← Chapters

သရဲခြောက်တဲ့ စူးအိမ်တော်

Vol. 28 Ch. 408

သရဲခြောက်တဲ့ စူးအိမ်တော်

Vol. 28 Ch. 408

"သရဲခြောက်တာလား?"

စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူမက သရဲတစ္ဆေနှင့် နတ်များကို ယုံကြည်သူ မဟုတ်ပေ။ တခြားသူများ စူးအိမ်တော်အား မဝယ်ယူနိုင်စေရန် တစ်စုံတစ်ယောက်က ဟန်ဆောင်ခြောက်လှန့်နေသည်ဟုသာ သူမ ခန့်မှန်းလိုက်သည်။

“ဟုတ်တယ်၊ အဲ့နားမှာနေတဲ့ အိမ်နီးနားချင်းတွေဆို အမြဲတမ်း ကြောက်လန့်နေရတာတဲ့။ ညတိုင်း အော်သံတွေ ကြားနေရပြီး အော်သံကြီးတွေကလည်း အရမ်းကြောက်ဖို့ ကောင်းတယ်လို့ ပြောကြသေးတယ်”

ဆိုင်အကူက ပြောနေရင်းဖြင့် သွားပေါ်အောင် ရယ်လိုက်ကာ ကြက်သီးထ သွားပုံဖြင့် သူ့လက်မောင်းများကို ပွတ်သတ်နေလေသည်။

"အဲဒီ လူအိုကြီးစူးက အရမ်းချမ်းသာတဲ့လူလေ။ ပစ္စည်းတွေကို သိမ်းသွားတဲ့သူတွေအတွက်တော့ အများကြီး ရသွားတာပေါ့"

စူးချင်းက စူးမိသားစု၏ပိုင်ဆိုင်မှုဆီသို့ ခေါင်းစဉ်ပြောင်းလိုက်သည်။ ဆိုင်အကူလေးက ထပ်ပြီး စိတ်လှုပ်ရှားသွားဟန်ဖြင့် ဆက်ပြောလာပြန်သည်။

"အဲဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ စူးအိမ်တော်ကို ဝင်စီးတဲ့ ရဲမက်တွေတောင် ရတနာတစ်ခု ဒါမှမဟုတ် နှစ်ခုစီလောက် ရကြတယ်တဲ့။ တစ်ခုကို ရောင်းစားရင်တောင် သူတို့မိသားစုတစ်ခုလုံးကို နှစ်အနည်းငယ်ကြာအောင် ကျွေးမွေးထားနိုင်မှာ သေချာတယ်”

ဆိုင်အကူက မနာလို ဖြစ်​​နေဟန်ရှိသည်​။ စူးချင်းက သူ့ကို လှမ်းကြည့်ကာ ထပ်မေးလိုက်သည်။

“မင်းက ဒီအထည်ဆိုင်ရဲ့ လူဟောင်း မဟုတ်ဘူးလား? အရင်တုန်းက ဒုတိယသခင်ကြီးစူးက မင်းကို ကောင်းကောင်းမဆက်ဆံခဲ့ဘူးလား?"

“သူက လူကောင်းပါ၊ ဒါပေမယ့် သူက ဘာလို့ ဥပဒေကို ချိုးဖောက်ခဲ့တာလဲ မသိဘူး”

ဆိုင်အကူက သူ့မျက်နှာပေါ်မှ မနာလိုငြူစူရိပ်များကို ဖယ်ရှားလိုက်ပြီး သူ့မျက်လုံးများတွင် ဝမ်းနည်းမှုနှင့် လွမ်းဆွတ်မှုများ ပြည့်နှက်လာသည်။

ဒုတိယသခင်ကြီးစူး ဒီမှာရှိတုန်းက သူတို့ကို ကောင်းကောင်း ဆက်ဆံပေးခဲ့တယ်။ အခု သူဌေးကတော့ သူတို့ကို အလုပ်လုပ်ဖို့ပဲ အမိန့်ပေးတတ်ပြီး သူတို့ကို ကျေးကျွန်အဖြစ်ပဲ ဆက်ဆံတယ်။

ခဏအကြာတွင် ဆိုင်အကူက စူးချင်း သူ့ကို ကြည့်နေမှန်း သိသွားပြီး စူးဟန်ရွှမ်ကို တမ်းတနေသည့် သူ့၏လွမ်းဆွတ်မှုများကို ချက်ချင်း ဖယ်ရှားကာ ကမန်းကတန်း ထပ်ပြောလိုက်သည်။

“မပြောတော့ဘူး။ ငါ ကိစ္စတွေကို ပြောလို့ မဖြစ်ဘူး။ ဒါက ခေါင်းပြုတ်ဖို့ လွယ်ကူလွန်းတယ်"

ထိုဆိုင်အကူက သူမ၏အဖေကို လွမ်းဆွတ်နေသောကြောင့် စူးချင်းက သူ့ကို ဝမ်ငါးရာ ထပ်ပေးလိုက်သည်။ ဆိုင်အကူက​ အလွန်​​ပျော်​ရွှင်​​သွားပြီး​ ​ကောင်းကင်​ဘုံသို့ ​ရောက်နေသလို ခံစားနေရ​သည်​။

ဒီနေ့ ဘာနေ့လဲ? ကံကြမ္မာနတ်ဘုရားနဲ့ စည်းစိမ်ဥစ္စာနတ်ဘုရားက သူ့ကို ဘုရားလောင်းအမျိုးသမီးနဲ့ တွေ့ဆုံဖို့ ကောင်းချီးပေးခဲ့တယ်။

သူက စူးချင်းကို ပို၍ပင် ဂရုတစိုက် ရှိလာပြီး သူမ လိုချင်သည့် အဝတ်အစားများကို ယူပြေးရန် ပြေးထွက်သွားတော့သည်။

"သခင်မလေး၊ ဒီအဝတ်နှစ်ထည်က အဆင်ပြေတယ်လို့ သခင်မလေး ထင်လား? ကျွန်တော် သခင်မလေးအတွက် သေသေချာချာ စစ်ကြည့်ပေးခဲ့တယ်။ အထည်ပေါ်မှာ ချည်မျှင်တွေ ထုံးနေတာမျိုး မရှိဘူး၊ ချုပ်ရိုးတွေကလည်း သိပ်သည်းပြီး လက်ရာကလည်း အရမ်းကောင်းတယ်"

“အင်း၊ ငါ ဒီနှစ်ခု ယူမယ်"

စူးချင်းက ငွေကို သူဆီသို့ တိုက်ရိုက်ပေးလိုက်ပြီး သူမအတွက် ငွေပေးချေပေးရန် အကူအညီတောင်းလိုက်သည်။ ပိုငွေကို ဆုကြေးအဖြစ် သိမ်းထားရန် ထပ်ပြောလိုက်သောကြောင့် ထိုဆိုင်အကူက ပျော်လွန်းလို့ စူးချင်းကို သူ့၏ဘိုးဘေးအဖြစ် သတ်မှတ်ချင်နေပြီ ဖြစ်သည်။ သူက အဝတ်များကို သေသေချာချာ ထုပ်ပိုးပြီး စူးချင်းဆီသို့ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

“သခင်မလေး၊ ကျွန်တော် သခင်မလေးအတွက် ထုပ်ပိုးပေးပြီးပါပြီ။ နောက်တစ်ကြိမ် လာဖို့ ဖိတ်ခေါ်ပါရစေ၊ ဒီဆိုင်က သခင်မလေးကို အမြဲကြိုဆိုနေပါတယ်"

စူးချင်းက ဆိုင်အကူလှမ်းပေးနေသည့်အထုပ်ကို ယူလိုက်ရင်း "ငါ့အတွက် တစ်ခုခု လုပ်ပေးပါဦး"

ဆိုင်အကူက ဝမ်းသာအားရ နားထောင်လိုက်သည်။

ဒီသခင်မက သူကို ငွေကူရှာပေးနေတာပဲ။

သို့သော် စူးချင်း၏ညွှန်ကြားချက်ကို ကြားပြီးနောက် သူ အလွန်အမင်း အံ့အားသင့်သွားရသည်။

ထို့နောက်တွင် စူးချင်းက ဆိုင်ရှင်ထံသို့ သွားကာ ပစ္စည်းများ လိုက်ပို့ပေးရန် တောင်းဆိုလိုက်သည်။ ဆိုင်ရှင်က ဆိုင်အကူအား ပစ္စည်းများ လိုက်ပို့ပေးရန် ညွှန်ကြားလိုက်သော်လည်း စူးချင်းထံမှ ပို့ဆောင်ခ ထပ်တောင်းခဲ့သည်။ အထည်ဆိုင်တွင် အိမ်သို့ လိုက်ပို့ပေးသည့် ဝန်ဆောင်မှု ရှိသော်လည်း ပို့ဆောင်မှုအတွက် ဝန်ဆောင်ခထပ်ပေးရမည် ဖြစ်သည်။

စူးဟန်ရွှမ်က သူဌေးဖြစ်နေစဥ်က ထိုကဲ့သို့ ဝန်ဆောင်ခ ကောက်ခံခြင်း မရှိခဲ့ပေ။ ပိတ်ကြမ်းတစ်ထည်သာ ဝယ်ယူသည့် ဖောက်သည်ဖြစ်နေလျှင်ပင် ဝယ်သူက လိုက်ပို့ခိုင်းသရွေ့ ခြွင်းချက်မရှိ အခမဲ့ ပို့ဆောင်ပေးမည် ဖြစ်သည်။

စူးချင်းက ဆိုင်အကူကို အထည်ဆိုင်မှ ခေါ်ထုတ်လာခဲ့ပြီး ပန်းချီနှင့် လက်ရေးလှအရောင်းဆိုင်သို့ ခဏ ဝင်သွားခဲ့သည်။ ဆိုင်​အကူ ပြန်ထွက်​လာချိန်တွင် သူလက်ထဲ၌ ​ကြော်ငြာစာ​အနည်းငယ်​ကို ကိုင်​ဆောင်ထားခဲ့သည်​။

ထို့နောက် စူးချင်းက ပန်းချီနှင့် လက်ရေးလှအရောင်းဆိုင်မှ ထွက်ခွာလာခဲ့ပြီး အဝတ်အစားသစ်များကို ယူကာ လမ်းကြားထဲသို့ ပြန်လာခဲ့သည်။

ထိုအချိန်တွင် ကျိ‌ရွှေရှန့်က စိုးရိမ်စိတ်ဖြင့် ပူလောင်နေပြီဖြစ်ကာ စူးချင်း ပြန်ရောက်မလာပါက သူမကို လိုက်ရှာရန် တွေးနေပြီ ဖြစ်သည်။

"အဝတ်အစား လဲပြီးရင် ရုံးတော်ကို သွားကြမယ်"

စူးချင်းက ကျိ‌ရွှေရှန့်ကို တန်ဖိုးကြီး၀တ်စုံတစ်စုံ လှမ်းပေးရင်း နောက်ထပ်အစီအစဥ်ကို ပြောပြလိုက်သည်။ အစပိုင်းတွင် သူမက သာမန်လူများကြားတွင် ဖုံးကွယ်နေနိုင်မည့် သာမန်အဝတ်အစားများကို ဝယ်ယူရန် တွေးထားခဲ့သည်။

သို့သော် ဆိုင်အကူ၏စကားများကို နားထောင်ပြီးနောက်တွင် အထည်ဆိုင်မှ ဈေးအကြီးဆုံးအဝတ်အစားများကို ဝယ်ယူရန် ပြောင်းလဲဆုံးဖြတ်ခဲ့သည်။

"ဘာလို့ ဒီလောက်ကောင်းတဲ့အဝတ်အစားတွေ ဝယ်လာတာလဲ?"

ကျိ‌ရွှေရှန့်က ထိုဝတ်စုံကို လှမ်းယူကာ တစ်ချက်ကြည့်လိုက်သည်။ ပိုးထည်ဝတ်ရုံက ချောမွေ့နေပြီး အပြာရောင်အနားကွပ်များက အလွန်စွဲမက်ဖွယ်ကောင်းနေကာ ခါးပတ်ပြားပေါ်တွင် ကျောက်စိမ်းပြားတစ်ပြား ရှိနေသေးသည်။ ထိုကျောက်စိမ်းပြားကပင် တန်ဖိုးတစ်ခု သတ်မှတ်နိုင်ပေသည်။

"အရေးကြီးတဲ့တစ်ခုခု လုပ်စရာ ရှိတယ်"

စူးချင်းက ပေါ့ပေါ့ပါးပါး ပြောနေရင်း အိတ်ထဲမှ အဝတ်အစားများကို ထုတ်ယူကာ ပြောင်းလဲဝတ်ဆင်လိုက်သည်။ ၎င်းက ဘရိုကိတ်ဝတ်စုံဖြစ်ကာ ခရမ်းနီရောင်ဖြစ်သည်။ ဝတ်စုံ၏လည်ပင်းကွပ်တစ်ဝိုက်တွင် မှင်နက်ရောင်အမွေးဝိုင်းလေးတစ်ခု တွဲချုပ်ထားပြီး ဝတ်စုံက တောက်ပနေကာ အဆင့်အတန်းမြင့်ဝတ်စုံမှန်း သိသာနေသည်။

“...”

သူမက သူမ ဘာလုပ်မည်ကို ရှင်းရှင်းလင်းလင်း မပြောပြခဲ့သော်လည်း ကျိ‌ရွှေရှန့်က စူးချင်း၏ ထိုအပြုအမူမျိုးကို ကျင့်သားရနေပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမက လေးနက်သည့် အရာများကိုသာ လုပ်တတ်ကြောင်း သူ သိထားပြီး ဖြစ်သည်။

နှစ်ယောက်သား အဝတ်အစားများကို အမြန် ပြောင်းလဲဝတ်ဆင်လိုက်သည်။ စူးချင်းက ကျိ‌ရွှေရှန့်၏မျက်နှာကို ရုပ်ဖျက်ရန် မိတ်ကပ်များ ထပ်လိမ်းခြယ်ပေးလိုက်သည်။ ကျိ‌ရွှေရှန့်၏နှလုံးသားကတော့ စူးချင်း၏ဝန်ဆောင်မှုကြောင့် မငြိမ်မသက် ဖြစ်နေရသည်။

ကျိ‌ရွှေရှန့်၏မျက်နှာကို ပြောင်းလဲပေးပြီးနောက် စူးချင်းက သူမကိုယ်သူမ ရုပ်ဆိုးသော အမျိုးသမီးအဖြစ်မှ ချောမောပြီး မြင့်မြတ်သော အမျိုးသမီးအဖြစ်သို့ ပြောင်းလဲလိုက်သည်။

ထို့နောက်တွင် စူးချင်းက ကျိ‌ရွှေရှန့်၏မျက်နှာ၌ တစ်ခုခု လိုအပ်နေသလို ခံစားလိုက်ရပြန်သည်။ သူမက ကျိ‌ရွှေရှန့်၏မျက်နှာပေါ်သို့ နှုတ်ခမ်းမွေးများ ထပ်ကပ်လိုက်ပြီး နောက်ဆုံးတွင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူမတို့နှစ်ယောက်က အလွန်ချမ်းသာပြီး ဝတ်တတ်စားတတ်သည့် သက်လတ်ပိုင်း စုံတွဲတစ်တွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အရာအားလုံး အဆင်သင့်ဖြစ်သွားချိန်တွင် စူးချင်းက ကျိ‌ရွှေရှန့်အား လောဆော်လိုက်သည်။

"ရုံးတော်ကို သွားကြရအောင်"

"ကိုယ် ဘာလုပ်ရမယ်ဆိုတာ မင်း ကိုယ့်ကို မပြောရသေးဘူးနော်"

ကျိ‌ရွှေရှန့်က ဤကိစ္စကို နားမလည်နိုင် ဖြစ်နေ‌သေးသည်။

သူတို့ သော့ရှာဖို့ ဒီကို ရောက်နေတာ မဟုတ်ဘူးလား? အခု ဘာလုပ်ဖို့ ရုံးတော်ကို သွားရမှာလဲ?

"ကျွန်မ အိမ်ဝယ်မလို့"

စူးချင်းက သူ့ဘက်သို့ လှည့်ပြီး အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"ကျွန်မတို့ လော့ချန်မှာ နေဖို့ နေရာတစ်ခု လိုတယ်"

"ကိုယ်တို့ တည်းခိုဆောင်မှာ နေလို့ မရဘူးလား?"

ကျိ‌ရွှေရှန့်က စူးချင်း ဘာလုပ်နေသည်ကို နားမလည်နိုင်တော့ပေ။

သူတို့က လော့ချန်ကို လာဖို့ အကြောင်းအရင်းရယ်လို့ များများစားစား မရှိဘူးလေ။ သူတို့ ရောက်လာခဲ့ရင်လည်း နားနေဆောင်မှာ နေနိုင်သေးယ်။ ဘာလို့ ငွေကုန်ခံပြီး အိမ်ဝယ်ရမှာလဲ?

"ကျွန်မတို့ မိသားစုရဲ့အိမ်တော်ဟောင်း"

စူးချင်းက ဆိုင်အကူထံမှ သူမ သိခဲ့ရသမျှကို ကျိ‌ရွှေရှန့်အား ပြန်ပြောပြလိုက်သည်။

"တစ်စုံတစ်ယောက်က မကောင်းမှုတစ်ခုခု လုပ်ဖို့ ကျွန်မတို့အိမ်တော်ကို အသုံးချနေတယ်လို့ ကျွန်မ သံသယဖြစ်မိတယ်"

“အင်း... ဒါလည်း ဖြစ်နိုင်တယ်။ ဝယ်ပြီးရင်တော့ အကြောင်းအရင်းကို ရှာတွေ့မှာပါ"

စူးချင်း၏စကားကို ကြားပြီးနောက် ဤအရာများက မရိုးရှင်းကြောင်း ကျိ‌ရွှေရှန့်လည်း ခံစားလိုက်ရသည်။ သရဲတစ္ဆေမရှိလျှင်ပင် ထိုအိမ်က စူးချင်းတို့ မိသားစု၏အိမ်ဟောင်းဖြစ်ပြီး အခြားသူများ၏လက်ထဲသို့ မကျရောက်သင့်ဟု သူ တွေးလိုက်မိသည်။

သူတို့နှစ်ယောက်လုံး အိမ်ဝယ်ရန် ဆုံးဖြတ်ပြီး ဖြစ်သောကြောင့် ရုံးတော်သို့ အတူတူ ထွက်လာခဲ့ကြသည။ သူတို့ တန်ဖိုးကြီးပိုးဖဲဝတ်ရုံများကို ဝတ်ဆင်ထားသောကြောင့် မြင်းစီးရန် မသင့်တော်တော့ပေ။ ထို့ကြောင့် တင့်တယ်သောရထားလုံးတစ်စင်း ဝယ်ရန် မြင်းစျေးသို့ သွားခဲ့ကြပြီး ရုံးတော်သို့ မသွားမီ ရထားထိန်းတစ်ဦးလည်း ငှားရမ်းခဲ့သေးသည်။

ရုံးတော်သို့ ရောက်လာပြီးနောက် ကျိ‌ရွှေရှန့်က ရှေ့တော်ပြေးရဲမက်များနှင့် စကားပြောရန် ရထားလုံးပေါ်မှ ဆင်းလာခဲ့ပြီး စူးချင်းက ရထားလုံးထဲ၌သာ ထိုင်စောင့်နေလေသည်။

ကျိ‌ရွှေရှန့်က အိမ်ဝယ်ရန် ဤနေရာသို့ ရောက်ရှိလာကြောင်း သိရပြီးနောက် ရဲမက်များက သူ့ကို စောင့်ဆိုင်းစေပြီး သူတို့၏လူကြီးမင်းထံတင်ပြရန် တစ်စုံတစ်ဦးကို စေလွှတ်လိုက်သည်။

ကျိ‌ရွှေရှန့်၏ စူးရှသော မျက်လုံးများက ရုံးတော်ရှေ့မှ မြေကွက်ရောင်းရန်ရှိသည်ဟူသော ကြေငြာစာများကို တွေ့လိုက်သေးသည်။ ပထမတစ်ခုက စူးအိမ်တော် ဖြစ်နေခဲ့သည်။

"သခင်ကြီး​က မင်းကို ဝင်ခွင့်ပြုလိုက်​တယ်​"

ရုံးတော်ရဲမက်က အမြန် ပြန်ရောက်လာပြီး ကျိ‌ရွှေရှန့်နှင့် စူးချင်းတို့ကို အထဲဝင်ခွင့်ပေးလိုက်သည်။

တရားစွဲခြင်း မဟုတ်သောကြောင့် ခန်းမဆောင်ထဲသို့ ၀င်ရန် မလိုအပ်ပေ။ ရုံးတော်ရဲမက်က သူတို့ကို အိမ်နောက်ဖေးခြံဝင်း၏ဘေးဘက်တံခါးတဆင့်မှ ဧည့်ခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

စီရင်စုအမတ်က သူ့၏တရားဝင် ရုံးတော်၀တ်စုံကို ၀တ်ဆင်ထားပြီး လက်တင်ကုလားထိုင်ပေါ်တွင် ခပ်မတ်မတ်ထိုင်နေခဲ့သည်။ သူက လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့ ဝင်လာတာကို မြင်နေရသော်လည်း ထိုင်ရာမှ မထဘဲ သူ့ဘေးမှ ကုလားထိုင်ကို ညွှန်ပြကာ ကျိရွှေရှန့်တို့အား ထိုင်ခိုင်းလိုက်သည်။

"ဘယ်အိမ်ကို ဝယ်ချင်တာလဲ?"

စီရင်စုအမတ်က သူ့လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ကျိ‌ရွှေရှန့်ကို အပေါ်စီးမှ မေးမြန်းလိုက်သည်။

ဤစီရင်စုအမတ်က အသက်သုံးဆယ်လောက်သာ ရှိပုံရပြီး မျက်နှာက ဖြူဖျော့နေကာ မုတ်ဆိတ်မွေးမရှိဘဲ မျက်လုံးများက ဖောင်းမို့နေလေသည်။ ပထမအကြည့်တစ်ချက်တွင်ပင် သူက အရက်မူးသမားနှင့်တူနေပြီး မိန်းမလိုက်စားမှန်းလှည်း သိသာနေသည်။ သူ့၏အရာရှိရာထူးကို ပိုက်ဆံဖြင့် ပေးဝယ်ခဲ့ခြင်း ဖြစ်နိုင်ပြီး သူ ပထမဆုံးလုပ်ခဲ့သည့်အရာက သူ့ ကုန်ခဲ့သည့်ငွေများကို ပြန်ရှာဖွေရန်ဖြစ်သည်။

"မုန့်ကျောင်းလမ်းပေါ်က စူးအိမ်တော်ပါ"

ကျိ‌ရွှေရှန့်က စီရင်စုအမတ်ကို အရင်ဦးညွှတ်ပြီးမှ ပြန်ဖြေလိုက်သည်။ သူ ပြောလိုက်သည့်စကားက အပြင်မှ အသိပေးဘုတ်ပြားပေါ်တွင် ရေးထားသည့် တည်နေရာဖြစ်ပြီး သူ ထိုနေရာမှ ဖော်ပြချက်အရ သိလာခဲ့ခြင်း ဖြစ်သည်။

ကျိ‌ရွှေရှန့်က စူးအိမ်တော်ကို ဝယ်လိုသည်ဟု ကြားလိုက်ရချိန်တွင် စီရင်စုအမတ်၏မျက်လုံးများက တောက်ပလာသည်။ ထိုအိမ်က စျေးအကြီးဆုံးနှင့် ရောင်းရအခက်ဆုံး ဖြစ်သည်။ သူက ထိုနေရာတွင် သူကိုယ်တိုင် နေထိုင်လိုသော်လည်း ယခင် စီရင်စုအမတ်နှင့် သူ့၏မိသားစုက ထိုနေရာတွင် အသတ်ခံလိုက်ရပြီး မူလပိုင်ရှင်၏ မိသားစုကလည်း ပျက်စီးသွားကြောင်း သူ ကြားသိခဲ့ရသည်။ ထို့ကြောင့် ထိုအိမ်၏ ဖုန်း‌ရွှေက မကောင်းဘူးဟု သူ ခံစားခဲ့ရပြီး ငွေနှင့် လဲလှယ်ခြင်းက ပိုကောင်းသည်ဟု တွေးလိုက်ခြင်းပင်။

သို့သော် အချိန်အတော်ကြာအောင် ရောင်းပြီးသည်အထိ ဘယ်သူကမှ မဝယ်ကြပေ။ နောက်ပိုင်းတွင် ထိုအိမ်က သရဲခြောက်ကြောင်း သူ သိလိုက်ရပြီး သူက သရဲကို ဖမ်းရန် နှစ်ကြိမ်တိုင်တိုင် လူလွှတ်ခဲ့သေးသည်။ သို့သော် ရဲမက်များက လေထဲတွင် လွင့်မျောနေသော တစ္ဆေဖြူဖြူတစ်ကောင်ကို တွေ့လိုက်ကြပြီး ကြောက်လန့်တကြား ပြန်ပြေးလာကြသည်။

မည်သူကမျှ ထိုအိမ်ကို မဝယ်ရဲကြတော့ပေ သူ့အတွက် ပြဿနာဖြစ်နေသည်မှာ ကြာနေပြီ ဖြစ်သည်။ ဤလူနှစ်ယောက်က အခြားနေရာမှ ရောက်လာကြခြင်း ဖြစ်နိုင်ပြီး ထိုအိမ်၏အခြေအနေကို မသိသူများ ဖြစ်သည်ဟု သူ ယူဆလိုက်သည်။

သူ့စိတ်ထဲတွင် ပျော်ရွှင်နေသော်လည်း စီရင်စုအမတ်က ကျိ‌ရွှေရှန့်ကို မျက်တောင်မခတ် ထပ်မေးလိုက်သေးသည်။

All Chapters