ဝမ်မိသားစုစစ်တပ်တောင်မှ တုံ့ဆိုင်းသွားရပြီ
Vol. 28 Ch. 415
စူးချင်းက သူမနှင့် ကျိရွှေရှန့်တို့ သဘောတူထားသည့်အတိုင်း မြို့တံခါးကို ဖောက်ခွဲကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်လိုက်သည်။
လော့ချန်တွင် ကျန်နေသေးသည့် ဝမ်မိသားစုစစ်သည်အနည်းငယ်က ယခုရက်များအတွင်း ပြေးလွှားနေကြရပြီး သူတို့ နေ့ရော ညပါ ကောင်းကောင်း အနားမယူနိုင်ကြသေးပေ။ သို့သော်လည်း မနက်ဖြန်တွင် စစ်သူကြီးဝမ် စေလွှတ်မည့် စစ်ကူများ ရောက်ရှိလာတော့မည် ဖြစ်ပြီး ယနေ့က နောက်ဆုံးနေ့ ဖြစ်သောကြောင့် သူတို့ တတိယအချိန်(ည ၁၁ နာရီမှ မနက် ၁ နာရီ)ကျော်သည်အထိ ဘေးကင်းနိုင်ရန် ခက်ခက်ခဲခဲ စောင့်မျှော်နေခဲ့ကြသည်။ ယနေ့ညတွင် သူတို့ ဘေးကင်းပြီး ရှင်သန်နိုင်မည်ဟု ထင်ခဲ့ကြသော်လည်း ပေါက်ကွဲသံများက သူတို့၏ စိတ်ကူးများကို လွင့်ပျယ်သွားစေခဲ့သည်။ ပေါက်ကွဲသံကြောင့် သူတို့အားလုံး လက်နက်များ ဆွဲကိုင်ပြီး မြို့ရိုးမျှော်စင်ဆီသို့ ပြေးကြရတော့သည်။
မြို့တံခါး၏အဝင်ဝတွင် မျက်နှာဖုံးစွပ်ထားသည့် အမျိုးသမီးတစ်ဦး မတ်မတ်ရပ်နေပြီး သူတို့အား မောက်မောက်မာမာ ငုံကြည့်နေသည်ကို သူတို့ တွေ့လိုက်ရသည်။ မြို့တံခါးမှ မီးခိုးများ ထွက်နေပြီး မြို့တံခါးကို စောင့်နေသည့် တပ်သားများ၏ အလောင်းများက မြေပြင်အနှံ့ ပြန့်ကျဲနေလေသည်။ မြို့ရိုးမျှော်စင်မှ တိုက်ပွဲသံများကို သူတို့ ကြားပင်မကြားလိုက်ရဘဲ မြို့တံခါးကို စောင့်နေသည့်တပ်သားများအားလုံး တိတ်တဆိတ် သေဆုံးသွားကြရသည်။
ကျန်ရှိနေသေးသော ဝမ်မိသားစုစစ်သည်များက အခြားလူများထက် သူတို့ရှေ့မှလူကို ပိုကြောက်ရွံ့လာကြသည်။ ထိုအကြောက်တရားက သူတို့အတွက် မကြုံစဖူး ဖြစ်ကာ သူတို့၏စစ်သူကြီးကို ကြောက်ရွံ့သည့်အတွင်းစိတ်ထက်ပင် ဤလူကို ပိုကြောက်နေမိကြသည်။ သူတို့၏ တိုက်ခိုက်ရေး စိတ်ဓာတ်များကလည်း ပထမဆုံးအကြိမ်အဖြစ် ပြိုလဲသွားရပြီး သူတို့ ပထမဆုံးတွေးမိသည့်အတွေးက ထွက်ပြေးရန်သာ ဖြစ်သည်။
ဒီက မိန်းမရော ဟုတ်ရဲ့လား? မဟုတ်ဘူး ဒီလူက မိန်းမမဟုတ်ဘူး။ သူက ငရဲကလာတဲ့ သေမင်းတမာန်ပဲ။
ပေါက်ကွဲသံကြားချိန်တွင် ကျိရွှေရှန့်က ကောလုံကျန်းနှင့် အခြားလူများကို ဦးဆောင်ပြီး ပြေးလာနေပြီ ဖြစ်သည်။ သူတို့က လမ်းတစ်လျှောက် မြင်ရသမျှ မြင်းများနှင့် လက်နက်များကို လုယက်လာခဲ့ပြီး ဝမ်မိသားစုစစ်တပ်၏တပ်စခန်းသို့ပင် သွားနေကာ ရန်သူက သူတို့ကို မတိုက်ခိုက်မီ ရန်သူ့၏လက်နက်များ သိမ်းယူခဲ့ကြသည်။
ကျိရွှေရှန့်နှင့် စူးချင်းတို့ တွေ့ဆုံ့ပြီးနောက်တွင် နှစ်ယောက်သား မြို့တွင်းရှိ ဝမ်မိသားစုစစ်သည်များကို စတင် သတ်ဖြတ်ကြတော့သည်။ ကောလုံကျန်းနှင့် သူ့၏ညီအစ်ကိုများအနေဖြင့် ဝဝလင်လင် စားသုံးရသောကြောင့် တိုက်ပွဲဝင်ရန် ခွန်အားရှိနေသော်လည်း သူတို့က သာမာန်သူပြန်များသာ ဖြစ်ပြီး ဝမ်မိသားစုစစ်တပ်ကို ယှဥ်ပြိုင်နိုင်စွမ်း မရှိပေ။
ကံကောင်းထောက်မစွာဖြင့် ကျိရွှေရှန့်နှင့် စူးချင်းတို့က ဝမ်မိသားစုစစ်သည်အများစုကို ပိတ်ဆို့ထားခဲ့ပြီး ကောလုံကျန်းနှင့် အခြားလူများအတွက် ၎င်းတို့၏အမှန်တကယ် တိုက်ခိုက်ရေးစွမ်းရည်ကို လေ့ကျင့်ရန် ပြိုင်ဘက်တစ်ဒါဇင်ခန့်သာ ချန်ထားခဲ့သည်။
စူးချင်း ကိုင်ဆောင်ထားသော လှံရှည်က ထောင်ပေါင်းများစွာသော စစ်သည်များကို ဖျက်ဆီးနိုင်ပြီး ၎င်းတို့၏သံချပ်ကာကို ထိုးဖောက်ကာ သူတို့နှလုံးများအထိ စူးစူးစိုက်စိုက် ဝင်ရောက်နိုင်လေသည်။ သူမ၏လှံတံ ဖြတ်သွားသည့်နေရာတစ်လျှောက် မည်သူတစ်ဦးတစ်ယောက်မျှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိပေ။
ထိုကဲ့သို့ အင်အားကြီးမားသော ပြိုင်ဘက်နှင့် ရင်ဆိုင်လိုက်ရချိန်တွင် ကျန်စစ်သည်များအားလုံး ခုခံရန် ဆန္ဒမရှိတော့ဘဲ ထွက်ပြေးရန်သာ တွေးမိကြတော့သည်။ သူတို့ အမှန်တကယ် ထွက်ပြေးခဲ့ကြသော်လည်း ကျိရွှေရှန့်က အော်ဟစ်ရင်း ပြေးဝင်လာပြန်သည်။
"သစ္စာဖောက်တွေ၊ မင်းတို့ရဲ့အသက်ကို ချန်ထားခဲ့!"
"သူခိုးတွေအားလုံး သေသင့်တယ်!"
ကောလုံကျန်းနှင့် သူ့လူများကလည်း အော်ဟစ်ရင်း ပြေးဝင်းလာကြသည်။
“နှောင်းဧကရာဇ်အတွက် လက်စားချေရမယ်၊ ဝမ်မျိုးနွယ်က သူခိုးတွေပဲ။ ဒီသစ္စာဖောက်ကောင်တွေကို သတ်ကြစမ်း"
ထိုအရာများအားလုံးက ညစာစားချိန်အတွင်း သူတို့အားလုံးကို ကျိရွှေရှန့်မှ သင်ပေးထားခဲ့ခြင်း ဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ ဝမ်မိသားစုစစ်တပ်မှ စစ်သည်များ အားလျော့သွားစေရန်နှင့် သူတို့ကို သူတို့၏ဧကရာဇ်မင်းအတွက် လက်စားချေရန် ရောက်လာသည့် တာ့ရှား၏အကြွင်းအကျန်များ ဖြစ်သည်ဟု ထင်မြင်သွားစေရန် ဖြစ်သည်။
စူးချင်းနှင့် ကျိရွှေရှန့်က သတ်ဖြတ်ရင်း အော်ဟစ်နေသော်လည်း အားလုံးကိုတော့ မသတ်ခဲ့ပေ။ လော့ချန်မှ သူတို့ ပြန်ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့် သူတို့က ယခင်မင်းဆက်၏ အကြွင်းအကျန်များဖြစ်ကြောင်း သက်သေပြရန်အတွက် စစ်သည်တချို့ကို အသက်ရှင်လျက် ချန်ထားခဲ့ရန် တိုင်ပင်ထားပြီး ဖြစ်သည်။
စူးချင်းနှင့် ကျိရွှေရှန့်တို့က ရှေ့မှ ဦးဆောင်နေပြီး ကောလုံကျန်းတို့အဖွဲ့အား ခေါ်ဆောင်ကာ စူးချင်းဖောက်ခွဲထားခဲ့သည့် မြို့တံခါးမှ အပြေးအလွှား ထွက်ခွာလာခဲ့ကြသည်။ ဒါဇင်နှင့်ချီသည့် လူများ ထွက်ခွာသွားသည့်တိုင် ဝမ်မိသားစုစစ်တပ်မှ ကျန်နေသည့်စစ်သည်များက သူတို့ကို ကြည့်ရုံသာကြည့်နေခဲ့ပြီး လုံးဝ လိုက်မဖမ်းရဲကြပေ။ ထိုသို့ လိုက်လံ့ဖမ်းဆီးခြင်းက သူတို့ကိုယ်သူတို့ သတ်သေရာရောက်နိုင်မှန်း သူတို့အားလုံး နားလည်နေကြသည်။
စူးချင်းနှင့် ကျိရွှေရှန့်က မော့ချန်ဘက်သို့ ပြေးရမည့်အစား မြို့တော်ဘက်သို့ ဦးတည် ထွက်ပြေးလာခဲ့ကြသည်။ သူတို့က လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် ကင်းချထားပြီး ထပ်မံရောက်ရှိလာမည့် ဝမ်မိသားစုစစ်သည်များအား ခြုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။
ယမန်နေ့ညတွင် စူးချင်းက စူးအိမ်တော်မှ ဝါးလုံးများကို သုံးကာ ဖောက်ခွဲရေးပစ္စည်းခြောက်ခု ထပ်မံ ပြုလုပ်ထားခဲ့သည်။ ထိုဖောက်ခွဲရေးပစ္စည်းများ ရှိနေသောကြောင့် သူမတို့အနေဖြင့် မော့ချန်သို့ ကြောက်လန့်တကြား ထွက်ပြေးနေစရာ အကြောင်းပြချက် မရှိပေ။
သူမတို့ မထွက်ခွာမီ မော့ချန်သို့ တိုက်ခိုက်ရန် ရောက်ရှိလာမည့် ဝမ်မိသားစုစစ်တပ်မှ စစ်သည်ထက်ဝက်ကို ဖောက်ခွဲပစ်ပြီး မော့ချန်အား တိုက်ခိုက်မည့် အချိန်နှောင့်နှေးစေရန် ဟန့်တားရမည် ဖြစ်သည်။
ဝမ်မိသားစုစစ်တပ်မှ စစ်သည်များက အရှိန်အဟုန်ဖြင့် ချီတက်လာကာ တိတ်ဆိတ်နေသည့်လမ်းမကြီးကို ဆူညံသွားစေပြီး မြင်းခွာသံများက မြေကြီးကိုပင် တုန်ခါသွားစေခဲ့သည်။ အင်အားကြီးမားသော ဝမ်မိသားစုစစ်တပ်၏ မြင်းစီးသူရဲကောင်းများက လော့ချန်အနီးသို့ ရောက်ရှိလာပြီ ဖြစ်သည်။
"မြန်မြန်၊ အရှန်ထပ်မြင့်"
ယမ်းနံ့က အဝေးမှပင် အနံ့ရစေနိုင်သောကြောင့် ဦးဆောင်လာသည့် တပ်မှူးက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ သူ့မျက်လုံးများတွင် မည်းနက်သော အလင်းရောင်တစ်ခု လင်းလက်သွားပြီး သူက ယခင်မင်းဆက်၏ အကြွင်းအကျန် သူပုန်အားလုံးကို သတ်ပစ်ရန် ဆုံးဖြတ်ချက်ချလိုက်ပုံရသည်။
စူးချင်းက သစ်ပင်တစ်ပင်ပေါ်တွင် ရပ်နေကာ လမ်းမကြီးပေါ်တွင် ပြေးလွှားနေသော စစ်သည်များကို ငုံ့ကြည့်နေခဲ့သည်။ သူမက အေးအေးဆေးဆေး စောင့်ကြည့်နေခဲ့ပြီး တပ်ဖွဲ့ဝင် အနည်းငယ် ကျော်ဖြတ်ပြီးမှ ဖောက်ခွဲရေးပစ္စည်း၏စနက်တံကို မီးညှိလိုက်ပြီး အောက်သို့ ပစ်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် ဆန့်ကျင်ဘက်သစ်ပင်ပေါ်တွင် ရပ်နေသည့် ကျိရွှေရှန့်ကလည်း ဖောက်ခွဲရေးပစ္စည်းများကို မီးညှိကာ အောက်သို့ ပစ်ချလိုက်ကြသည်။ ထိုဖောက်ခွဲရေးပစ္စည်းနှစ်စုံက ဝမ်မိသားစုစစ်တပ်၏တပ်သားများထဲသို့ တစ်ခုပြီး တစ်ခုကျသွားကာ နဂါးကြီးကဲ့သို့ ချီတက်နေသည့် စစ်သည်အတန်းရှည်ကြီး နှစ်ခြမ်းကွဲသွားရသည်။ အလောင်းများက ကောင်းကင်သို့ ပျံတက်လာပြီး မြင်းများကလည်း ကြောက်လန့်တကြား ဟီနေကြသည်။ မကြာသေးမီက မာနထောင်လွှားနေခဲ့သည့် ဝမ်မိသားစုစစ်တပ်တစ်ခုလုံး ချက်ချင်း ပရမ်းပတာ ဖြစ်သွားခဲ့သည်။
"မကြောက်နဲ့၊ အထိတ်တလန့် မဖြစ်စေနဲ့"
ဤသည်မှာ ရန်သူ၏ အလစ်တိုက်ခိုက်မှုဖြစ်သောကြောင့် အဖွဲ့ကို ဦးဆောင်နေသည့် တပ်မှူးက သူ့မြင်း၏ဇက်ကြိုးကို တင်းတင်းဆွဲကာ ဖရိုဖရဲဖြစ်နေသည့် သူ့အဖွဲ့ကို အော်ဟစ် အမိန့်ပေးနေခဲ့သည်။
ထိုလူက ဤစစ်တပ်၏ခေါင်းဆောင်ဖြစ်ကြောင်း အတည်ပြုနိုင်သည်နှင့်တပြိုင်နက် ကျိရွှေရှန့်က သူ့နောက်ကျောမှ လေးနှင့် မြှားများကို ထုတ်ယူလိုက်ပြီး ထိုလူ့ကို ချိန်ရွယ်ကာ မြှားနှစ်စင်း ပစ်လွှတ်လိုက်သည်။ ထိုတပ်မှူးကလည်း အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်ပြီး လေတိုးသံကို ကြားသည်နှင့် အမြန်ရှောင်တိမ်းလိုက်သည်။ သို့သော်လည်း မြှားနှစ်ချောင်းတပြိုင်နက် ရောက်လာမည်ဟု သူ မမျှော်လင့်ထားသောကြောင့် ပထမမြှားကိုသာ ရှောင်နိုင်ခဲ့ပြီး ဒုတိယမြှားကိုတော့ မရှောင်နိုင်ခဲ့ပေ။ ချွန်ထက်သောမြှားက သူ့၏ ဘယ်ဘက်ပခုံးကို ထိုးဖောက်သွားသည်။ တိုးဝင်လာသည့်မြှား၏အရှိန်က ပြင်းထန်လွန်းသောကြောင့် သူ မြင်းပေါ်မှ ပြုတ်ကျသွားခဲ့ပြီး ပြန်မထနိုင်သေးခင်မှာပင် အနောက်မှ မြင်းခွာက သူ့ပေါ်သို့ ကျရောက်လာပြီး သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။
စူးချင်းက နောက်ထပ်ဖောက်ခွဲရေးပစ္စည်းများ အကုန်စုစည်းကာ မီးညှိလိုက်ပြီး တပ်မှူး မြင်းပေါ်မှ ပြုတ်ကျသည့် နေရာသို့ ထပ်ပစ်ချလိုက်သည်။ ထိုနေရာက လူများစုဝေးနေသည့် နေရာ ဖြစ်ပြီး သူမ ပစ်ချလိုက်သည်နှင့် ပြင်းထန်စွာ ပေါက်ကွဲကာ လူအများအပြားကို ထိခိုက်စေခဲ့ပြီး ထိုနေရာတွင် ရှိနေသည့် မည်သူ့မျှ မလွတ်မြောက်နိုင်တော့ပေ။
ဝမ်မိသားစုစစ်တပ်ကတော့ ဆက်တိုက် ပေါက်ကွဲမှုများကို ရင်ဆိုင်လိုက်ရပြီး သူတို့၏ တပ်မှူးပင် ပျောက်ကွယ်သွားရသည်။ ခေါင်းဆောင် မရှိတော့ချိန်တွင် သူတို့အားလုံး ယင်ကောင်များကဲ့သို့ ဖြစ်နေကြပြီး အချို့သော ဉာဏ်ကောင်းသူများကတော့ ပေါက်ကွဲမှုများကို ရှောင်ရှားရန် လမ်းဘေးမှ တောအုပ်ထဲသို့ ပြေးဝင်သွားကြသည်။ သို့သော်လည်း လမ်းဘေးသစ်တောများတွင်လည်း ခြုံခိုတိုက်ခိုက်မှုများ ရှိနေခဲ့သည်။ ကောလုံကျန်းနှင့် သူ့လူများက ကျိရွှေရှန့် ကြိုတင်စီမံထားခဲ့သည့် ထောင်ချောက်များကို ဆွဲဖြုတ်နေကြသည်။ တောအုပ်ထဲသို့ ပြေးဝင်လာသော ဝမ်မိသားစုစစ်သည်များအားလုံး ကောင်းကင်ယံမှ ကျလာသော မြှားမိုးကို ရင်ဆိုင်လိုက်ရပြီး ပျားအုံထဲသို့ ကျောက်ခဲပစ်ခံရသလို ဖြစ်သွားရပြန်သည်။
တောထဲတွင် လူမည်မျှ ခြုံခိုနေမည်ကို မခန့်မှန်းနိုင်သည့် ဝမ်မိသားစုစ်တပ်မှ ကျန်စစ်သည်များကတော့ နောက်သို့ ပြန်ဆုတ်ရုံသာ တတ်နိုင်တော့သည်။ ပင်မတပ်ဖွဲ့ကလည်း ၎င်းတို့၏ ချပ်ဝတ်တန်ဆာများနှင့် သံခမောက်များကိုပင် လွှင့်ပစ်ကာ အကွဲကွဲ အပြားပြား ထွက်ပြေးကြတော့သည်။
စူးချင်းနှင့် ကျိရွှေရှန့်တို့က သူတို့နောက်သို့လိုက်ကာ နောက်ထပ်ဖောက်ခွဲရေးပစ္စည်းနှစ်စုံစာ ပစ်ချလိုက်ပြီး မောက်မာလှသည့် ဝမ်မိသားစု စစ်သည်များကို ငရဲသို့ အခမဲ့ ပို့ပေးနေကြသည်။
ဤတိုက်ပွဲက ကျိရွှေရှန့်တို့အတွက် ပြီးပြည့်စုံသော အောင်ပွဲတစ်ခု ဖြစ်ခဲ့သည်။ သူတို့ဘက်တွင် လူဒါဇင်အနည်းငယ်သာရှိနေခဲ့သော်လည်း ထောင်နှင့်ချီသော စစ်သည်များကို တိုက်ခိုက်နိုင်ခဲ့ကြသည်။
မိုးလင်းခါနီးပြီ ဖြစ်သောကြောင့် ကျိရွှေရှန့်နှင့် စူးချင်းတို့က တုံ့ဆိုင်းမနေတော့ဘဲ ကောလုံကျန်းနှင့် သူ့အဖွဲ့ကို ပြန်ဆုတ်ခွာခိုင်းလိုက်သည်။
နေထွက်လာချိန်တွင် ဆုတ်ခွာခဲ့ရသည့် ဝမ်မိသားစုစစ်တပ်က ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။ သူတို့ထဲမှ ဒုတပ်မှူးက တပ်ဖွဲ့ကို သတိကြီးကြီးဖြင့် လမ်းမကြီးဆီသို့ ပြန်စုစည်းစေခဲ့သည်။ ဤတစ်ကြိမ်တွင် သူတို့က အဖွဲ့သုံးဖွဲ့ခွဲကာ လေးနှင့်မြှားများကို အဆင်သင့် ကိုင်ဆောင်ထားကြသည်။ နှစ်ဖွဲ့က တောထဲ၌ ပုန်းအောင်းနေသည့် သူပုန်များကို ရှာဖွေနေပြီး အခြားအဖွဲ့တစ်ဖွဲ့က လေးနှင့်မြှားများကို မြှောက်ကာ သစ်ပင်များဆီသို့ လိုက်ကြည့်နေကြပြီး ကောင်းကင်ပေါ်မှ ကျလာမည့် လူသတ်လက်နတ်ကြီးကို အဆက်မပြတ် သတိထားရှာဖွေနေခဲ့ကြသည်။
မနေ့ညက ခြုံခိုတိုက်ခိုက်ခံရသည့်နေရာသို့ အရောက်တွင် မြေပြင်ပေါ်၌ အလောင်းများနှင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသည့် ခန္ဓာကိုယ်အပိုင်းအစများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ကြရသည်။ ထိုအရာများက ကျန်ရှိနေသော စစ်သည်များကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။ သူတို့အဖို့ ဤကဲ့သို့ ပြင်းထန်သော တိုက်ပွဲကို ပထမဆုံးအကြိမ် ဆင်နွှဲဖူးကြခြင်း ဖြစ်ပြီး ထိုလက်နက်ကြီး၏သတ်ဖြတ်နိုင်စွမ်းအပေါ် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။
စစ်သည်တပ်ဖွဲ့ကြီးက လမ်းတစ်လျှောက် ခြုံခိုတိုက်ခိုက်ခံရမည်ကို သတိထားနေကာ ဖြည်းဖြည်းချင်း ချီတက်လာခဲ့ကြပြီး လော့ချန်သို့ ရောက်ရှိလာချိန်တွင် ပျက်ဆီးသွားသော မြို့တံခါးကို တွေ့လိုက်ရသောကြောင့် သူတို့၏အမူအရာများ ပိုပျက်ယွင်းသွားရသည်။
လော့ချန်တွင် မြို့ကို စောင့်ကြပ်နေသော ဝမ်မိသားစုစစ်သည် တစ်ဒါဇင်မျှသာ ကျန်ရှိတော့သည်။ စစ်ကူများ ရောက်လာသည်ကို မြင်လိုက်ရချိန်မှသာ သူတို့အားလုံး မြို့ရိုးပေါ်မှ ဆင်းလာရဲကြတော့သည်။
ထိုအချိန်တွင် စူးချင်းနှင့် ကျိရွှေရှန့်တို့က ကောလုံကျန်းနှင့် သူ့အဖွဲ့သားများကို ကျင်းချန်နယ်နိမိတ်ဆီသို့ ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်သည်။ ကောလုံကျန်းနှင့် သူ့၏ညီအစ်ကိုများက အလွန်စိတ်လှုပ်ရှားနေကြပြီး မနေ့ညက တိုက်ပွဲတွင် ပါဝင်ခွင့်ရခဲ့သည့်အတွက် အလွန်ဂုဏ်ယူနေကြသည်။
အရင်တုန်းကတော့ ဝမ်မိသားစုစစ်တပ်က သူတို့ကို လိုက်ဖမ်းခဲ့တယ်။ မနေ့ညကတော့ သူတို့က ဝမ်မိသားစုစစ်တပ်နောက်ကို လိုက်ပြီး တိုက်ခိုက်ခဲ့ကြတယ်။
ကျိရွှေရှန့်နှင့် စူးချင်းတို့က သူတို့ကို လုံးဝ ယုံကြည်မှု ရှိလာစေခဲ့သည်။ ထိုကြောက်စရာကောင်းသော လူသတ်လက်နက်က သူတို့ကို ကြောက်ရွံ့စေသလို ဂုဏ်ယူစိတ်လည်း ဖြစ်စေခဲ့သည်။
ဒီလိုအရာတွေ ရှိနေမှတော့ သူတို့ မနိုင်နိုင်တဲ့ တိုက်ပွဲဆိုတာ ရှိပါတော့မလား?
ကျင်းချန်၏နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာပြီးနောက် စူးချင်းနှင့် ကျိရွှေရှန့်တို့က ကောလုံကျန်းနှင့် အခြားသူများကို ကျူးရှန်တောင်သို့ သွားရာလမ်းငယ်လေးအတိုင်း ခေါ်ဆောင်သွားခဲ့ကြသည်။ ပုန်ကန်မှုတစ်ခုတွင် သန်မာသောစစ်တပ်နှင့် မြင်းများလိုအပ်သလို လက်နက်များကလည်း မရှိမဖြစ် အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူတို့ မော့ချန်သို့ ပြန်သွားကြမည် ဖြစ်သောကြောင့် သူတို့၏တပ်များကို တပ်ဖြန့်ကာ ခက်ခဲသောတိုက်ပွဲအတွက် ပြင်ဆင်ကြတော့မည် ဖြစ်သည်။
ကျိရွှေရှန့်အတွက် ထူးဆန်းနေသည်မှာ စူးချင်းက သံရိုင်းလှည်းနှစ်စီးစာ ပြန်ယူသွားချင်နေခြင်းပင်။
"ချင်းအာ မင်း ဘာလုပ်ဖို့ ဒီသံရိုင်းတွေကို လိုချင်တာလဲ?"
“သုံးစရာ ရှိလို့”
စူးချင်းက စကားအနည်းငယ်သာ ပြောတတ်သူဖြစ်ပြီး သူမ၏ အသေးစိတ်အစီအစဉ်ကို ကျိရွှေရှန့်အား မပြောပြတော့ပေ။
သူတို့က လက်နက်များနှင့် သံရိုင်းများကို သယ်ဆောင်လာကြပြီး နေ့ခင်းဘက်တွင် အနားယူကာ ညဘက်တွင် ခရီးတက်ခဲ့ကြသည်။ သူတို့ မော့ချန်သို့ ပြန်ရောက်လာချိန်တွင် နန်းတွင်းမှ စေလွှတ်လိုက်သည့် တပ်ဖွဲ့ဝင် အများအပြားကလည်း လော့ချန်သို့ ရောက်ရှိလာစအချိန် ဖြစ်နေခဲ့သည်။