ကျားတံဆိပ်တော်က နေရောင်အောက်ကို ပြန်ပေါ်လာပြီ
Vol. 28 Ch. 414
“အင်း... ရတယ်”
စူးချင်းက သူမ၏ညာဘက်လက်ကို ဖြန့်လိုက်ပြီး သူမ၏လက်ဝါးပေါ်မှ ငွေခြူလေးကို မြင်သာအောင် ထုတ်ပြလိုက်သည်။ ကျိရွှေရှန့်က စူးချင်း၏ လက်ဖဝါးပေါ်တွင် ခြူလေးတစ်လုံး ရှိနေသည်ကို တွေ့သွားခဲ့ပြီး ထိုအရာက အနက်ရောင် ရှိနေသောကြောင့် ထူးဆန်းသည်ဟု သူ တွေးလိုက်မိသည်။ ထို့အပြင် ၎င်းက တိရစ္ဆာန်လေးတစ်ကောင်၏ပုံစံနှင့် ဆင်တူနေသော်လည်း မည်သည့်အကောင်နှင့် ဆင်တူနေမှန်း သူ အတိအကျ မပြောနိုင်သေးပေ။
ခနနေဦး.... ဒီပုံစံ... ဒီပုံစံက....?
ကျိရွှေရှန့်၏နှလုံးခုန်သံက အပြင်က ကြားရလောက်အောင် ပြင်းထန်လာခဲ့ပြီး သူက စူးချင်းကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများက အလွန်တောက်ပနေပြီး သူ အလွန်အမင်း စိတ်လှုပ်ရှားနေမှန်း သိသာနေသည်။ စူးချင်းက သူ့ကို ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
ကျိရွှေရှန့်က စူးချင်းကို စိတ်အားထက်သန်စွာ ကောက်ချီလိုက်ပြီး အခန်းတစ်ဝိုက် လှည့်ပတ်လိုက်သည်။
"ချင်းအာ၊ မင်းက တကယ်ကို ကိုယ့်ရဲ့ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ"
စူးချင်းက သူ့ကို ပြုံးပြနေဆဲဖြစ်ကာ နောက်ထပ် အံ့အားသင့်စရာတစ်ခု ထပ်ပေးလာခဲ့သည်။
"ဒါက ကျွန်မယောက္ခမကနေ ကျွန်မအဖေဆီကို ပေးခဲ့တဲ့ စေ့စပ်ထိမ်းမြားလက်ဆောင်နော်"
"မင်း ဘာပြောလိုက်တယ်? ချင်းအာ၊ အဲဒါကို ထပ်ပြောပါဦး"
ကျိရွှေရှန့်က စူးချင်းအား လှည့်ပတ်နေခြင်းကို ရပ်လိုက်ပြီး သူမကို မယုံကြည်နိုင်စွာ ထပ်ကြည့်လာပြန်သည်။ သူက သူ နားကြားမမှားကြောင်း သေချာစေရန် သူမဆီမှ အတည်ပြုချက်ကို ထပ်လိုချင်နေပုံရသည်။
စူးချင်း ပြုံးလိုက်ပြီး နောက်တစ်ခါထပ်ပြောလိုက်သည်။
“ဒါက ကျွန်မယောက္ခမ…”
သို့သော် သူမ စကားမဆုံးခင်မှာပင် ကျိရွှေရှန့်က သူ့လက်ကို ဖြေလျှော့လိုက်ပြီး သူမကို သူ့ရင်ခွင်ထဲသို့ လျောချလိုက်သည်။ ထို့နောက် သူက သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ သူမ၏ချယ်ရီရောင်နှုတ်ခမ်းလေးများကို စိတ်လှုပ်ရှားစွာ နမ်းရှိုက်လိုက်သည်။ သူက သူမကို သူ့ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းချင်နေပုံရပြီး သူ့လက်များ၏ပွေ့ဖက်မှုက သန်မာလွန်းလှသည်။
ထိုပွေ့ဖက်မှုက စူးချင်း၏နှလုံးခုန်သံကို ပိုမြန်လာစေပြီး သူမ၏သွေးများကိုလည်း ဆူပွက်လာစေခဲ့သည်။ ကျိရွှေရှန့်၏စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုက သူမဆီသို့ ကူးစက်လာပြီး သူတို့ကြားတွင် ဘာအတားအဆီးမှ မရှိတော့သလို ခံစားရစေသည်။ အရာရာက သူတို့နှစ်ယောက် အတူရှိရန် ဖန်တီးထားသည်ဟု ထင်ရစေသည်။
နှစ်ယောက်သား အချိန်အတော်ကြာ ပွေ့ဖက်နမ်းရှိုက်နေကြပြီး သူတို့၏နှလုံးသားများ တစ်ထပ်တည်း ကျလုနီးပါး တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားမိကြသည်။
ကံကြမ္မာက ဆန်းကြယ်လွန်းတယ်။
သူ သူ့ရဲ့ချင်းအာကို ကယ်တင်ခဲ့တုန်းက သူမက သူ့ရဲ့ဇနီးလောင်း ဖြစ်နေလိမ့်မယ်တော့ တစ်ခါလေးမှတောင် မတွေးခဲ့မိဘူး။
“မြန်မြန်၊ သေတ္တာကို ထုတ်ပြီး စမ်းဖွင့်ကြည့်လိုက်ပါလား?”
နှစ်ယောက်သား နှုတ်ခမ်းများ ထုံသွားသည်အထိ အချိန်အတော်ကြာ နမ်းရှိုက်နေပြီးမှ ကျိရွှေရှန့်က စူးချင်းကို မလွှတ်ချင်လွှတ်ချင် လွှတ်ပေးလိုက်သည်။ သူက ထိုငွေခြူလေးဖြင့် သေတ္တာကို စမ်းဖွင့်ကြည့်ရန် စိတ်အားထက်သန်နေဆဲ ဖြစ်သည်။
“အင်း”
စူးချင်းက စနစ်ထဲမှ သေတ္တာကို ထုတ်ယူလိုက်သည်။ အစပိုင်းတွင် သူမက ထိုသေတ္တာကို မော့ချန်၌ သိမ်းဆည်းထားချင်ခဲ့သည်။ သို့သော် ကျိရွှေရှန့်က သူမကိုသာ လုံးလုံးလျားလျား ယုံကြည်ထားပြီး သူဆီမှာ ရှိနေခြင်းထက် သူမထံတွင် ရှိနေခြင်းက ပိုလုံခြုံသည်ဟု ဆုံးဖြတ်ခဲ့သည်။ ပုံမှန်အားဖြင့် မြို့တံခါးများတွင် ရှာဖွေမှုက အမျိုးသားများအတွက်သာ တင်းကျပ်လေ့ရှိပြီး အမျိုးသမီးများကိုတော့ အတော်လေး လျော့ပေါ့ပေးတတ်သည်။
စူးချင်းက သေတ္တာကို လေးထောင့်စားပွဲပေါ် တင်လိုက်သည်။ ဤအချိန်က အံ့ဖွယ်ကိစ္စတစ်ခုကို သက်သေခံရမည့် အချိန် ဖြစ်နေသောကြောင့် အမြဲတမ်း တည်ငြိမ်နေတတ်သည့် သူမပင်လျှင် သူမကိုယ်သူမ မထိန်းနိုင်ဘဲ အနည်းငယ် တုန်လှုပ်နေမိသည်။ သူမ ငွေခြူလေးကို ကိုင်ကာ သေတ္တာ၏သော့ပေါက်ထဲသို့ ထည့်လိုက်ရာ လုံးဝဥဿုံကိုက်ညီနေခဲ့သည်။
ကျိရွှေရှန့်ကလည်း အလွန်စိတ်လှုပ်ရှားနေပြီး သူ့လက်သီးများကို တင်းတင်းဆုပ်ထားကာ စူးချင်း ငွေခြူလေးအား လှည့်နေသည်ကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။ သေတ္တာထဲမှ ကွဲအက်သံသေးလေးလေးတစ်ခု ထွက်ပေါ်လာပြီး ထိုအသံနှင့်အတူ သေတ္တာ၏အဖုံးက အလိုလိုပွင့်သွားပြီး အတွင်းထဲမှ ကျားခေါင်းပုံပါသည့် စစ်သူကြီး၏ တံဆိပ်တော်ကို မြင်လိုက်ရသည်။
“ချင်းအာ၊ မင်းက ကိုယ့်အဖေ ကိုယ့်နားကို စေလွှတ်လိုက်တဲ့သူပဲ ဖြစ်ရတယ်။ ဒီကျားတံဆိပ်နဲ့ ကိုယ်ရဲ့ အစွမ်းသတ္တိကို ပေါင်းလိုက်ရင် အဖေ့အတွက် လက်စားချေပေးနိုင်ပြီ”
ကျိရွှေရှန့်က ကျားတံဆိပ်တော်ကို တရိုတသေ ကောက်ယူလိုက်သည်။ သစ်သားဖြင့်သာ ပြုလုပ်ထားခဲ့သည့် ထိုကျားတံဆိပ်တော်က ခွန်အားနှင့် လွှမ်းမိုးနိုင်ခြင်း၏ အရှိန်အဝါကို အပြည့်အဝ ထုတ်လွှတ်ပေးနေခဲ့သည်။ ထိုတံဆိပ်ကို မြင်နေရသည့်က သံချပ်ကာဝတ်ပြီး မြင်းစီးနေသည့် သူ့ဖခင်ကို မြင်ယောင်လာစေပြီး သူ့ကိုယ်သူလည်း ပြန်ကြည့်နေရသလို ခံစားရစေသည်။ ထို့အခိုက်အတန့်၌ ကျိရွှေရှန့်၏ကျားသဏ္ဍန်မျက်လုံးများအတွင်း မျှော်လင့်ချက်အလင်းရောင်များ တစ်လက်လက် တောက်ပနေခဲ့သည်။
"ဟုတ်ပါပြီ၊ အခု ကျွန်မတို့ ရှောင်းမိသားစုစစ်တပ်ကို အတူတူ ပြန်ပြီး အသက်သွင်းကြမယ်"
စူးချင်း၏ မျက်လုံးများတွင်လည်း တင်းမာမှုနှင့် ပြတ်သားမှုများ ရှိနေပြီး သူမ၏ယခင်ဘဝမှ စစ်နတ်ဘုရားတစ်ပါး၏ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းများက သူမထံသို့ ပြန်ရောက်လာပုံရသည်။
သူမရဲ့ဆန္ဒက နေထွက်ချိန်မှာ လယ်လုပ်ပြီး နေဝင်ချိန်မှာ အေးအေးဆေးဆေး အနားယူနိုင်ဖို့ပါပဲ။ ဒါပေမယ့် အခု လက်ရှိမင်းဆက်ကို အုပ်စိုးနေတဲ့ သူတွေက သူမ အေးအေးချမ်းချမ်းနေမှာကို ခွင့်မပြုချင်ကြဘူး။ အဲလိုဆိုမှတော့ သူမကလည်း သူမရဲ့ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်တိုက်ပွဲဝင်ရတော့မှာပေါ့။
နောက်ပိုင်း စစ်ဘေးတွေ ကင်းဝေသွားတဲ့အချိန်ကျရင်တော့ သူမနဲ့ ရွှေရှန့် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လုပ်ကိုင်နိုင်မှာ သေချာတယ်။ အဲ့အချိန်ရောက်မှပဲ သူမရဲ့ လယ်ယာစိုက်ပျိုးရေးအိပ်မက်ကို အကောင်အထည်ဖော်နိုင်လိမ့်မယ်။
သူတို့ ကျားတံဆိပ်ကို ရရှိခဲ့သောကြောင့် ယနေ့ည ထွက်ခွာနိုင်ပြီ ဖြစ်ပြီး လော့ချန်တွင် ဆက်နေရန် မလိုအပ်တော့ပေ။ ထို့အပြင် စူးချင်းက သူမတို့ကြောင့် လော့ချန်မှ ပြည်သူများ ဒုက္ခရောက်ရမည်ကို စိုးရိမ်နေပြီူ ထည့်အချက်ကိုလည်း ထည့်စဥ်းစားခဲ့သည်။
သူမတို့ ထွက်ပေါက်ကို တိုက်ခိုက်ပြီး ထွက်သွားလိုက်သည်နှင့် ဝမ်မိသားစုစစ်တပ်မှ စစ်တပ်မှ လူများက သူမတို့ ထွက်သွားပြီဖြစ်ကြောင်း သိသွားကာ လော့ချန်အတွင်း ရှာဖွေမှုများကို ရပ်တန့်ပြီး အရပ်သားများအား ဒုက္ခပေးတော့မည် မဟုတ်ပေ။ သူမတို့ ထွက်မသွားသေးသရွေ့ ဝမ်မိသားစုစစ်တပ်က လော့ချန်ကို ရှာဖွေကာ မည်သူမျှ မလွှတ်သွားစေရန် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်ကြမည် ဖြစ်သည်။
“ကောင်းပြီ”
စူးချင်း၏ ယုံကြည်မှုအပြည့်ရှိဖြင့် ဂုဏ်ယူဝင့်ကြွားနေဟန်က ကျိရွှေရှန့်ကို ပိုပြီး အားမာန်တက်ကြွလာစေခဲ့သည်။
ဟုတ်တယ်၊ သူတို့ ဇနီးမောင်နှံ လက်တွဲလိုက်ရင် ဘယ်သူတွေက သူတို့ကို တားဆီးနိုင်မှာတဲ့လဲ?
အင်း... ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကိစ္စမျိုးက စားကောင်းသောက်ဖွယ်တွေနဲ့ ပွဲကျင်းပသင့်တဲ့ အချိန်ပဲ။
ကျိရွှေရှန့် တွေးနေစဥ်မှာပင် စူးချင်း၏စကားသံကို ထပ်ကြားလိုက်ရသည်။
“ကျွန်မ သေရည်နဲ့ အစားအသောက်တွေ ပို့ပေးဖို့ စားသောက်ဆိုင်ကို မှာထားပြီးပြီ။ ဒီည ကောင်းကောင်း စားကြရအောင်။ ပြီးရင် ကောလုံကျန်းနဲ့ သူလူ့တွေကို မော့ချန်အထိ ပြန်ခေါ်သွားကြမယ်”
"ချင်းအာ၊ မင်းက ဘာလို့ ကိုယ်တွေးနေတာတွေကို အမြဲတမ်း ကြိုသိနေရတာလဲ?"
ကျိရွှေရှန့်က စူးချင်း၏လက်ကို ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးများတွင် ချစ်ခြင်းမေတ္တာအရိပ်အယောင်များ ပြည့်နှက်နေကာ သူ့အသံက ရေကဲ့သို့ နူးညံ့နေသည်။ မည်သို့ပင်ဖြစ်စေ သူက သူနှလုံးသားထဲမှ ချစ်ခြင်းမေတ္တာကို အပြည့်အဝ မဖော်ပြနိုင်သလို ခံစားနေရသည်။
"ကျွန်မတို့က စိတ်ချင်းဆက်နေတာ"
စူးချင်းက သူ့ကို နောက်ပြောင်လိုက်ပြီး သူမ၏လှပသော မျက်လုံးများထဲမှ ရယ်မြူးရိပ်လေးများက ကျိရွှေရှန့်၏နှလုံးသားကို လှုပ်ရှားသွားစေပြန်သည်။
သူက စူးချင်း၏အမည်ကို တိုးတိုးလေးခေါ်လိုက်ပြီး သူမ၏နှုတ်ခမ်းလေးကို နမ်းရန် ခေါင်းငုံ့လိုက်သည်။
"ညီလေးကျိ"
ကောလုံကျန်းနှင့် သူ့အဖွဲ့သားများက လျှို့ဝှက်လမ်းကြောင်းထဲတွင် ရက်အတော်ကြာ နေထိုင်ခဲ့သည်။ သူတို့က နေ့ခင်းဘက်တွင် မထွက်ရဲဘဲ ညဘက်မှသာ လမ်းထွက်လျှောက်ရဲကြသည်။ ထိုသို့ မထွက်လျှင်လည်း သူတို့အစ်ကိုများ အားလုံး အသက်ရှူကျပ်ကာ ပျင်းရိနေတတ်ကြသည်။ ယခုလည်း သူက သတင်းစုံစမ်းရန် ထွက်လာခဲ့ခြင်း ဖြစ်သည်။
ကျိရွှေရှန့်နှင့် စူးချင်းတို့က သူ့အသံကို ကြားသွားပြီး လူချင်း အမြန်ပြန်ခွဲလိုက်ကြသည်။ သူတို့နှစ်ယောက် သီးခြားဖြစ်သွားသည်နှင့် တပြိုင်နက် ကောလုံကျန်းက အသံကျယ်ကြီးနှင့်အတူ အိမ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
"ညီလေးကျိ၊ အပြင်မှာ အခြေအနေ ဘယ်လိုရှိလဲ?"
"အစ်ကိုကြီးကော၊ ကျုပ်လည်း ခင်ဗျားတို့ကို လာပြောမလို့ပဲ။ ခင်ဗျားတို့ အဆင်သင့်ပြင်ထားတော့၊ ဒီည လော့ချန်ကနေ ထွက်ခွာကြမယ်"
ကျိရွှေရှန့်က သူ့၏အဆင်မပြေဖြစ်နေသည့်နေရာကို ဖုံးအုပ်ရန် သူ့အဝတ်များကို သေသေချာချာ ဆွဲချလိုက်ပြီးမှ သူ့လည်ချောင်းကို ရှင်းရန် ချောင်းဟန့်လိုက်ပြီး သူ့ ကောလုံကျန်းကို လေးလေးနက်နက် လှမ်းပြောလိုက်သည်။
"အဲ့ဒါ အရမ်းကောင်းတယ်။ နောက်ဆုံးတော့ ငါတို့ ဒီနေရာကနေ ထွက်သွားနိုင်ပြီ၊ ခဏနေဦး မြို့တံခါးတွေမှာ ရှာဖွေနေတာ မဟုတ်ဘူးလား?”
လော့ချန်မှ ထွက်ခွာနိုင်တော့မည်ဟု ကြားလိုက်ချိန်တွင် ကောလုံကျန်းက စိတ်လှုပ်ရှားစွာဖြင့် သူ့လက်များကို ပွတ်သပ်နေခဲ့သည်။
ဒီလိုမျိုး ကြွက်တွေလို နေရတဲ့ နေ့ရက်တွေက ခက်ခဲလွန်းတယ်။ တိုက်ရင်းခိုက်ရင်း သွေးမြေကျရမယ် ဆိုရင်တောင် နေရောင်အောက်မှာ ပွင့်ပွင့်လင်းလင်း နေထိုင်နိုင်ဖို့ သူ့ရဲ့သွေးတွေကို အဖိုးအခအဖြစ် ပေးလိုက်ချင်သေးတယ်။
ကျိရွှေရှန့်၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာပြန်သည်။
“ကျုပ်တို့ရဲ့လမ်းကို ပိတ်ရဲတဲ့သူမျန်သမျှ သတ်ပစ်မယ်”
ကောလုံကျန်းက ထိတ်လန့်သွားပြီး “သတ်မယ်…??? သူတို့ကို သတ်ပြီး ဖောက်ထွက်မှာလား?”
ဒါက ကျောက်တုံးကို ကြက်ဥနဲ့ ပစ်ပေါက်တာ မဟုတ်ဘူးလား? သူတို့ရဲ့လက်နက်တွေက ဟောင်းနွမ်းပျက်စီးနေပြီ။ သူတို့ကိုယ်တိုင်လည်း ဆာလောင် မွတ်သိပ်ပြီး အားနည်းနေတော့ အင်အားတောင် မရှိတော့ဘူး။ သေသေချာချာ လေ့ကျင့်ထားတဲ့ ဝမ်မိသားစုစစ်တပ်ကို ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ?
ကျိရွှေရှန့်က လော့ချန်မှ မည်ကဲ့သို့ ရုန်းထွက်ရမည်ကို အသေးစိတ် ရှင်းပြတော့မည့်အချိန်တွင် သူတို့အားလုံး တံခါးခေါက်သံ ကြားလိုက်ရသည်။ ကောလုံကျန်းက အိမ်အနောက်ဘက်ရှိ လျှို့ဝှက်ခန်းသို့ ချက်ချင်း ပြန်သွားခဲ့သည်။
ကျိရွှေရှန့်က တံခါးဖွင့်ပေးရန် ထွက်သွားခဲ့ပြီး အစားအသောက်များ လာပို့ပေးသည့် စားသောက်ဆိုင်တစ်ဆိုင်မှ စားပွဲထိုးကို တွေ့လိုက်ရသည်။ စူးချင်းက အစီအစဉ်များ ပြုလုပ်ရာတွင် အသေးစိတ်ကို စဉ်းစားတတ်သူဖြစ်ပြီး စားပွဲထိုးများ တစ်ယောက်နှင့် တစ်ယောက် မဆုံမိစေရန် ဆယ့်ငါးမိနစ်စီလောက် အချိန်ခြားကာ ပို့ခိုင်းထားခဲ့သည်။
အရသာရှိလှသည့် အစားအသောက်များနှင့် သေရည်ဝိုင်းကို တည်ခင်းရခြင်းက ငွေခြူလေးကို ရှာတွေ့ခဲ့သောကြောင့် ဂုဏ်ပြုခြင်းဖြစ်သလို စားသောက်ပြီးနောက် လော့ချန်မှ ထွက်ရန် နည်းလမ်းတစ်ခု ဆွေးနွေးရန်လည်း ဖြစ်သည်။
ကောလုံကျန်းနှင့် သူ့၏ညီအစ်ကိုများကတော့ လော့ချန်မှ ထွက်နိုင်တော့မည့်အတွက် အလွန်ပျော်နေပြီး ပျော်ပျော်ပါးပါး စားသောက်နေကြသည်။
စူးချင်းက သူတို့ ဝတ်ထားသည့်အဝတ်အစားများကို တချက်ကြည့်လိုက်ပြီး မော့ချန်သို့ မရောက်ခင် သူတို့ အေးခဲပြီး သေသွားနိုင်ကြောင်း တွေးလိုက်မိသည်။
အခုအရေးကြီးဆုံးကတော့ ဂွမ်းချည်သားအဝတ်အစားတွေ ရှာဖို့ပဲ။
ထိုအတွေးဝင်လာသည်နှင့် တပြိုင်နက် စူးချင်းက သူမတို့မိသားစု၏အထည်ဆိုင်ကို ပြေးမြင်မိသွားခဲ့သည်။ ထိုဆိုင်အကြောင်းကို လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ စုံစမ်းထားခဲ့ပြီး သူမတို့မိသားစု၏ အထည်ဆိုင်ကို သိမ်းပိုက်ထားခဲ့သူ စီရင်စုအမတ်၏ ယောက်ဖ ဖြစ်သည်။ စူးချင်းက ကောလုံကျန်းနှင့် သူ့လူများကို စူးမိသားစု၏ အထည်ဆိုင်ကို ခေါ်သွားပြီး ဂွမ်းချည်သားအ၀တ်အစားများ သွားယူရန် ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းတွေက သူမတို့မိသားစုရဲ့ပိုင်ဆိုင်မှုတွေလေ၊ သူမ သွားယူတာက တရားမျှတတယ်။
သန်းခေါင်ယံအချိန်၌ ကျိရွှေရှန့်က ကောလုံကျန်းနှင့် သူ့လူများကို စူးမိသားစု၏ အထည်ဆိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။ ဆိုင်ကို စောင့်နေသည့် ဆိုင်အကူ နှစ်ယောက် သုံးယောက်သာ ရှိသောကြောင့် သူတို့ကို အလွယ်တကူ အနိုင်ယူလိုက်ကြသည်။
လူတိုင်းက သင့်လျော်သော ဂွမ်းချည်သားအဝတ်အစားများနှင့် ဖိနပ်များကို ရှာဖွေကြပြီး ခေါင်းစွပ်များနှင့် မျက်နှာဖုံးများကိုပါ ဝတ်ဆင်လိုက်ကြသည်။ စူးမိသားစုက ခိုင်မာသောအခြေခံအုတ်မြစ် ရှိပြီး ပိုင်ရှင်အသစ်ကတော့ နှလုံးသား မဲနက်လွန်းလှသည်။ ကုန်ပစ္စည်းအားလုံး၏စျေးနှုန်းက သုံးဆတက်သွားသောကြောင့် ကုန်ပစ္စည်းများ အလွန်အကျွံ ပိုလျှံနေကာ ကျိရွှေရှန့်တို့အတွက် ရေကန်အသင့်ကြာအသင့် ဖြစ်နေလေသည်။
သူတို့အားလုံး အဝတ်လဲပြီးနောက်တွင် ကျိရွှေရှန့်က စူးချင်းနှင့် ပြန်ဆုံရန် မြို့တံခါးဆီသို့ ဦးတည်လိုက်သည်။
လမ်းပေါ်တွင် ကင်းလှည့်နေသော ကင်းသမားက ယနေ့ည ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်ဟု ခံစားနေရသည်။ သူက ထိတ်လန့်တကြား လှည့်ပတ်ကြည့်နေရင်း သူ့လက်ထဲမှ သံပြားကို သုံးကြိမ်ခေါက်ကာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
“တတိယအချိန် ရောက်နေပြီး လေက ခြောက်သွေ့နေတယ်၊ အရာအားလုံးက....”
ထိုကင်းသမား၏အော်ဟစ်သံ မဆုံးခင်မှာပင် တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ထိုကင်းသမားက ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ ထိုအချိန်တွင် အနက်ရောင်၀တ်စုံများ ဝတ်ဆင်ထားသည့် လူတစ်စုက သူ့အနားမှ ဖြတ်ပြေးသွားကြသည်။
ထိုအချိန်တွင် မြို့တော်မှ လော့ချန်သို့ ဦးတည်နေသောလမ်းမကြီးပေါ်တွင် လူအုပ်စုကြီးတစ်စုက လော့ချန်သို့ အပြေးအလွှား လာနေခဲ့ကြသည်။ ပေါက်ကွဲသံကို ကြားလိုက်ရချိန်တွင် သူတို့က ပို၍ အရှိန်ပြင်းပြင်းဖြင့် ခရီးနှင်လာခဲ့ကြသည်။