← Chapters

လောဘ

Vol. 28 Ch. 413

လောဘ

Vol. 28 Ch. 413

ရဲမက်ဝတ်စုံဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လှေကားထစ်များ ပေါ်တက်လာနေပြီး ထိုလူက အလွန်စိုးရိမ်နေပုံရကာ လက်ဖက်ရည်သောက်ရန် လာနေသည့် ဟန်ပန်အမူအရာမျိုး မဟုတ်ခဲ့ပေ။ သူက အပေါ်ထပ်သို့ လှမ်းကြည့်လိုက်ပြီး သူ့အကြည့်များက စူးချင်းဆီကို ချက်ချင်းရောက်လာခဲ့သည်။ ထို့နောက် သူက စူးချင်းကို ယောင်ဝါးဝါး လှမ်းမေးလိုက်သည်။

"သခင်မက ငွေခြူလေးကို ရှာနေတာလား?"

“ဟုတ်တယ်”

စူးချင်းက ခေါင်းညိတ်ပြလိုက်ရင်း ထပ်မေးလိုက်သည်။

"ယူလာခဲ့လား?"

"ယူလာတယ်၊ ဒါပေမယ့် ငါ မေးချင်တာ ရှိသေးတယ်၊ မင်းနဲ့ စူးမိသားစုက ဘယ်လို ပတ်သတ်တာလဲ?"

ရဲမက်က စူးချင်းကို စူးရှသောအကြည့်ဖြင့် ကြည့်နေခဲ့သည်။

အစတုန်းကတော့ သူ လျန်တစ်ရာအတွက် လာခဲ့တာပဲ၊ အခုတော့ ပိုလိုချင်လာမိတယ်။

“လူကြီးမင်း၊ ငွေခြူလေးကို အရင်ပြပါ။ ငါ ရှာနေတဲ့ပစ္စည်းမှန်ရင် ကျေးဇူးတင်တဲ့အနေနဲ့ နောက်ထပ် လျန်တစ်ရာ ထပ်ပေးပါ့မယ်"

စူးချင်းက သူ့မေးခွန်းကို တိုက်ရိုက်မဖြေလိုက်‌ပေ။ သူမ ရှာနေသည့်အရာ ဟုတ် မဟုတ်ကိုသာ သူမ သိချင်နေမိပြီး ဤရဲမက်က အလွန်လောဘမကြီးလာသရွေ့ သူ့ကို သူမ လိုက်လျောပေးနိုင်သည်။ အကယ်၍ သူ လောဘကြီးလာလျှင်တော့ ကိုင်တွယ်ရန် ပို၍ လွယ်ကူသွားပေလိမ့်မည်။

"ငါ့မေးခွန်းကို အရင်ဖြေပါ"

ထိုရဲမက်က ငွေကို အလွန်အမင်း တပ်မက်လာပြီး စူးချင်းအား အတင်းမေးမြန်းနေခဲ့သည်။

“သူတို့က ကျွန်မရဲ့ရန်သူတွေပါ။ သူတို့က ကျွန်မတို့မိသားစုရဲ့ဥစ္စာပစ္စည်းတွေကို ခိုးယူပြီး လော့ချန်ကို ထွက်ပြေးလာကြတာ။ ဒီငွေခြူလေးက ကျွန်မ သမီးလေးရဲ့ပစ္စည်းပါ။ အဲ့ဒါကြောင့် ကျွန်မ ပြန်လိုချင်တာ”

စူးချင်းက အေးအေးဆေးဆေးဖြင့် အလွယ်တကူ လိမ်လည်နေခဲ့သည်။

ထိုငွေခြူလေးက ကလေးငယ်များသာ ဝတ်ဆင်လေ့ရှိသော အရာတစ်ခု ဖြစ်သည်။ စူးအိမ်တော် ဝင်ရောက်စီးနင်းခံရသည့် အချိန်တွင် အခြားရဲမက်များက အဖိုးတန်ပစ္စည်းများအားလုံးကို လုယူသွားခဲ့ကြသည်။ စူးချင်းရှေ့မှ ရဲမက်၏အလှည့်သို့ ရောက်လာချိန်တွင် သစ်သားသေတ္တာလှလှလေးတစ်လုံးသာ ကျန်နေခဲ့သည်။ ဤရဲမက်က ထိုသေတ္တာကို ဖွင့်ကြည့်လိုက်ပြီး အထဲတွင် အ‌ရောင်ပင် မည်းနေပြီဖြစ်သော တန်ဖိုးမရှိသည့် ငွေခြူလေးကိုသာ တွေ့လိုက်ရသည်။ မည်သူမျှ မလိုချင်ဘဲ ကျန်နေသည်မှာ မထူးဆန်းသောကြောင့် သူလည်း လွှင့်ပစ်ရန် တွေးခဲ့မိသေးသည်။

သို့သော် သူ့၏မွေးကင်းစ သားလေးကို တွေးမိသောကြောင့် သူက ၎င်းကို မစွန့်ပစ်ခဲ့ပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဤငွေခြူလေးအတွက် အသိပေးထားသည့်စာတစ်စောင်ကို သူ လမ်းမပေါ်တွင် တွေ့ခဲ့ရပြီး စာရွက်ပေါ်မှ လျန်တစ်ရာ ဆုကြေးငွေကို မြင်လိုက်ရချိန်တွင် သူ ဝမ်းသာလုံးဆို့ကာ သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ သူ ချက်ချင်း အိမ်ပြန်သွားပြီး ငွေခြူလေးကို ယူကာ လက်ဖက်ရည်ဆိုင်တွင် ဆုငွေနှင့် လဲလှယ်ရန်ချင်ခဲ့သည်။

သို့သော် လော့ချန်က ကမောက်ကမ ဖြစ်လာမည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။ အရာရှိများက သူတို့ကို ဆင့်ခေါ်ပြီး အဖွဲ့များ ဖွဲ့စေကာ အိမ်တိုင်းကို ရှာဖွေစေခဲ့သည်။ သူတို့ မနက်မှ ညအထိ အလုပ်များနေရပြီး ရေသောက်ရန်ပင် အချိန်မရှိခဲ့ကြပေ။ သူ ဤလက်ဖက်ရည်ဆိုင်ကို အကြိမ်ပေါင်းများစွာ ဖြတ်သွားခဲ့သော်လည်း သူ့လုပ်ဖော်ကိုင်ဖက်များက သူ့နောက်တွင် ရှိနေပြီး သူ ဤနေရာသို့ မဝင်နိုင် ဖြစ်နေခဲ့ရသည်။

နောက်ဆုံး ယနေ့တွင် သူ အိမ်သာတက်ရန် အကြောင်းပြချက်ရှာပြီး ဆုပေးမည့်သူကို ရှာရန် လက်ဖက်ရည်ဆိုင်ကို ရောက်လာခဲ့သည်။ ထိုလူက စူးအိမ်တော်ကို ဝယ်ခဲ့သည့် သခင်မ ဖြစ်‌နေမည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။

ထို့ကြောင့် သူ့ဦးနှောက်က အလုပ် စတင်လုပ်ခဲ့ခြင်း ဖြစ်သည်။ စူးချင်းက စူးအိမ်တော်၏အဆက်အနွယ် ဖြစ်ကြောင်း သက်သေပြနိုင်လျှင် ရုံးတော်၌ သူ အကျိုးဆောင်မှုတစ်ခု ရနိုင်သေးသည်။ သို့သော် သူမက စူးမိသားစု၏ရန်သူ ဖြစ်နေပြန်သည်။

အစပိုင်းတွင် စူးချင်း လိမ်နေသည်ဟု သူ သံသယဝင်မိသော်လည်း သူမ၏မျက်လုံးထဲမှ အမုန်းတရားများကို မြင်လိုက်ရသောကြောင့် သူ့၏သံသယများ ပျောက်ကွယ်သွားရသည်။

စူးချင်းက ခေါက်ထားသော လျန်တစ်ရာတန် ငွေစက္ကူနှစ်ရွက်ကို ထုတ်ကာ စားပွဲပေါ် တင်ပေးလိုက်သည်။

“လူကြီးမင်း၊ ဒီမှာ ငွေစက္ကူတွေ အဆင်သင့်ရှိပါတယ်။ အဲဒါက ကျွန်မ သမီးလေးရဲ့ ငွေခြူလေး ဟုတ် မဟုတ် စစ်ဆေးကြည့်ပါရစေ”

“ကောင်းပြီ”

ငွေစက္ကူများကို မြင်လိုက်ရချိန်တွင် ထိုရဲမက်၏မျက်လုံးများက တောက်ပလာသည်။ သူက သူ့အင်္ကျီလက်ထဲမှ စက္ကူထုတ်လေးကို အမြန် ထုတ်ယူလိုက်ပြီး ငွေခြူလေးကို ဂရုတစိုက် ထုတ်ပေးလိုက်သည်။ ဤသည်မှာ လျန်နှစ်ရာတန်သော ရတနာ ဖြစ်သည်။

စူးချင်းက ငွေခြူလေးကို လှမ်းယူကာ ပြတင်းပေါက်အပြင်ဘက်ရှိ နေရောင်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူမက ဤငွေခြူလေးနှင့် အလွန်ရင်းနှီးနေပြီး တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်သည်။ အနက်ရောင်ကြိုးလေးကိုပင် မပြောင်းထားသောကြောင့် ထိုပုံစံက သူမ၏မှတ်ဥာဏ်ထဲမှ ငွေခြူလေးနှင့် အတူတူ ဖြစ်နေလေသည်။ အခြားငွေခြူများအားလုံးက ငွေရောင်ဖြစ်သော်လည်း ဤငွေခြူလေးက အနက်ရောင် ဖြစ်သည်။

"ဟုတ်တယ်၊ ဒါက ကျွန်မ သမီးလေးရဲ့ငွေခြူလေးပဲ။ ငွေကို ယူလိုက်ပါ"

စူးချင်းက ငွေခြူလေးကို သိမ်းလိုက်ပြီး ငွေစက္ကူကို သူမရှေ့မှ ရဲမက်ထံသို့ တွန်းပို့လိုက်သည်။

ထိုရဲမက်က ငွေစက္ကူများကို လှမ်းယူကာ ပျော်ပျော်ရွှင်ရွှင် သိမ်းဆည်းလိုက်ပြီး စူးချင်းကို တွက်ချက်ချင်နေသည့် လောဘမျက်လုံးများဖြင့် လှမ်းကြည့်နေပြန်သည်။

"သခင်မ၊ ဒီငွေခြူလေးက ဘာအတွက်လဲလို့ မေးလို့ရမလား?"

ကျိုးပဲ့နေတဲ့ ငွေခြူလေးတစ်လုံးကို ဝယ်ဖို့ လျန်နှစ်ရာ သုံးတယ်တဲ့လား? ဖြစ်နိုင်တာ ဒါက အဖိုးတန်လို့ပဲ။

ရဲမက်က သူ ပိုက်ဆံထပ်မတောင်းမိသည့်အတွက် စိတ်မကောင်းဖြစ်နေပြန်သည်။

တကယ်လို့ သူသာ လျန်တစ်ထောင်လောက်ရနိုင်ရင် သူ ရဲမက် မလုပ်တော့ဘူး။ ဇနီးနဲ့ သားသမီးတွေကို ဇာတိမြေအထိ ပြန်ခေါ်သွားပြီး အိမ်ဝယ်မယ်၊ မြေဝယ်မယ်၊ အိမ်တွေကို ငှားထားပြီး အိမ်ငှားခ ကောက်မယ်။

စူးချင်းက စိတ်မရှည်တော့ပေ။

ပိုက်ဆံနဲ့ ပစ္စည်း လဲလှယ်ပြီးရင် ပြီးပြီ မဟုတ်ဘူးလား? သူက ဘာလို့ မေးခွန်းပေါင်းများစွာ မေးနေရတာလဲ?

စူးချင်က ထိုရဲမက်၏အမေးကို မကြားချင်ယောင်ဆောင်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူမ လက်ဖက်ရည်ဖိုး ပေးပြီးပြီဖြစ်သောကြောင့် စားပွဲထိုးက သူမကို မတားတော့ပေ။

စူးချင်းက သူ့အား လျစ်လျူရှုလိုက်သည်ကို မြင်လိုက်ရချိန်တွင် ထိုရဲမက်က မကျေမနပ်ဖြင့် သူမ နောက်သို့ ထပ်လိုက်သွားခဲ့တယ်။

ဒါက အသားအကြီးကြီးတစ်ပိုင်းလေ။ တစ်ကိုက် ကိုက်မိမှတော့ ဘယ်လို ပြန်လွှတ်နိုင်တော့မှာလဲ? သူ တခြားအသားကိုလည်း လိုချင်သေးတယ်။

“သခင်မ၊ ကျုပ် ပိုက်ဆံပြန်ပေးမယ်၊ အဲ့ဒိငွေခြူလေးကို မရောင်းတော့ဘူး”

ရဲမက်က စူးချင်းကို တားဆီးလိုက်ပြီး ငွေခြူလေးရန် ပြန်တောင်းရန် လက်ဆန့်လိုက်သည်။

စူးချင်းက သူ့ကို အေးတိအေးစက် စိုက်ကြည့်လိုက်ပြီး "ထွက်သွား"

"မင်းက ဘာ့လို့ ဒီလောက် ကြမ်းတမ်းရတာလဲ? ဒီငွေခြူလေးက ငါ့ဥစ္စာလေ၊ငါ မရောင်းချင်ရင် မရောင်းဘူး၊ မင်းက လုယက်ချင်နေတာလား?"

စူးချင်းက သူ့ကို ကြိမ်းမောင်းလိုက်သောကြောင့် ထိုရဲမက်က စိတ်ဆိုးသွားပြီး သူ၏ ပင်ကိုယ် ရက်စက်ကြမ်းကြုတ်သော မျက်နှာကို ထုတ်ဖော်ပြသကာ စူးချင်းကို စိုက်ကြည့်နေရင်း သူမ ထွက်မသွားနိုင်ရန် တားဆီးထားခဲ့သည်။

လက်ဖက်ရည်ဆိုင်တွင် လူအများအပြား ရှိနေပြီး စူးချင်းက ဤနေရာတွင် သူနှင့် ပြသမနာ မဖြစ်ချင်ပေ။ ထို့ကြောင့် သူမက မျက်နှာအမူအရာ မပြောင်းဘဲ အေးအေးဆေးဆေး ထပ်ပြောလိုက်သည်။

“ဒါဆို ရှင် ကျွန်မ နောက်ကို လိုက်ခဲ့၊ ရှင့်ကို နောက်ထပ် လျန်တစ်ထောင် ထပ်ပေးမယ်”

စူးချင်းက သူ လိုချင်သည့်အရာကို နားလည်သွားမှန်း ရိပ်မိသွားသောကြောင့် ရဲမက်က ချက်ချင်း ဝမ်းသာသွားပြီး ပြုံးလိုက်ကာ စူးချင်းနောက်မှ လိုက်လာခဲ့သည်။

“သခင်မက အရမ်းရက်ရောတာပဲ။ အလုပ်တွေကို ပစ်ထားပြီး မင်းဆီလာရတာ အလကား မဖြစ်တော့ဘူး”

စူးချင်း၏မျက်နှာက မည်းမှောင်လာသော်လည်း သူမက ဘာမှ ထပ်မပြောတော့ပေ။ သို့သော် သူမ၏ နက်မှောင်သော မျက်လုံးများထဲတွင် လူသတ်ချင်နေသည့်အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။ လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် စူးချင်းက နောက်ဖေးလမ်းကြားတစ်ခုဆီသို့ ဦးတည်လိုက်သည်။ ထိုနေရာသို့ ရောက်လာမှသာ ရဲမက်က တစ်ခုခု မှားနေမှန်း ရိပ်မိသွားပြီး စူးချင်းကို လှမ်းတားလိုက်သည်။

“သခင်မ၊ ဒါက စူးအိမ်တော်ကို သွားတဲ့လမ်း မဟုတ်ဘူး။ မင်း ကျုပ်ကို ဘယ်ခေါ်သွားနေတာလဲ?"

“ငွေယူဖို့ ငါ့နောက်လိုက်ခဲ့”

စူးချင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး လမ်းကြားထဲသို့ ဆက်လျှောက်လာခဲ့သည်။ ထိုရဲမက်က လမ်းကြားကို တစ်ချက်ကြည့်ကာ တုံ့ဆိုင်းနေသေးသည်။ သူ အနည်းငယ် ကြောက်နေသော်လည်း လျန်တစ်ထောင်က သူ့အတွက် ကြီးမားသောသွေးဆောင်မှုတစ်ခု ဖြစ်သည်။ ထို့အပြင် သူ့ရှေ့မှလူက အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူထံတွင် ဓားတစ်ချောင်းလည်း ရှိနေသောကြောင့် မကြောက်တော့ရန် ဆုံးဖြတ်လိုက်သည်။

စူးချင်းက နောက်သို့ ပြန်လှည့်မကြည့်ဘဲ လမ်းကြားထဲသို့ လျှောက်ဝင်သွားသည်ကို မြင်လိုက်ရသဖြင့် သူ တခဏမျှ တုံ့ဆိုင်းနေသေးသည်။

သူမက သူ့ကို ဂရုမစိုက်သလိုပဲ။ သူမ သူ့ကို ခြေရာဖျောက်ဖို့ ကြိုးစားနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

ထို့သို့ တွေးမိသွားချိန်တွင် ရဲမက်က သူ့၏အသိတရားကို ဖယ်ခွာလိုက်ပြီး ဘာကိုမှ ဂရုမစိုက်တော့ဘဲ လမ်းကြားထဲသို့ လိုက်ဝင်လာတော့သည်။

သူ လမ်းကြားထဲသို့ ဝင်လိုက်သည်နှင့် လေပြင်းတစ်ချက် တိုက်ခတ်လာသလို ခံစားလိုက်ရပြီး သူ ရှောင်တိမ်းရန်ပင် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ မြှားတစ်စင်းက သူ၏နဖူးထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်လာခဲ့ပြီး နောက်ထပ်မြှားတစ်စင်းက သူ့၏လည်ချောင်းကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ရဲမက်က မြေပြင်ပေါ်သို့ လဲကျသွားပြီး မျက်လုံးပြူးဖြင့် သေဆုံးသွားခဲ့သည်။

စူးချင်းက သူမ သူ့ကို ပေးခဲ့သည့် လျန်နှစ်ရာကို ထိုရဲမက်ဆီမှ ပြန်ယူလိုက်သည်။ ထို့နောက် သူမက အလောင်းပျော်မှုန့်ကို ထုတ်ယူကာ ရဲမက်၏အလောင်းကို အရည်ဖျော်လိုက်သည်။

"ဒါက ရှင့်ရဲ့လောဘကြောင့်ပဲ"

စူးချင်းက လောဘကြီးသော ရဲမက်ကို ဖြေရှင်းခဲ့ပြီး မည်သူမျှ သတိမပြုမိခင် ထိုနေရာမှ ပြန်ထွက်လာခဲ့သည်။ လမ်းပေါ်တွင် လမ်းသွားလမ်းလာ မရှိသလောက် နည်းပါးပြီး ကင်းသမားတစ်ချို့သာ ပြေးလွှားနေကြသည်။ သူတို့ကလည်း အပြင်ပိုင်းတွင် သန်မာနေပြီး အတွင်းပိုင်းတွင် အားနည်းနေသလို ခံစားနေကြရသည်။ ထို့ကြောင့် သူတို့၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုများကို ဖြေလျှော့ရန် အားမာန်တက်ကြွအောင် ကြွေးကြော်ရင်း ပြေးလွှားနေကြသည်။

စူးချင်းက ​​သူမ လိုချင်သည့်အရာကို ရခဲ့ပြီး လော့ချန်တွင် နေရန် မလိုအပ်တော့ပေ။ သူမက စားသောက်ဆိုင် သုံးဆိုင်သို့ သွားကာ အစားအသောက်နှင့် သေရည် အမြောက်အမြား ဝယ်ယူပြီး စူးအိမ်တော်သို့ ပို့ပေးရန် တောင်းဆိုခဲ့သည်။

ကောင်းကောင်း စားပြီးရင် ဒီည လော့ချန်ကနေ ပြန်ထွက်ရမယ်။

စူးချင်း စူးအိမ်တော်သို့ ပြန်ရောက်လာချိန်တွင် ကျိ‌ရွှေရှန့်ကလည်း အပြင်မှ ပြန်ရောက်လာခဲ့သည်။ သူက အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး မျက်နှာကို ဖုံးအုပ်ထားကာ သူ့အင်္ကျီတွင် သွေးများ စွန်းထင်းနေခဲ့သည်။

"ချင်းအာ၊ ဒီနေ့ ကိုယ် ဝမ်မျိုးနွယ်စစ်တပ်ရဲ့ တပ်သားဆယ်ယောက်ကို သတ်နိုင်ခဲ့တယ်"

ကျိ‌ရွှေရှန့်က သူ့မျက်နှာဖုံးကို ချွတ်နေရင်း စူးချင်းအား လှမ်းပြောနေကာ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တောက်ပနေလေသည်။

စူးချင်းက ခေါင်းညိတ်လိုက်ပြီး ကျိ‌ရွှေရှန့်ကို ပြန်ပြောလိုက်သည်။

"ဒီည လော့ချန်ကနေ ထွက်ဖို့ အဆင်သင့်ပြင်ထားတော့"

လော့ချန်မှ ထွက်ခွာ‌တော့မည်အကြောင်း စူးချင်းက ပြောလိုက်ချိန်တွင် အဝတ်အစားများ သွားလဲတော့မည့် ကျိ‌ရွှေရှန့်က သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

"မင်း ရှာနေတဲ့လူကို တွေ့ပြီလား?"

စူးချင်းက ကျိ‌ရွှေရှန့်ကို ပြုံးပြုံးလေး ကြည့်နေကာ "အင်း... တွေ့ပြီ၊ ကျွန်မ လိုချင်တာကိုလည်း ရခဲ့တယ်"

"ဟုတ်လား?"

ကျိ‌ရွှေရှန့်က စူးချင်းအတွက် ပျော်ရွှင်ပေးနေခဲ့သည်။ သို့သော် စူးချင်း အဘယ့်ကြောင့် လော့ချန်သို့ ရောက်လာပြီး လက်ဖက်ရည်ဆိုင်တွင် နေ့တိုင်း အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သည်ကိုတော့ သူ သိချင်နေမိသေးသည်။

"ချင်းအာက ဘာကို ရှာနေတာလဲ? ကိုယ် ကြည့်လို့ရမလား?"

All Chapters