← Chapters

သူမ စောင့်မျှော်နေတဲ့သူ ရောက်လာပြီ

Vol. 28 Ch. 412

သူမ စောင့်မျှော်နေတဲ့သူ ရောက်လာပြီ

Vol. 28 Ch. 412

“အကျဥ်းထောင်ထဲက အကျဉ်းသားတွေ အကုန်လုံး လွတ်သွားပြီ။ မြန်မြန် လိုက်ကြ”

ကင်းလှည့်တပ်သားများက ထွက်ပြေးလွတ်မြောက်လာသော အကျဉ်းသားများကို တွေ့သွားပြီး လမ်းတစ်လျှောက်လုံး လိုက်ဖမ်းနေခဲ့ကြသည်။

ကျိ‌ရွှေရှန့်က စူးချင်းကို ပို၍ပင် စိတ်ပူလာပြီး သူ စူးအိမ်တော်၏ အပြင်ဘက်သို့ ခုန်ထွက်လိုက်ရာ လမ်းပေါ်တွင် မီးတုတ်များမှ မီးရောင်များ လင်းလက်နေသည်ကို တွေ့လိုက်ရသည်။ တရားခံပြေးများကလည်း အော်ဟစ် ပြေးလွှားနေပြီး တစ်လမ်းလုံး ဖရိုဖရဲ ဖြစ်နေလေသည်။

ကျိ‌ရွှေရှန့်က စူးချင်းကို ရှာရန် နံရံများထက်သို့ ခုန်တက်ကာ ပြေးလွှားနေရင်း လမ်းတွင်တွေ့သမျှ ဝမ်မိသားစုစစ်သည်များကို သတ်ဖြတ်ခဲ့သည်။ ဤအရာက လက်ရှိ အခြေအနေကို ပို၍ ဖရိုဖရဲ ဖြစ်လာစေခဲ့သည်။

စူးချင်းကလည်း ဤလမ်းပေါ်သို့ ရောက်နေပြီ ဖြစ်ကာ ဝမ်မိသားစုစစ်တပ်မှ စစ်သည်များက ထွက်ပြေးလာသည့် အကျဥ်းသားများအား လိုက်ဖမ်းနေသည်ကို သူမ တွေ့လိုက်ရသည်။ သူမလည်း သူတို့ နောက်သို့ လိုက်လာခဲ့ပြီး ကျိ‌ရွှေရှန့်၏လွမ်တောင်ကို အသုံးပြုကာ သူတို့၏ခေါင်းများကို ဖြတ်ယူနေခဲ့သည်။ ယနေ့ညတွင် စစ်သူကြီးရှောင်းဟမ်၏ လွမ်တောင်က ဝမ်မိသားစုစစ်သည်များ၏သွေးကို အလုံအလောက် သောက်နေခဲ့သည်။

စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့က လမ်းလျှောက်နေရင်း ဝမ်မိသားစုစစ်သည်များကို သတ်ပစ်နေကြကာ လမ်းပေါ်တွင် ကင်းလှည့်နေသည့် စစ်သည်များ အားလုံးကို သတ်ပစ်နိုင်ခဲ့ကြသည်။ နောက်ဆုံးတွင် နှစ်ယောက်သား လမ်းအလယ်၌ ပြန်ဆုံခဲ့ကြပြီး ကျိ‌ရွှေရှန့်က စူးချင်း၏အဝတ်အစားများ လေထဲလွင့်နေသည်ကို တွေ့လိုက်ရသည်။ သူမက သူမ၏လက်ထဲတွင် လွမ်တောင်ကို ကိုင်ထားရင်း သူ့ဆီသို့ လျှောက်လှမ်းလာနေခဲ့သည်။

ထိုအခိုက်အတန့်တွင် အာရုဏ်ဦး၏ အစောဆုံး ရောင်ခြည်က သူမနောက်မှာ ထွက်ပေါ်လာပြီး သူမပေါ်သို့ ဖြာကျနေလေသည်။ စူးချင်း၏ အနက်ရောင်မျက်လုံးများ ကျိ‌ရွှေရှန့်ဆီသို့ ရောက်လာချိန်မှ သူမ၏နှုတ်ခမ်းများ၌ အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။ ကျိ‌ရွှေရှန့်ကလည်း စူးချင်း လုံခြုံနေသောကြောင့် သူ စိတ်အေးသွားပြီး သူမကို ပြန်ပြုံးပြလိုက်သည်။

နှစ်ယောက်သား အိမ်ကြီးဆီသို့ ပြန်သွားပြီး သက်တောင့်သက်သာ အိပ်စက်လိုက်ကြသည်။ ထိုအချိန်တွင် လော့ချန်ကတော့ လုံးဝ ပရမ်းပတာ ဖြစ်နေခဲ့သည်။ ဝမ်မိသားစုစစ်တပ်၏ တပ်မှူးက သူ့တပ်များကို ဦးဆောင်ကာ တစ်ညလုံး မီးငြိမ်းသတ်နေခဲ့ပြီး နံနက်ခင်းမှသာ မီးငြိမ်းနိုင်ခဲ့သည်။ သူတို့ အတွင်းခန်းထဲသို့ ဝင်လိုက်ချိန်တွင် စီရင်စုအမတ်၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်က အိုးစားကွဲနေကာ အနက်ရောင် မီးသွေးတုံးဖြစ်သည်အထိ လောင်ကျွမ်းနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် နံရံပေါ်ရှိ အနီရောင် စကားလုံးကိုလည်း ထင်ထင်ရှားရှား တွေ့လိုက်ကြရသည်။

တပ်မှူး၏မျက်နှာက အိုးအောက်ခြေကဲ့သို့ မည်းမှောင်နေပြီး စစ်သူကြီးဝမ်ထံသို့ ခိုတစ်ကောင်ကို လွှတ်ရန် သူ့လူများကို ချက်ချင်း အမိန့်ပေးလိုက်သည်။ သူ ပို့လိုက်သည့် စာတွင် ယခင်မင်းဆက်၏အကြွင်းအကျန်များက လော့ချန်ကို မငြိမ်မသက် ဖြစ်စေခဲ့ပြီး လူသတ်လက်နက်ကြီးများ ထပ်ပေါ်လာသောကြောင့် ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရကြောင်း အစီရင်ခံရေးသားထားခဲ့သည်။

စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့က မွန်းတည့်ချိန်အထိ အိပ်ပျော်နေခဲ့ကြပြီး တံခါးခေါက်သံကြောင့် လန့်နိုးလာခဲ့ရသည်။ ကျိ‌ရွှေရှန့်က သူ့၏အပေါ်ဝတ် ၀တ်ဆင်လိုက်ပြီး တံခါးဖွင့်ရန် ပြေးသွားလိုက်ရာ ရုံးတော်ရဲမက်တစ်စု ရောက်နေသည်ကို တွေ့လိုက်ရသည်။

ကျိ‌ရွှေရှန့်က လက်သီးအုပ်ကာ တရိုတသေ မေးမြန်းလိုက်သည်။

"လူကြီးမင်းတို့ ဘာကိစ္စများ ရှိလို့ပါလဲ?"

ရဲမက်ခေါင်းဆောင်က သူ့မျက်လုံးများကို မှေးကျဥ်းထားပြီး ကျိ‌ရွှေရှန့်ကို အကဲခတ်နေခဲ့သည်။

ဒီလူက ဒီသရဲခြောက်တဲ့အိမ်မှာ နေပြီး လုံခြုံနေသေးတာလား?

သူက ကျိ‌ရွှေရှန့်ကို မောက်မောက်မာမာ ပြန်ဖြေလိုက်သည်။

"မနေ့ညက မြို့ထဲမှာ ပုန်ကန်မှုတစ်ခု ဖြစ်ခဲ့တယ်၊ ငါတို့ မင်းရဲ့အိမ်ကို ရှာဖွေရမယ်"

"ရပါတယ်၊ ရှာပါ၊ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်"

ကျိ‌ရွှေရှန့်က သူ အလွန်ပူးပေါင်းဆောင်ရွက်တတ်ကြောင်း အလျင်အမြန် ပြသလိုက်ပြီး ရှာဖွေရန်အတွက် သူကိုယ်တိုင် လိုက်ပါပေးခဲ့သည်။

ရဲမက်များ လျှို့ဝှက်ခန်း၏အနီးတစ်ဝိုက်ကို ရှာဖွေနေချိန်တွင် ကျိ‌ရွှေရှန့်က သူတို့ လျှို့ဝှက်ခန်းအား တွေ့သွားမည်ကို သူ အနည်းငယ် စိုးရိမ်နေသေးသည်။ ကံကောင်းထောက်မစွာဖြင့် လျှို့ဝှက်ခန်း၏အဝင်ပေါက်က နွားတင်းကုပ်အောက်တွင် ရှိနေပြီး အပြည့်အဝ ကွယ်ဝှက်နေခဲ့သည်။ ရဲမက်များက ထိုနေရာကို ရှာမတွေ့ဘဲ ဘေးကင်းဖြင့် တခြားနေရာသို့ ကူးပြောင်းသွားကြသည်။

ထိုရဲမက်များက အတွင်းခန်းကိုလည်း ရှာဖွေခဲ့ကြပြီး တံခါးဘောင်ပေါ်တွင် ကပ်ထားသည့် အနီရောင် သစ်ကြံပိုးခေါက်ဖြင့် ရေးဆွဲထားသော အသစ်စက်စက်ကို အဝါရောင်အင်းစာရွက်ကို တွေ့သွားခဲ့သည်။

ကျိ‌ရွှေရှန့်နှင့် စူးချင်းတို့ ဤညတွင် ထိုအင်းစာရွက်ကြောင့် ဘေးကင်းစွာ လွတ်မြောက်ခဲ့ကြောင်း ရဲမက်များက မှန်းဆလိုက်ကြသည်။ ဤသည်က ကိစ္စကောင်းဖြစ်နေသောကြောင့် သူတို့က ကျိ‌ရွှေရှန့်ကို မေးမြန်းနေကြပြန်သည်။

"ဒါကို ဘယ်ကရလာတာလဲ?"

“လူကြီးမင်း၊ ဒါက ဝူထိုက်တောင်မှာ တွေ့တဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက် ပေးခဲ့တာပါ။ အရမ်း အစွမ်းထက်တယ်၊ နတ်ဆိုးတွေတောင်မှ မနှောက်ယှက်နိုင်ဘူးတဲ့”

ကျိ‌ရွှေရှန့်က ဂုဏ်ယူစွာ ပြန်ဖြေလိုက်သော်လည်း အမှန်တကယ်တွင် ဤအရာက ရဲမက်များကို လှည့်စားရန် သူ ရေးဆွဲထားသော အက္ခရာများ ဖြစ်သည်။ ထိုသို့ မဟုတ်လျှင် သူတို့ကို စောင့်ကြည့်နေသည့် ရဲမက်များက ရူးသွပ်သွားပြီး သူတို့ နှစ်ယောက်က ဘာမှ မဖြစ်သောကြောင့် အလွယ်တကူ သံသယအဝင်ခံရနိုင်သည်။

"မင်း ကံကောင်းတာပဲ”

ရဲမက်များ၏မျက်လုံးများထဲမှာ မနာလိုငြူစူစိတ်များ ရှိနေခဲ့သော်လည်း ထိုအရာက ကံတရားအရသာ ကြုံတွေ့နိုင်သည့် အခွင့်အရေးဟု သူတို့ သတ်မှတ်လိုက်ကြသည်။

ရဲမက်များ ထွက်သွားပြီးနောက် ကျိ‌ရွှေရှန့်နှင့် စူးချင်းတို့က လော့ချန်ရှိ အကြီးဆုံးလက်ဖက်ရည်ဆိုင်ဆီသို့ သွားခဲ့ကြပြီး နှစ်ယောက်သား ပြတင်းပေါက်နားမှ ခုံတစ်ခုံကို ရှာကာ ဝင်ထိုင်လိုက်ကြသည်။ လက်ဖက်ရည်ဆိုင်တွင် လူအနည်းငယ်သာ ရှိနေသော်လည်း မနေ့ညက ကြီးကြီးမားမား အဖြစ်အပျက်များ ရှိခဲ့သောကြောင့် လူတိုင်းက မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို အသံတိုးတိုးဖြင့် ဆွေးနွေးနေကြသည်။ စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့ကတော့ ငြိမ်ငြိမ်လေး နားထောင်နေခဲ့ကြသည်။

လက်ဖက်ရည်ဆိုင်ထဲတွင် ပုံပြင်ပြောသူလည်း ရှိနေခဲ့ပြီး ပုံပြင် နားထောင်ရင်း အကောင်းဆုံး စံပယ်လက်ဖက်ရည်ကို သောက်ကာ ချိုမြသော မုန့်များစားနေရသည်က အရသာ ရှိလှသည်။ ထိုအချိန်တွင် လမ်းပေါ်၌ ပြေးလွှားနေရသော စစ်သည်များကို ကြည့်နေရခြင်းက ပို၍ စိတ်ချမ်းသာဖွယ် ဖြစ်နေခဲ့သည်။

မွန်းတည့်ချိန် ရောက်သည်အထိ သူတို့ တွေ့လိုသည့်သူကို မတွေ့ရသောကြောင့် ကျိ‌ရွှေရှန့်နှင့်စူးချင်းတို့က လက်ဖက်ရည်ဆိုင်ထဲမှ ပြန်ထွက်လာခဲ့ကြသည်။ ဤအတောအတွင်း လော့ချန်က ကမောက်ကမ ဖြစ်နေခဲ့သည်။ သူဌေးများက သူတို့၏ အသက်အန္တရာယ်ကို စိုးရိမ်နေကြပြီး သူတို့၏ပိုင်ဆိုင်မှုများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လော့ချန်မှ ထွက်ပြေးရန် ပြင်ဆင်နေကြသည်။ ထို့ကြောင့် စားသောက်ဆိုင်မှာတွင် စားသုံးသူ များများစားစား မရှိနေပေ။

စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့က စားသောက်ဆိုင်တစ်ဆိုင်အတွင်းသို့ဝင်ကာ အေးအေးဆေး‌ဆေး စားသောက်နေခဲ့ကြသည်။ ထိုစားသောက်ဆိုင်၏ မြင်းသားချဥ်ဟင်းက အလွန် အရသာရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ကျန်နေသည့် မြင်းသား ကျင်း နှစ်ဆယ်ကျော်ကိုလည်း ဝယ်ယူခဲ့ကြသေးသည်။

စားသောက်ဆိုင်မှ ထွက်လာပြီးနောက် စပါးဝယ်ရန် စပါးဆိုင်သို့ သွားခဲ့ကြသည်။ စပါးဈေးက တဟုန်ထိုး တက်သွားပြီး ယခင် စပါးနှစ်ရှီဝယ်နိုင်သည့် ပိုက်ဆံက ယခု စပါးတစ်ရှီသာ ဝယ်နိုင်တော့သည်။

စူးချင်းက ဆန်ကောင်းနှင့် ဂျုံဖြူများ ဝယ်ယူခဲ့သည်။ သူမက စီရင်စုအမတ်ထံမှ ငွေအမြောက်အများ လုယက်ခဲ့သည်။ ထို့ကြောင့် သူမက ဈေးကို မကြောက်ဘဲ သူမ ဘာမှ ဝယ်လို့မရတော့မည်ကိုသာ စိုးရိမ်နေခဲ့သည်။

ငွေခြူလေးကို ရှာမတွေ့ခင် လော့ချန်မှ မထွက်ခွာနိုင်သေးသောကြောင့် စူးချင်းက သူမတို့ လောချန်၌ ရှိနေစဥ်အတွင်း ဝမ်မိသားစုစစ်တပ်မှ လူများ ခွေးလေခွေးလွင့်များကဲ့သို့ ထိတ်လန့်စေရန် ဤရက်အနည်းငယ်ကို အသုံးချဖို့ ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် နေ့ခင်းဘက်တွင် သူမနှင့် ကျိ‌ရွှေရှန့်တို့က စူးအိမ်တော်တွင် အိပ်စက် အနားယူကြသည်။ ညဘက်ရောက်လျှင်‌တော့ စစ်စခန်းကို ဖောက်ခွဲရန် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ အပြင်သို့ ပြန်ထွက်ကြသည်။ သူမတို့ နှစ်ကြိမ်ခန့် ဖောက်ခွဲပြီးနောက်တွင် ဝမ်မိသားစုစ်တပ်မှ လူများက သူတို့ အပြီးတိုင် သုတ်သင်ခံရမည်ကို စိုးရိမ်နေကြပြီး သူတို့၏စစ်စခန်းတွင်ပင် မနေဝံ့ကြတော့ဘဲ သီးသန့်အိမ်များတွင် တပ်ဖြန့်ထားကြရသည်။

အင်အားကြီးမားသော ဝမ်မိသားစုစစ်တပ် ဤကဲ့သို့ ထိတ်လန့်တုန်လှုပ်ရမည်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး လူများကို ကောင်းကင်သို့ ပင့်တင်နိုင်သည့် ထိုလူသတ်လက်နက်ကြီးများ မည်သည့်အချိန် ပေါက်ကွဲလာမည်ကို ရင်ထိတ်ထိတ် စိုးရမ်နေကြတော့သည်။

သူတို့ သီးသန့်အိမ်များတွင် ပုန်းအောင်းနေခဲ့ကြသော်လည်း လုံခြုံနိုင်ခြင်း မရှိဘဲ အသတ်ခံရပြန်သည်။ သူတို့အားလုံး ခေါင်းဖြတ်ခံရပြီး ဦးခေါင်းများကို ခန္ဓာကိုယ်နှင့် ခွဲထားခံခဲ့ရသည်။ လော့ချန်တွင် ကျန်ရှိနေသေးသည့် ဝမ်မိသားစုစစ်တပ်မှ စစ်သည်များက‌တော့ ခေါင်းမဲ့ယင်ကောင်များပမာ ဖြစ်နေကြပြီး လမ်းများပေါ်တွင် လူများကို လိုက်လံဖမ်းဆီးနေကြသည်။ သန်မာသော ယောက်ျားကို မြင်ရသရွေ့ သူတို့ ဖမ်းဆီးကြပေလိမ့်မည်။

နေ့ဘက်၌ လူများကို ဖမ်းဆီးနိုင်လျှင်လည်း ညဘက်တွင် အကျဥ်းထောင် အဖောက်ခံရပြီး ဖမ်းထားသမျှ ပြန်လွှတ်ပေးရပြန်သည်။ ထိုနေရာကို စောင့်ကြပ်နေသည့် အစောင့်စစ်သည်များအားလုံး အသတ်ခံရမည်ဖြစ်ကာ ကြောက်ရွံ့ထိတ်လန့်စေမည့် သွေးစများသာ ကျန်ရစ်နေတတ်သည်။

အဆိုးဆုံးက သူတို့၏ရိက္ခာများကို ခိုးယူသွားပြီး လော့ချန်ရှိ ဆင်းရဲသားများထံ ဝေငှပေးလိုက်ခြင်းပင်။ ရိက္ခာခွဲဝေပေးသူက ဘယ်ပုံစံရှိသည်ကိုပင် မည်သူမျှ မမြင်လိုက်ရပဲ ရိက္ခာအိတ်များကို ခြံဝင်းထဲသို့ ပစ်ချခဲ့ခြင်း ဖြစ်သည်။

တချို့သော ဝမ်မိသာစုစစ်သည်များက သူတို့၏ဒေါသကို အပြစ်မဲ့ပြည်သူများအပေါ် ပုံချခဲ့ကြသည်။ သို့သော် သူတို့အားလုံး ညတွင်းချင်း အသတ်ခံလိုက်ရပြီး သူတို့ မသေဆုံးခင် နှိပ်စက်ညှဉ်းပန်းများ ကြုံတွေ့ခဲ့ပုံရကာ သူတို့၏ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများ ဖုံးလွှမ်းနေခဲ့သည်။ သူတို့၏အမူအရာများအရာ သူတို့ နာကျင်ကြီးစွာ သေဆုံးသွားရမှန်း သိသာထင်ရှားနေသည်။

ယင်းကြောင့် ဝမ်မိသားစုမှ ကျန်စစ်သည်များက အပြစ်မဲ့ပြည်သူများကို စိတ်ထင်တိုင်း မသတ်ဝံ့ကြတော့ပေ။ သူတို့က ဝမ်ယွိလင်ဘက်မှ စစ်ကူပို့လာမည့်အချိန်ကိုသာ ခါးခါးသီးသီး စောင့်ဆိုင်းနေခဲ့ကြသည်။

လျှပ်တပြက်အတွင်း အချိန် ငါးရက်တာ ကုန်ဆုံးသွားပြီး လော့ချန်၏လမ်းများပေါ်တွင် ဝမ်မိသားစုစစ်သည်များ လုံးဝ မတွေ့ရတော့ပေ။ သူတို့က မြို့တံခါးများကို စောင့်ကြပ်နေကြပြီး မြို့တံခါးများမှ လူအဝင်အထွက် မလုပ်နိုင်အောင် ပိတ်ဆို့ထားကြသည်။ စစ်ကူများ ရောက်လာပြီးနောက် အရင်မင်းဆက်၏ မကောင်းဆိုးဝါးများကို ချက်ချင်း ဖမ်းနိုင်မည်ဟု သူတို့ တွေးထားကြသည်။

လော့ချန်မှ ထွက်ခွာရန် ပြင်ဆင်နေသော သူကြွယ်မိသားစုများလည်း မြို့တံခါးမှ နှင်ထုတ်ခံရပြီး မြို့တွင်းသို့ ပြန်ဝင်ကာ သူတို့အိမ်များတွင် အကြောက်တရားအပြည့်ဖြင့် ပြန်နေ နေရသည်။

စူးချင်းကတော့ လက်ဖက်ရည်သောက်ရန် လက်ဖက်ရည်ဆိုင်သို့ နေ့တိုင်းသွားနေဆဲ ဖြစ်သည်။ ကျိ‌ရွှေရှန့်က သူမ မြို့စောင့်တပ်သားများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ချင်နေသည်ဟု ထင်နေခဲ့သော်လည်း သူမကတော့ အခြားတစ်စုံတစ်ဦးကို စောင့်မျှော်နေခဲ့သည်။

စူးချင်းက စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့ပြီး မနက်မိုးလင်းသည်နှင့် လက်ဖက်ရည်ဆိုင်ကို သွားကာ မြတ်လေးလက်ဖက်ရည်တစ်အိုးနှင့် တစ်နေကုန် ငြိမ်ငြိမ်လေး ထိုင်နေတတ်သည်။

ကျိ‌ရွှေရှန့်က ဝမ်မိသားစုစစ်တပ်ကို လုပ်ကြံရန် အလုပ်များနေပြီး သူမနှင့်လိုက်ရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် ပြီးခဲ့သည့်နှစ်ရက်အတွင်း စူးချင်း တစ်ဦးတည်းသာ လက်ဖက်ရည်ဆိုင်၌ ရှိနေခဲ့သည်။

ယနေ့က ခြောက်ရက်မြောက်နေ့ ဖြစ်လာသောကြောင့် စူးချင်း စိတ်မပူဘဲ မနေနိုင်တော့ပေ။

သူမရဲ့နည်းလမ်းက အလုပ်မဖြစ်တာ ဖြစ်နိုင်မလား?

ဆယ့်ငါးရက်ပြည့်ရင်‌တော့ ငွေခြူလေးကို တွေ့တွေ့ မတွေ့တွေ့ ရွှေရှန့်ကို အရင် ပြန်ခိုင်းလိုက်တော့မယ်။ ချိုးယုံခန်းသာ နန်းတွင်းဘက်သို့ ကူးပြောင်းသွားရင် အခုအချိန်လောက်ဆို နန်းတွင်းက မော့ချန်ကို တိုက်ခိုက်ဖို့ တပ်တွေ စေလွှတ်ထားပြီးလောက်ပြီ။

စူးချင်း နေ့လယ်အထိ စောင့်ဆိုင်းနေခဲ့သော်လည်း သူမ တွေ့ချင်သည့်လူ ရောက်မလာသေးပေ။ စူးချင်းက ငွေရှင်းရန် စားပွဲထိုးကို လှမ်းခေါ်လိုက်သည်။

စူးချင်းက လက်ဖက်ရည်ဖိုးပေးပြီး ပြန်ထွက်ခွာခါနီးတွင် အပေါ်ထပ်သို့ တစ်စုံတစ်ယောက် တက်လာနေသည့်ခြေသံများကို သူမ ကြားလိုက်ရသည်။ ခြေသံများက တော်တော်လေး ကတိုက်ကရိုက် ဖြစ်နေပြီး တစ်ခုခုကို စိုးရိမ်နေပုံပေါ်သည်။

စူးချင်း၏နှလုံးခုန်သံက မြန်ဆန်လာပြီး အပြင်သို့ လှမ်းနေသည့် သူမ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ထို့နောက်တွင် စူးချင်းက ထိုင်ခုံပေါ် ပြန်ထိုင်ရင်း လှေကားထစ်များကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။

သူမ စောင့်နေတဲ့လူ ရောက်လာပြီ။

All Chapters