရှောင်ချီက အဲ့ဒါကိုတောင် မတွေးနိုင်ခဲ့ဘူး!"

ဒီငဖားလေးကတော့....

စူးချင်းက ရှောင်ချီကို မြေပြင်ပေါ်သို့ ပြန်ချပေးလိုက်ရင်း သူမ၏မောင်လေးကို လေးလေးနက်နက် ထပ်ပြောလိုက်သည်။

"အခု ရှောင်ချီကို ခေါ်သွားပြီး အိပ်ခိုင်းရမယ်နော်၊ အစ်မ ခနနေရင် လာစစ်ဆေးမယ်"

“ကောင်းပါပြီ”

ရှောင်ချန်က ပျော်ပျော်ရွှင်ရွှင် သဘောတူလိုက်ပြီး သူ့၏မျက်ဝန်းတောက်တောက်လေးများဖြင့် ရှောင်ချီကို ကြည့်နေကာ သူ့လက်သေးသေးလေးကို ဆန့်တန်းလိုက်သည်။

"ရှောင်ချီ သွားအိပ်ရအောင်"

ရှောင်ချီက ရှောင်ချန် နောက်သို့ လိုက်ပါသွားခဲ့သော်လည်း ခြေလှမ်းအနည်ငယ် လှမ်းပြီးတိုင်း နောက်သို့ပြန်လှည့်နေခဲ့သည်။ စူးချင်းက သူမ၏စိတ်ကို တင်းထားလိုက်ပြီး သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

ဒီကောင်ငယ်လေးက သူမ စိတ်ပျော့သွားအောင် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို အသုံးချတက်နေပြီ။

ဘာပဲဖြစ်ဖြစ် သူမမှာ အရေးကြီးတဲ့ လုပ်စရာတွေ ရှိနေတုန်းပဲ။

နောက်ဆုံးတွင် စူးချင်းက အိမ်ထဲသို့ ဝင်လာခဲ့ပြီးနောက် မြင်းနှစ်ကောင်ကို အစေခံများထံသို့ လှမ်းပေးရင်း ညွှန်ကြားလိုက်သည်။

“အနာဂတ်မှာ သူတို့ကို စောင့်ကြည့်ထား။ သခင်ငယ်လေးကို အိမ်အပြင် မထွက်စေနဲ့"

"ဟုတ်ကဲ့၊ ကျွန်တော်တို့ တချိန်လုံး စောင့်​ကြည့်နေပါ့​မယ်​!"

စူးချင်းက အမြဲတမ်း အေးစက်နေသောကြောင့် အစေခံများက သူမကို ကြောက်ရွံ့ကြပြီး သူမ၏အမိန့်ကို ကြားသည်နှင့် ဆောလျင်စွာ နာခံမှုပြသကြသည်။

"သခင်ကြီးနဲ့ သခင်မ... ဘယ်မှာ ရှိနေလဲ?"

စူးချင်းက အိမ်အနောက်ဘက်သို့ လျှောက်နေရင်း အစေခံတစ်ယောက်ကို ထပ်မေးလိုက်သည်။

"သခင်ကြီးနဲ့ သခင်ကြီးလွမ်တို့က စာဖတ်ခန်းမှာ ရှိနေပါတယ်၊ သခင်မနှစ်ယောက်ကတော့ အနောက်ဘက်ခြံဝင်းမှာပါ"

အစေခံက ကမန်းကတန်း ပြန်သတင်းပို့လာသောကြောင့် စူးချင်းက အိမ်အနောက်ဘက်သို့ သွားနေသည့် သူမ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး စာဖတ်ခန်းဆီသို့ လှည့်ထွက်လာလိုက်သည်။

သူမ စာဖတ်၏တံခါးဆီသို့ ရောက်လာချိန်တွင် သူမ၏အဖေနှင့် ဦးလေး တခုခု ပြောနေသည့်အသံများကို ကြားလိုက်ရသည်။ ထို့ကြောင့် သူမ ခဏ နားထောင်ရန် အပေါက်ဝတွင် ရပ်နေလိုက်သည်။

"ဟန်ရွှမ်၊ စူးချင်း မလိုလားဘူးဆိုရင် ကလေးကို အတင်းအကြပ် မလုပ်ပါနဲ့။ ဒီကလေးမှာ သူ့စိတ်ကူးနဲ့သူ ရှိပြီး သူ(မ)ကြိုက်သလို လုပ်ပါစေ၊ ပြီးတော့ သခင်လေးကျိကလည်း ရည်မှန်းချက်ကြီးပြီး စွမ်းဆောင်နိုင်တဲ့သူလို့ ငါ ထင်တယ်၊ သူက သာမာန်လူ မဟုတ်ဘူး။ သူက အနာဂတ်မှာ စစ်သူကြီးကောင်းတစ်ယောက်ဖြစ်လာမှာ သေချာတယ်”

လွမ်ချင်းရှန်က မျက်မှောင်ကြုတ်နေသော စူးဟန်ရွှမ်ကို ဖျောင်းဖျရန် ကြိုးစားနေခဲ့သည်။ စူးချင်းက လွမ်ဟုန်ထက် စိတ်ကူးဥာဏ်များ ပိုများသည်ဟု သူ ခံစားမိနေပြီး သူမ ဆန္ဒမရှိလျှင် မည်သူမျှ သူမကို အတင်းအကျပ် မလုပ်နိုင်ကြောင်း သူ နားလည်နေပြီ ဖြစ်သည်။

"ဟူး၊ ဟုတ်တယ်၊ ဒီကလေးကို ပြန်ရှာတွေ့ခဲ့တာ ကောင်းချီးတစ်ခုပဲ၊ ဒါပေမယ့် စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်လိုက်ရင် ကျွန်တော့်ရဲ့ကျေးဇူးရှင်ကို ဘယ်လိုရင်ဆိုင်ရမလဲ?"

စူးဟန်ရွှမ်က သက်ပြင်းချလိုက်သည်။

သူ့ယောက်ဖ ပြောတာက မှန်တယ်ဆိုတာကို သူလည်း နားလည်ပါတယ်။ ဒါပေမယ့် သူ့နှလုံးသားထဲက ဒီအထုံးကိုတော့ မဖြေနိုင်သေးဘူး။ သူက ကတိသစ္စာကို အရမ်း တန်ဖိုးထားခဲ့ပြီး အခု သူ ကတိကို ဖျက်လိုက်ရရင် သူ့တစ်သက်လုံး ရင်တထိတ်ထိတ်နဲ့ စိတ်မလုံသလို ဖြစ်နေတော့မှာ သေချာတယ်။

စူးချင်းက ထိုစကားများကို ဆက်နားမထောင်တော့ဘဲ တံခါးကို သုံးကြိမ်ခေါက်လိုက်ပြီး အတွင်းမှ ကြားအောင် အော်ပြောလိုက်သည်။

“အဖေ၊ ကျွန်မ ပြန်လာပြီ”

(t/n: ဒီအခန်းနဲ့ အရှေ့ခန်းက နဲနဲလေး ဟနေသလိုခံစားရတယ်နော်... site တော်တော်များများတော့ လိုက်ရှာကြည့်သေးတယ်၊ အားလုံး အတူတူပဲမို့ ဒီအတိုင်းဘာသာပြန်ပေးလိုက်တယ်နော်...အများကြီးတော့ မကျန်ပါဘူး... ကြည့်ရတာ လွမ်ဟုန် ချူးကျင်းဖုန်း အကြောင်းပြောတဲ့ စကားတစ်ခွန်းနှစ်ခွန်းလောက်ပဲ ဖြစ်မှာပါ)

All Chapters