စိတ်မသက်မသာ ခံစားရစေတယ်
Vol. 27 Ch. 405
ရန်ရှစ်ခွမ်းက စစ်သူကြီးတံဆိပ်မပါဘဲ သူ့ထံသို့ စစ်တပ်အာဏာ လွှဲပြောင်းပေးမည် မဟုတ်ကြောင်း ကျိရွှေရှန့် နားလည်နေခဲ့သည်။ သူက စူးချင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ချင်းအာက ကျင့်ရှီလျိုမြောင်မှာ သော့ရနိုင်မယ့်အရာ တစ်ခုခု ရှိတယ်လို့ ပြောခဲ့တယ်။ သူမ ပြောခဲ့တာတွေက အမှန်ဆိုရင်တော့ အကောင်းဆုံးပေါ့လေ။
ကျိရွှေရှန့်က သူမကို ကြည့်နေသည်ကို မြင်လိုက်ချိန်တွင် စူးချင်းက သူမ၏ခေါင်းကို အနည်းငယ် ယမ်းပြလိုက်သည်။ ကျိရွှေရှန့်၏ မျက်လုံးများတွင် နားမလည်ဖြစ်နေသည့်အရိပ်အယောင်များ တွေ့လိုက်ရသောကြောင့် စူးချင်းက သူမ၏လက်များကို ဖြန့်လိုက်သည်။ ယခုတကြိမ်တွင် သော့ပျောက်သွားပြီဖြစ်ကြောင်း ကျိရွှေရှန့် သဘောပေါက်သွားပြီး သူ ချက်ချင်း စိတ်ပူသွားခဲ့သည်။
သူ မျှော်လင့်ချက်အပြည့်နဲ့ ကျင့်ရှီလျိုမြောင်ဆီကို ရောက်လာခဲ့ပေမယ့် ဘာမှ မရခဲ့ပြန်ဘူး။ ဒီတော့ သူက သော့လုပ်နိုင်တဲ့ လက်မှုပညာရှင်တွေကို ရှာဖို့ တောင်ဘက်မှာရှိတဲ့ မြို့ကြီးတွေကိုပဲ သွားရတော့မှာလား?
“ဦးလေးရန်၊ ဒီနေရာမှာ နမူနာပုံစံကို အခြေခံပြီး သော့သွန်းလောင်းနိုင်တဲ့သူ ရှိလား?”
ကျိရွှေရှန့်က နောက်ဆုံးမျှော်လင့်ချက်အနေဖြင့် ရန်ရှစ်ခွမ်းကို ထပ်မေးလိုက်သည်။ ရန်ရှစ်ခွမ်းက ကျိရွှေရှန့်နှင့် စူးချင်းအကြားမှ အပြန်အလှန် အချက်ပြမှုကို စောင့်ကြည့်နေခဲ့ပြီး ကျိရွှေရှန့်က သူ့ကို ရုတ်တရက် မေးလိုက်ချိန်တွင် သူက ချက်ချင်း ပြန်မဖြေဘဲ ထိုအစား မေးခွန်း ပြန်ထုတ်လာခဲ့သည်။
"သခင်လေးကျိက ဘာလို့ ဒီလိုမေးရတာလဲ?"
“ဦးလေးရန်၊ အမှန်အတိုင်းပြောရရင် စစ်တပ်တံဆိပ်ထည့်ထားတဲ့ သေတ္တာက ကျွန်တော့်လက်ထဲမှာ ရှိနေပြီးသားပါ၊ ဒါပေမယ့် သော့ကိုတော့ အဖေက စေ့စပ်လက်ဆောက်အဖြစ် ကျွန်တော်ရဲ့ဇနီးလောင်းဘက်က မိသားစုကို ပေးခဲ့တယ်။ အခု ကျွန်တော်ရဲ့စေ့စပ်ထားသူ ပျောက်ဆုံးနေတော့ သော့လည်း ပျောက်နေတယ်၊ ချင်းအာနဲ့ ကျွန်တော် သော့ပုံစံကို ကူးယူပြီးပြီ။ ကျွမ်းကျင်တဲ့ လက်မှုပညာရှင်ကို ရှာနိုင်တာနဲ့ သော့ လုပ်ပြီး တံဆိပ်ကို ထုတ်ယူနိုင်တော့မှာပါ”
ကျိရွှေရှန့်က ရန်ရှစ်ခွမ်းကို သိမ်းသွင်းလိုသောကြောင့် ဤလျှို့ဝှက်ချက်ကို ပြောပြလိုက်သည်။ သူ ဆိုလိုချင်သည်မှာ စစ်တပ်၏ကျားတံဆိပ်က သူ့လက်ထဲတွင် ရှိနေပြီး သော့ရှိနေသရွေ့ သူ ချက်ချင်း ထုတ်ယူနိုင်သည်ဟုပင်။
"သေတ္တာကို ဖွင့်ဖို့ သခင်လေးရဲ့ လွမ်တောင်ကို သုံးလို့ မရဘူးလား?"
ရန်ရှစ်ခွမ်းကတော့ ထိုအရာက မလိုအပ်ဘူးဟု ခံစားလိုက်ရသည်။
သံတုံးကို ရွှံ့လိုမျိုး ဖြတ်တောက်နိုင်တဲ့ လွမ်တောင်ရှိနေမှတော့ ဒီသစ်သားသေတ္တာကို ဖွင့်ဖို့ဆိုတာ အရမ်းလွယ်ကူနေတာ မဟုတ်ဘူးလား? ဘာလို့ ဒုက္ခခံပြီး သော့ကို ရှာနေရမှာလဲ?
“ဦးလေးရန်၊ ဦးလေး မသိတာ ရှိသေးတယ်။ သေတ္တာမှာ ယန္တရားတစ်ခု တပ်ဆင်ထားတယ်။ သော့ကနေ မဟုတ်ဘဲ သေတ္တာကို တခြားနည်းနဲ့ဖွင့်လိုက်ရင် ကျားတံဆိပ်က ယန္တရားတွေနဲ့ ညှပ်ပြီး ပျက်စီးသွားလိမ့်မယ်”
ကျိရွှေရှန့် ရှင်းပြလိုက်ချိန်တွင် ရန်ရှစ်ခွမ်း၏အမူအရာက ပိုလေးနက်လာပြီး “အဲ့လိုဆိုရင်တော့ သခင်လေးအနေနဲ့ သော့ကို ရှာဖို့ပဲ အကြံပြုချင်တယ်။ အလွယ်နည်းနဲ့ သော့အတုလုပ်ဖို့ မကြိုးစားပါနဲ့၊ တစ်ခုခုမှားသွားရင် ကျားတံဆိပ်က အပြီးပျောက်ကွယ်သွားလိမ့်မယ်"
ရန်ရှစ်ခွမ်း၏စကားကို ကြားလိုက်ရချိန်တွင် ကျိရွှေရှန့်လည်း ထိတ်လန့်သွားတော့သည်။
ဒီသေတ္တာက အရမ်း လက်ရာမြောက်ပြီး အနုစိပ်လွန်းတယ်။ သော့အတုက ဒါကို ဖွင့်လို့ရပါ့မလား?
စူးချင်းက ကျိရွှေရှန့်၏ စိုးရိမ်သောက ရောက်နေသောမျက်နှာကို လှမ်းကြည့်နေရင်း သော့၏အရေးကြီးပုံကို ပိုသိလာခဲ့သည်။ သူမက မြင်းဇက်ကြိုးကို သူ့ဆီသို့ ပစ်ပေးလိုက်ပြီး "ရွှေရှန့်၊ ကျွန်မတို့ ချက်ချင်း ထွက်သွားမှ ဖြစ်မယ်"
“ကောင်းပြီ”
ကျိရွှေရှန့်က စူးချင်းကို ဘာကြောင့်လဲဟုပင် မမေးတော့ပေ။
သူ့ချင်းအာက ထွက်သွားဖို့ ပြောနေမှတော့ သူမမှာ အကြောင်းပြချက် ရှိရမယ်။
ကျိရွှေရှန့်က မြင်းဇက်ကြိုးကို ယူကာ မြင်းပေါ်သို့ တက်လိုက်ပြီး ရန်ရှစ်ခွမ်းကို နှုတ်ဆက်လိုက်သည်။
“ဦးလေးရန် ဂရုစိုက်ပါ”
“သခင်လေးကျိလည်း ဂရုစိုက်ပါ၊ ဘေးအန္တရာယ်ကင်းရှင်းတဲ့ ခရီးဖြစ်ပါစေ”
ရန်ရှစ်ခွမ်း၏မျက်လုံးများထဲတွင် ရှုပ်ထွေးသော အကြည့်များ ရှိနေပြီး သူက ကျိရွှေရှန့်ကို လေးစားနေသောအမူအရာဖြင့် လက်သီးအုပ်နှုတ်ဆတ်လိုက်သည်။
“ကောင်းပါပြီ”
ကျိရွှေရှန့်ကလည်း ရန်ရှစ်ခွမ်း၏ သဘောထား ပြောင်းလဲမှုကို ခံစားနိုင်သည်။ သူက ရန်ရှစ်ခွမ်းကို ခေါင်းပြန် ညိတ်ပြလိုက်ပြီး စူးချင်းနှင့်အတူ စတင်ထွက်ခွာလိုက်သည်။ နှင်းများထဲတွင် မြင်းခွာသံများ ထွက်ပေါ်လာပြီး မြင်းကိုယ်စီနှင့် လူနှစ်ယောက်က မြို့ပြင်သို့ အပြေးအလွှား ထွက်ခွာသွားပြီ ဖြစ်သည်။
ရန်ရှစ်ခွမ်းက ခုန်ပေါက်ပြေးလွှားနေသော မြင်းများပေါ်မှ သူရဲကောင်းဆန်ဆန် ထွက်ခွာသွားသည့် ပုံရိပ်နှစ်ခုကို လိုက်ကြည့်နေခဲ့ပြီး သူ့မျက်လုံးများမှ ကျေနပ်နေသည့်အရိပ်အယောင်များ ပိုပိုပီပြင်လာခဲ့သည်။
သခင်လေးက ရဲရင့်ထက်မြက်ပုံပဲ၊ စစ်သူကြီးအတွက် လက်စားချေနိုင်မှာ သေချာတယ်။ အစ်ကိုကြီး၊ ခင်ဗျား ကောင်းကင်ဘုံမှာ ရှိနေရင် သခင်လေး စစ်သူကြီးတံဆိပ်ကို ရနိုင်ဖို့ ကောင်းချီးတွေ ချီးမြှင့်ပေးပါဦး။
သူတို့ ကျင့်ရှီလျိုမြောင်မှ ထွက်ခွာလာပြီးနောက် ကျိရွှေရှန့်က စူးချင်းကို လှမ်းမေးလိုက်သည်။
"ချင်းအာ၊ ကိုယ်တို့ ဘယ်သွားမှာလဲ?"
“လော့ချန်"
စူးချင်းက သူမ၏မြင်းကို စီးနေရင်း လေနှင့် နှင်းများကြားထဲမှ ပြန်လှမ်းအော်လိုက်သည်။ သူမ၏ အေးစက်သော အသံက နှင်းပွင့်များနှင့်အတူ ကျိရွှေရှန့်၏နားထဲသို့ ပျံ့လွင့်လာသည်။
ကျိရွှေရှန့်က တစ်ခုခု လွဲမှားနေပြီဟု တွေးက ပြန်မေးလိုက်သည်။
" လော့ချန်လား?”
"အင်း... လော့ချန်"
စူးချင်းက ကြာပွတ်ကို မြှောက်လိုက်ပြီး ကြာပွတ်က လေထဲတွင် တရွှီရွှီအော်မြည်နေသောကြောင့် ရှောင်ဟေးက သူ့ကို အားမာန်အပြည့်ဖြင့် ပြေးရန် အချက်ပြနေသည်ဟု ထင်သွားပုံရသည်။ ထို့ကြောင့် မြင်းနက်ကြီး၏ခွာလေးချောင်းက နှင်းများပေါ်သို့ ခုန်တက်သွားပြီး မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားတော့သည်။
ကျိရွှေရှန့်က သူမ နောက်မှ ထပ်ချပ်မကွာ အနီးကပ်လိုက်ပါလာခဲ့သော်လည်း စူးချင်း လော့ချန်တွင် ဘာလုပ်ချင်နေသည်ကို သူ တကယ်နားမလည်နိုင်သေးပေ။
သူမ သော့အတု လုပ်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်ကို ရှာချင်ရင် ကျင်းချန်က လော့ချန်ထက် ပိုချမ်းသာတယ်လေ။ လော့ချန်ထက်စာရင် ကျင်းချန်ကို သွားလိုက်တာက ကျွမ်းကျင်လက်မှုပညာရှင်ကို ရှာတွေ့ဖို့ ပိုသေချာလိမ့်မယ်။
ပြီးတော့ ကျင်းချန်က သူတို့နဲ့ ပိုနီးပြီး လော့ချန်ကို သွားချင်ရင် နောက်ထပ် နှစ်ရက်လောက်ကြာအောင် ခရီးရှည်တစ်ခု ဖြတ်သန်းရလိမ့်မယ်။ အဲ့ဒါကြောင့် လော့ချန်ကို သွားတာက အချိန်ဖြုန်းသလိုပဲ။
သူမရဲ့မိသားစုအတွက်ဆိုရင်လည်း သူမရဲ့ ဆွေမျိုးတွေအားလုံးက ကျင့်ရှီလျိုမြောင်ကို ပြောင်းသွားကြပြီ။ လော့ချန်မှာ ဘယ်သူမှ မကျန်တော့ဘူး။ သူမ ဘာကြောင့် လော့ချန်ကို သွားချင်နေတာလဲ? သူ တကယ်ကို နားမလည်နိုင်တော့ဘူး။
စူးချင်းကလည်း သူမ သော့ကို မတွေ့ရသေးခင် သူမက ကျိရွှေရှန့်၏စေ့စပ်ထားသူ ဖြစ်နိုင်ကြောင်း ကျိရွှေရှန့်ကို မပြောချင်သေးပေ။
သူမ၏ငွေခြူလေးက စစ်သူကြီးရှောင်းဟမ် သူမ၏အဖေကို ပေးခဲ့သည့် စေ့စပ်ထိမ်းမြား အမှတ်အသားဖြစ်ကြောင်း သူမ အတည်ပြုချင်နေသေးသည်။ ၎င်းကို အတည်ပြုပြီးနောက်တွင် သေချာသွားမှသာ သူမက ကျိရွှေရှန့် အံ့သြသွားစေရန် ဖွင့်ပြောမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
စူးချင်းက သူ့ကို မပြောပြချင်ကြောင်း ရိပ်မိနေသောကြောင့် ကျိရွှေရှန့်ကလည်း ထပ်မမေးတော့ဘဲ သူ့မြင်းကို စီးကာ စူးချင်းနောက်မှ လိုက်ပါနေခဲ့သည်။
သူတို့ မော့ချန်သို့ နီးကပ်လာချိန်တွက် စူးချင်းက ကျိရွှေရှန့်ဘက်သို့ ပြန်လှည့်လိုက်ပြီး လှမ်းပြောလိုက်ပြန်သည်။
"ရွှေရှန့်၊ ရှင် ဘာလို့ မော့ချန်ကို အရင် မပြန်တာလဲ? ချိုးယုံခန်း လွတ်မြောက်သွားပြီး တော်ဝင်ရုံးတော်ဘက် ခိုလှုံသွားတာလည်း ဖြစ်နိုင်တယ်၊ အဲ့လို အခြေအနေဖြစ်လာရင် ဦးလေးချန် တစ်ယောက်တည်း ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး”
ကျိရွှေရှန့်က မြင်းဇက်ကြိုးကို ကိုင်ထားရင်း အအေးဒဏ်ကြောင့် နီရဲနေသည့် စူးချင်း၏မျက်နှာလေးကို လှမ်းကြည့်လိုက်သည်။ သူမက ပွင့်ဖူးသော နှင်းဆီနှတစ်ပွင့်ကဲ့သို့ ဖြစ်နေကာ ပို၍ပင် သိမ်မွေ့နေပြီး မည်သည့်အရာကမျှ မယှဉ်နိုင်လောက်အောင် လှပနေလေသည်။
"မင်းတစ်ယောက်တည်း ဖြစ်နေမှာကို ကိုယ် စိတ်ပူတယ်"
စူးချင်း၏စွမ်းအားကို သိနေသည့်တိုင် စူးချင်း တစ်ယောက်တည်း လော့ချန်သို့ သွားရမည့်ခရီးကို တွေးကာ ကျိရွှေရှန့်တစ်ယောက် စိတ်မချနိုင်ဖြစ်နေသေးသည်။
သူမ အဲ့နေရာမှာ စီရင်စုအမတ်ကို သတ်ခဲ့တဲ့အပြင် အကျဥ်းထောင်ကို ဖောက်ထွင်းဝင်ရောက်တဲ့ ပြစ်မှုကြီးကိုလည်း ထင်ထင်ရှားရှား ကျူးလွန်ခဲ့သေးတယ်။ မြို့အဝင်တံခါးမှာ ဖမ်းဝရမ်းတွေ သတိပေးချက်တွေ ပြည့်နေမယ်ဆိုတာ တွေးကြည့်နေစရာတောင် မလိုတော့ဘူး။ သူမ အဲ့နေရာကို သွားတာက ကျားရဲတွင်းထဲကို ဝင်သွားတဲ့ သိုးလိုမျိုး ဖြစ်သွားမှာ မဟုတ်ဘူးလား?
စူးချင်းက မြင်းပေါ်တွင် ထိုင်နေရင်း ရှေ့သို့ လှမ်းကြည့်လိုက်ပြီးမှ သူမကို စိုးရိမ်နေသော ကျိရွှေရှန့်ကို ဘေးတိုက်ပြန်ကြည့်ကာ သြဇာသံအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
"ဘာတွေ စိတ်ပူစရာ ရှိလို့လဲ။ ကျွန်မကို ဖမ်းချင်တဲ့သူတွေအားလုံးကို ကျွန်မလက်နဲ့သတ်နိုင်တယ်"
ဤစကားများက အလွန်မောက်မာပုံရသော်လည်း စူးချင်း ဝါကြွားနေခြင်း မဟုတ်ကြောင်း ကျိရွှေရှန့်လည်း သိနေခဲ့သည်။ သူမက ထောင်နှင့်ချီသော စစ်သည်များနှင့် မြင်းများကြားတွင် လူမရှိသည့်နေရာကို ဝင်ထွက်သွားလာသလိုမျိုး သူမ တစ်ယောက်တည်း အေးအေးဆေးဆေး ဝင်ထွက်သွားလာနိုင်သူ ဖြစ်သည်။ သူက သူမထက် နိမ့်ကျနေပြီး သူမလောက် အစွမ်းမထက်သော်လည်း သူ သူမကို စိတ်ပူနေဆဲပင်။ ထို့ကြောင့် သေချာစဉ်းစားပြီးမှ စူးချင်းကို ပြန်ပြောလိုက်သည်။
“ကိုယ် ပြန်သွားပြီး ဦးလေးချန်ကို သွားပြောလိုက်ဦးမယ်။ ပြီးမှ မင်းနဲ့အတူ လိုက်ခဲ့မယ်၊ ဟုတ်တယ် အဲ့တာက ပိုကောင်းလိမ့်မယ်၊ ယုံခန်းက ဝမ်ရှန်းချန်ကို သွားရှာရင်တောင် မော့ချန်ကို တိုက်ခိုက်ဖို့ တပ်တွေ စေလွှတ်ဖို့ဆိုတာ အနည်းဆုံး လတစ်ဝက်လောက် အချိန်ယူရလိမ့်မယ်၊ အဲ့အချိန်ဆို ကိုယ်တို့ လော့ချန်ကနေ ပြန်ရောက်နေလောက်ပြီ"
“ကောင်းပြီလေ”
ကျိရွှေရှန့် သူမ အနားတွင် ရှိနေနိုင်မည်ကို တွေးကာ စူးချင်းက ဝမ်းသာသွားပြီး ကျေကျေနပ်နပ် သဘောတူလိုက်သည်။
သော့ကို ပြန်ရှာတွေ့တာနဲ့ သူ အံ့အားသင့်သွားစေဖို့ သူမ သေတ္တာကို ဖွင့်ပြီး ကျားတံဆိပ်ကို ချက်ချင်း ထုတ်ပေးလိုက်မယ်။
သူတို့နှစ်ယောက် အတူတူ ရှိနေရချိန်က နည်းပါးလှပြီး ကွဲကွာနေရချိန်က ပိုများသည်။ ထို့ကြောင့် နောက်ဆုံးတကြိမ် နားလည်မှု လွဲပြီးကတည်းက စူးချင်းက ကျိရွှေရှန့်နှင့် ထပ်မခွဲခွာချင်တော့ပေ။ သူနှင့်အတူ သွားရမည့်လမ်းခရီက လုံးဝ အထီးကျန်မည် မဟုတ်ကြောင်း သူမ ယုံကြည်နေမိသည်။
စူးချင်းနှင့် ကျိရွှေရှန့်တို့က ချိုးယုံခန်းကို မတွေ့ကြောင်း အတည်ပြုရန် မော့ချန်သို့ ပြန်လာခဲ့ကြသည်။ ကျိရွှေရှန့်က ချန်ယွိကို သတိထားရမည့်အချက်များ ထပ်ပြောပြခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများ၏ အစွမ်းထက်ပုံကို ထပ်ရှင်းပြလိုက်သည်။
သူတို့လက်ထဲတွင် ဖောက်ခွဲရေးပစ္စည်းအနည်းအကျဉ်း ကျန်နေသေးပြီး ဝမ်မိသားစုစစ်တပ်မှ လာရောက်တိုက်ခိုက်ပါက အချိန်အတော်ကြာ ခုခံနိုင်သောကြောင့် သူတို့ သိပ်မစိုးရိမ်ကြပေ။
စူးချင်းနှင့် ကျိရွှေရှန့်တို့ ပြန်ရောက်လာသည်ကို ချိုးယုံခန်း၏မိဘများ သိသွားပြီး အသနားခံရန် ရုံးတော်သို့ ပြန်လာခဲ့ကြသည်။ ကျိရွှေရှန့်က သူ့၏စိတ်နှလုံး မာကျောစေရန် ကြိုးစားနေခဲ့ပြီး သူတို့ကို မတွေ့တော့ဘဲ သူတို့ကို မောင်းထုတ်ရန် ချန်ယွိကို တောင်းဆိုလိုက်သည်။
မော့ချန်မှ ကိစ္စများကို ဖြေရှင်းပြီးသည်နှင့် စူးချင်းနှင့် ကျိရွှေရှန့်တို့က အချိန်မဆွဲတော့ဘဲ လော့ချန်သို့ ထွက်ခွာလာခဲ့ကြသည်။
နှစ်ရက်အကြာတွင် သူတို့ ကျင်းချန်၏အပြင်သို့ ရောက်ရှိလာပြီး ဝမ်မိသားစုစစ်တပ်မှ စစ်သည်များ ယခင်ကထက် ပိုမိုများပြားလာသည်ကို တွေ့လိုက်ကြရသည်။ မြို့စောင့်တပ်သားများကလည်း မြို့အဝင်အထွက်ကို တင်းတင်းကြပ်ကြပ် ကြပ်မတ်နေကြပြီး ကြီးမားသည့်ရန်သူနှင့် ရင်ဆိုင်နေရသလို ဖြစ်နေကာ မြို့ထဲသို့ ဝင်ခွင့်မပြုဘဲ အပြင်ထွက်ခွင့်သာ ပေးထားကြသည်။
ကျိရွှေရှန့်က မြင်းကျောပေါ်တွင် ထိုင်နေပြီး ကျင်းချန်၏မြို့တံခါးဆီသို့ လှမ်းကြည့်နေကာ တစ်ခုခု ထူးဆန်းနေသလို ခံစားလိုက်ရသည်။
"ဘာလို့ ရုတ်တရက် အရမ်းတင်းကြပ်နေရတာလဲ?"
"ကျွန်မ ကျင်းချန်ရဲ့ စီရင်စုအမတ်ကို သတ်ပြီး ရုံးတော်ကို မီးရှို့ခဲ့တယ်"
စူးချင်းက ပေါ့ပေါ့တန်တန် ပြောနေသော်လည်း ကျိရွှေရှန့်က ထိတ်လန့်သွားပြီး "အရင်က မင်းပြောတာကို ကိုယ် ဘာလို့ မကြားဖူးရတာလဲ?"
“ဒါက ကိစ္စသေးသေးလေးပါ။ စကားထဲကို ထည့်ပြောနေစရာ မလိုဘူးလေ”
သူမ၏စကားဆုံးသည်နှင့် စူးချင်းက သူမ၏မြင်းကို ကန်လိုက်ပြီး အပြေးထွက်ခွာသွားတော့သည်။ ကျိရွှေရှန့်ကတော့ သူမနောက်မှ ကမန်းကတန်း လိုက်ပါသွားရပြန်သည်။
လက်ရှိတွင် ဝမ်ရှန်းချန်၏တူဖြစ်သူ ဝမ်တဲလုံက ကျင်းချန်ကို တာဝန်ယူ အုပ်ချုပ်နေခဲ့သည်။ ယနေ့တွင် သူက မြို့ရိုးကို စစ်ဆေးရန် စစ်ဆေးရန် ရောက်နေခဲ့ပြီး သူ မြို့ရိုးပေါ်မှ လျှပ်တပြက် ငုံ့ကြည့်လိုက်ချိန်တွင် စူးချင်းနှင့် ကျိရွှေရှန့်တို့ မြင်းကိုယ်စီဖြင့် တယောက်ပြီး တယောက်ထွက်ခွာသွားသည်ကို လှမ်းမြင်လိုက်ရသည်။
ဝမ်တဲလုံက ထိုလူ၏နောက်ကျောကို ကြည့်ကာ လူတစ်ယောက်နှင့် တူနေပြီး ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ထိုအရာက သူ့ကို စိတ်မသက်မသာ ဖြစ်စေသောကြောင့် ထိုလူနှစ်ယောက်ကို လိုက်ရန် မြို့စောင့်တပ်ဖွဲ့မှ စစ်သည်များကို ချက်ခြင်း အမိန့်ပေးလိုက်သည်။