← Chapters

လော့ချန်ကို မွှေနှောက်ခြင်း

Vol. 28 Ch. 411

လော့ချန်ကို မွှေနှောက်ခြင်း

Vol. 28 Ch. 411

ယနေ့ည ဤအိမ်၌ တစ္ဆေများက ထိုစုံတွဲအား မသတ်လျှင် သူတို့အား ရာဇဝတ်မှုဖြင့် စွပ်စွဲရန် အကြောင်းပြချက်ရှာပြီး စူးအိမ်တော်ကို ထပ်မံသိမ်းယူမည်ဟု စီရင်စုအမတ်မင်းက အမိန့်ပေးထားပြီး ဖြစ်သည်။

ဟင်း... သူတို့ သခင်ကြီးကို ဘယ်သူက ဈေးလာဆစ်ရဲတာတုန်း။ လော့ချန်ရဲ့သခင်က ဘယ်သူလဲဆိုတာ သူတို့ မသိဘူးလား?

သူတို့ကို ချောက်ချဖို့က အရမ်းလွယ်တယ်လေ။ သူတို့အိမ်ထဲကို ရာဇဝတ်သင့်နိုင်မယ့် ပစ္စည်းအနည်းငယ် သွားထည့်ထားလိုက်တာနဲ့ သူတို့ကို အလွယ်တကူ ဖမ်းဆီးပြီး တော်ဝင်ရုံးတော်က အလိုရှိနေတဲ့ ရာဇ၀တ်သားနှစ်ဦးလို့ နာမည်တပ်ပေးလိုက်လို့ရတယ်။

“သူတို့ကို သရဲတစ္ဆေက သတ်သလား ဒါမှမဟုတ် ငါတို့ရဲ့သခင်ကြီးက သတ်မှာလားဆိုတာ စောင့်ကြည့်ရအောင်”

“ဟုတ်ပ၊ ဘာပဲဖြစ်ဖြစ် သူတို့က ဒီတစ်ညပဲ အသက်ရှင်နိုင်တော့မှာ.... ငါတို့ အေးအေးဆေးဆေး စောင့်ကြည့်ရအောင်!"

ရဲမက်နှစ်ယောက်က ရွှင်မြူးစွာ စကားပြောနေကြပြီး ရုတ်တရက် အေးစက်သော လေပြင်းများ တိုက်ခတ်လာကာ ကောင်းကင်မှ တစ်စုံတစ်ခု ပြုတ်ကျလာပုံရသည်။ သူတို့ မော့ကြည့်လိုက်ချိန်တွင် ကြောက်စရာကောင်းသည့် သရဲတစ္ဆေမျက်နှာကြီးကို တွေ့လိုက်ရပြီး ရှည်လျားသော အနီရောင်လျှာကြီးက သူတို့ဆီသို့ ပျံသန်းလာသည်။ နှစ်ယောက်သား ကြောက်လန့်တကြား အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူတို့၏ခြေထောက်များက အားနည်းလာကာ သူတို့ ထပြေးချင်လျှင်ပင် မပြေးနိုင်ကြတော့ချေ။

ထိုတစ္ဆေ၏မျက်နှာကြီး နီးကပ်လာသည်ကို မြင်လိုက်ရချိန်တွင် အနီရောင်လျှာအရှည်ကြီးက သူတို့၏လည်ပင်းကို ရစ်ပတ်လာပြီး သူတို့ အကြောက်လွန်ကာ မေ့မျောသွားကြသည်။

စူးချင်းက အနီရောင်အ၀တ်ဖြင့် ပြုလုပ်ထားသော လျှာအတုကို ပြန်ဖယ်ထုတ်လိုက်သည်။ သူမက ထိုရဲမတ်နှစ်ယောက်၏စကားများကို ကြားနိုင်ခဲ့သည်။

သူမက အဲ့ဒီစီရင်စုအမတ်ကို တစ်ညတာလောက် အသက်ရှင်ခွင့်ပေးချင်တာလေ၊ အခု သူက သေဖို့ ဒီလောက်စိတ်အားထက်သန်နေမှတော့ သူမက သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့။

ရဲမက်နှစ်ယောက်အတွက်တော့ စူးချင်းက သူတို့ကို မသတ်ဘဲထားရန် ဆုံးဖြတ်လိုက်သည်။ သူမက သူတို့နှစ်ယောက်လုံးကို အာရုံထွေပြားစေမည့် ဆေးတစ်မျိုး တိုက်ကျွေးခဲ့ပြီး ကျန်သည့်အလုပ်ကို သူတို့ ထံသို့ ပေးအပ်ထားခဲ့သည်။

ဒီလူတွေကို မသတ်လည်း ဘာမှ မဖြစ်ဘူး။ မနက်ဖြန်ဆိုရင် သရဲတစ္ဆေကြောင့် အကြောက်လွန်ပြီး ရူးသွပ်သွားတဲ့ ရဲမက်နှစ်ယောက် ဒီလမ်းထဲမှာ ပေါ်လာလိမ့်မယ်။

ထိုရဲမက်နှစ်ယောက်ကို ဖြေရှင်းပြီးနောက် စူးချင်းက အစားအစာများဝယ်ရန် စားသောက်ဆိုင်သို့ သွားခဲ့သည်။ ရုတ်တရက် အများအပြား ဝယ်ယူခြင်းမျိုး မဖြစ်စေရန် စူးချင်းက စားသောက်ဆိုင်တစ်ဆိုင်ထဲမှ အားလုံး မှာယူခြင်းမျိုး မလုပ်ခဲ့ပေ။ သူမက စားသောက်ဆိုင်တစ်ဆိုင်ချင်းစီမှ ဟင်းပွဲငါးပွဲ ခြောက်ပွဲဆီ မှာယူခဲ့သည်။ ဤနည်းအားဖြင့် သိသာထင်ရှားတော့မည် မဟုတ်ပေ။

အစားအသောက်များ မှာယူပြီးနောက်တွင် စူးချင်းက စူးအိမ်တော်သို့ ပို့ပေးရန် မတောင်းဆိုတော့ဘဲ စားသောက်ဆိုင်မှ အစားအသောက်ပုံးကိုသာ ငှားယူလိုက်ပြီး ဟင်းပွဲများနှင့် အရက်များကို သူမဘာသာ သယ်ဆောင်သွားခဲ့သည်။ နောက်ဆုံးတွင် သူမက ၎င်းတို့ကို စနစ်ထဲသို့ ထည့်ကာ သိမ်းဆည်းလိုက်သည်။

စူးချင်းက စားသောက်ဆိုင်သုံးဆိုင်မှ ဟင်းပွဲ ၁၆ ပွဲ မှာယူခဲ့ပြီး အများစုမှာ အသားနှင့် ဟင်းသီးဟင်းရွက်ဟင်းပွဲများ ဖြစ်သည်။ ထို့အပြင် သူမက စားသောက်ဆိုင်တိုင်းမှ ဖက်ထုပ်နှင့် မုန့်ပေါင်းများကိုလည်း မှာယူခဲ့ပြီး အားလုံးပေါင်းလိုက်လျှင် လူ လေးဆယ်ကျော် စားရန် လုံလောက်သော ပမာဏ ဖြစ်သွားခဲ့သည်။

သူမ ဟင်းပွဲများနှင့် အရက်များ ဝယ်ယူပြီး ပြန်လာချိန်တွင် တစ်စုံတစ်ယောက် အော်ဟစ်နေသည့် ဆူညံသံများကို ကြားလိုက်ရသည်။

“တစ္ဆေ၊ လျှာအရှည်ကြီးနဲ့ တစ္ဆေကြီး”

" တစ္ဆေ၊ တစ္ဆေအကြီးကြီး"

ရဲမက်နှစ်ဦးက လမ်းပေါ်တွင် လဲကျလိုက် ထပြေးလိုက်ဖြင့် တစ်လမ်းလုံးအော်ဟစ်နေကြသည်။ ရှေးခေတ်မှ လူများကလည်း သရဲတစ္ဆေများကို ကြောက်ရွံ့တတ်ကြပြီး သူတို့၏အော်သံကြောင့် လမ်းပေါ်တွင် မနေဝံ့ကြတော့ဘဲ သူတို့၏အိမ်များဆီသို့ ပြန်ပြေးသွားကြသည်။

စူးချင်းက အရူးအမူး ပြေးလွှားနေသည့် ရဲမက်နှစ်ယောက်ကို အေးစက်စက် စိုက်ကြည့်နေပြီးမှ စူးအိမ်တော်သို့ ပြန်သွားခဲ့သည်။

သူမ ပြန်ရောက်သွားချိန်တွင် တံခါးက သော့ခတ်ထားဆဲ ဖြစ်ပြီး စူးချင်းက တံခါးကို ဖွင့်ရန် သော့ကို ထုတ်ကာ သော့ဖွင့်ဝင်သွားလိုက်ပြီး တံခါးကို အတွင်းမှ သေသေချာချာ ပြန်ပိတ်လိုက်သည်။

စူးချင်းက အစားအသောက်သေတ္တာများအားလုံးကို စနစ်ထဲမှ ပြန်ထုတ်လိုက်ပြီး အဝင်ပေါက်တွင် ချထားလိုက်သည်။ ထို့နောက်မှ အစားအသောက်များ လာယူရန် လူခေါ်လာဖို့ ကျိ‌ရွှေရှန့်ကို လှမ်းအော်ပြောလိုက်သည်။

မုန့်ပေါင်းအလုံး ၆၀ ကျော်၊ ဖက်ထုပ်ဆယ်ပန်းကန်နှင့် ဟင်း ၁၆ ပွဲကို ကောလုံကျန်းနှင့် သူ့၏ညီအစ်ကိုများက လေပွေကဲ့သို့ စားသောက်ခဲ့ကြပြီး အားလုံးစားကုန်သွားသည့်တိုင် သူတို့ မတင်းတိမ်နိုင်သေးပေ။

ကျိ‌ရွှေရှန့်က သူတို့နှင့် စကားစမြည် ပြောရန် စတင်လိုက်ပြီး ပုန်ကန်မည့် သူ့၏အစီအစဉ်ကို ပြောပြလိုက်သည်။ ကောလုံကျန်းနှင့် သူ၏ညီအစ်ကိုများက ကျိ‌ရွှေရှန့်နောက်မှ လိုက်ရန် ဆန္ဒရှိကြောင်း ဖော်ပြလာကြသည်။

အမျိုးသား တိုင်းရေးပြည်ရေး ပြောနေချိန်တွင် စူးချင်းက သူမလုပ်ရမည့် တခြားအလုပ်တစ်ခုကို တွေးမိသွားခဲ့သည်။ ထို့ကြောင့် သူမက ဆိုင်မှ ငှားလာသည့် အစားအသောက်သေတ္တာများကို ပြန်ထုပ်ပိုးပြီး အပြင်သို့ ပြန်ထွက်လာခဲ့သည်။ သူမက သူမ အစားအသောက်သေတ္တာများ ပြန်သွားပေးမည်ဟုသာ ပြောခဲ့သောကြောင့် ကျိ‌ရွှေရှန့်က ဘာကိုမှ သံသယမရဝင်ဘဲ သတိထားရန်သာ ပြန်ပြောလိုက်သည်။

စူးအိမ်တော်မှ ထွက်ခွာလာပြီးနောက်တွင် စူးချင်းက အစားအသောက်သေတ္တာများ ပေးပို့ရန် မသွားခဲ့ပေ။

သူမက အကြွေးမထားတက်ဘူးလေ...အဲ‌တော့ အခုချက်ချင်း သွားဖြေရှင်းရမှာပေါ့....

သူမက သူမရဲ့လျန်ရှစ်ထောင်ကို ပြန်လိုချင်ရုံလေးပါပဲ။

.....။......။.....

စီရင်စုအမတ်၏အိမ်တော်ထဲ၌ စီရင်စုအမတ်က သူ့ကိုယ်လုပ်တော်အား ငွေရှစ်ထောင်ကို ဂုဏ်ယူစွာ ထုတ်ပြနေခဲ့သည်။

“ရှောင်ဟုန်၊ ခဏစောင့်နော်။ ဒီနှစ်ယောက်က သေခြင်းတရားကို မသိဘဲ ငါနဲ့ စျေးညှိဖို့ သတ္တိရှိနေသေးတယ်။ သူတို့နှစ်ယောက် အသက်ရော ပိုက်ဆံရော ဆုံးရှုံးအောင် ငါ လုပ်ပြမယ်။ အိမ်ကို ပြန်ယူပြီး ပြန်ရောင်းလိုက်ရင် နောက်ထပ်ရာထူးတစ်ခုဝယ်ဖို့ ငွေပြန်ရလိမ့်မယ်။ ဒီလော့ချန်မှာ စီရင်စုအမတ် သုံးနှစ်လောက် လုပ်လိုက်တာနဲ့ လျန်တစ်သိန်းရဖို့ဆိုတာ ဘာမှ မဟုတ်ဘူး”

“သခင်ကြီး၊ ရှင်က အရမ်းတော်တာပဲ”

“ကိုယ်လုပ်တော်က စီရင်စုအမတ်၏လက်နှစ်ဖက်ထဲသို့ မှီချလိုက်ရင်း သူ့ကို ချီးကျူးလိုက်သည်။

“ဟား ဟား၊ ရှောင်ဟုန်က စကားပြောကောင်းတယ်။ ဒီညတော့ ဒီသခင်ကြီးက မင်းကို ကောင်းကောင်း ဂရုစိုက်ပေးမယ်"

စီရင်စုအမတ်က စိတ်မထိန်းနိုင်‌တော့ဘဲ ‌ရှောင်ဟုန့်ကို အတွင်းခန်းထဲကို ဆွဲခေါ်သွားရင်း တလမ်းလုံး ပရောပရီလုပ်နေကာ နှစ်ယောက်သားဖက်တွယ်ထားကြသည်။

ထိုအခိုက်အတန့်တွင် အတွင်းခန်းရှိ ထိန်ထိန်လင်းနေသော မီးများ အားလုံး တပြိုင်နက် ပျောက်ကွယ်သွားပြီး ကိုယ်လုပ်တော်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သို့သော် သူမ အသံ အပြည့်အဝ မထွက်ရသေးခင်မှာပင် တစ်စုံတစ်ယောက်က သူမကို ရိုက်ချလိုက်ပြီး သူမ သတိလစ်သွားခဲ့သည်။

စီရင်စုအမတ်ကိုယ်တိုင်လည်း အော်ဟစ်အကူအညီတောင်းရန် ကြိုးစာနေခဲ့သည်။ သို့သော်လည်း သူ့၏ခန္ဓာကိုယ်ကို မလှုပ်နိုင်ရုံသာမက အသံပင် မထုတ်နိုင်တော့ကြောင်း သူ သိလိုက်ရသည်။

သရဲခြောက်တာလား?

စီရင်စုအမတ်၏ပထမဆုံး အတွေးက သူကို သရဲတစ္ဆေများ ဝင်စီးလိုက်ခြင်းဟု သတ်မှတ်လိုက်ခြင်းပင်။

"အလွဲသုံးစားလုပ်ထားတဲ့ ပိုက်ဆံတွေကို ဘယ်မှာသိမ်းထားလဲ?"

ထိုအခိုက်အတန့်တွင် သူ့နားထဲ၌ စူးရှရှ အသံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံအရ ယောက်ျားလား မိန်းမလား မပြောနိုင်သော်လည်း လူသတ်ချင်နေသည့် အရိပ်အယောင်များကိုတော့ သူ ခံစားနိုင်သေးသည်။ စီရင်စုအမတ်က အလွန်ကြောက်လန့်သွားပြီး ဘောင်းဘီထဲတွင် သေးထွက်ကျလုနီးပါး ဖြစ်သွားရသည်။ လက်ရှိအချိန်တွင် သူ့၏လည်ဂုတ်ကို အဆွဲခံထားရပြီး သူထံတွင် ခုခံနိုင်စွမ်း ကင်းမဲ့နေခဲ့သည်။

"မင်း ဘာကို ချန်ထားချင်လဲ? ငွေလား အသက်လား?"

ကြောက်စရာကောင်းသည့် အသံက ထပ်ပေါ်လာပြီး အခန်းထဲ၌ မီးရောင်များ ပြန်လင်းလာခဲ့သည်။ သူ့ရှေ့မှ လူကို မြင်လိုက်ရချိန်တွင် စီရင်စုအမတ်၏မျက်လုံးများ ပြူးကျယ်သွားပြီး အတွေးတစ်ခု ရုတ်တရက် တိုးဝင်လာသည်၊

သူမပဲလား? သူ မစော်ကားသင့်တဲ့လူကို စော်ကားခဲ့မိပြီလား?

အစပိုင်းတွင် စီရင်စုအမတ်က ဘာမှ မပြောချင်သော်လည်း စူးချင်းက သူ့ကို မညှာမတာ ရိုက်နှက်ခဲ့သည်။ နောက်ဆုံးတွင် စီရင်စုအမတ်က စူးချင်းကို သူ့၏လျှို့ဝှက်ခန်းဆီသို့ ခေါ်ဆောင်သွားခဲ့ပြီး သူ စူးအိမ်တော်မှ ယူဆောင်လာခဲ့သည့် ရွှေ၊ ငွေနှင့် လက်ဝတ်ရတနာများ အားလုံး ထုတ်ပေးလိုက်ရတော့သည်။ လွန်ခဲ့သည့်လများအတွင်း သူ အလွဲသုံးစားလုပ်ထားခဲ့သည့် ငွေအားလုံးနှင့် စူးချင်းတို့ထံသို့ အိမ်ရောင်းရာမှ ရခဲ့သော လျန်ငွေရှစ်ထောင်ကို လုယူခံလိုက်ရသည်။

အင်း.... နောက်ဆုံးတော့ ဒီခွေးအရာရှိကို ချန်ထားစရာ မလိုတော့ဘူး။

စီရင်စုအမတ်ကို သတ်ပြီးနောက် စူးချင်းက ထိုခွေးအရာရှိ၏သွေးဖြင့် နံရံပေါ်တွင် စာကြောင်းနှစ်ကြောင်းရေးလိုက်သည်။

[လူတိုင်းက သစ္စာဖောက်တဲ့ လူတွေကို သတ်ပြီး ရှားမင်းဆက်ကို ကူညီသင့်တယ်]

ထိုစာကို ရေးပြီးနောက်တွင် စူးချင်းက လော့ချန်တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်စေရန် စီရင်စုအမတ်ကို မီးရှို့ပြီး ဖမ်းဆီးခံထားရသည့် အပြစ်မဲ့ပြည်သူများကို လွှတ်ပေးရန် အကျဥ်းထောင်သို့ သွားခဲ့သေးသည်။

ထိုအရာက အကုန်မဟုတ်သေးဘဲ စူးချင်းက စနစ်အတွင်းမှ ပစ္စည်းများကို ထုတ်လိုက်ပြီး ဖောက်ခွဲရေးပစ္စည်းနှစ်ထုပ်ကို ပြုလုပ်ခဲ့သေးသည်။ ယမ်းမှုန့်က မူလကတည်းက အသင့်ဆင့်ရှိနေခဲ့ပြီး ဝါးလုံးလေးများကို စူးအိမ်တော်မှ ယူလာခဲ့ခြင်း ဖြစ်သည်။ စူးအိမ်တော်မှ မထွက်ခင်ကပင် လော့ချန်ကို မွှေနှောက်ရန် စူးချင်း တွေးထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူမက ဝါးနှစ်ချောင်း ခုတ်ကာ စနစ်ထဲသို့ ထည့်လာခဲ့သည်။ ကုန်ကြမ်းပစ္စည်းများ ရှိနေသောကြောင့် ဖောက်ခွဲရေးပစ္စည်းနှစ်ထုပ် ပြုလုပ်ရန်က စူးချင်းအတွက် လွယ်ကူလွန်းလှသည်။

စူးချင်းက ထိုဖောက်ခွဲရေးပစ္စည်းနှစ်ထုပ်ကို ကိုင်ကာ လော့ချန်ရှိ ဝမ်မိသားစုစစ်တပ်၏ စစ်တန်းလျားသို့ ရောက်လာပြန်သည်။ သူမ ရောက်လာချိန်တွင် ဝမ်မိသားစုစစ်တပ်မှ စစ်သည်များက စီရင်စုအမတ်၏အိမ်တော် မီးလောင်သွားသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် လူစုနေခဲ့ကြသည်။ ထို့ကြောင့် လေ့ကျင့်ရေးကွင်းထဲ၌ စစ်သည်တစ်ရာကျော် စုရုံးနေပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဝမ်မိသားစုစစ်တပ်က ကောင်းမွန်စွာ လေ့ကျင့်ထားသည်ဟု ဆိုရပေမည်။ အိပ်ယာမှ နိုးလာကြသည့်တိုင် သူတို့ထံတွင် ပရမ်းပတာ အရိပ်အယောင်များ လုံးဝ မတွေ့ရဘဲ စည်းစနစ်တကျ တန်းစီပြီး ဖြစ်ကာ လက်နက်ကိုယ်စီဖြင့် ထွက်ခွာရန် ပြင်ဆင်နေကြသည်။

စူးချင်းက ဖောက်ခွဲရေးပစ္စည်းထုပ်ကို မီးညှိလိုက်ပြီး စုဝေးနေသော စစ်သည်များကြားသို့ ပစ်သွင်းလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မီးခိုးများ ထူထပ်လာပြီး ဝမ်မိသားစုစစ်တပ်မှ စစ်သည်များကတော့ ဒဏ်ရာအကြီးအကျယ် ရသွားပြီး တစ်ချို့က ကျဆုံးသွားခဲ့သည်။ အလောင်းများက မီးတောက်များနှင့်အတူ ကောင်းကင်သို့ ပျံတက်သွားကြပြီး ထိုမြင်ကွင်းက မြင်နေရသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ မြေပြင်ပေါ်တွင်လည်း ကျိုးပဲ့နေသော အလောင်းများ ရှိနေပြီး ကောင်းစွာလေ့ကျင့်ထားသော ဝမ်မိသားစုစစ်တပ်ပင်လျှင် ကစင့်ကလျား ဖြစ်နေလေသည်။

ထိုသို့ ဖြစ်နေချိန်တွင် စူးချင်းက လုံးဝ အချိန်မဆွဲဘဲ ဒုတိယမြောက်ဖောက်ခွဲမှုကို စတင်လိုက်ရာ ပုန်းအောင်းရန် ပြင်ဆင်နေသော စစ်သည်များအားလုံး မီးတောက်နှင့်အတူ မှုတ်ထုတ်ခံလိုက်သည်။ စစ်စခန်းတစ်ခုလုံး ရှုပ်ထွေးနေချိန်တွင် စူးချင်းက အခြေအနေကို စစ်ဆေးရန် စစ်သူကြီး၏တဲဆီသို့ သွားခဲ့ပြီး စီရင်စုအမတ်၏အိမ်တော်တွင် သူမ ရေးသားခဲ့သည့် စကားလုံးအတိအကျအတိုင်း ထပ်ရေးထားခဲ့သည်။

[လူတိုင်းက သစ္စာဖောက်တဲ့ လူတွေကို သတ်ပြီး ရှားမင်းဆက်ကို ကူညီသင့်တယ်]

ကျိ‌ရွှေရှန့်နှင့် ကောလုံကျန်းတို့ အပါအဝင် အခြားလူများက အနားယူရန် နေရာ ရှာနေကြပြီး ထိုအချိန်တွင် ပေါက်ကွဲသံများ ကြားလိုက်ရသည်။ ကျိ‌ရွှေရှန့်က ခေါင်မိုးပေါ်သို့ အမြန်ခုန်တက်ကာ အနောက်မြောက်ဘက်မှ စစ်စခန်းဆီသို့ ကြည့်လိုက်ပြီး ကောင်းကင်မှ မီးတောက်များကို တွေ့လိုက်ရသည်။

ကျိရွှေရှန့်ကတော့ စူးချင်း၏လက်ချက်ဟု ချက်ချင်း ခန့်မှန်းလိုက်သည်။

ဒါက သူရဲ့ချင်းအာပဲ ဖြစ်ရမယ်။ သူမ အစာအသောက်သေတ္တာတွေ သွားပြန်ပေးတာ မဟုတ်ဘဲ စစ်တပ်စခန်းကို ဖောက်ခွဲဖို့ သွားခဲ့တာလား?

ကောလုံကျန်းနှင့် အခြားသူများကတော့ ပေါက်ကွဲသံကြားလိုက်သည်နှင့် ခြံဝင်းထဲသို့ ပြေးထွက်သွားကြသည်။

ဒီအသံက မြေနဂါးကြီး လှန်လိုက်တဲ့နေ့က မိုးခြိမ်းသံထက်တောင် ပိုကျယ်နေသေးတယ်။ ဆောင်းလယ်ကြီးမှာ မြေနဂါးကြီး လှန်တာ ဖြစ်နိုင်လား?

ပေါက်ကွဲမှုအပြီးတွင် ဝမ်မိသားစုစစ်တပ်က မြို့ကို သေချာပေါက် ရှာဖွေမည် ဖြစ်သောကြောင့် ကျိ‌ရွှေရှန့်က ကောလုံကျန်းကို သေသေချာချာ ညွှန်ကြားလိုက်သည်။

"အစ်ကိုကြီးကော၊ လျှို့ဝှက်လမ်းကြောင်းထဲကို မြန်မြန် သွားပုန်းတော့၊ လုံးဝ ထွက်မလာနဲ့"

“ကောင်းပြီ”

ကောလုံကျန်းက အချိန်အတော်ကြာ ပုန်းအောင်းနေခဲ့ပြီး အတွေ့အကြုံ ရှိနေပြီ ဖြစ်သည်။ သူက သူ့၏ညီအစ်ကိုများကို အမြန်ခေါ်လိုက်ပြီး စူးအိမ်တော်၏လျှို့ဝှက်ခန်းထဲသို့ ဝင်သွားတော့သည်။

သူတို့အားလုံး ကောင်းစွာ ပုန်းအောင်းနိုင်သည်ကို မြင်လိုက်ရမှ ကျိ‌ရွှေရှန့်က စူးချင်းကို ရှာရန် ထွက်လာခဲ့သည်။ သူ တံခါးဝသို့ ရောက်သည်နှင့်တပြိုင်နက် အပြင်မှ ခြေသံများကို ကြားလိုက်ရသည်။

All Chapters