တစ္ဆေဖမ်းခြင်း
Vol. 28 Ch. 409
"မင်းတို့က ဘယ်ကလာလဲ? စူးအိမ်တော်ကို ရောင်းမယ်လို့ ဘယ်သူက ပြောလိုက်တာလဲ?”
စီရင်စုအမတ်က ကျိရွှေရှန့်ကို ခေါင်းမှ ခြေဖျားအထိ အပေါ်အောက်စုန်ဆန်ကြည့်လိုက်ပြီး သူ့၏၀တ်စားဆင်ယင်မှုအရ ဤလူက သူဌေးတစ်ဦး ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
ဒီလူက အကောင်ကြီးကြီးတစ်ကောင်ဖြစ်ရမယ်။ ဒီလူက ချမ်းသာတဲ့သူ ဆိုရင်တော့ သူ ဒီလူ့ဆီကနေ ညှစ်နိုင်သမျှ ညှစ်ထုတ်ရမယ်။
“ကျွန်တော်တို့က မော့ချန်ကပါ၊ သားရေလုပ်ငန်း လုပ်ပါတယ်။ နောင်မှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို လော့ချန်အထိ တွေးတိုးချဲ့ဖို့ တွေးထားတော့ အခြေချနေထိုင်ဖို့ နေရာတစ်ခု ရှာနေတာပါ။ စူးအိမ်တော်ကို ဖြတ်သွားရင်း အဲ့အိမ်က တော်တော်လေးကို ခမ်းနားတာကို တွေ့ခဲ့ရတယ်။ အဲ့တာကြောင့် အိမ်နီးနားချင်းတွေကို စုံစမ်းကြည့်တော့ သူတို့က အဲ့အိမ်မှာ သရဲခြောက်တယ်လို့ ပြောပြကြပြီး ဈေးနှုန်းကလည်း အရမ်းသက်သာတယ်လို့ ပြောပြခဲ့ကြတယ်၊ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ငွေတွေကို သားရေလုပ်ငန်းထဲမှာ ရင်းနှီးထားရတော့ စျေးကြီးတဲ့အိမ်တွေကို ဝယ်ဖို့ မတတ်နိုင်ပါဘူး၊ အဲ့ဒါကြောင့် စူးအိမ်တော်ကို ဝယ်ဖို့ တွေးခဲ့ကြတာပါ”
ကျိရွှေရှန့်က စီရင်စုအမတ်၏ မျက်လုံးများထဲမှ လောဘဇောကို မြင်နိုင်ခဲ့ပြီး သူက အပြုံးဖြင့် လက်သီးအုပ်ကာ တရိုတသေ တုံ့ပြန်လိုက်သည်။ သို့သော်လည်း သူ၏စကားများထဲတွင် ခိုင်မာစွာ ကွယ်ဝှက်ထားသော အဓိပ္ပါယ်များ ရှိနေခဲ့သည်။
‘မင်းက အဲဒါကို ဈေးမြင့်မြင့်နဲ့ ရောင်းချင်နေတာလား၊ ဒါပေမယ့် ငါက မပေးချင်ဘူး။ ငါ့မှာ အပိုငွေ သိပ်မရှိဘူး။ စူးအိမ်တော်က သရဲခြောက်တယ်လို့ ငါ သိထားပြီးပြီ။ ငါ့ကို လှည့်စားဖို့ဆိုတာ စဉ်းတောင် မစဥ်းစားနဲ့’
ကျိရွှေရှန့်၏ဘေးနားတွင် ထိုင်နေသည့် စူးချင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ကျိရွှေရှန့်က အလွန်ထက်မြက်သည်ဟု သူမခံစားလိုက်ရသည်။ သူ့စကားများက အပြစ်ကင်းစင်ပုံရသော်လည်း အရာအားလုံးကို အစမှ အဆုံးအထိ ပိတ်ဆို့ကာကွယ်ပြီးသား ဖြစ်နေခဲ့သည်။
ကျိရွှေရှန့်က စူးအိမ်တော်တွင် သရဲခြောက်ကြောင်းနှင့် မူရင်းစျေးနှုန်းအား သိထားပြီးကြောင်း ကြားလိုက်သောကြောင့် စီရင်စုအမတ်က သူ ဤဆူဖြိုးသောသိုးကို အခွင့်ကောင်းယူရန် မဖြစ်နိုင်တော့ကြောင်း နားလည်သွားခဲ့သည်။ သူက ခဏတာ စိတ်ရှုပ်ထွေးသွားပြီး ချက်ချင်း ပြန်မဖြေတော့ပေ။ သူက တစ်ခုခုကို စဥ်းစားနေပုံဖြင့် လက်ဖက်ရည်ခွက်ကို ကောက်ယူကာ လက်ဖက်ရွက်များကို ခွက်အဖုံးဖြင့် ဖယ်ရှားနေလေသည်။ ထို့နောက် သူက ကျိရွှေရှန့်ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့ပြီး ကျိရွှေရှန့်က တည်ငြိမ်စွာ ပြုံးနေရင်း အပြစ်အနာအဆာကင်းဟန်ဖြင့် သူ့၏စစ်ဆေးမှုကို ရင်ဆိုင်နေခဲ့သည်။
“တကယ်တော့ စူးအိမ်တော်မှာ သရဲခြောက်တယ်ဆိုတာက ကောလဟာလစကားတွေပါပဲ။ ဒီစီရင်စုအမတ်က ကိုယ်တိုင်ကိုယ်ကျ သွားစုံစမ်းပြီးပြီ။ ဒါက ကလေးတွေက ခြောက်ဖို့ လူကြီးတွေ သုံးတဲ့ စကားတွေပါပဲ။ အိမ်ကြီးက နေရာကောင်းများ ရှိတယ်လေ၊ ပြီးတော့ ဗိသုကာလက်ရာတွေကိုလည်း မင်းတို့ မြင်ပြီးလောက်ပါပြီ၊ ကနုတ်ပန်းတွေ ထွင်းထားတဲ့ ထုပ်တန်းတွေ၊ ဆေးခြယ်ထားတဲ့ တိုင်လုံးကြီးများ၊ ရှည်လျားပြီး လှပတဲ့ စင်္ကြံလမ်းတွေနဲ့ တံတားငယ်လေးတွေတောင် ရှိတယ်၊ ဖုန်းရွှေလည်း ကောင်းတယ်။ အရင်တုန်းကဆိုရင် စူးအိမ်တော်က လော့ချန်မှာ အချမ်းသာဆုံးအိမ်တော် ဖြစ်ခဲ့တာလေ။ သိမ်ငယ်စိတ်ရှိတဲ့သူတွေက ဒီအိမ်တော်ကြီးကို ဈေးပေါပေါနဲ့ ဝယ်ချင်တာကြောင့် စူးအိမ်တော်က သရဲခြောက်တယ်လို့ ကောလာဟလတွေ စဖြန့်ခဲ့ကြတာ။ ဒီစီရင်စုအမတ်က သူတို့ကို ဖမ်းထားပြီးပြီ၊ အိမ်ကတော့ ပေါက်ဈေးအတိုင်းအပဲ ရောင်းနိုင်မယ်”
စီရင်စုအမတ်၏စကားများကလည်း နောက်ကွယ်မှ တစ်စုံတစ်ယောက်က ထိုအိမ်ကို အချောင်လိုချင်နေသောကြောင့် သရဲခြောက်သည့်အိမ်ဟု ကောကဟာလ ဖြန့်ခဲ့ကြောင်း ဆိုလိုနေခြင်းပင်။ ယခု သူက ထိုလူများကို ဖမ်းထားပြီး ဖြစ်ကာ နောက်ထပ်တစ်ယောက်ယောက်က ကောလဟာလ ထပ်ဖြန့်လျှင် သူက ထိုနည်းအတိုင်း ဖြေရှင်းမည်ဟု သွယ်ဝိုက်အသိပေးနေခဲ့သည်။ ထိုအိမ်တွင် ဖုန်းရွှေကောင်းကောင်းလည်း ရှိနေသောကြောင့် ဈေးနှုန်းက ချိုသာမည် မဟုတ်ကြောင်းလည်း သူ ထည့်ပြောခဲ့သေးသည်။
ကျိရွှေရှန့်က ပြုံးလိုက်ပြီး စီရင်စုအမတ်ကို လက်ခုပ်အုပ်နှုတ်ဆက်ကာ မတ်တပ်ထရပ်ပြီး ပြန်ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
“အရင်တုန်းက အချမ်းသာဆုံးဆိုတဲ့ အဲ့သူဌေးက အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အဲဒီကို ပြောင်းရွှေ့နေထိုင်တဲ့ မိသားစုတစ်ခုလုံးလည်း အသတ်ခံခဲ့ရတယ်လို့ ကျွန်တော် ကြားခဲ့တယ်။ အဲ့လိုအိမ်က ဘယ်လိုလုပ်ပြီး ဖုန်းရွှေကောင်းနိုင်မှာလဲ? စျေးနှုန်း မြင့်နေရင်တော့ ကျွန်တော်တို့ ဝယ်ဖို့ မစဉ်းစားတော့ပါဘူး”
စူးချင်းကလည်း ကျိရွှေရှန့်နှင့်အတူ ထရပ်လိုက်ပြီး သူမက မကျေမနပ်ဖြစ်နေဖြင့် သူ့ကို ကြည့်ကာ ဆူပူလိုက်သည်။
“ဒီအိမ်ကို မဝယ်ဖို့ ကျွန်မ သခင်ကြီးကို ပြောခဲ့တယ်လေ၊ ဒါပေမယ့် သခင်ကြီးက နားမထောင်ဘူး။ လူတွေ အများကြီး သေထားတဲ့နေရာက အရမ်းကြောက်ဖို့ကောင်းတယ်”
“ဟုတ်ပါပြီ၊ နောက်ဆိုရင် ငါ ရှင်မပြောတာကို နားထောင်ပါ့မယ်။ ငါ အဲ့အိမ်ကို မဝယ်တော့ဘူး"
သူတို့နှစ်ဦး လိုက်ဖက်ညီညီ ပူးပေါင်းပြောဆိုနေသော အချေအတင်စကားများက စီရင်စုအမတ်ကို တုန်လှုပ်သွားစေခဲ့သည်။
မဟုတ်သေးဘူး၊ အဲဒီအိမ်ကို ဝယ်မယ့်သူ တစ်ယောက်ယောက် ရောက်လာဖို့ဆိုတာ တကယ်ကို မလွယ်ဘူး။ ဒီလူတွေ ထွက်ပြေးသွားရင် နောက်တယောက်ကို စောင့်နေဖို့ အချိန်ဘယ်လောက်တောင် ကြာမှာလဲ?
"စီရင်စုအမတ်မင်း၊ ကျွန်တော်တို့ကို ပြန်ထွက်သွားခွင့်ပြုပါဦး"
ကျိရွှေရှန့်က လက်သီးအုပ်လိုက်ပြီး စီရင်စုအမတ်ကို နှုတ်ဆက်လိုက်သည်။ ထို့နောက် နှစ်ယောက်သား တုံ့ဆိုင်းမနေဘဲ ပြန်ထွက်လာခဲ့ကြသည်။
စီရင်စုအမတ်က ကြာကြာတင်းမခံနိုင်တော့ဘဲ ကျိရွှေရှန့်ကို အမြန် ပြန်ခေါ်လိုက်သည်။
"လူကြီးမင်း၊ ခဏစောင့်ပါဦး။ စျေးနှုန်းက ဆွေးနွေးလို့ ရပါတယ်"
ကျိရွှေရှန့်က စူးချင်းကို မဝံ့မရဲ လှမ်းကြည့်လိုက်ပြီး စူးချင်းက မဝယ်စေချင်သည့် ဟန်အမူအရာကို အပြည့်အဝ ပြသထားပြီး “မဝယ်တာက ပိုကောင်းပါတယ်။ အဲ့အိမ်က နေ့ခင်းဘက်မှာတောင် အုံ့မှိုင်းပြီး ကျွန်မ အေးစက်စက်ကြီး ခံစားရတယ်”
“အဆင်ပြေပါတယ်။ အပူက အားပြင်းနေသရွေ့ အေးစက်မှု နှိမ်နင်းနိုင်ပါတယ်၊ မင်းခင်ပွန်းရဲ့ကံဇာတာ ကောင်းနေသရွေ့တော့ အရာရာကို ဖိနှိပ်နိုင်မှာ သေချာတယ်”
စီရင်စုအမတ်က စူးချင်းကို လှမ်းကြည့်လိုက်ပြီး ကျိရွှေရှန့်ကို ပြန်ကြည့်လာခဲ့သည်။ ယခုအချိန်တွင် သူ စိတ်က လုံးဝ မငြိမ်သက်တော့ဘဲ သူက သူ့၏စိုးရိမ်စိတ်များကို မဖော်ပြမိစေရန် လက်ဖက်ရည်ချင်နေသေးသည်။ သို့သော် စူးချင်းက ကျိရွှေရှန့်အား ဆွဲခေါ်နေသည်ကို သူ မြင်လိုက်ရသောကြောင့် ဟန်မဆောင်နိုင်တော့ဘဲ သူတို့ကို ချက်ခြင်း တားဆီးလိုက်မိသည်။
“ပြီးတော့ ကျွမ်းကျင်သူတဲ့ ဆရာသခင်တစ်ယောက်ကို ရှာလိုက်တာနဲ့ ဖုန်းရွှေကို ပြောင်းလဲလိုက်လို့ ရတယ်၊ ဒါက ပြဿနာမဟုတ်ဘူး။ မင်းတို့ နောက်တစ်ခါ စီးပွားရေးလုပ်ဖို့ လော့ချန်ကို လာတဲ့အခါ မင်းတို့ ပိုက်ဆံပိုရအောင် ငါ ကူညီပေးနိုင်တယ်။ အိမ်ရဲ့စျေးနှုန်းကိုလည်း ညှိနှိုင်းပေးနိုင်တယ်။ လျန်သုံးသောင်းဆို လုံလောက်ပြီ”
လျန်သုံးသောင်း?
စူးချင်းက စျေးကြီးသည်ဟု ခံစားနေရဆဲဖြစ်ကာ မျက်မှောင်ကြုတ်လိုက်ကာ ကျိရွှေရှန့်ကို လှမ်းကြည့်လိုက်သည်။ ကျိရွှေရှန့်က သက်ပြင်းချလိုက်ပြီး နောက်သို့ ပြန်လှည့်ကြည့်ကာ စီရင်စုအမတ်ကို လက်သီးအုပ်တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်တော်တို့ ဒီစျေးနှုန်းကို မတတ်နိုင်ဘူး။ ကျွန်တော်တက်နိုင်တဲ့ ပမာဏက လျန်ရှစ်ထောင်ပဲ ရှိတယ်၊ အဲ့ငွေနဲ့ ရနိုင်မယ့် အိမ်တစ်လုံးကိုပဲ ဝယ်ရတော့မယ်"
လျန်ရှစ်ထောင်?
စီရင်စုအမတ်၏ မျက်နှာက စီချွမ်အော်ပရာထဲမှ သရုပ်ဆောင်များ၏ မျက်နှာကဲ့သို့ ပြောင်းလဲသွားတော့သည်။
သူတို့က သူ့ရဲ့နှလုံးကို ကိုက်ဖဲ့ရုံတင်မကဘဲ အသားကိုလည်း ဝါးမြိုချင်နေကြတယ်။ သူက ဒီလူတွေကို လက်မလွှတ်ပေးချက်ပေမယ့် ဒီလောက်အထိတော့ စျေးလျော့မပေးချင်ဘူး။
"ကျွန်တော်တို့ ထွက်သွားပါတော့မယ်"
ကျိရွှေရှန့် ပြောလိုက်သော စျေးနှုန်းက အစိုးရ ရောင်းစျေးအပေါ် အခြေခံထားပြီး သူ့က ထိုရောင်းစျေးကို လျန်သုံးထောင် ထပ်လျော့ထားခဲ့သေးသည်။
ဘာပဲဖြစ်ဖြစ် သူတို့က သူ့တို့မိသားစုရဲ့အိမ်ဟောင်းကို ပြန်ဝယ်ဖို့ လျန်ငွေ ရှစ်ထောင်လောက် အကုန်အကျ ခံရဦးမယ်။ သူတို့အတွက်တော့ ကြီးမာတဲ့ဆုံးရှုံးမှုပဲ။ ဒီစီရင်စုအမတ်ကတော့ အရင်းအနှီးတောင် မရှိဘဲ အမြတ်ရမှာလေ။
“ကောင်းပြီလေ၊ ဒီစီရင်စုအမတ်မင်းက မင်းတို့လို ဗဟုသုတရှိတဲ့သူတွေကို လော့ချန်မှာ အခြေချနေစေချင်တယ်၊ အဲ့တာကြောင့် ဒီအိမ်ကို ရောင်းပေးဖို့ ဆုံးဖြတ်လိုက်ပြီ"
ကျိရွှေရှန့်နှင့်စူးချင်းတို့က တုံ့ဆိုင်းမနေဘဲ ရုံးတော်ထဲမှ ထွက်သွားသည်ကို မြင်လိုက်ရသောကြောင့် သူတို့ အမှန်တကယ် မဝယ်ချင်ကြတော့မှန်း သူ ရိမ်မိလိုက်သည်။ ထို့ကြောင့် စီရင်စုအမတ်က ကျိရွှေရှန့်တို့ကို ပြန်လိုက်ခေါ်ရန် သူ့လူများကို အမိန့်ပေးလိုက်ပြီး သူ့နှလုံးသား၏နာကျင်မှုကို တောင့်ခံကာ စူးအိမ်တော်ကို စျေးနိမ့်နိမ့်ဖြင့် ရောင်းချပေးခဲ့သည်။
စူးချင်းနှင့် ကျိရွှေရှန့်တို့က စူးအိမ်တော်ကို လျန်ရှစ်ထောင်ဖြင့် ပြန်ဝယ်နိုင်ခဲ့ကြပြီး လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ကာ စာချုပ်တွင် အမည်များ ပြောင်းလဲလိုက်ပြီး သော့နှင့်အတူ စူးအိမ်တော်ဟောင်းသို့ ပြန်လာခဲ့ကြသည်။
စူးချင်းက အိမ်ဟောင်း၏ အဝင်ဝတွင် ရပ်နေရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
သူမ ဒီကို ပထမဆုံးအကြိမ်ရောက်တုန်းက စူးဟန်ရွှမ်က သူမရဲ့အဖေမှန်း သူမ မသိသေးဘူး။ အဲ့အချိန်တုန်းက သူမ ဒီအိမ်ကြီးကို အရမ်းနှစ်သက်ခဲ့မိတယ်။ အခုလည်း သူမ ဒီအိမ်ကို ကြိုက်နေမိတုန်းပဲ၊ ဒါပေမယ့် အခြေအနေတွေက ပြောင်းလဲသွားခဲ့ပြီ။ တော်သေးတာက နောက်ဆုံးမှာ ကံကောင်းလို့ ဒီအိမ်ကြီးက သူမလက်ထဲ ပြန်ရောက်လာခဲ့တယ်။
သူမ ပေးခဲ့ရတဲ့ လျန်ရှစ်ထောင်? ဒီစီရင်စုအမတ်က ငွေ ရှာဖို့ စိတ်အားထက်သန်နေပေမယ့် သူ ဒီငွေကို သုံးခွင့်ရဖို့ဆိုတာ သူ အသက်ရှည်း မရှည်ကို ထည့်တွက်ရမှာပေါ့။
ကျိရွှေရှန့်က တံခါးပေါ်တွင် ချတ်ပိတ်ထားသည့် အနီရောင်စာရွက်များကို ဆုတ်ဖြဲလိုက်ပြီး သော့ဖွင့်လိုက်သည်။
တံခါးကို ပြုပြင်ထိန်းသိမ်းထားခြင်း မရှိတော့သောကြောင့် တံခါးကို တွန်းဖွင့်လိုက်သည်နှင့် တကျွီကျွီမြည်သံများက နားမခံလောက်အောင် ထွက်ပေါ်လာတော့သည်။ ခြံဝင်းထဲတွင် သစ်ရွက်ခြောက်များ ဖုံးလွှမ်းနေပြီး ယခင်က တင့်တယ်လှပနေခဲ့ဖူးသည့် အဖိုးတန်ပန်းများကလည်း ညှိုးနွမ်းနေခဲ့သည်။ ကန်အတွင်းရှိ ရေများခန်းခြောက်သွားသောကြောင် ကျောက်ဆောင်များအောက်ရှိ ကြာပန်းများလည်း ညှိုးခြောက်နေပြီး နေရာတိုင်းတွင် ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခုကို သူတို့ ဖြစ်လိုက်ရသည်။
ကောင်းကင်က မှောင်စပြုလာပြီဖြစ်၍ လေအေးများ တိုက်ခတ်နေရာ အရိုးကွဲမတက် အေးစက်လာပြန်သည်။
လူသေဖူးသော အိမ်တစ်အိမ် ဖြစ်သည့်အလျှောက် ယင်ချီများကလည်း သဘာဝအတိုင်း ပျံ့နှံနေလေသည်။
"ကိုယ်တို့ ဒီတစ်ညတော့ ဒီအတိုင်းပဲ နေရတော့မယ်၊ မနက်ဖြန်မှ သန့်ရှင်းရေးလုပ်ဖို့ အစေခံ နည်းနည်း သွားရှာကြတာပေါ့"
ကျိရွှေရှန့်က စူးချင်း၏မျက်လုံးထဲများတွင် နာကျင်ရိပ်များကို မြင်နိုင်ခဲ့ပြီး စူးချင်းက သူမတို့အိမ် ပျက်စီးနေသည်ကို မကြည့်ရက်နိုင်မှန်း သူ နားလည်ပေးနိုင်ခဲ့သည်။ ယခု နောက်ကျနေပြီ ဖြစ်သောကြောင့် အရင်ဆုံး အနားယူနိုင်ရန် အခန်းကိုသာ သန့်ရှင်းရေး လုပ်ရမည် ဖြစ်ပြီး ကျန်နေသည့်အရာများကို မနက်ဖြန်အတွက်သာ ချန်ထားနိုင်တော့သည်။
“အင်း”
စူးချင်းက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး အိမ်နောက်ဖေးဘက်သို့ ဝင်သွားလိုက်သည်။
“အာ.... အာ…”
စူးချင်း အနောက်ဘက်သို့ ရောက်လာချိန်တွင် သစ်ပင်ပေါ်ရှိ ကျီးကန်းများက ထိတ်လန့်သွားပြီး အစုလိုက်အပြုံလိုက် ပျံပြေးသွားကြသည်။
ကျီးကန်းတွေ ပြိုရင် လူ သေလိမ့်မယ်လို့ ရှေးလူကြီးတွေက ပြောကြတယ်။ ပြီးတော့ ဒီလိုငှက်မျိုးတွေမှာ သေခြင်းရဲ့အရိပ်အာဝါသ ရှိနေတာကြောင့် ကျီးကန်းတွေ ရှိနေတာက ကံမကောင်းဘူးလို့လည်း ပြောကြသေးတယ်။
စူးချင်းက မြေပြင်ပေါ် ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီး သူမ၏လက်ထဲမှာ ခြေမွကာ ကျီးကန်းများကို ပစ်ပေါက်လိုက်သည်။ ကျီးကန်းအများကို ထိမှန်သွားပြီးနောက် ထိုကျီးအုပ်က အော်ဟစ်ကာ ထွက်ပြေးသွားတော့သည်။
ကျိရွှေရှန့်က ရေကို ယူကာ အခန်းကို သန့်ရှင်းရေးလုပ်နေခြပြီး ယနေ့ည ပင်မအခန်းတွင်သာ နေရန် ဆုံးဖြတ်လိုက်သည်။ စူးချင်းကတော့ မိခင်ဖြစ်သူ၏ အတွင်းခန်းဆီသို့ သွားနေခဲ့သည်။ သို့သော် သူမထံတွင် မျှော်လင့်ချက်များစွာ ရှိမနေခဲ့ပေ။
အိမ်ကို ဝင်စီးပါတဲ့ဆိုမှ ဘယ်သူက လက်ဝတ်ရတနာတွေကို ချန်ထားပေးခဲ့မှာလဲ?
သူမ မျှော်လင့်ထားသည့်အတိုင်း မှန်တင်ခုံက လွတ်နေပြီး လက်ဝတ်ရတနာသေတ္တာကလည်း မရှိတော့ပေ။
သူမ၏အမေ အဖိုးတန်ပစ္စည်းများ သိမ်းဆည်းထားတတ်သည့် အခန်းငယ်လေးကိုပင် သူမ သွားကြည့်ခဲ့သော်လည်း ထိုအခန်းကလည်း ဗလာကျင်းနေပြီ ဖြစ်သည်။
ဘုရားဆောင်အတွင်းမှ ရွှေချထားသည့် ဗုဒ္ဓရုပ်ပွားတော်များကိုပင် သိမ်းဆည်းသွားခဲ့ကြပြီး အဖိုးမတန်သည့် ပရိဘောဂများသာ ကျန်ရှိနေတော့သည်။
အခန်းအတွင်း၌ နေရာတိုင်းတွင် ဖုန်မှုန့်များ ရှိနေသောကြောင့် ကျိရွှေရှန့်က စူးချင်းကို ထိုညစ်ပတ်သောအလုပ်များ မလုပ်ခိုင်းရက်ပေ။ ထို့ကြောင့် သူကိုယ်တိုင် သန့်ရှင်းရေး လုပ်နေခဲ့ခြင်း ဖြစ်သည်။
ခဏအကြာတွင် ကျိရွှေရှန့်က ရေယူရန်အတွက် ရေပုံးတစ်ပုံးဖြင့် အိမ်နောက်ဖေးဘက်သို့ ထွက်လာခဲ့သည်။ ထိုနေရာတွင် လေများ တိုက်ခတ်နေပြီး ကြွေကျနေသော သစ်ရွက်များ လွင့်ပျံနေရာ အိမ်အနောက်ဘက်က ပိုအကျဉ်းတန်နေပြီး ပိုကြောက်စရာကောင်းသည်ဟု ထင်ရစေသည်။
ကျိရွှေရှန့်ကတော့ ထိုအရာများကို လုံးဝ မကြောက်ပေ။
သူ သရဲတစ္ဆေတွေကို မတွေ့ဘူးဘူး။ အဲ့တော့ သရဲတစ္ဆေတွေ တကယ်ရှိတယ်လို့ သူ မယုံဘူး။ ရှိရင်လည်း သူကတော့ သတ်ပစ်လိုက်မှာပဲ။
ကျိရွှေရှန့်က ရေတွင်းကို ရှာတွေ့သွားပြီး ရေပုံးကို ရေတွင်းထဲသို့ ပစ်ချကာ ရေမျက်နှာပြင်ပေါ်ရှိ ညစ်ပတ်သောအရာများကို ဖယ်ရှားရန် ရေပုံးကို ကြိမ်ဖန်များစွာ ဘယ်ညာ လှုပ်ယမ်းလိုက်သည်။ ထို့နောက် ရေတစ်ပုံးကို ခပ်ယူနေရင်း ထူးဆန်းသော အသံတစ်ခုကိ ကြားလိုက်ရသည်။
ကျိရွှေရှန့် မော့ကြည့်လိုက်ရာ အေးစက်သော လေပြင်းများထဲတွင် အနက်ရောင် အရိပ်တစ်ခု လွင့်ပျံနေသည်ကို သူ တွေ့လိုက်ရသည်။ ထို့အပြင် ယောက်ျားသံ မိန်းမသံ မခွဲခြားနိုင်သည့် ညည်းတွားအော်ဟစ်သံများက လေထဲမှ ထွက်ပေါ်လာပြန်သည်။
"ဟင့်၊ ဟင့်၊ ငါက မတရားသေခဲ့ရတာ... ငါ့ခေါင်း ပြန်ပေး၊ ငါ့ခေါင်းကို ပြန်ပေးစမ်း..."