တွက်ချက်မှု
Vol. 28 Ch. 410
"ဟွန့်၊ မင်းက လှည့်စားရဲတယ်ပေါ့”
ကျိရွှေရှန့်က အေးစက်စွာ နှာမှုတ်လိုက်ပြီး ရေပုံးထဲမှ ရေများကို ထိုအနက်ရောင်အရိပ်ဆီသို့ လှမ်းပက်လိုက်သည်။ အနက်ရောင်အရိပ်ကလည်း သူ့ဆီသို့ ပြေးဝင်လာခဲ့ပြီး ကျိရွှေရှန့်တစ်ယောက် ဖြူဖျော့နေသော မျက်နှာတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ ထိုအနက်ရောင်ဝတ်တစ္ဆေ၏လက်များက လင်းယုန်ခြေသည်းများကဲ့သို့ ဖြစ်နေပြီး ထိုချွန်ထက်သောလက်သည်းများက ကျိရွှေရှန့်၏မျက်နှာဆီသို့ ဆန့်ထွက်လာသည်။ သို့သော်လည်း ထိုလက်သည်းများ ကျိရွှေရှန့်ကို မထိနိုင်သေးခင် ရေတစ်ပုံးလုံး လောင်းချခံလိုက်ရသည်။
“အဟွတ်... အဟွတ်”
အငိုက်မိသွားသည့် တစ္ဆေက ရေမွန်းသွားပြီး ချောင်းများ အဆက်မပြတ် ဆိုးနေလေသည်။ သူ့က သူကိုယ်သူ ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သောကြောင့် ကျိရွှေရှန့်က ထိုတစ္ဆေကောင် တုံ့ပြန်လာနိုင်မည့် အခွင့်အရေးမျိုး မပေးတော့ဘဲ သူ့ခေါင်းကို ရေပုံးဖြင့် လှမ်းရိုက်ရာ တစ္ဆေက မြေပေါ်သို့ လဲကျသွားခဲ့သည်။
"ဘယ်သူက ဒီနေရာကို လာပြီး လှည့်ကွက်တွေ ကစားရဲတာလဲ?"
ကျိရွှေရှန့်က သူ့၏လွမ်တောင်ကို ဆွဲထုတ်လိုက်ပြီး ထိုအနက်ရောင်ဝတ်ရုံဝတ် တစ္ဆေ၏ လည်ပင်းကို ဓားဖြင့် ဖိကပ်ထားလိုက်သည်။ သူ၏ အေးစက်သော အသံတွင် သတ်ဖြတ်ခြင်းရောင်ဝါများ ပြည့်နှက်နေခဲ့သည်။
“သူ့ကို လွှတ်လိုက်”
ကျိရွှေရှန့်၏ အနောက်မှ ခပ်တိုးတိုး အော်ငေါက်သံတစ်ခု ထွက်ပေါ်လာပြီး မကြာခင်မှာပင် ခြံဝင်းထဲ၌ လူဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။ အရှေ့တန်းမှ လူများက လက်နက်များ ကိုင်ဆောင်ထားပြီး ကျိရွှေရှန့်ကို ကြည့်နေကာ သူတို့လူကို လွှတ်ပေးရန် အမိန့်ပေးနေခဲ့သည်။
ကျိရွှေရှန့်က အနက်ရောင်ဝတ်ရုံဝတ် တစ္ဆေကို မြေပြင်ပေါ်မှ ဆွဲမလိုက်သော်လည်း လွမ်တောင်၏ဓားသွားကတော့ သူ့လည်ပင်းပေါ်မှ လုံးဝ မရွေ့သွားခဲ့ပေ။ ထက်ရှလွန်းသည့်ဓားသွားက အနက်ရောင်ဝတ်ရုံဝတ်တစ္ဆေ၏လည်ပင်းကို ဖြတ်မိလုနီးပါး ဖြစ်နေသောကြောင့် ထိုတစ္ဆေက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"အစ်ကိုကြီး၊ ကျွန်တော့်ကို ကယ်ပါဦး။ ကျွန်တော်ကို ကယ်ပေးပါ"
"မင်းတို့ လူကို ပြန်လုဖို့ ကြိုးစားကြည့်ချင်လား?"
ကျိရွှေရှန့်က အေးစက်နေသည့်အကြည့်များကို သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး လရောင်၏အကူအညီကြောင့် ထိုလူများ၏အသွင်အပြင်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူတို့အဝတ်အစားများက စုတ်ပြဲနေပြီး သူတို့ကိုယ်တိုင်က ပိန်လှီနေကာ သူတို့ကိုင်ဆောင်ထားသော လက်နက်များကလည်း ကျိုးပဲ့နေသောလက်နက်များ ဖြစ်နေသည်။ သူတို့ကို ဦးဆောင်နေသည့်လူကို မြင်လိုက်ရချိန်တွင် ကျိရွှေရှန့်က သူ့အတွက် အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရသည်။
ကောလုံကျန်းက ကျိရွှေရှန့်ဆီသို့ လက်သီးအုပ် ဦးညွှတ်ကာ တောင်းပန်လိုက်သည်။
“ငါ့ရဲ့ညီအစ်ကို့ကို လွှတ်ပေးပါ၊ ငါတို့ ဒီအိမ်ကနေ ထွက်သွားပေးပါ့မယ်”
"ခင်ဗျားတို့က ပုန်ကန်နေတာလား?"
ကျိရွှေရှန့်က မျက်တောင်မခတ်ဘဲ ကောလုံကျန်းကို ပြန်မေးလိုက်သည်။ အဓိက အကြောင်းအရင်းက ထိုလူ၏ကိုယ်အလေးချိန် အရမ်းကျသွားသောကြောင့် သူ အတည်ပြုချင်နေခြင်းပင်။
“ညီအစ်ကို၊ မင်းရဲ့အိမ်ကို သိမ်းပိုက်ထားတာက ငါတို့ အမှားပါ။ ငါ မင်းကို တောင်းပန်တယ်။ ဒါပေမယ့် ငါတို့ရဲ့ အထောက်အထားတွေကို မမေးတာက မင်းအတွက် အကောင်းဆုံးပဲ”
ကောလုံကျန်းက ကျိရွှေရှန့်ကို လက်သီးအုပ်ကာ တောင်းပန်နေဆဲ ဖြစ်ပြီး သူက သူ့၏ညီအစ်ကိုကောင်းအတွက် ကျိရွှေရှန့်အား တောင်းပန်ရန် မတွန့်ဆုတ်မနေခဲ့ပေ။
ကျိရွှေရှန့်က သူ့ကို အေးအေးဆေးဆေး ထပ်မေးလိုက်သည်။
“ဆိုတော့ အာဏာပိုင်တွေက ခင်ဗျားတို့ကို လိုက်ဖမ်းနေပြီး ခင်ဗျားတို့က ဒုက္ခတွေကို ရှောင်တိမ်းဖို့ ကျူပ်အိမ်ကို ပြေးလာကြတယ်ပေါ့။ ပြီးတော့ ခင်ဗျားတို့ကို ရှာမတွေ့အောင် သရဲတစ္ဆေလို ဟန်ဆောင်ထားကြတာလား?"
“ဟုတ်တယ်၊ ငါတို့ ပုန်ကန်တယ်။ အဲတော့ ဘာဖြစ်လဲ? တော်ဝင်ရုံးတော်က သာမန်ပြည်သူတွေကို အသက်ရှင်ခွင့် မပေးချင်ကြဘူး။ အဲ့လိုဆိုမှတော့ ငါတို့က ဘာကြောင့် သည်းခံနေရမှာလဲ။ ညီလေး၊ မင်း ငါတို့ကို လွှတ်ပေးရင် ငါတို့ ဒီနေရာမှာပဲ လမ်းခွဲကြမယ်၊ တစ်ယောက်ကို တစ်ယောက် မနှောင့်ယှက်တော့ဘူး။ မင်းရဲ့နေအိမ်ကိုလည်း နောက်တစ်ခါ ထပ်မလာတော့ဘူးလို့ ငါတို့ ကတိပေးနိုင်တယ်။ မင်း ငါတို့ကို ခွင့်မပြုရင်တော့…”
ကောလုံကျန်းက သူ့စကားမဆုံးမှာပင် သူ့ဓားကို အလျားလိုက် မြှောက်ကိုင်လိုက်သည်။
“ဒါဆိုရင်တော့ ဒီနေရာမှာ ငါတို့ ညီအကိုတွေရဲ့သွေးတွေ စွန်းထင်းရတော့မယ်”
"အစ်ကိုကြီးကော၊ ခင်ဗျား ကျုပ်ကို မမှတ်မိတော့ဘူးလား?"
အနက်ရောင်၀တ်တစ္ဆေကို ကောလုံကျန်း လွှတ်လိုက်ကြောင်း သေချာသွားချိန်တွင် ကျိရွှေရှန့်က လက်သီးအုပ်လိုက်ပြီး ကောလုံကျန်းကို ပြုံးပြလိုက်သည်။
"မင်းက?"
ကောလုံကျန်းက ကျိရွှေရှန့်ကို အကဲခတ်လိုက်ပြီး အဆင့်တန်းမြင့်မြင့် ၀တ်ဆင်ထားသော လူလတ်ပိုင်းတစ်ဦးဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဒီလူက ရုပ်ရည်ချောမောပေမယ့် သူ ဒီလူ့ကို တစ်ခါမှ မမြင်ဖူးတာတော့ သေချာပါတယ်။
"အစ်ကိုကြီးကော၊ ခင်ဗျားက ကျုပ်ကို ပုန်ကန်ဖို့တောင် ဆွဲခေါ်ဖူးသေးတယ်လေ!"
ကျိရွှေရှန့်က သူ့ကို အရိပ်အမြွက်ပေးလိုက်သည်။
“ပုန်ကန်ချင်တဲ့သူတွေ အများကြီးရှိပေမယ့် မင်းနဲ့တူတဲ့သူတော့ မရှိဘူး”
ကောလုံကျန်းက ကျိရွှေရှန့်ကို အလွန်အလေးအနက်ထားနေပြီး ဤလူကို သူ ယခင်က မမြင်ဖူးခဲ့ကြောင်း အတည်ပြုလိုက်သည်။
“အဲဒီတုန်းက ကျုပ် လူတစ်စုကို ဦးဆောင်ပြီး ကပ်ဘေးကနေ ရှောင်တိမ်းလာခဲ့တာ…”
ကျိရွှေရှန့်က ထပ်ပြုံးလိုက်ပြီး သူ ကောလုံကျန်းနှင့် တွေ့ခဲ့သည့် အခြေအနေကို ပြောပြလိုက်သည်။
"မင်း.... အဲ့တာ မင်းလား။ မင်း... ဘာလို့... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? မင်း ဘာလို့ ဒီလောက် ပြောင်းလဲသွားရတာတုန်း”
ကောလုံကျန်းက ကျိရွှေရှန့်ကို အလွန် သဘောကျခဲ့ဖူးကြီး လေးလေးနက်နက် မှတ်မိနေခဲ့သည်။ ထိုအချိန်တုန်းက သူ ကျိရွှေရှန့်ကို သူ့အဖွဲ့ထဲသို့ ဆွဲသွင်းချင်ခဲ့ပြီး ကျိရွှေရှန့်အား ပြောခဲ့သည့်စကားများကို ပြန်သတိရသွားခဲ့သည်။ သူက သူ့ဓားကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ကျိရွှေရှန့်အား စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်သည်။
“ကျုပ် ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားတာပါ”
ကျိရွှေရှန့်က သူ့ကို အိမ်ထဲသို့ နွေးနွေးထွေးထွေး ဖိတ်ခေါ်လိုက်သည်။
"အစ်ကိုကြီးကော၊ အထဲမှာ စကားပြောရအောင်။ ကျုပ် စားစရာနဲ့ သေရည် သွားဝယ် ပေးမယ်၊ ကျုပ်တို့ ညီအစ်ကိုတွေ ကောင်းကောင်း သောက်ကြရအောင်"
"ကောင်းတယ် ကောင်းတယ်။ မင်း ငါတို့ကို ရယ်မှာကို ငါ ကြောက်မနေတော့ဘူး။ တကယ်တော့ ငါတို့ ကောင်းကောင်း မစားရတာ ကြာနေပြီ။ အပြင်မထွက်ရဲတော့ ဒီအိမ်ထဲမှာပဲ လိပ်လို ပုန်းနေရတာလေ၊ ဘယ်လောက်တောင် သူရဲဘောကြောင်လိုက်သလဲ!"
ကောလုံကျန်း၏မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အမူအရာများ ရှိနေခဲ့သည်။ သူတို့၏ပုန်ကန်မှုက သူတို့၏စိတ်ဆန္ဒအပေါ် မူတည်ခဲ့သော်လည်း စိတ်ဆန္ဒတစ်ခုတည်း ရှိရုံဖြင့် ဘာမှ မစွမ်းဆောင်နိုင်ပေ။ ထိုသို့သော ကိစ္စကြီးမျိုးကို ဆောင်ရွက်နိုင်ရန် အကြွင်းမဲ့ ခွန်အား လိုအပ်ကြောင်း သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ အင်အားကြီးမာသော တော်ဝင်ရုံးတော်မှ စစ်တပ်၏ ဖိနှိပ်မှုအောက်တွင် သူ ခက်ခက်ခဲခဲ စုစည်းထားသော အဖွဲ့က ထိုးနှက်ချက်တစ်ချက်ကိုပင် တောင့်မခံနိုင်ခဲ့ပေ။
တော်ဝင်ရုံးတော်မှ စစ်တပ်၏ လိုက်ဖမ်းခြင်းကို ရှောင်ရှားရန် သူတို့ စူးမိသားစု၏ အိမ်ဟောင်းတွင် ပုန်းအောင်နေခဲ့ရပြီး သရဲတစ္ဆေအဖြစ် ဟန်ဆောင်နေခဲ့ရသည်။ သူ ပြန်တိုက်ခိုက်ရန် အပြေးအလွှား ထွက်သွားဖို့ စိတ်ကူးခဲ့ဖူးသော်လည်း သူ့ထံတွင် ထောင်နှင့် ချီသော စစ်သည်နှင့် မြင်းများ ရှိနေစဥ်ကပင် သူ ရှုံးနိမ့်ခဲ့သည်။ ယခု မြို့များ၏ ခံစစ်များကို ဝမ်မိသားစုစစ်တပ်က တာဝန် ယူထားပြီး ယခင်ကထက် ပိုအားကောင်းနေပြီ ဖြစ်သည်။ သူတို့ အပြင်ထွက်လိုက်ခြင်းက ကိုယ့်ကိုကိုယ် သက်သေခြင်းနှင့် ညီမျှပေသည်။
သူ တစ်ယောက်တည်း သေသွားရလျှင် အဆင်ပြေနိုင်သော်လည်း သူ့၏ညီအစ်ကိုများ အပြစ်မဲ့ သေဆုံးရမည်ကိုတော့ သူ သည်းမခံနိုင်ပေ။ ထို့ကြောင့် သူက စူးအိမ်တော်တွင် လအနည်းငယ်ကြာ ပုန်းအောင်းရင်း ရုန်းကန်နေခဲ့သည်။ အစပိုင်းတွင် စားစရာ ရှာနိုင်ခဲ့သော်လည်း ယခုအချိန်တွင် ခဲယမ်းမီးကျောက်နှင့် စားစရာများ ကုန်ခါနီးနေပြီ ဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားရလျှင် နန်းတွင်းမှ စစ်တပ်များက သူတို့ကို ရှာမတွေ့လျှင်တောင် သူတို့ ငတ်သေတော့မည် ဖြစ်သည်။
“အဆင်ပြေပါတယ်။ အားရပါးရ စားကြ၊ စားသောက်ပြီးတာနဲ့ ခင်ဗျားတို့က သူရဲကောင်းတွေ ပြန်ဖြစ်လာရမယ်။ ကျုပ်တို့ ဆက်ပြီး ပုန်ကန်ကြမယ်”
ကျိရွှေရှန့်က ကောလုံကျန်းကို ယောက်ျားတစ်ယောက်အဖြစ် သတ်မှတ်ကာ လေးစားသဘောကျနေခဲ့သည်။ ထို့အပြင် သူ့အတွက်လည်း တပ်ဖွဲ့ဝင်များ ခေါ်ယူရန် အရေးတကြီး လိုအပ်နေပြီး ကောလုံကျန်းတွင် ညီအစ်ကို လေးဆယ်ကျော်ရှိသောကြောင့် မှန်ကန်စွာ လေ့ကျင့်ပေးနိုင်လျှင် သူ့အတွက် ခွန်အားအသစ်တစ်ခု ဖြစ်လာပေလိမ့်မည်။
"ဟင်?"
ကောလုံကျန်းက ကျိရွှေရှန့်ကို သံသယဖြင့် ပြန်ကြည့်လိုက်သည်။
အရင်တုန်းက သူ ပုန်ကန်ဖို့ အကြံပေးခဲ့ပေမယ့် ကျိရွှေရှန့်က သဘောမတူခဲ့ပေ။ အခု သူ့မှာ ပိုက်ဆံရှိနေပြီလေ၊ ဘာလို့ ပုန်ကန်ချင်နေသေးတာလဲ?
"အင်း၊ အချိန်တန်ရင် ကျုပ်တို့ ညီအကိုတွေ အသေးစိပ် ပြောကြမယ်"
ကောလုံကျန်း၏မျက်လုံးများမှ ရှုပ်ထွေးမှုများကို မြင်လိုက်ရသောကြောင့် ကျိရွှေရှန့်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကောလုံကျန်း၏ပခုံးကို ရင်းရင်းနှီးနှီး ပွေ့ဖက်ကာ အိမ်ရှေ့ခြံဝင်းဆီသို့ လျှောက်လာခဲ့သည်။
ကျိရွှေရှန့်၏ရယ်မောသံကို ကြားလိုက်ရသည့် စူးချင်းက ကျိရွှေရှန့်ကို ရှာဖွေရန် ဝတ်ပြုဆောင်ထဲမှ ပြန်ထွက်လာခဲ့သည်။ သူမ အခန်းထဲမှ ထွက်လာပြီး လရောင်အောက်သို့ လှမ်းကြည့်လိုက်ရာ ကျိရွှေရှန့်က လူဒါဇင်ပေါင်းများစွာကို ခေါ်ပြီး အိမ်နောက်ဖေးဘက်မှ ထွက်လာသည်ကို သူမ တွေ့လိုက်ရသည်။
"ချင်းအာ၊ လာကြည့်ပါဦး။ သူက ဘယ်သူလို့ ထင်လဲ?!"
ကျိရွှေရှန့်ကလည်း စူးချင်း ထွက်လာသည်ကို မြင်သွားပြီး ဝမ်းသာအားရ အော်ပြောလိုက်သည်။
စူးချင်းက သူတို့နားသို့ လျှောက်သွားလိုက်ပြီး အနီးကပ် ကြည့်လိုက်မှ ကောလုံကျန်းကို မှတ်မိနိုင်ခဲ့သည်။ ကောလုံကျန်းက အလွန်ပိန်လှီနေပြီး အရိုးစုတစ်ခုသာသာ ဖြစ်နေသောကြောင့် သူ့၏မူရင်းအသွင်အပြင် ပျောက်ဆုံးနေခဲ့သည်။
“သူ(မ)က…?”
စူးချင်းကလည်း သူမကိုယ်သူမ ရုပ်ဖျက်ထားသောကြောင့် ကောလုံကျန်း သူမကို မမှတ်မိနိုင်သည်မှာ သဘာဝကျလှသည်။ ထို့ကြောင့် သူက ကျိရွှေရှန့်ကို လှမ်းမေးလိုက်သည်။
"သူ(မ)က ကျုပ်ရဲ့ဇနီးလောင်းပါ၊ အစ်ကိုကြီးကော စိတ်ပူဖို့ မလိုပါဘူး"
ကျိရွှေရှန့်က သူ့ကို အပြုံးဖြင့် နှစ်သိမ့်ပေးလိုက်သည်။ ကျိရွှေရှန့်က သူမကို ဇနီးလောင်းအဖြစ် မိတ်ဆက်ပေးလိုက်ချိန်တွင် စူးချင်းက သူ့ကို တစ်ချက်မော့ကြည့်လိုက်သည်။ သူ၏အမူအရာက သဘာဝကျလွန်းနေသောကြောင့် သူမသာ သူမတို့နှစ်ယောက်၏ဆက်ဆံရေးအကြောင်း မသိထားလျှင် စူးချင်းက သူမတို့ စေ့စပ်ထားပြီးသည်မှာ ကြာမြင့်နေပြီဟု ထင်သွားမိပေလိမ့်မည်။
"အိုး၊ တွေ့ရတာ ဝမ်းသာပါတယ် မိန်းခလေး"
ကျိရွှေရှန့်၏ မိတ်ဆက်ပေးသံကို ကြားလိုက်ရတွင် ကောလုံကျန်းက သူ့လက်သီးကို အမြန်ဆုပ်ကိုင်လိုက်ပြီး စူးချင်းကို နှုတ်ဆက်လိုက်သည်။
“အင်း”
စူးချင်းကတော့ ခေါင်းညိတ်ရုံသာ တုံ့ပြန်လိုက်သည်။ သူမက ထိုကဲ့သို့ အရေးမပါသည့် လူမှုဆက်ဆံရေးများကို လုံးဝ မကြိုက်ပေ။
"ချင်းအာ၊ အစ်ကိုကြီးကောတို့ ညီအစ်ကိုတွေနဲ့အတူ အရက်ကောင်းကောင်းသောက်ချင်တယ်၊ မင်း သွားဝယ်ပေးလို့ ရမလား?"
စူးအိမ်တော်တွင် ချက်ပြုတ်ရန် ဘာမှ မရှိသောကြောင့် အပြင်ထွက်ပြီး စားသောက်ဆိုင်သို့ သွားဝယ်ရန်သာ ရှိတော့သည်။ ကျိရွှေရှန့်က စူးချင်းကို ဤသူပုန်အဖွဲ့ကြီးနှင့်အတူ မထားခဲ့နိုင်သောကြောင့် သူမ သွားဝယ်ပေးရန်သာ တောင်းဆိုရတော့သည်။
စူးချင်းက သဘောတူလိုက်ပြီး စူးအိမ်တော်မှ ထွက်ခွာလာခဲ့သည်။ မည်သူ့မျှ အထဲသို့ မဝင်နိုင်ရန် သူမက တံခါးကို သေချာသော့ပြန်ခတ်လိုက်သည်။
အကယ်၍ အစိုးရက ထိုသူပုန်များ ခိုအောင်းနေကြောင်း တွေ့ရှိသွားပါက သူတို့ကို ချက်ချင်း သုတ်သင်ရှင်းလင်းမည်ပင်။
စူးချင်း ထွက်လာချိန်တွင် တစ်ဖက်လမ်းကြားမှ စောင့်ကြည့်နေသော လူနှစ်ယောက် ထွက်လာပြီး စိတ်ရှုပ်နေဟန်ဖြင့် စူးချင်း၏နောက်ကျောကို လှမ်းကြည့်နေကြသည်။
သူမက သရဲခြောက်တဲ့အိမ်မှာ နေတဲ့အပြင် ညဘက်ကြီးတောင် တစ်ယောက်တည်း အပြင်ထွက်လာရဲတယ်တဲ့လား?
"ဒီအိမ်က တကယ် သရဲခြောက်တယ်လို့ မင်း ထင်လား?"
"ငါ မသိဘူး။ သခင်ကြီးက ဒီစုံတွဲကို စောင့်ကြည့်ဖို့နဲ့ သူတို့နဲ့ပတ်သက်ပြီး သံသယဖြစ်စရာ တစ်ခုခုတွေ့ရင် သတင်းပို့ဖို့ပဲ ညွှန်ကြားထားတာ”